ဘူရွန်ဒီ– မီးခဲလာတောင်းတဲ့ လူနှစ်ယောက်ကို ကင်းမျှော်စင် ပေးဖတ်နေတဲ့နိုလာ
ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း
အာဖရိက
နိုင်ငံပေါင်း ၅၈
လူဦးရေ ၁,၀၈၂,၄၆၄,၁၅၀
ကြေညာသူ ၁,၄၅၃,၆၉၄
ကျမ်းစာသင်အံမှု ၃,၆၈၈,၉၅၉
ဆိုင်ကယ်ကယ်ရီမောင်းရင်း သက်သေခံခြင်း
ဘီနင်– ဆိုင်ကယ်ကယ်ရီမှာ အော်ဒီယိုစက်တပ်ပြီး ကယ်ရီစီးသူတွေကို သတင်းကောင်းဟောပြောတဲ့ ဒေဇီရေ
ဘီနင်နိုင်ငံတောင်ပိုင်း မြို့တွေမှာ ဆိုင်ကယ်ကယ်ရီတွေ သိပ်ခေတ်စားတယ်။ အရန်ရှေ့ဆောင်ညီအစ်ကို ဒေဇီရေက သူ့ဆိုင်ကယ်မှာ အော်ဒီယိုစက်နဲ့ အသံချဲ့စက်နှစ်လုံးတပ်ပြီး အဖွဲ့အစည်းစာပေတွေနဲ့ ကျမ်းစာဇာတ်လမ်းတွေကို အမြဲဖွင့်တယ်။ ကယ်ရီစီးတဲ့သူတွေလည်း အာရုံစိုက်နားထောင်ကြတယ်။ အများစုက စိတ်ဝင်စားလွန်းလို့ ဆင်းမယ့်နေရာရောက်တာတောင် မဆင်းချင်ကြဘူး။ တချို့ဆို အဆုံးထိနားထောင်ပြီးမှ ဆင်းမယ်လို့ ပြောကြတယ်။ ဒေဇီရေ အခုလိုပြောတယ်– “ကျွန်တော်ကတော့ သူတို့တွေ ပိုက်ဆံပေးပြီး ဆင်းသွားတာကို ပိုကြိုက်တာပေါ့။ ဒါမှ စီးမယ့်သူနောက်တစ်ယောက် ရှာလို့ရမှာလေ။ ဒါပေမဲ့လည်း သတင်းကောင်းကြားဖို့က ပိုက်ဆံရဖို့ထက် ပိုအရေးကြီးမှန်း ကျွန်တော်သိတယ်။ ဒီနည်းနဲ့ စာပေလည်း အများကြီးဝေရတယ်။”
ဇွဲကောင်းတဲ့ ကလေးမလေး
ခြောက်နှစ်အရွယ် နိုလာက ဘူရွန်ဒီနိုင်ငံ တောင်တန်းဒေသမှာ မိသားစုနဲ့နေထိုင်တယ်။ တစ်နေ့၊ သူတို့မိသားစု ချက်ပြုတ်ဖို့ နိုလာက မီးမွှေးပေးနေတယ်။ သူက ကျောင်းတောင်မတက်သေးဘူး။ ဒီအချိန်မှာ အိမ်နားမှာ အလုပ်လုပ်နေတဲ့လူနှစ်ယောက်က မီးမွှေးဖို့ မီးခဲနည်းနည်း လာတောင်းတော့ သူပေးလိုက်တယ်။ ခဏကြာတော့ သူတို့က မီးခဲနဲ့ စီးကရက်မီးညှိနေတာကို နိုလာတွေ့လိုက်တယ်။ ဒါနဲ့ သူတို့နားသွားပြီး “ဒီမီးခဲနဲ့ စီးကရက်မီးညှိမယ်ဆိုတာ အစောတုန်းကသိရင် မပေးပါဘူး” လို့ပြောတယ်။ ပြီးတော့ နိုင်ငံတော်ခန်းမမှာ စီးကရက်ပုံပါတဲ့မဂ္ဂဇင်းရှိမှန်း သတိရသွားတာနဲ့ ခန်းမဆီပြေးသွားပြီး စီးကရက်အကြောင်းရှင်းပြထားတဲ့ ၂၀၁၄၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် နှစ်စောင် ယူလာတယ်။ သူတို့ကို မဂ္ဂဇင်းပေးပြီး ချက်ချင်းပဲ ဖတ်ခိုင်းတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်နဲ့ပြန်တွေ့တဲ့အခါ ခရိုင်စည်းဝေးဖိတ်စာ ပေးလိုက်တယ်။ ဇွဲကောင်းတဲ့ ဒီကလေးမလေးကြောင့် သူတို့နှစ်ယောက် စည်းဝေးကြီးနှစ်ရက် တက်ဖြစ်တယ်။ နေ့လယ်စာစားချိန်မှာ နိုလာက သူ့မိသားစုနဲ့အတူ လာစားဖို့ သူတို့ကိုဖိတ်ခေါ်တယ်။ သူတို့လည်း စည်းဝေးကြီးမှာ မြင်ရကြားရတာတွေကြောင့် စိတ်စွဲမှတ်သွားတယ်။ အခု နှစ်ယောက်စလုံး ကျမ်းစာလေ့လာနေကြပြီ။
ထောင်ထဲမှာသက်သေခံခြင်း
လိုင်ဘေးရီးယားနိုင်ငံက အကြီးအကဲတွေဟာ အစိုးရအကျဉ်းထောင်တွေမှာ နိုင်ငံတော်သတင်းကောင်း ဟောပြောနေကြတယ်။ မြို့တော်မွန်ရိုးဗီးယားက အထူးရှေ့ဆောင်ညီအစ်ကို အိဗ် အခုလိုပြောပြတယ်– “မတ်လမှာ အကျဉ်းသားသုံးယောက်က နှစ်ခြင်းမခံရသေးတဲ့ကြေညာသူ ဖြစ်လာတယ်။ ဒါကြောင့် မွန်ရိုးဗီးယားဗဟိုအကျဉ်းထောင်မှာ ကြေညာသူခြောက်ယောက် ရှိနေပြီ။” အမှုဆောင်လုပ်ငန်းကို သူတို့ဘယ်လိုလုပ်ဆောင်ကြသလဲ။ “ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တိုင်း လယ်ကွင်းစုဆုံမှုလုပ်တယ်။ သူတို့ကို အကျဉ်းခန်းတွေဆီ သွားခွင့်ပြုထားတာမို့ စုဆုံမှုပြီးတာနဲ့ တစ်ခန်းပြီးတစ်ခန်းသွားကြတယ်။ အကျဉ်းသားဖော်တွေကို ကျမ်းစာမျှော်လင့်ချက်အကြောင်း ပြောပြတယ်” ဆိုပြီး ညီအစ်ကိုအိဗ် ရှင်းပြတယ်။ အခုဆို အကျဉ်းသားအတော်များများ ကျမ်းစာလေ့လာနေပြီး ထောင်ထဲမှာကျင်းပတဲ့စည်းဝေးတွေကို တက်နေကြပြီ။ ဌာနခွဲကိုယ်စားလှယ်တစ်ယောက်က ထောင်ထဲမှာ လူထုဟောပြောချက်ပေးတဲ့အခါ အကျဉ်းသား ၇၉ ယောက် တက်ရောက်ခဲ့တယ်။ တခြားအကျဉ်းထောင်ခြောက်ခုမှာလည်း ပုံမှန်ကျမ်းစာသင်တန်းတွေ ကျင်းပပေးနေပြီး အကျဉ်းသားတွေ ပြောင်းလဲလာတာကို တွေ့နေရတယ်။
“ကျွန်တော်တို့ အကူအညီအရမ်းလိုအပ်နေတာ”
