ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၅၂-စာ. ၅၆ ပိုဒ်. ၃
  • အမေရိက

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမေရိက
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • လယ်ကွင်းထဲမှာ ဖယောင်းတိုင်မီးနဲ့ ကျမ်းစာလေ့လာ
  • “တစ်နေ့ ခင်ဗျားတို့ရောက်လာမယ်ဆိုတာ သိတယ်”
  • နှိပ်စက်ညှဉ်းပန်းခဲ့သူ ပြောင်းလဲလာ
  • “ယေဟောဝါဘုရား၊ ကျေးဇူးပြုပြီး သက်သေခံတွေနဲ့ တွေ့ခွင့်ပေးပါ”
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၅၂-စာ. ၅၆ ပိုဒ်. ၃
ဘရာဇီးနိုင်ငံက ဗာဒီရာဟာ ဖယောင်းတိုင်မီးထွန်းပြီး ယေဟောဝါသက်သေတွေနဲ့ ဖုန်းသုံးပြီး ကျမ်းစာလေ့လာနေ

ဘရာဇီး– ဖယောင်းတိုင်မီးထွန်းပြီး ဖုန်းနဲ့ ကျမ်းစာလေ့လာနေတဲ့ ဗာဒီရာ

ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း

အမေရိက

  • နိုင်ငံပေါင်း ၅၇

  • လူဦးရေ ၉၈၂,၅၀၁,၉၇၆

  • ကြေညာသူ ၄,၁၀၂,၂၇၂

  • ကျမ်းစာသင်အံမှု ၄,၃၄၅,၅၃၂

လယ်ကွင်းထဲမှာ ဖယောင်းတိုင်မီးနဲ့ ကျမ်းစာလေ့လာ

ဘရာဇီးနိုင်ငံရဲ့ သီးခြားရပ်ကွက်တစ်ခုမှာ အမှုဆောင်နေတဲ့ အထူးရှေ့ဆောင်မောင်နှံတစ်စုံဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က ကျမ်းစာလေ့လာဖူးတဲ့အမျိုးသမီး ဗာဒီရာအကြောင်း ကြားခဲ့တယ်။ ဒါနဲ့ ဖုန်ထူတဲ့လမ်းကိုလျှောက်၊ အန္တရာယ်ရှိတဲ့မြစ်ကို ဖြတ်ကူးသွားပြီးနောက် ဗာဒီရာကို ရှာတွေ့ခဲ့တယ်။ သူက ကျမ်းစာပြန်သင်ဖို့ စိတ်ထက်သန်နေပေမဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာနေတာကြောင့် အထူးအစီအစဉ်တွေ လုပ်ပေးရတယ်။ သူ့မှာ ဖုန်းရှိပေမဲ့ အိမ်နဲ့ဝေးတဲ့လယ်ကွင်းမှာပဲ လိုင်းကောင်းကောင်းမိတယ်။ ဒါ့အပြင် သူက ညကိုးနာရီနောက်ပိုင်းမှ အားတယ်။ အမျိုးသမီးငယ်တစ်ယောက် ညဘက် လယ်ကွင်းထဲမှာ ဖယောင်းတိုင်မီးထွန်းပြီး ဖုန်းနဲ့ ကျမ်းစာလေ့လာနေတဲ့မြင်ကွင်းကို မြင်ယောင်ကြည့်ပါ။

ဗာဒီရာဟာ တနင်္ဂနွေနေ့စည်းဝေးတွေကိုလည်း ဖုန်းနဲ့နားထောင်လေ့ရှိတယ်။ လယ်ကွင်းထဲကို ကျမ်းစာအုပ်၊ ကင်းမျှော်စင်နဲ့ သီချင်းစာအုပ် ယူသွားတယ်။ မိုးရွာတယ်ဆိုရင် ထီးပါယူသွားတယ်။

မတ်လမှာ ဗာဒီရာဟာ အထူးစည်းဝေးတက်ဖို့ မိုင် ၆၀ ဝေးတဲ့ ဒေသခံနိုင်ငံတော်ခန်းမကိုသွားတယ်။ အဲဒီစည်းဝေးမှာ ပေါ်တူဂီစကားနဲ့ တည်းဖြတ်ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ထုတ်ဝေခဲ့တယ်။ ကျမ်းစာအသစ်တစ်အုပ်ရလို့ သူသိပ်ပျော်သွားတယ်။ ကျမ်းစာလေ့လာဖို့ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးကြတဲ့အခါ “ဒီလောက်ကြီးလဲ မဟုတ်ပါဘူးရှင်” လို့ပြန်ပြောခဲ့တယ်။

