ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb17 စာ. ၆၆-၇၅
  • ဥရောပ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဥရောပ
  • ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • အေးအေးဆေးဆေး တုံ့ပြန်
  • ပိုကောင်းတဲ့ ဖြေရှင်းနည်း
  • စာအုပ်စင်က မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်မကို ကူညီပေး
  • ကျောင်းကားပေါ်မှာ အတန်းဖော်ကို သက်သေခံ
  • စာမတတ်သူ စာအုပ်ရ
  • ခံစားချက်မဲ့သူ ပျော်ရွှင်လာ
  • စာတိုလေး သုံးပြီး စိတ်ဝင်စားသူကို ဆက်လိုက်ခဲ့
  • သူ့ရဲ့ယုံကြည်ခြင်းကြောင့် သူနာပြု လှုံ့ဆော်ခံရ
  • ကားပေါ်သက်သေခံခြင်း
၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb17 စာ. ၆၆-၇၅
အဇာဘိုင်ဂျန်မှာ ဇနီးမောင်နှံတစ်စုံကို ညီအစ်မနှစ်ယောက် ဟောပြောနေ

အဇာဘိုင်ဂျန်

ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း

ဥရောပ

  • နယ်မြေပေါင်း ၄၇

  • လူဦးရေ ၇၄၄,၄၈၂,၀၁၁

  • ကြေညာသူ ၁,၆၁၁,၂၉၀

  • ကျမ်းစာသင်အံမှု ၈၃၄,၁၂၁

အေးအေးဆေးဆေး တုံ့ပြန်

ဂျော်ဂျီယာနိုင်ငံမှာ လူတစ်ယောက် စာအုပ်စင်နား လာပြီး “ဒီနေရာမှာ ဟောခွင့်မပြုဘူး။ ဂျော်ဂျီယာက ဩသဒေါ့ ခရစ်ယာန်နိုင်ငံ” လို့ အော်ပြောတယ်။ ကျွန်တော်တို့ရဲ့ စာပေတွေကို ဖတ်ဖူးလားလို့ စင်ဘေးက ညီအစ်ကိုက အဲဒီလူကို ကောင်းကောင်းမွန်မွန် မေးလိုက်တယ်။ “တစ်ခါမှ မဖတ်ဖူးဘူး” လို့ပြန်ဖြေတယ်။ ဖတ်ကြည့်ပါလားလို့ ညီအစ်ကို လိမ္မာပါးနပ်စွာ ပြောလိုက်တယ်။ ကောင်းကောင်းမွန်မွန် ပြန်ပြောတဲ့အတွက် စာပေတချို့ ယူသွားတယ်။ ရက်အနည်းငယ် အကြာမှာ ပြန်လာပြီး သူ့ရဲ့လုပ်ရပ်အတွက် တောင်းပန်ခဲ့တယ်။ မျက်စိမမြင်တဲ့ သူ့အမေကို အဲဒီစာပေတွေ ဖတ်ပြတဲ့အကြောင်း ပြောပြတယ်။ အမေရော သူပါ သိပ်ကြိုက်လို့ နောက်ထပ် စာအုပ်တွေ လိုချင်တယ်။ အခု စာအုပ်စင်နား ပုံမှန်လာပြီး နောက်ဆုံးထုတ် မဂ္ဂဇင်းတွေ ယူနေတယ်။

ပိုကောင်းတဲ့ ဖြေရှင်းနည်း

အဇာဘိုင်ဂျန်နိုင်ငံမှာ ညီအစ်ကိုနှစ်ယောက်ဟာ အဆောက်အဦတစ်ခုရှေ့မှာ ရပ်နေတဲ့ လူငယ်တစ်ယောက်ကို သက်သေခံခဲ့တယ်။ လူငယ်က “ကျွန်တော် ဒါတွေကို နားထောင်လို့ မရဘူး၊ အပြစ်ဖြစ်လိမ့်မယ်” လို့ ပြန်ပြောတယ်။ သူ့အိတ်ကပ်ထဲက ဓားတစ်ချောင်း ထုတ်လာပြီး “ကျွန်တော် မတရားဆက်ဆံခံရတယ်။ ဒီဓားကို သုံးပြီး တရားမျှတမှုရအောင် လုပ်မလို့” လို့ပြောတယ်။

