အစ္စရေး– တက်ဘလက်သုံးပြီး နိုင်ငံတော်သတင်းကောင်းဟောပြောနေ
ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း
အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ
နိုင်ငံပေါင်း ၄၉
လူဦးရေ ၄,၄၀၉,၁၃၁,၃၈၃
ကြေညာသူ ၇၁၈,၇၁၆
ကျမ်းစာသင်အံမှု ၇၆၆,၃၆၄
အနှစ် ၁၀၀ အတွက် နာရီ ၁၀၀
အာရှနိုင်ငံတစ်နိုင်ငံမှာ နာမည်ကြီးမော်ဒယ်၊ သရုပ်ဆောင်တစ်ယောက်ဟာ ကျမ်းစာသင်အံမှု လက်ခံခဲ့တယ်။ သိရှိလာတာကို ချက်ချင်းကျင့်သုံးပြီး နတ်ဆိုးပညာနဲ့ဆိုင်တဲ့စာပေတွေ၊ ရုပ်တုဆင်းတုတွေကို စွန့်ပစ်လိုက်တယ်။
သူ့သူငယ်ချင်းက “အခု ကျမ်းစာမလေ့လာပါနဲ့အုံး။ အနုပညာအလုပ်ကို နောက်သုံးနှစ်လောက်လုပ်ပြီးမှပဲ ပြန်လေ့လာပါလား” လို့ ဖျောင်းဖျတယ်။
ဒါပေမဲ့ သူက “ငါ ယေဟောဝါဘုရားကို ရှာတွေ့ဖို့ ၂၄ နှစ် စောင့်ခဲ့ပြီးပြီ။ ဘုရားအကြောင်းသင်ယူဖို့ နောက်ထပ်သုံးနှစ် ဘာလို့စောင့်ရမှာလဲ” လို့ပြောလိုက်တယ်။
ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သူတာဝန်ကျတဲ့အပတ်မှာပဲ ရုပ်ရှင်ကုမ္ပဏီတစ်ခုက သူ့ကိုဆက်သွယ်လာတယ်။ ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆို လက်ခံမယ်ဆိုရင် အနုပညာကြေးအများကြီးပေးပြီး လေးနှစ်စာချုပ်ချုပ်မယ်လို့ ကမ်းလှမ်းတယ်။ ဒါကို သူငြင်းလိုက်တယ်။ ၂၀၁၄၊ မေလမှာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်လာတယ်။ ဩဂုတ်လမှာ နာရီ ၁၀၀ သွင်းမယ်လို့ သူဆုံးဖြတ်ခဲ့တယ်။ ဘာလို့လဲဆိုပြီးမေးတော့ “ယေရှုအုပ်ချုပ်မှု အနှစ် ၁၀၀ ကို ဂုဏ်ပြုချင်လို့ပါ။ တစ်နှစ်ကို တစ်နာရီနှုန်းနဲ့ဟောမယ်” လို့ပြောတယ်။ အဲဒီပန်းတိုင်ကို သူပြည့်မီခဲ့တယ်။ ၂၀၁၅၊ ဇန်နဝါရီလမှာ သူနှစ်ခြင်းခံပြီး အခု အရန်ရှေ့ဆောင်လုပ်နေတယ်။
ထောင်ကျတဲ့တစ်ညတာကို အကောင်းဆုံးအသုံးချခဲ့
သီရိလင်္ကာနိုင်ငံက ညီအစ်မ လေးယောက်ဟာ ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်ပြီး တစ်ခါမှမဟောဖူးသေးတဲ့ရပ်ကွက်ကို ဘတ်စကားစီးပြီး သွားဟောကြတယ်။ ဒုတိယနေ့မှာဟောနေတုန်း ဘုန်းကြီးတစ်ပါးနဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်က ညီအစ်မတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခြိမ်းခြောက်တယ်။ မကြာခင်မှာပဲ ဒေါသထွက်နေတဲ့ လူ ၃၀ လောက်က ညီအစ်မတွေကို ဝိုင်းထားလိုက်ကြတယ်။ ဒါနဲ့ ရဲတွေရောက်လာပြီး ညီအစ်မတွေကို ရဲစခန်းခေါ်သွားတယ်။ စွဲချက်တင်စရာပြစ်မှု တစ်ခုမှမရှိဘဲ ထောင်ထဲမှာ တစ်ညလုံး ဖမ်းချုပ်ထားတယ်။ ညီအစ်မတွေဟာ ရာဇဝင်လူဆိုးတွေနဲ့အတူနေရပြီး ညစ်ညမ်းရိုင်းစိုင်းတဲ့စကားတွေနဲ့ စော်ကားပြောဆိုခံခဲ့ရတယ်။ ဒါပေမဲ့ သက်သေခံဖို့ အခွင့်အရေးရခဲ့တယ်။ ညီအစ်မတစ်ယောက် အခုလိုပြောပြတယ်– “အချုပ်ခန်းထဲမှာ လူသတ်သမားတွေနဲ့ အတူနေခဲ့ရပေမဲ့ အမှန်တရားအကြောင်း သူတို့ကို ပြောပြနိုင်ခဲ့တယ်။ ကျွန်မ အဲဒီမှာရောက်နေတာကို သူတို့သိပ်အံ့သြကြတယ်။ ကျွန်မရဲ့ယုံကြည်ချက်အကြောင်း မေးခွန်းတွေအများကြီး မေးကြတယ်။ တစ်ယောက်ကဆိုရင် ‘ခင်ဗျား ဘာလို့ဒီလောက်ပျော်နေတာလဲ’ လို့မေးတယ်။”
သီရိလင်္ကာ– ညီအစ်မ လေးယောက်က တစ်ခါမှမဟောဖူးသေးတဲ့ရပ်ကွက်ကို ဘတ်စကားစီးပြီး သွားဟောပြောကြ
ခိုင်လုံတဲ့စွဲချက်မရှိဘဲ ညီအစ်မတွေကို ထောင်ချတဲ့အတွက် အခြေခံအခွင့်အရေးချိုးဖောက်မှုနဲ့ ရဲတွေကို အမှုဖွင့်ခဲ့တယ်။ ဒီအမှုကို သီရိလင်္ကာတရားရုံးချုပ်က လက်ခံခဲ့တယ်။ အမှုကတော့ မပြီးပြတ်သေးဘူး။
အိပ်ရာထဲလဲနေတဲ့အမျိုးသမီးကို ကူညီပေး
ဂျပန်နိုင်ငံက ရှေ့ဆောင်ညီအစ်မ မီချီကိုဟာ ဆေးရုံမှာရှိတဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ယောက်ကို လက်သင်္ကေတပြစကားနဲ့ ကျမ်းစာသင်ပေးတယ်။ ညီအစ်မက ဝန်ထမ်းတွေဆီမှာ ခွင့်တောင်းပြီး တခြားလူနာတွေနဲ့လည်း စကားပြောတဲ့အခါ ခါဇူမီလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့တွေ့တယ်။ သူက နားကြားပေမဲ့ စကားမပြောနိုင်ရှာဘူး။ အသက် ၂၃ နှစ်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး အိပ်ရာထဲလဲနေတာ။ အစာမမျိုနိုင်ဘူး၊ ရေတောင် မသောက်နိုင်ဘူး။ သူသိချင်တာ အများကြီးပဲ။ ဒါနဲ့ ကျမ်းစာလေ့လာဖို့ ချက်ချင်းလက်ခံခဲ့တယ်။
ဂျပန်– အားပေးတည်ဆောက်မှုဖြစ်စေတဲ့ စာတွေရေးရတာကို ခါဇူမီနှစ်သက်
ညီအစ်မက မေးခွန်းမေးရင် ခါဇူမီက အဖြေကို စာပိုဒ်ထဲမှာထောက်ပြတယ် ဒါမှမဟုတ် ချရေးပြတယ်။ သူ့မှာ ဖုန်းရှိလာတဲ့အခါ ညီအစ်မနဲ့ မနက်တိုင်း နေ့စဉ်ကျမ်းချက် အတူဆွေးနွေးတယ်။ ကျန်းမာရေးမကောင်းပေမဲ့ ဘုရားရေးရာဘက်မှာ တဖြည်းဖြည်းတိုးတက်လာပြီး ယေဟောဝါသက်သေတစ်ယောက် ဖြစ်ချင်လာတယ်။ ၁၃ နှစ်ကြာ ကျမ်းစာလေ့လာပြီးနောက် သူ့အသက် ၆၁ နှစ်မှာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်လာတယ်။