“တစ်နေ့ ခင်ဗျားတို့ရောက်လာမယ်ဆိုတာ သိတယ်”

ယူပါလူမျိုးစုတွေဟာ အမေရိကန်အင်ဒီးယန်းတွေဖြစ်ပြီး ကိုလံဘီယာနိုင်ငံမှာ နေထိုင်ကြတယ်။ သူတို့နေတဲ့ရွာတစ်ရွာကို အထူးရှေ့ဆောင် ညီအစ်ကိုဖရန့် မသွားခင်မှာ ရွာသူကြီးဂျွန်ကိုင်ရိုအကြောင်း အတော်များများကြားခဲ့ရတယ်။ ဂျွန်ကိုင်ရိုက သူ့ရွာမှာလာဟောတဲ့ ဧဝံဂေလိအသင်းသားတွေကို မောင်းထုတ်တယ်။ တစ်ခါကဆိုရင် ဧဝံဂေလိအသင်းဓမ္မဆရာတစ်ယောက်က ဆယ်ဖို့တစ်ဖို့လိုက်ကောက်နေတာ သူတွေ့တော့ စိတ်ဆိုးပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်တဲ့အခါ ဓမ္မဆရာလည်း ထွက်ပြေးတာတန်းနေတာပဲ။

ကိုလံဘီယာနိုင်ငံက အထူးရှေ့ဆောင် ညီအစ်ကိုဖရန့်ဟာ ယူပါလူမျိုးစုကို ကျမ်းစာသင်ပေးနေ

ကိုလံဘီယာ– ယူပါလူမျိုးစုတွေကို ကျမ်းစာသင်ပေးနေတဲ့ အထူးရှေ့ဆောင် ညီအစ်ကိုဖရန့်

ဖရန့် အခုလိုပြောတယ်– “ရွာထဲရောက်တော့ သတင်းကောင်းကို ဦးဆုံးနားထောင်တဲ့သူက ဂျွန်ကိုင်ရိုရဲ့သမီး ဖြစ်နေတယ်။ သူ့ကို သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ကိုပြတော့ သူက ‘ကျွန်မ ဒီဘာသာဝင်ဖြစ်ချင်နေတာ’ လို့ပြောတယ်။ ပြီးတော့ ကျွန်တော်တို့ရောက်နေတဲ့အကြောင်း သူ့အဖေကို သွားပြောတယ်။ သူ့အဖေလည်း ကျွန်တော်တို့ကို ချက်ချင်းခေါ်တွေ့တယ်။ ကျွန်တော်တို့လည်း စိုးရိမ်နေတာပေါ့။ ကျွန်တော်တို့ ဘာမှမပြောခင် သူက ‘ဒါ စစ်မှန်တဲ့ဘာသာပဲဆိုတာ ငါသိတယ်။ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက ဘီစီရီမြို့၊ အမှိုက်ပုံမှာ စာအုပ်တစ်အုပ် ကောက်ရတယ်။ သမီးကို ခင်ဗျားတို့ပေးထားတဲ့ စာအုပ်နဲ့တူတယ်။ ဒီစာအုပ်ကို ငါဖတ်ပြီးပြီ။ အဲဒီအချိန်ကစပြီး ခင်ဗျားတို့ကို စောင့်နေတာ။ ဒီရွာကို တစ်နေ့ ခင်ဗျားတို့ရောက်လာမယ်ဆိုတာ သိတယ်။ ငါတို့မိသားစုနဲ့ ဒီရွာသားတွေကို ကျမ်းစာသင်ပေးပါ။ ခင်ဗျားတို့အတွက် အမြဲတံခါးဖွင့်ထားပါတယ်’ လို့ပြောတယ်။

“ဒီစကားတွေကြားတော့ ကျွန်တော်တို့လည်း မျက်ရည်မဆည်နိုင်တော့ဘူး။ ကျွန်တော်တို့ဟောပြောတာကို တစ်ရွာလုံး လာနားထောင်ကြတယ်။ ဂျွန်ကိုင်ရိုက ဘာသာပြန်ပေးတယ်။ ကျွန်တော်တို့ပြန်တော့ ပစ္စည်းသယ်ဖို့ မြည်းလေးတစ်ကောင် ငှားပေးလိုက်တယ်။ အခုဆိုရင် ယူပါလူမျိုးစုနေထိုင်တဲ့ရွာတွေမှာ လူပေါင်း ၁၂၀ နဲ့ ကျမ်းစာသင်အံမှု ၄၇ ခု ကျင်းပနေတယ်။ အဲဒီထဲမှာ ဂျွန်ကိုင်ရိုနဲ့သူ့သမီးလည်းပါတယ်။”