ညီအစ်ကိုတွေ အံ့ဩသွားပေမဲ့ “လူသတ်တာ အပြစ်ပဲ” လို့ပြောလိုက်ကြတယ်။

“ကျွန်တော် ဘာလုပ်သင့်သလဲ” လို့ ပြန်မေးတယ်။ ညီအစ်ကိုတွေက ရောမ ၁၂:၁၇-၂၁ ကိုဖတ်ပြပြီး လက်စားချေတယ်ဆိုတာ ဘုရားရဲ့ အလုပ်၊ “အဆိုးနဲ့ တုံ့ပြန်ပြီး အရှုံးမခံပါနဲ့။ အကောင်းနဲ့ တုံ့ပြန်ပြီး အဆိုးကို အမြဲအနိုင်ယူ” ဖို့ ရှင်းပြလိုက်တယ်။ နူးညံ့တဲ့စကားရဲ့ အစွမ်းတန်ခိုးအကြောင်း၊ အကယ်၍ တစ်ယောက်ယောက်ကို ထိခိုက်စေတယ်၊ သေစေတယ်ဆိုရင် သိစိတ် ဒုက္ခပေးတာ ခံရမှာဖြစ်ကြောင်း ပြောပြတယ်။ လူငယ် စိတ်ထိမိသွားပြီး ထွက်သွားခဲ့တယ်။

တစ်နာရီ ကြာပြီးနောက်မှာ အဲဒီလူက ညီအစ်ကိုတွေကို တွေ့ပြီး ဒီလိုပြောတယ်– “ကျွန်တော် သတ်ဖို့ ရည်ရွယ်ထားတဲ့သူဆီက ပြန်လာတာ။ သူ့ကို မသတ်ဘဲ ပြဿနာကို ဖြေရှင်းလိုက်တယ်။ ကျွန်တော် ပြဿနာမတက်အောင် ကယ်တင်ပေးလို့ ကျေးဇူးတင်တယ်။” ကယ်တင်ပေးတာက ယေဟောဝါပဲလို့ ညီအစ်ကိုတွေ ရှင်းပြလိုက်တယ်။

စာအုပ်စင်က မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်မကို ကူညီပေး

နော်ဝေနိုင်ငံက ညီအစ်မတစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက အမှန်တရားကနေ ဝေးသွားခဲ့တယ်။ လူထုရှေ့သက်သေခံခြင်းမှာ စာအုပ်စင်တွေ သုံးတဲ့နောက်ပိုင်း သူ ဈေးဝယ်သွားတဲ့အခါ အဲဒီအနားကနေ ဖြတ်သွားလေ့ရှိတယ်။

စာအုပ်စင်မှာ ရပ်နေတဲ့ သက်သေခံတွေဆီ မသွားခဲ့ပေမဲ့ နှစ်သက်စရာ ပိုစတာ၊ စိတ်ဝင်စားစရာ စာပေတွေကိုတော့ သတိထားမိခဲ့တယ်။ စာအုပ်စင်အပြင် သက်သေခံတွေရဲ့ ရင်းနှီးဖော်ရွေမှု၊ ဣန္ဒြေရှိတဲ့ အသွင်အပြင်ကြောင့် ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးဆီ ပြန်လာချင်စိတ် ဖြစ်ပေါ်လာတယ်။