ဝေးခေါင်တဲ့ဒေသတွေမှာနေထိုင်တဲ့ စိတ်ဝင်စားသူတွေ အောက်မေ့ရာပွဲတက်ရောက်နိုင်ဖို့ နမီးဘီးယားနိုင်ငံမှာ အကြီးအကျယ်ကြိုးစားခဲ့ကြတယ်။ ဥပမာ၊ တောတွင်းသားတွေလို့ လူသိများတဲ့ ဆန်းန်လူမျိုးစုတွေဟာ အရင်က တောင်အာဖရိကနိုင်ငံမှာ နေထိုင်သူတွေဖြစ်တယ်။ နောက်တော့ ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်ပြီး တောလိုက်မုဆိုးအလုပ်ကို လုပ်ကိုင်ကြတယ်။ ၂၀၁၅ ခုနှစ်မှာတော့ နမီးဘီးယားမြောက်ပိုင်းမှာ အမှုဆောင်နေတဲ့ အထူးရှေ့ဆောင်ညီအစ်ကိုဂလဲန်းဟာ ရွန်ဒူမြို့အရှေ့ဘက်၊ မိုင် ၁၇၀ ဝေးတဲ့ ဆန်းန်ရွာမှာ အောက်မေ့ရာပွဲကျင်းပဖို့ စီစဉ်ခဲ့တယ်။ ဒါနဲ့ဆို အဲဒီမှာ အောက်မေ့ရာပွဲကျင်းပတာ နှစ်ကြိမ်ရှိပြီ။ နှစ်ကြိမ်စလုံးမှာ ကျေးရွာအုပ်ချုပ်သူတွေက ယေဟောဝါသက်သေတွေကို တရားရုံးမှာရှိတဲ့ တရားခွင်ကို အခမဲ့သုံးခွင့်ပေးတယ်။ အောက်မေ့ရာပွဲကျင်းပချိန် မတိုင်ခင်မှာရော၊ ကျင်းပနေတုန်းမှာရော မိုးသဲကြီးမဲကြီးရွာပေမဲ့ တက်ရောက်သူ ၂၃၂ ယောက်ရှိခဲ့တယ်။ ဒီဒေသမှာနေထိုင်တဲ့ တောတွင်းသားတွေက ခွီစကား ပြောကြတယ်။ အဲဒီစကားမှာ ကလစ်သံတွေ အရမ်းပါတယ်။ အင်္ဂလိပ်စကားနဲ့ ဟောပြောချက်ပေးပြီး ခွီစကားနဲ့ ဘာသာပြန်တယ်။ ခွီစကားနဲ့ ကျမ်းစာမရှိတာမို့ နံရံမှာ ရောင်စုံဆလိုက်တွေပြပေးပြီး ဟေရှာယ ၃၅:၅၊ ၆ လိုမျိုး ကျမ်းချက်တွေကို ရှင်းပြခဲ့တယ်။ အဲဒီဒေသမှာ တိုးတက်တဲ့ကျမ်းစာသင်အံမှုတွေ ကျင်းပနေသူ ညီအစ်ကိုဂလဲန်း အခုလိုပြောတယ်– “လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဒီနေရာကို တစ်လတစ်ကြိမ်လာပြီး ရက်အနည်းငယ် တဲထိုးနေထိုင်တယ်။ ဘာသာစကားအခက်အခဲနဲ့ ခရီးအကွာအဝေးကြောင့် တိုးတက်မှုတော့နှေးတယ်။ ကျွန်တော်တို့ အကူအညီအရမ်းလိုအပ်နေတာ။ ဒီနှစ်မှာ အောက်မေ့ရာပွဲကျင်းပဖို့ ကျေးရွာအုပ်ချုပ်သူတွေနဲ့ သွားတွေ့တော့ အုပ်ချုပ်ရေးကော်မတီဝင်တစ်ယောက်က ဒီဒေသမှာ ဝတ်ပြုတဲ့နေရာ ဆောက်ပေးနိုင်မလားလို့မေးတယ်။ မြေနေရာပေးမယ်၊ အဆောက်အအုံအတွက် အကုန်အကျလည်းခံမယ်၊ ကျွန်တော်တို့ဘက်က တရားဟောဆရာတစ်ယောက် ခန့်အပ်ပေးပါ ဒါမှမဟုတ် ဒေသခံတစ်ယောက်ကို တရားဟောဆရာဖြစ်အောင် လေ့ကျင့်ပေးပါလို့ သူပြောတယ်။”
နမီးဘီးယား– ဟီဗာအမျိုးသမီးတစ်ယောက်ကို သတင်းကောင်းဟောပြောနေတဲ့ ကြေညာသူနှစ်ယောက်