နှိပ်စက်ညှဉ်းပန်းခဲ့သူ ပြောင်းလဲလာ

ထက်သန်တဲ့ ကက်သလစ်ဘာသာဝင်ဖြစ်ခဲ့ဖူးသူ ဟိုစေးဟာ အီကွေဒေါနိုင်ငံမှာ နေထိုင်တယ်။ သူအခုလိုရေးတယ်– “ယေဟောဝါသက်သေတွေဆို ကျွန်တော်သိပ်မုန်းတာ။ ဆယ်နှစ်လောက် သူတို့ကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ အုပ်စုဖွဲ့ပြီး နှိပ်စက်တယ်၊ သူခိုးတွေလို့ စွပ်စွဲပြီး ရဲစခန်းပို့တယ်။ သူတို့ရဲ့အချုပ်ခန်းကို ကျွန်တော်ကိုယ်တိုင် သော့ခတ်မယ်လို့ မရမကတောင်းဆိုခဲ့တယ်။ တစ်ခါကဆိုရင် သက်သေခံတစ်ယောက်ရဲ့ကားကို ဖျက်ဆီးပစ်ခဲ့တယ်။ နောက်တစ်ခါကျတော့ ဆိုင်ကယ်ကို ချောက်ထဲတွန်းချခဲ့တယ်။

“၂၀၁၀ ပြည့်နှစ်မှာ ကျွန်တော် ဝက်တုပ်ကွေးရောဂါ ဖြစ်တယ်။ ရောဂါသက်သာဖို့ အင်ဒီးစ်တောင်တန်းပေါ်က ကျွန်တော့်အိမ်မှာမနေဘဲ ရာသီဥတုပူနွေးတဲ့ ကမ်းရိုးတန်းပိုင်းမှာနေပါလို့ ဆရာဝန်ပြောတယ်။ ကမ်းရိုးတန်းဒေသမှာ အမျိုးတစ်ယောက်ပိုင်တဲ့ ခြံလေးတစ်ခြံရှိတော့ အဲဒီမှာသွားနေပြီး ခြံအလုပ်လုပ်တာပေါ့။ တစ်ယောက်တည်းနေရတာကြာတော့ တစ်ယောက်ယောက်နဲ့ အရမ်းစကားပြောချင်တယ်။ ဒီအချိန်မှာ ကျွန်တော့်ဆီ ဘယ်သူတွေ ရောက်လာတယ်ထင်လဲ။ ယေဟောဝါသက်သေတွေပေါ့။ အရမ်းကိုအထီးကျန်နေတဲ့အချိန်ဆိုတော့ သူတို့နဲ့ စကားပြောဖြစ်သွားတယ်။ သူတို့ ကျမ်းစာကျွမ်းကျင်တာကိုတွေ့တော့ တော်တော်အံ့သြမိတာ။ ဒါနဲ့ စူးစမ်းချင်စိတ်ကြောင့် ကျမ်းစာသင်ဖို့ လက်ခံလိုက်တယ်။ ကျမ်းစာသင်ပြီး ခြောက်လအကြာမှာ အသင်းတော်စည်းဝေးကို ဦးဆုံးသွားတက်တယ်။ ကျွန်တော့်ကို မေတ္တာနဲ့ ကြင်ကြင်နာနာ ဆက်ဆံကြလို့ အရမ်းစိတ်ထိမိပြီး ‘သူတို့က တကယ်ပဲ ဘုရားရဲ့ကျေးကျွန်တွေလား’ လို့တွေးမိတယ်။ ကျွန်တော်တိုးတက်လာပြီး ၂၀၁၄၊ ဧပြီလမှာ နှစ်ခြင်းခံခဲ့တယ်။