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် jw.org အမှတ်အသားကိုလည်း သတိထားမိလို့ ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အနီးဆုံး နိုင်ငံတော်ခန်းမနဲ့ အစည်းအဝေး အချိန်တွေကို အလွယ်တကူ ရှာတွေ့နိုင်လို့ သူစိတ်ထိမိသွားတယ်။ စာအုပ်တချို့ကို ကူးယူတယ်။ စိုးရိမ်စိတ်နဲ့ ခန်းမကို သွားတယ်။ သူ့ကို ကောင်းကောင်း ကြိုဆိုကြတယ်။ အကြီးအကဲတွေက သူနဲ့ ကျမ်းစာဖတ်ဖို့ ညီအစ်မတစ်ယောက် စီစဉ်ပေးတယ်။ မကြာခင်မှာ အသင်းတော်နဲ့ ရင်းနှီးလာပြီး ဘုရားရေးရာမှာ ပုံမှန်ပြန်လှုပ်ရှားလာတယ်။ အခု အစည်းအဝေးတွေ မှန်မှန်တက်နေပြီး အမှုဆောင်လုပ်ငန်းမှာ မှန်မှန် ပါဝင်နေပြီ။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပြန်ရှိလာလို့ သူသိပ်ဝမ်းသာတယ်။

ကျောင်းကားပေါ်မှာ အတန်းဖော်ကို သက်သေခံ

နော်ဝေနိုင်ငံမှာ ၁၅ နှစ်အရွယ် ရွန်ဂျာဟာ ကျောင်းကားပေါ်မှာ အတန်းဖော် ယောက်ျားလေး သုံးယောက်နဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်း ဆွေးနွေးကြတယ်။ ကောင်လေးတွေက ညီအစ်မငယ်လေးရဲ့ ယုံကြည်ချက်ကို အလေးအနက် မထားဘဲ အနှောင့်အယှက် ပေးကြတယ်။ ဒီအကြောင်းကို ကြိုတင် မပြင်ဆင်ထားမိလို့ ဖန်ဆင်းရှင် ရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားတချို့ ရှာဖွေရာမှာ ကူညီပေးဖို့ အမေ့ကို အကူအညီ တောင်းလိုက်တယ်။

နော်ဝေမှာ အတန်းဖော်တွေကို ရွန်ဂျာ သက်သေခံနေစဉ်

နော်ဝေ– ရွန်ဂျာ ယုံကြည်ချက်ကို ခုခံကာကွယ်နေစဉ်

နောက်တစ်နေ့ ကျောင်းကားပေါ်မှာ ရွန်ဂျာဟာ ပြင်ဆင်ထားတဲ့ အချက်တွေကို သုံးခဲ့တယ်။ ဒါပေမဲ့ ကောင်လေးတွေက ယေဟောဝါနဲ့ပတ်သက်တဲ့ သူ့ယုံကြည်ချက်ကို လှောင်ပြောင်ကြတယ်။ “ဒီကားပေါ်မှာရှိတဲ့ ဘယ်သူမှ ယေဟောဝါကို မယုံဘူး။ ဘယ်သူက ဆင့်ကဲကို ယုံတယ်၊ ဘယ်သူက ယေဟောဝါကို ယုံတယ်ဆိုတာ လက်ထောင်ကြ” လို့ တစ်ယောက်က အော်ပြောလိုက်တယ်။ အနားမှာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက်က လက်ထောင်ပြီး “ငါ ယေဟောဝါကို ယုံတယ်” လို့ပြောလို့ ရွန်ဂျာ အံ့ဩသွားတယ်။ အသက် ၉ နှစ်နဲ့ ၁၃ နှစ်၊ ကောင်လေးနှစ်ယောက်ကလည်း “ငါတို့လည်း ယုံတယ်” လို့ ပြောကြတယ်။ အတန်းဖော်တွေနဲ့ ရွန်ဂျာ အပြန်အလှန် ပြောတာကို တခြားကျောင်းသားတွေလည်း ကြားတယ်။ တချို့က သူပြောတာတွေကို သဘောကျ လက်ခံကြတယ်။

