ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb17 စာ. ၇၆-၈၁
  • သမုဒ္ဒရာ ကျွန်းနိုင်ငံများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမုဒ္ဒရာ ကျွန်းနိုင်ငံများ
  • ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ကိုးနှစ်ကြာပြီးမှ ဆရာမ တုံ့ပြန်
  • စာအုပ်ကို သုံးခါဖတ်ခဲ့
  • သမီးက ပြောပြ
  • “ထိန်းသူမရှိတဲ့ သိုးတွေလို”
  • အကြောပြင်ဆရာမအတွက် လက်ဆောင်
၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb17 စာ. ၇၆-၈၁
ဗန်ဝါတူးမှာ အမျိုးသားတစ်ယောက်ကို ညီအစ်ကိုတစ်ယောက် သက်သေခံနေစဉ်

ဖီဂျီ

ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း

သမုဒ္ဒရာ ကျွန်းနိုင်ငံများ

  • နယ်မြေပေါင်း ၂၉

  • လူဦးရေ ၄၁,၀၅၁,၃၇၉

  • ကြေညာသူ ၉၈,၅၇၄

  • ကျမ်းစာသင်အံမှု ၆၇,၆၀၉

ကိုးနှစ်ကြာပြီးမှ ဆရာမ တုံ့ပြန်

ဩစတြေးလျနိုင်ငံက အိုလီဗီယာဟာ သူငယ်တန်းတုန်းက ဆရာမကို အောက်မေ့ရာပွဲ တက်ဖို့ ဖိတ်ခဲ့တယ်။ နောက်ထပ် ရှစ်နှစ်လုံးလုံး ဆက်တိုက် ဖိတ်ခဲ့တယ်။ နောက်ဆုံး ၂၀၁၆ ခုနှစ်မှာ ဆရာမက တက်မယ်လို့ ဖုန်းဆက်တယ်။ အိုလီဗီယာ နှစ်တိုင်း ဖိတ်လို့ ဂုဏ်ယူတယ်လို့ ဆရာမ ပြောတယ်။ ဆရာမက ခင်ပွန်းနဲ့အတူ အောက်မေ့ရာပွဲ လာတက်တယ်။ ဆရာမရဲ့ ခင်ပွန်းက မြို့နယ်ကောင်စီမှာ အလုပ်လုပ်ခဲ့ဖူးလို့ နိုင်ငံတော်ခန်းမ ဆောက်တဲ့အချိန်ကို မှတ်မိတယ်တဲ့။ ခန်းမဆောက်လုပ်ရေး စီမံကိန်း စနစ်တကျ ဖွဲ့စည်းပုံကြောင့် အထင်ကြီးလေးစားခဲ့တဲ့အကြောင်း ညီအစ်ကိုတွေကို ပြောပြတယ်။ အဲဒီညနေမှာ သိပ်ပျော်ခဲ့ကြလို့ ခန်းမကနေ နောက်ဆုံးမှ ပြန်သွားကြတယ်။

ဩစတြေးလျနိုင်ငံမှာ အိုလီဗီယာ ဆရာမနဲ့ ဖုန်းပြောနေစဉ်

ဩစတြေးလျ– ကိုးနှစ်အကြာမှာ အိုလီဗီယာ ဇွဲဆုရ

စာအုပ်ကို သုံးခါဖတ်ခဲ့

ဂျေစင်တူးနဲ့ ဇနီးဟာ အရှေ့တီမောနိုင်ငံမှာ နေတယ်။ ထက်သန်တဲ့ ကက်သလစ်တွေ ဖြစ်တယ်။ သူတို့ရဲ့ တူက ယေဟောဝါသက်သေ ဖြစ်သွားပြီး မိသားစုနဲ့အတူ ဝတ်မပြုတော့လို့ အံ့ဩခဲ့ကြတယ်။ တူဖြစ်တဲ့သူ မှားနေပြီဆိုတာ သက်သေပြဖို့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ကို ဖတ်ဖို့ ဂျေစင်တူး ဆုံးဖြတ်လိုက်တယ်။ ရည်ရွယ်ချက်က သွန်သင်ချက်အမှားတွေကို ရှာဖို့ပဲ။ နောက်ပိုင်းမှာ “ငါ ဒီစာအုပ် ဖတ်ပြီးပြီ။ အားလုံး ကောင်းတယ်” လို့ ဇနီးကို ပြောတယ်။

“ရှင် သေသေချာချာ မဖတ်လို့ နေမှာပေါ့။ ပြန်ဖတ်ကြည့်ပါဦး။ ဒီတစ်ခါတော့ ဖြည်းဖြည်း ဖတ်နော်” လို့ ဇနီးက ပြန်ပြောတယ်။