“သက်သေခံတွေကို နှိပ်စက်ညှဉ်းပန်းခဲ့တာ သိပ်နောင်တရတယ်။ ဒါပေမဲ့ အဲဒီအမှားအတွက် ပြန်ပေးဆပ်ဖို့ ကျွန်တော့်ကို ယေဟောဝါ အခွင့်အရေးပေးတယ်။ ၂၀၁၄၊ အောက်တိုဘာ ၄ ရက်၊ တိုက်နယ်စည်းဝေးမှာ သက်သေခံတွေကို အတိုက်အခံလုပ်ခဲ့တဲ့အကြောင်း ကျွန်တော့်ကို လူတွေ့မေးမြန်းတယ်။ တိုက်နယ်ကြီးကြပ်မှူးက ‘ညီကိုနှိပ်စက်ညှဉ်းပန်းခဲ့သူတစ်ယောက်ယောက်ကို တောင်းပန်ခွင့်ရမယ်ဆိုရင် ဘယ်သူ့ကိုတောင်းပန်ချင်သလဲ’ လို့မေးတယ်။ ကျွန်တော်က အက်ဒ်မွန်ဒိုဆိုတဲ့ ညီအစ်ကို,ကို တောင်းပန်ချင်တယ်၊ ဒါပေမဲ့ သူ့ကို ဘယ်မှာရှာရမှန်းမသိဘူးလို့ ပြန်ဖြေလိုက်တယ်။ တကယ်တော့ တိုက်နယ်ကြီးကြပ်မှူးက သူ့ကို စင်မြင့်အနောက်မှာ ခေါ်ထားတာ။ စင်မြင့်ပေါ်မှာ သူနဲ့ကျွန်တော် ဖက်ပြီးငိုတဲ့အခါ ပရိသတ်တွေလည်း မျက်ရည်မဆည်နိုင်တော့ဘူးပေါ့။”

“ယေဟောဝါဘုရား၊ ကျေးဇူးပြုပြီး သက်သေခံတွေနဲ့ တွေ့ခွင့်ပေးပါ”

အမျိုးသမီးတစ်ယောက်ကို ဟောပြောနေတဲ့ ပါရာဂွေးနိုင်ငံက ယေဟောဝါသက်သေနှစ်ယောက်

ပါရာဂွေး– ညီအစ်မတွေကို ယေဟောဝါသက်သေလားလို့မေးနေတဲ့ အမျိုးသမီး

ပါရာဂွေးနိုင်ငံ၊ အဆွန်စီယွန်မြို့မှာရှိတဲ့ သက်သေခံညီအစ်မတစ်စုဟာ နေ့လယ်ပိုင်း၊ နေချစ်ချစ်တောက်ပူတဲ့အချိန်မှာ အမှုဆောင်လုပ်ငန်းကို ရပ်လိုက်ကြတယ်။ ဒါပေမဲ့ အနီးအနားမှာ အိမ်နည်းနည်းကျန်နေတော့ တစ်ခါတည်းဆက်ဟောဖို့ ဆုံးဖြတ်လိုက်တယ်။ ညီအစ်မတစ်ယောက်က “တစ်ယောက်ယောက် ဆုတောင်းနေလို့ ဖြစ်ရမယ်” ဆိုပြီးပြောတယ်။ လမ်းထောင့်ကအိမ်ကို ညီအစ်မတွေသွားတော့ အမျိုးသမီးတစ်ယောက်က တံခါးဖွင့်၊ ပြုံးပြနှုတ်ဆက်ပြီး ယေဟောဝါသက်သေလားလို့ မေးတယ်။ ပြီးတော့ သူက အလုပ်ကြောင့် ဘိုလီးဗီးယားနိုင်ငံကနေ ပါရာဂွေးနိုင်ငံကို ပြောင်းလာတာ တစ်လလောက်ပဲရှိသေးတယ်လို့ ပြောပြတယ်။ ဘိုလီးဗီးယားမှာ သူကျမ်းစာလေ့လာခဲ့တာ။ ဒီရောက်တော့ အိမ်နီးချင်းတွေက သက်သေခံတွေအကြောင်း မသိကြဘူး။ ဒါကြောင့် “ယေဟောဝါဘုရား၊ ကျေးဇူးပြုပြီး သက်သေခံတွေနဲ့ တွေ့ခွင့်ပေးပါ” လို့သူဆုတောင်းခဲ့တယ်။ ဆုတောင်းတဲ့နေ့မှာပဲ ညီအစ်မတွေ သူ့ဆီရောက်လာပြီး ကျမ်းစာသင်ဖို့ စီစဉ်ခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