စာမတတ်သူ စာအုပ်ရ

တစ်နေ့မှာ ဆီးရီးယားက အာရဗီစကားပြော လူနှစ်ယောက် ဒိန်းမတ်နိုင်ငံ၊ ဌာနခွဲရုံးကို ရောက်လာတယ်။ ယေဟောဝါသက်သေတွေကို ရှာနေတာဆိုပြီး ဧည့်ကြိုညီအစ်မကို ပြောတယ်။ သူတို့ရှာနေတာ ဒီနေရာပဲလို့ ပြောလိုက်တော့ ဝမ်းသာသွားကြတယ်။ ဘယ်ကနေ လိပ်စာရတာလဲ။ အများပြည်သူသုံး စာကြည့်တိုက်က ဝန်ထမ်းကို သူတို့ဖုန်းထဲက ဓာတ်ပုံ ပြလိုက်တယ်။ အဲဒီပုံက အာရဗီစကားနဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ ထုတ်ဝေသူများ စာမျက်နှာ ဖြစ်တယ်။ ဒါနဲ့ စာကြည့်တိုက်ဝန်ထမ်းက ဌာနခွဲရုံး လိပ်စာပေးလိုက်တယ်။

သူတို့နှစ်ယောက် ဒိန်းမတ်စကားကို ကြိုးစားပြီး ပြောကြတယ်။ ဒါနဲ့ အာရဗီစကား ပြောတတ်တဲ့ ညီအစ်ကိုကို ခေါ်လိုက်တယ်။ သူတို့ထဲက တစ်ယောက်က ကျမ်းစာအကြောင်း တော်တော်လေး စိတ်ဝင်စားနေမှန်း သိလိုက်ရတယ်။ သူ့လိပ်စာကို ယူထားလိုက်ပြီး သိပ်မကြာခင်မှာ အာရဗီစကား တတ်တဲ့သူနဲ့အတူ လာမယ်လို့ ညီအစ်ကို ကတိပေးလိုက်တယ်။

သူ့အိမ်သွားတဲ့အခါ ယေဟောဝါသက်သေတွေနဲ့ တစ်ခါမှ မတွေ့ဖူးဘူးဆိုတာ သိရတယ်။ ဒီစာအုပ်ကို သူ့ရဲ့စာတိုက်ပုံးထဲက တွေ့တာ၊ အာရဗီစကား ပြောသူရဲ့ စာတိုက်ပုံးလို့လည်း မရေးထားဘူးလို့ ပြောပြတယ်။ သူက စာမတတ်လို့ မိတ်ဆွေတစ်ယောက်ကို ဖတ်ပြခိုင်းတာ သုံးရက်အကြာမှာ ပြီးသွားတယ်။ ကြားရတဲ့အရာတွေကြောင့် အမှန်တရား တွေ့ပြီလို့ ယုံကြည်သွားတယ်။

မိသားစုနဲ့ ဝေးနေတဲ့ ဒုက္ခသည်မို့ တော်တော်လေး စိတ်မကောင်းဖြစ်ပေမဲ့ ကျမ်းစာကနေ နှစ်သိမ့်မှု ခံစားရတယ်။ သူ့ဆီလာတဲ့ ညီအစ်ကိုတွေကို တွေ့တွေ့ချင်းမှာပဲ “အရင်က ဘာဖြစ်လို့ ကျွန်တော်ဆီ မလာကြတာလဲ။ ဒါကို တကယ် လိုအပ်နေတာ” လို့ပြောတယ်။ ညီအစ်ကိုတွေနဲ့ ကျမ်းစာ ဆက်လေ့လာတယ်။ သိလာတွေကို သူ သိပ်နှစ်သက်တယ်။

