အင်ဒိုနီးရှားနိုင်ငံ
သာသနာပြုတွေ ထပ်ရောက်လာ
၁၉၆၄၊ ဇူလိုင် ၉ ရက်မှာ ယေဟောဝါသက်သေတွေရဲ့ တရားဝင်ကော်ပိုရေးရှင်းဖြစ်တဲ့ ကျမ်းစာကျောင်းသားများအသင်းကို တရားရေးဌာနမှာ တရားဝင်မှတ်ပုံတင်ခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကိုတွေက ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝမရသေးခင် သာသနာရေးဌာနမှာ မှတ်ပုံတင်ဖို့လိုတယ်။ ဒီဌာနက ယေဟောဝါသက်သေတွေကို လုံးဝမကြိုက်တဲ့ ခရစ်ယာန်အသင်းအဖွဲ့များ ဦးစီးဌာနဆီကနေ အကြံဉာဏ်တောင်းခံတယ်။
တစ်ရက်မှာ ညီအစ်ကိုတစ်ယောက်က သာသနာရေးဌာနနဲ့ အနီးကပ်ဆက်စပ်နေတဲ့ အရာရှိကြီးတစ်ယောက်ကို တွေ့တယ်။ သူတို့နှစ်ယောက်က တစ်ရွာတည်းသားဖြစ်နေမှန်းသိသွားပြီး သူတို့ရဲ့ဒေသသုံးစကားနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးကြတော့တယ်။ ညီအစ်ကိုက ခရစ်ယာန်အသင်းအဖွဲ့များ ဦးစီးဌာနနဲ့ သက်သေခံတွေ ပြဿနာတက်နေတဲ့အကြောင်း ပြောပြတော့ အရာရှိက ညီအစ်ကိုသုံးယောက်ကို ဝန်ကြီးနဲ့တိုက်ရိုက်တွေ့နိုင်ဖို့ စီစဉ်ပေးတယ်။ ဒီဝန်ကြီးက သဘောကောင်းပြီး နားလည်မှုရှိတဲ့ မွတ်စလင်တစ်ယောက်ပဲ။ ဒါနဲ့ ၁၉၆၈၊ မေ ၁၁ ရက်မှာ ဝန်ကြီးက ယေဟောဝါသက်သေတွေကို တရားဝင်ဘာသာအဖြစ် အသိအမှတ်ပြုကြောင်း၊ သူတို့ရဲ့လုပ်ငန်းကို အင်ဒိုနီးရှားမှာ ဆက်လုပ်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာတယ်။
ဒါ့အပြင် နိုင်ငံခြားသားသက်သေခံတွေဟာ ခရစ်ယာန်အသင်းအဖွဲ့များ ဦးစီးဌာနဆီ သွားစရာမလိုဘဲ သာသနာပြုဗီဇာရနိုင်အောင် အရာရှိက ကူညီပေးတယ်။ ဘက်မလိုက်တတ်တဲ့ ဒီအရာရှိကူညီပေးလို့ နောက်နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှားကို သာသနာပြု ၆၄ ယောက် ထပ်ရောက်လာတယ်။
၁၉၆၈ ခုနှစ်မှာ ကြေညာသူ ၁,၂၀၀ ကျော်နဲ့ သာသနာပြု၊ အထူးရှေ့ဆောင် ၃၀၀ နီးပါးက အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းမှာ သတင်းကောင်းဟောပြောနေကြပြီ။ သာသနာပြုတွေက ဒေသခံညီအစ်ကိုညီအစ်မတွေကို ကောင်းကောင်းလေ့ကျင့်ပေးလို့ ဘုရားရေးရာမှာ တိုးတက်လာကြတယ်။ အဲဒီလေ့ကျင့်ပေးမှုက အချိန်ကိုက်ပါပဲ။ အကြောင်းကတော့ နှိပ်စက်ညှဉ်းပန်းမှုမုန်တိုင်းကြီး တိုက်ခတ်လာတော့မှာမို့လို့ပဲ။
ဘုန်းကြီးတွေအတွက် “ခရစ္စမတ်လက်ဆောင်”