ဂျေစင်တူး ဖြည်းဖြည်းဖတ်ပြီး “အားလုံး ကောင်းတယ်။ အားလုံး ကျမ်းစာထဲကပဲ။ လူသေတွေကို ကိုးကွယ်မှုအကြောင်းလည်း ကျမ်းစာထဲကပဲ” လို့ပြောတယ်။

ဇနီးက “တတိယအကြိမ် ဖတ်ကြည့်ပါဦး။ ဒီတစ်ခါတော့ အပိုဒ်တိုင်းကို မျဉ်းသားပါ။ သေသေချာချာ လေ့လာပါ။ မှားကို မှားရမယ်” လို့ပြောတယ်။

ဂျေစင်တူး စာအုပ်ကို ဂရုတစိုက် ဖတ်ပြီး အပိုဒ်တိုင်းကို မှတ်သားထားတယ်။ တတိယအကြိမ်မြောက် သေသေချာချာ ဖတ်ပြီးတဲ့အခါ “အားလုံး အမှန်တွေချည်းပဲ။ ငါတို့တူ မှန်တယ်” လို့ပြောတယ်။ အခု ဂျေစင်တူးဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ ဖတ်နေပြီ။

သမီးက ပြောပြ

ဂူအမ်ကျွန်းမှာနေတဲ့ ရှေ့ဆောင်ညီအစ်မဟာ ပုန်ပေဘာသာစကားပြော အမျိုးသမီးတစ်ယောက်ဆီ လည်ပတ်ပြီး သမ္မာကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယို ပြခဲ့တယ်။ ပြန်လာမယ်လို့ ညီအစ်မက ပြောတယ်။ အကြိမ်ကြိမ် ပြန်သွားပေမဲ့ အဲဒီအမျိုးသမီးကို အိမ်မှာ မတွေ့ဘူး။ အမျိုးသမီးရဲ့ သမီး တံခါးလာဖွင့်ပေးတဲ့အခါ ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ပါ ဗီဒီယို ဖွင့်ပြဖို့ ညီအစ်မ ဆုံးဖြတ်လိုက်တယ်။ သမီး သိပ်ကြိုက်သွားတယ်။ နောက်တစ်ခါ ညီအစ်မ သွားတဲ့အခါ အမေ တံခါးလာဖွင့်ပေးပြီး ကျမ်းစာသတင်းတရားကို လိုလိုချင်ချင် လက်ခံခဲ့တယ်။ ဗီဒီယို ပြတဲ့အမျိုးသမီးရဲ့ ချာ့ချ်ကို သွားသင့်တယ်လို့ သမီးဖြစ်သူ ပြောခဲ့ပုံရတယ်။ အဲဒါကြောင့် အမေ စိတ်ဝင်စားသွားတာဖြစ်မယ်။ ကျမ်းစာသင်အံမှု ပြုလုပ်ပုံ ပြပေးပြီး ကျမ်းစာ ဆက်သင်ဖို့ စီစဉ်ခဲ့ကြတယ်။

“ထိန်းသူမရှိတဲ့ သိုးတွေလို”

တိုက်နယ်ကြီးကြပ်မှူး တာရန်နဲ့ ဇနီး စတယ်လာဟာ ပါပူဝါနယူးဂီနီမှာရှိတဲ့ မခန့်အပ်ရသေးတဲ့ ရပ်ကွက်ကို သွားကြတယ်။ တာရန် ဒီလိုပြောပြတယ်– “ပထမနေ့ မနက်စောစောမှာ ကျွန်တော်တို့ အိပ်နေတုန်း တံခါးခေါက်သံ ကြားရတယ်။ လူတွေ အိမ်ပြင်မှာ စောင့်နေလို့ မနက် ၆ နာရီကနေ မွန်းတည့်အထိ ဟောပြောတယ်။ ရေချိုးဖို့ ခဏနားပြီးတော့ နောက်ထပ်လူတွေ အများကြီး စောင့်နေတာကို တွေ့ရပြန်တယ်။ ဒါနဲ့ မွန်းလွဲ ၂ နာရီကနေ ညသန်းခေါင်အထိ ဟောတယ်။” နောက်တစ်နေ့ မနက်စောစော ထပြီး နောက်တစ်နေရာမှာ တိုက်နယ်လင်မယား သွားဟောကြတယ်။ သူတို့တည်းတဲ့နေရာကို လူတွေ လာကြည့်တော့ မတွေ့တော့ဘူး။ “ကျွန်တော်တို့ သွားတဲ့နေရာကို သိသွားတဲ့အခါ လိုက်လာကြတယ်။ မွန်းတည့်အထိ ဟောရပြန်ရော။ ကျွန်တော်တို့ တည်းတဲ့နေရာကို ပြန်သွားတဲ့အခါ နောက်တစ်ဖွဲ့က စောင့်နေပြန်တယ်။ နေ့တိုင်း အဲဒီလိုပဲ။ အဲဒီဒေသက လူတွေဟာ ‘ထိန်းသူမရှိတဲ့ သိုးတွေလို’ ဖြစ်နေကြတယ်။”—မ. ၉:၃၆။