ခံစားချက်မဲ့သူ ပျော်ရွှင်လာ

ဒီမီထရိုင်ဟာ ယူကရိန်းနိုင်ငံက ဆေးရွက်ကြီး ကုမ္ပဏီရဲ့ မန်နေဂျာ ဖြစ်တယ်။ ဆေးလိပ်သောက်တာက လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိလာတဲ့အခါ လစာကောင်းတဲ့ အဲဒီအလုပ်ကနေ ထွက်လိုက်တယ်။ သုံးလအတွင်းမှာပဲ သူ့အမေနဲ့ ယောက္ခမ ဆုံးသွားတယ်။ ချစ်ရသူတွေ ဆုံးပါးသွားလို့ တုန်လှုပ်အံ့ဩခဲ့ရတယ်။ ချာ့ချ်ကနေ နှစ်သိမ့်မှုနဲ့ သူ့မေးခွန်းတွေရဲ့ အဖြေရမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ဘာမှ မထူးဘူး။ ဩသဒေါ့ခရစ်ယာန်ဆိုတာ “လည်ပင်းမှာ လက်ဝါးကားတိုင် ဆွဲပြီး နှလုံးသားက ဟင်းလင်းပြင်” ဖြစ်နေတာကို ဆိုလိုတယ်လို့ သူငယ်ချင်းက ပြောတယ်။ ဒီမီထရိုင်လည်း အဲဒီအတိုင်း ခံစားရတယ်။ ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း ဘာမှ မသိမှန်း သဘောပေါက်လာတယ်။ အကူအညီရဖို့ စိတ်ပျက်လက်ပျက်နဲ့ စဆုတောင်းခဲ့တယ်။ ဒါနဲ့ ယေဟောဝါသက်သေတွေအကြောင်း ကြားဖူးတာ သတိရလာတယ်။ အင်တာနက်မှာ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကို ရှာတွေ့ခဲ့တယ်။ အဲဒီမှာ ကျမ်းစာနဲ့ပတ်သက်တဲ့အကြောင်းတွေ အများကြီး တွေ့ရလို့ သိပ်ကြိုက်သွားတယ်။ နောက်တော့ အနီးဆုံး နိုင်ငံတော်ခန်းမကို ရှာတယ်။ ကားရပ်တဲ့နေရာမှာ ဧည့်ကြိုညီအစ်ကိုက ကြိုဆိုပြီး ဘာကူညီပေးရမလဲလို့ မေးတယ်။ “ကျွန်တော် ကျမ်းစာလေ့လာချင်တယ်” လို့ ဒီမီထရိုင် ပြောတယ်။ အခု ကျမ်းစာ လေ့လာနေတာ ခြောက်လ ရှိပြီ။ အစည်းအဝေးတွေမှာလည်း မှန်မှန် ပါဝင်တက်ရောက်နေပြီ။

စာတိုလေး သုံးပြီး စိတ်ဝင်စားသူကို ဆက်လိုက်ခဲ့

ဗြိတိန်နိုင်ငံက ပေါလ်နဲ့ ဖေ့သ်ဟာ ဆူဇန်ဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံ ကျပြီး သူ့ဆီ ပြန်သွားဖို့ စီစဉ်လိုက်တယ်။ ပြန်သွားတဲ့အခါ ဆူဇန် အိမ်မှာ မရှိဘူး။ ၂၀၁၄၊ နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော် ဓမ္မအမှု စာရွက်မှာပါတဲ့ စာတိုလေး ထားခဲ့ပါဆိုတဲ့ အကြံပြုချက်အတိုင်း ပေါလ်နဲ့ ဖေ့သ်က နောက်နေ့မှာ ထပ်လာမယ့်အကြောင်း စာတိုလေး ရေးခဲ့တယ်။ ပြန်သွားတဲ့အခါ ဆူဇန်ရဲ့ တံခါးပေါက်မှာ သူတို့အတွက် စာတိုလေး ရေးထားတာကို တွေ့ခဲ့ရတယ်။ သမီးရဲ့ မင်္ဂလာပွဲအတွက် ဈေးဝယ်ထွက်သွားတဲ့အကြောင်း ရေးထားတယ်။ ဒါနဲ့ နောက်တစ်ပတ် ပြန်လာမယ်လို့ စာတိုလေး ပြန်ရေးထားခဲ့လိုက်တယ်။ နောက်တစ်ခါ ပြန်သွားတော့ ဆူဇန် စောင့်နေပြီး သမ္မာကျမ်းစာ သွန်သင်ရာ စာအုပ်ကို စလေ့လာခဲ့ကြတယ်။