ခါဇူမီဟာ အိပ်ရာထဲလဲနေတာမို့ စည်းဝေးတွေနဲ့ စည်းဝေးပွဲအစီအစဉ်အားလုံးကို သူနားထောင်နိုင်အောင် အသင်းတော်က စီစဉ်ပေးတယ်။ သူပြင်ဆင်ထားတဲ့ မှတ်ချက်တွေကို စည်းဝေးမှာ ညီအစ်မတွေက ဖတ်ပြပေးတယ်။
ခါဇူမီဟာ စည်းဝေးတက်နေတဲ့ ကျမ်းစာသင်သားတစ်ယောက်စီအတွက် အားပေးတည်ဆောက်မှုဖြစ်စေတဲ့စာတွေ ရေးလေ့ရှိတယ်။ ဆေးရုံဝန်ထမ်းတွေနဲ့ သူ့ဆီလာလည်တဲ့သူတွေကိုလည်း သက်သေခံတယ်။ “ကျမ်းစာလေ့လာရင် ပျော်ရွှင်ရလိမ့်မယ်” လို့ သူတို့ကို အမြဲပြောတယ်။
ဘုန်းကြီးတစ်ပါး အမှန်တရားသင်ယူ
အရှေ့တောင်အာရှနိုင်ငံတစ်ခုမှာ ညီအစ်မတစ်ယောက်က ဆေးရုံမှာ မျက်မှန်သွားလုပ်ရင်း ဘုန်းကြီးတစ်ပါးနဲ့ ဆုံတယ်။ ဒါနဲ့ ညီအစ်မက “သိပ်လှပတဲ့နေရာမှာ ကျန်းကျန်းမာမာနဲ့ ထာဝစဉ်အသက်ရှင်ချင်လား” လို့မေးတယ်။ အဲဒီအကြောင်း ဆွေးနွေးပြီးတဲ့နောက် ဘုရားသခင့်စကားနားထောင်ပါ ဘရိုရှာကို ပေးလိုက်တယ်။ ဘုန်းကြီးက သူ့ဖုန်းနံပါတ်ပေးတာကြောင့် ညီအစ်မက အသင်းတော်မှာရှိတဲ့ ညီအစ်ကိုတစ်ယောက်ကို လွှဲပေးလိုက်တယ်။ သိပ်မကြာခင်မှာ ညီအစ်ကိုက ဘုန်းကြီးနဲ့အဆက်အသွယ်ရသွားပြီး အထူးဟောပြောချက် လာနားထောင်ဖို့ ဖိတ်လိုက်တယ်။ သူစည်းဝေးလာတက်တဲ့အခါ သိပ်သဘောကျသွားတယ်၊ အထူးသဖြင့် နိုင်ငံတော်သီချင်းဆိုတာကိုပဲ။ လူတိုင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာကိုလည်း အရမ်းစိတ်စွဲမှတ်သွားတယ်။
ဘုန်းကြီးက ယေဟောဝါသက်သေတွေမှာ ဓမ္မတက္ကသိုလ်ရှိလားလို့မေးတော့ ညီအစ်ကိုက သက်သေခံတွေနဲ့ ကျမ်းစာလေ့လာနိုင်တဲ့အကြောင်း ရှင်းပြပြီး ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းလိုက်တယ်။ နောက်တစ်ပတ်မှာ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၁ ကို အပြီးထိဖတ်ကြတယ်။ သူ ကျမ်းစာဆက်လေ့လာပြီး စည်းဝေးတွေတက်တယ်။ ကင်းမျှော်စင်သင်တန်းမှာလည်း မှတ်ချက်တွေပေးတယ်။
တိုက်နယ်စည်းဝေးမှာ ဌာနခွဲကိုယ်စားလှယ်က သူ့ကို ဗေသလလာလည်ဖို့ ဖိတ်တယ်။ ဗေသလကိုသွားဖို့ ၁၀ နာရီကြာ ခရီးသွားရမှာဖြစ်ပေမဲ့ နောက်တစ်ပတ်မှာပဲ သူသွားလည်ခဲ့တယ်။ ညီအစ်ကိုညီအစ်မတွေက လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ ၂၀၁၅၊ ဖေဖော်ဝါရီလမှာတော့ လူဝတ်လဲလိုက်ပြီး ကျမ်းစာဆက်လေ့လာတယ်၊ ခရစ်ယာန်စည်းဝေးတွေ တက်ရောက်နေပြီ။