၁၉၇၄ ခုနှစ်မှာ ခရစ်ယာန်အသင်းအဖွဲ့များ ဦးစီးဌာနက ယေဟောဝါသက်သေတွေကို ပိတ်ပင်ဖို့ဆိုတဲ့စီမံကိန်းကြီးကို ပြန်အကောင်အထည်ဖော်တော့တယ်။ အဲဒီဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က ဒေသအသီးသီးမှာရှိတဲ့ သာသနာရေးဌာန ရုံးခွဲတွေဆီ စာရေးပြီး ယေဟောဝါသက်သေတွေဟာ တရားဝင်အသိအမှတ်မပြုထားတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ပြောခဲ့တယ်။ သက်သေခံတွေကို အကြောင်းမရှိ အကြောင်းရှာပြီး နှိပ်စက်ညှဉ်းပန်းဖို့ အရာရှိတွေကို တိုက်တွန်းတယ်။ အရာရှိအများစုက သူပြောတဲ့အတိုင်း မလုပ်ကြဘူး။ အရာရှိတချို့ကတော့ အဲဒါကိုအခွင့်ကောင်းယူပြီး စည်းဝေးတွေနဲ့ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်လိုက်တယ်။
၁၉၇၆၊ ဒီဇင်ဘာ ၂၄ ရက်မှာ ယေဟောဝါသက်သေတွေကို ပိတ်ပင်လိုက်ပြီလို့ သတင်းစာမှာ ကြေညာ
အဲဒီအချိန်လောက်မှာပဲ ကမ္ဘာ့ချာ့ချ်ကောင်စီ (WCC) က ဂျကာတာမြို့မှာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး ကျင်းပဖို့ စီစဉ်တယ်။ ဒါကို မွတ်စလင်တွေ သဘောမတူကြဘူး။ ဘာသာရေးတင်းမာမှုတွေ ပြင်းထန်လာတာကြောင့် WCC က စည်းဝေးကို ဖျက်သိမ်းလိုက်တယ်။ ဒါပေမဲ့ ခရစ်ယာန်တွေ ဘာသာဆွယ်နေတယ်ဆိုတဲ့ကိစ္စကို လူတွေအာရုံစိုက်လာပြီး နိုင်ငံရေးသမားတွေကလည်း စိုးရိမ်လာကြတယ်။ ဒီအခြေအနေအတွက် ဘုန်းကြီးတွေက ယေဟောဝါသက်သေတွေကို အပြစ်ပုံချပြီး သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းအကြောင်း တိုင်တန်းကြတော့တယ်။ ဒါကြောင့် အရာရှိတွေက သက်သေခံတွေကို အဆိုးမြင်လာကြတယ်။
ဘာသာရေးတင်းမာမှုတွေ ပြင်းထန်နေဆဲအချိန် ၁၉၇၅၊ ဒီဇင်ဘာလမှာ အင်ဒိုနီးရှားက ပေါ်တူဂီကိုလိုနီဖြစ်ခဲ့ဖူးတဲ့ အရှေ့တီမော (အခု တီမောလက်စတီ) ကို ကျူးကျော်တယ်။ ခုနစ်လအကြာမှာတော့ အရှေ့တီမောကို သိမ်းပိုက်လိုက်တယ်။ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းမှာ မျိုးချစ်စိတ်ဓာတ် ပိုပြင်းထန်လာတယ်။ ညီအစ်ကိုတွေကတော့ နိုင်ငံရေးမှာကြားနေပြီး စစ်မှုမထမ်းကြဘူး၊ အလံအလေးမပြုကြဘူး။ ဒါကြောင့် စစ်အရာရှိကြီးတွေ အရမ်းဒေါသထွက်ကြတယ်။ (မ. ၄:၁၀; ယော. ၁၈:၃၆) ဘုန်းကြီးတွေက ဒါကိုအခွင့်ကောင်းယူပြီး သက်သေခံတွေကို အရေးယူဖို့ အစိုးရကို အပူတပြင်းတောင်းဆိုတယ်။ ၁၉၇၆၊ ဒီဇင်ဘာလလယ်မှာတော့ အစိုးရက ယေဟောဝါသက်သေတွေကို ပိတ်ပင်လိုက်ပြီလို့ ကြေညာလိုက်တယ်။ အဲဒါက ဘုန်းကြီးတွေအတွက် “ခရစ္စမတ်လက်ဆောင်” ပဲ။