ဗြိတိန်မှာ အခန်းတစ်ခုရှေ့ ပေါလ်နဲ့ ဖေ့သ် စာတိုထားခဲ့စဉ်

ဗြိတိန်– ပေါလ်နဲ့ ဖေ့သ် စာတိုထားခဲ့

သမီး မင်္ဂလာဆောင်တော့မှာမို့လို့ နောက်တစ်ပတ် နားလို့ရမလားလို့ ဆူဇန်က မေးတယ်။ ပေါလ်နဲ့ ဖေ့သ် ပြန်သွားတဲ့အခါ ထူးသံမကြားဘူး။ ဒါနဲ့ သူတို့ရဲ့ ဖုန်းနံပါတ် ရေးထားတဲ့ စာတိုလေး ထားခဲ့လိုက်တယ်။ ခြံထဲမှာ အိမ်နီးချင်းနဲ့ စကားပြောနေလို့ မတွေ့လိုက်ရတာ စိတ်မကောင်းတဲ့အကြောင်း ဆူဇန် ဖုန်းနဲ့ စာပြန်ပို့တယ်။ အဲဒီအချိန်ကစပြီး ဆူဇန် မှန်မှန် ကျမ်းစာလေ့လာတယ်။ သိပ်မကြာသေးခင်က ပထမအကြိမ် အစည်းအဝေး တက်ခဲ့တယ်။

ပေါလ်နဲ့ ဖေ့သ်ဟာ အဆက်အသွယ် မပြတ်အောင် စာတိုလေးတွေ ထားခဲ့တယ်။ “စာတိုတွေ ထားခဲ့တဲ့ တခြား ပြန်လည်ပတ်မှုတွေလည်း အများကြီးပဲ။ ဒီအစီအစဉ် သိပ်ကောင်းတယ်။”

သူ့ရဲ့ယုံကြည်ခြင်းကြောင့် သူနာပြု လှုံ့ဆော်ခံရ

၂၀၁၄၊ ဩဂုတ်လတုန်းက ဟန်ဂေရီနိုင်ငံက ညီအစ်ကိုတစ်ယောက်ဟာ အဆုတ်မှာ သွေးခဲလို့ ဆေးရုံတက်ရတယ်။ စိတ်မကောင်းစရာက သိပ်မကြာခင်မှာပဲ ဆုံးသွားတယ်။ အထူးကူညီပေးခဲ့တဲ့ သူနာပြု တင်ဒါအကြောင်း ညီအစ်ကိုရဲ့ ဇနီး ခုလို ရေးခဲ့တယ်–

“၂၀၁၅ ခုနှစ်၊ နွေရာသီမှာ ‘ယေရှုကို တုပပါ’ ခရိုင်အစည်းအဝေးကို သားနဲ့ တက်ခဲ့တယ်။ တတိယမြောက်နေ့ ပြီးတဲ့အခါ ကားရပ်နားတဲ့ နေရာမှာ အိမ်ပြန်ဖို့ ပြင်နေတုန်း အမျိုးသမီးတစ်ယောက် ရောက်လာတယ်။ အိတ်ကို ချ၊ ကျွန်မကို ဖက်ပြီး ငိုပါလေရော။ သူက အဲဒီသူနာပြုပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက အထူးကြပ်မတ်ဆောင်မှာ ကျွန်မ ခင်ပွန်းကို ပြုစုခဲ့သူပါ။ သူနာပြုတစ်ယောက်က လူနာတစ်ယောက်ကို ကြည့်ပေးရတယ်။ တာဝန်ချခါနီးဆိုရင် ကျွန်မရဲ့ခင်ပွန်းအနားမှာ ကျပါစေလို့ အမြဲဆုတောင်းတယ်။ အမြဲ အဲဒီမှာ ကျတယ်လို့ သူပြောပြတယ်။

“ကျွန်မခင်ပွန်းရဲ့ အမူအကျင့်နဲ့ မျှော်လင့်ချက်အကြောင်း အမြဲပြောဆိုမှုကြောင့် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ တင်ဒါ ပြောပြတယ်။