သက်သေခံတွေနဲ့ အဆက်အသွယ်ပြန်ရခဲ့
နှစ်ပေါင်းများစွာ သတင်းကောင်းမဟောဖြစ်တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ မကြာသေးခင်က ရှေ့ဆောင်တွေ တာဝန်ခန့်အပ်ခံရတယ်။ စိတ်ဝင်စားသူအများကြီးရှိတာမို့ ရှေ့ဆောင်တွေက စည်းဝေးကျင်းပဖို့ သင့်တော်တဲ့နေရာ လိုက်ရှာကြတယ်။ တစ်နေ့ ကျမ်းစာသင်အံမှုသွားနေတုန်း ဆောက်လက်စအဆောက်အအုံတစ်ခုကို တွေ့တာနဲ့ စုံစမ်းကြည့်ရင်ကောင်းမယ်လို့ တွေးကြတယ်။ ရှေ့နည်းနည်းဆက်လျှောက်ပြီးတဲ့နောက် အဲဒီနေရာဆီပြန်လာပြီး စုံစမ်းကြည့်တယ်။ အဆောက်အအုံအနောက်ဘက်မှာ သက်ကြီးအမျိုးသမီးတစ်ယောက်ကိုတွေ့တော့ ယေဟောဝါသက်သေတွေပါလို့ ပြောပြတဲ့အခါ သူ့မျက်နှာ ပြုံးရွှင်သွားပြီး “ကျွန်မလည်း ယေဟောဝါသက်သေပဲ” လို့ ပြန်ပြောတယ်။ ရှေ့ဆောင်တွေကို အိမ်ထဲဝင်ထိုင်ခိုင်းပြီး ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက သူစုထားတဲ့ အဖွဲ့အစည်းစာပေတွေကို ထုတ်ပြတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က သူကျမ်းစာလေ့လာခဲ့ပြီး ခင်ပွန်းရဲ့ဆန့်ကျင်မှုကြားမှာ စည်းဝေးတွေကို တက်ရောက်ခဲ့တယ်လို့ ပြောပြတယ်။ အမှန်တရားကို ရှာတွေ့ခဲ့မှန်း သူသိပေမဲ့ အဲဒီဒေသကနေ ရှေ့ဆောင်တွေပြန်သွားတဲ့အခါ အဖွဲ့အစည်းနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သူ့သားသမီးအားလုံး ချာ့ချ်အမျိုးမျိုးမှာ တက်နေကြပေမဲ့ သူကတော့ ဘယ်ချာ့ချ်ကိုမှ မသွားဘူးလို့ပြောပြတယ်။
အိန္ဒိယ– စိတ်ဝင်စားသူအမျိုးသမီးက ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက စုထားခဲ့တဲ့ အဖွဲ့အစည်းစာပေတွေကို ထုတ်ပြနေ
သားသမီးတွေက သူသေရင် ကက်သလစ်လို သင်္ဂြိုဟ်နိုင်ဖို့ ကက်သလစ်အသင်းထဲဝင်ရမယ်လို့ အတင်းဖိအားပေးကြတယ်။ ညီမဖြစ်သူကလည်း သူ့ကို ကက်သလစ်ချာ့ချ်ဆီ အတင်းခေါ်သွားတယ်။ ဒါပေမဲ့ ကားလမ်းတွေပိတ်နေတာကြောင့် အိမ်ပြန်လှည့်လာခဲ့ရတယ်။ သူ့ညီမက နောက်နေ့ပြန်သွားမယ်လို့ ပြောပေမဲ့ သူနေမကောင်းလို့ မသွားဖြစ်ဘူး။ အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ ရှေ့ဆောင်တွေ သူ့ဆီရောက်လာခဲ့တာ။ အခု သူက ကျမ်းစာပြန်လေ့လာနေပြီး စည်းဝေးတွေလည်း တက်နေပြီ။ သူ့ကလေးတွေနဲ့ မြေးတွေကိုလည်း ကျမ်းစာလေ့လာဖို့ အားပေးနေတယ်။