ပါပူဝါနယူးဂီနီမှာ တာရန်နဲ့ စတယ်လာကို တွေ့ရလို့ လူတွေ ဝမ်းသားနေ

ပါပူဝါ နယူးဂီနီ– လူတွေ တာရန်နဲ့ စတယ်လာကို အားတက်သရော စောင့်နေကြစဉ်

အကြောပြင်ဆရာမအတွက် လက်ဆောင်

နယူးကယ်လီဒိုးနီးယားက ရှေ့ဆောင် အဲန်ဂျီးဟာ လက်နာလို့ အကြောပြင်ဆရာမဆီ သွားရတယ်။ အဲန်ဂျီးကို ကုပေးရင်းနဲ့ လူများစွာ ဒီဝေဒနာ ခံစားရတာကို တွေ့ရလို့ ဘုရား ရက်စက်တယ်လို့ တွေးမိကြောင်း အကြောပြင်ဆရာမက ပြောတယ်။ ဘုရားဘက်က ခုခံကာကွယ်ဖို့ အခွင့်အရေး ပေးလို့ ယေဟောဝါဆီ အဲန်ဂျီး တိတ်တိတ်လေး ဆုတောင်း ကျေးဇူးတင်လိုက်တယ်။ ပြီးတဲ့နောက် ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား ဝေစာ ပေးပြီး ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်ပြလိုက်တယ်။

ဆရာမက “ရှင်ဖတ်ပြတဲ့ကျမ်းပိုဒ် ကျွန်မကျမ်းစာထဲမှာ ရှိလို့လား။ အဲဒီမှာ ခရစ်ဝင်ကျမ်းတွေပဲ ပါတာ” လို့ပြောတယ်။ အဲန်ဂျီး ယေဟောဝါသက်သေမှန်း သိသွားတဲ့အခါ သူ့ဇာတိနိုင်ငံ ချီလီမှာ သက်သေခံတွေနဲ့ တွေ့ဖူးကြောင်း ပြောပြတယ်။

JW ရုပ်သံမှာ ချီလီဌာနခွဲမှတ်တမ်း ပါတာ အဲန်ဂျီး သတိရသွားတယ်။ ဒါနဲ့ နောက်တစ်ခါ ဆရာမဆီ သွားပြတော့ တက်ဘလက် ယူသွားပြီး အဲဒီအကြောင်း ဖွင့်ပြလိုက်တယ်။ ချီလီနိုင်ငံ ဗေသလနဲ့ အစည်းအဝေးပွဲခန်းမကို တွေ့တဲ့အခါ ဆရာမ သိပ်သဘောကျသွားတယ်။ အဲဒီနောက် အဲန်ဂျီး ဒီလို ဆက်ပြောတယ်– “အပြည့်အစုံပါတဲ့ ဒီကျမ်းစာက ဆရာမအတွက်ပါ။ ပြီးခဲ့တဲ့အပတ်က ကျွန်မဖတ်ပြခဲ့တဲ့ ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်လို့ရပြီ။” ဆရာမက ထိုင်ရာကနေ အဲန်ဂျီးကို ထဖက်လိုက်ပြီး “သိပ်ကောင်းတဲ့ လက်ဆောင်နှစ်ခုအတွက် ကျေးဇူးတင်ပါတယ်” လို့ပြောတယ်။

နယူးကယ်လီဒိုးနီးယားမှာ ရှေ့ဆောင် အဲန်ဂျီးက အကြောပြင်ဆရာမကို ဗီဒီယိုပြနေ

နယူးကယ်လီဒိုးနီးယား– အကြောပြင်ဆရာမ စိတ်ထိမိသွား

နောက်တစ်ခါ ပြန်သွားတဲ့အခါ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ကို ယူသွားပေးပြီး ကမ္ဘာပေါ်မှာ ဘာကြောင့် ဆင်းရဲဒုက္ခတွေ ရှိနေရတဲ့အကြောင်း ရှင်းပြခဲ့တယ်။ အားလပ်ရက်မှာ ချီလီကို ပြန်မှာမို့ စာအုပ်ကို အပြီးဖတ်နိုင်ဖို့ ယူသွားမယ်လို့ ဆရာမက ပြောခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