အခု တင်ဒါ ကျမ်းစာ လေ့လာနေပြီ။ ကျွန်မခင်ပွန်းကို ကြိုဆိုရမယ့်အချိန်ကို မျှော်လင့်နေတယ်။ ခင်ပွန်းရဲ့ အမူအကျင့်နဲ့ ခိုင်မာတဲ့ ယုံကြည်ခြင်းက ယေဟောဝါအကြောင်း၊ ကတိတော်တွေအကြောင်း သိအောင် ကူညီပေးခဲ့မှန်း ခင်ပွန်းဖြစ်သူကို သိစေချင်တယ်။

ကားပေါ်သက်သေခံခြင်း

ဘူလ်ဂေးရီးယားမှာ ထရပ်ကားသမားကို ဇနီးမောင်နှံတစ်စုံ ဟောပြောနေစဉ်

ဘူလ်ဂေးရီးယား– နယ်စပ်မှာ ကားသမားတွေကို ဟောပြောနေစဉ်

ဆန္ဒပြပွဲတွေကြောင့် ဂရိနဲ့ ဘူလ်ဂေးရီးယားနယ်စပ်က စစ်ဆေးရေးဂိတ်တချို့မှာ ကားတန်းရှည်ကြီးဟာ အချိန်အကြာကြီး ပိတ်မိနေတယ်။ ဘူလ်ဂေးရီးယားနိုင်ငံရဲ့ အနီးအနားက အသင်းတော်တစ်ခုဟာ ဒီအခြေအနေကို အခွင့်အရေးယူပြီး စောင့်နေသူတွေကို ကျမ်းစာစာပေတွေ ဝေငှတယ်။ ညီအစ်ကိုတွေဟာ ဘာသာစကား ၁၂ မျိုးနဲ့ စာပေတွေ ယူပြီး နယ်စပ်ကို သွားတယ်။ ကားသမားများစွာဟာ မောပန်း၊ စိတ်ပျက်နေကြပေမဲ့ စကားပြောချင်ကြတယ်။ ညီအစ်ကိုတွေက စာနာစိတ်နဲ့ နားထောင်ပေးကြတယ်။ မျှော်လင့်ချက်အကြောင်း ပြောပြပြီး အားပေးတယ်။ ကားသမားတစ်ယောက်က “ခင်ဗျားတို့က ယေဟောဝါသက်သေတွေလား” လို့မေးတယ်။ ဟုတ်တယ်ဆိုတဲ့ အဖြေရသွားတဲ့အခါ “ကျွန်တော် သိတာပေါ့။ ယေဟောဝါသက်သေတွေပဲ ခင်ဗျားတို့လို ဟောပြောတာ” လို့ပြောတယ်။ ဩစတြီးယားလူမျိုး ကားသမားတစ်ယောက်က “ဒီနေရာမျိုးမှာတောင် မလွတ်ပါလား။ ဂုဏ်ယူပါတယ်ဗျာ။ လူတွေကို နှစ်သိမ့်မှု၊ မျှော်လင့်ချက်အကြောင်း ဆက်ပြောပြပါ” လို့ အားရပါးရ ပြောခဲ့တယ်။ နောက်တစ်ယောက်ကတော့ “ခင်ဗျားတို့ရဲ့စာပေကို တစ်ခါမှ မဖတ်ချင်ခဲ့ဘူး။ အခုတော့ စိတ်ပါလက်ပါ ဖတ်လိုက်ဦးမယ်” လို့ပြောတယ်။ ညီအစ်ကိုတစ်ယောက် ဟောတဲ့အခါ ကားသမားတစ်ယောက် မျက်ရည်ကျလာတယ်။ လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက သူသက်သေခံ ဖြစ်ခဲ့ဖူးတယ်လို့ ပြောတယ်။ စာပေတွေချည်း မဖတ်ဘဲ အသင်းတော်နဲ့လည်း ဆက်သွယ်ဖို့ သူ့ကို အားပေးခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