ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၁၁၉-စာ. ၁၂၃ ပိုဒ်. ၂
  • အရှေ့ဘက်မှာ လုပ်ငန်းတိုးချဲ့ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရှေ့ဘက်မှာ လုပ်ငန်းတိုးချဲ့ခြင်း
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • “ဘုရင်ခံများရှေ့ . . . သက်သေခံခွင့်ရကြလိမ့်မည်”
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၁၁၉-စာ. ၁၂၃ ပိုဒ်. ၂

အင်ဒိုနီးရှားနိုင်ငံ

အရှေ့ဘက်မှာ လုပ်ငန်းတိုးချဲ့ခြင်း

၁၉၅၃ ခုနှစ်မှာ ညီအစ်ကို ပီတာ ဗွန်ဒါဟာကန်ကို တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်တယ်။ သူ့တိုက်နယ်မှာ တစ်နိုင်ငံလုံးပါတယ်။ အရှေ့ကနေ အနောက်ကို မိုင်ပေါင်း ၃,၂၀၀၊ တောင်ကနေ မြောက်ကို မိုင်ပေါင်း ၁,၁၀၀ ရှိတယ်။ ဒီလောက်ကြီးမားတဲ့နယ်မြေကို သွားရတော့ ကြက်သီးမွေးညင်းထစရာ အခြေအနေတွေ မကြာခဏကြုံရတာပေါ့။

ပီတာ ဗွန်ဒါဟာကန်

ပီတာ ဗွန်ဒါဟာကန်

၁၉၅၄ ခုနှစ်မှာ ပီတာက ဘာသာတရားအမျိုးမျိုးကွဲပြားတဲ့ အင်ဒိုနီးရှားအရှေ့ဘက်ကို သွားတယ်။ ဘာလီကျွန်းမှာ ဟိန္ဒူဘာသာ၊ လောမ်ဘွတ်ခ်နဲ့ ဆွန်ဘာဝါကျွန်းမှာ အစ္စလာမ်ဘာသာ၊ ဖလောရစ်ကျွန်းမှာ ကက်သလစ်ဘာသာ၊ စွမ်ဘာ၊ အာလောနဲ့ တီမောကျွန်းမှာ ပရိုတက်စတင့်ဘာသာကို အဓိက ကိုးကွယ်ကြတယ်။ ပီတာက လှေစုတ်လေးနဲ့ ကျွန်းတွေဆီ သွားဟောတယ်။ ပြီးနောက် တီမောကျွန်းရဲ့မြို့တော် ကူပမ်ကိုသွားတယ်။ သူအခုလိုပြောပြတယ်– “တီမောကျွန်းမှာ နှစ်ပတ်ကြာ ဟောပြောတယ်။ မိုးအရမ်းရွာနေပေမဲ့ စာပေအားလုံး ဝေငှနိုင်ခဲ့တယ်။ နှစ်စဉ်ကြေး ၃၄ ခုနဲ့ ကျမ်းစာသင်အံမှု အများကြီးရခဲ့တယ်။” အထူးရှေ့ဆောင်တွေဟာ စိတ်ဝင်စားသူတွေဆီ ပြန်လည်ပတ်ပြီး ကူပမ်မြို့မှာ အသင်းတော်တည်ထောင်နိုင်ခဲ့တယ်။ ဒီကျွန်းရဲ့အနီးတဝိုက်မှာရှိတဲ့ ရိုတီ၊ အာလော၊ စွမ်ဘာနဲ့ ဖလောရစ်ကျွန်းမှာလည်း သတင်းကောင်းပျံ့နှံ့သွားတယ်။

ကူပမ်မြို့မှာ ပရိုတက်စတင့်ဘုန်းကြီးတွေက သူတို့ရဲ့အသင်းသားတွေ ယေဟောဝါသက်သေတွေကို လက်ခံနေတာတွေ့တော့ ဒေါသူပုန်ထပါလေရော။ သောမတ်စ် တူဘလူဆိုတဲ့ သက်ကြီးအမျိုးသားတစ်ယောက်က သက်သေခံတွေနဲ့ ကျမ်းစာလေ့လာတယ်။ သူက သံဖြူလုပ်ငန်းလုပ်တယ်၊ လက်တစ်ဖက်ပြတ်နေတယ်။ သူ့ကို ဘုန်းကြီးက သက်သေခံတွေနဲ့ ကျမ်းစာဆက်လေ့လာမယ်၊ သိထားတာကို လိုက်ပြောနေမယ်ဆိုရင် သွေးချောင်းစီးသွားလိမ့်မယ်လို့ ခြိမ်းခြောက်တယ်။ သောမတ်စ်က “ဘယ်ခရစ်ယာန်မှ ခင်ဗျားပြောသလို ပြောမှာမဟုတ်ဘူး။ ခင်ဗျားရဲ့ချာ့ချ်ကို ဘယ်တော့မှ မလာတော့ဘူး” လို့သတ္တိရှိရှိ ပြန်ပြောလိုက်တယ်။ သောမတ်စ်ဟာ ဇွဲထက်သန်တဲ့ သတင်းကောင်းဟောပြောသူဖြစ်လာပြီး သူ့သမီးက အထူးရှေ့ဆောင်ဖြစ်နေပြီ။

တီမောကျွန်းက ဘုန်းကြီးတွေဟာ ယေဟောဝါသက်သေတွေကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ထားကြတယ်။ ၁၉၆၁ ခုနှစ်မှာ သူတို့က သာသနာရေးဌာနနဲ့ စစ်အာဏာပိုင်တွေကို ဖိအားပေးပြီး တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်လိုက်တယ်။ ဒါကြောင့် ညီအစ်ကိုတွေက သက်သေခံတဲ့နည်းစနစ်တွေကို ပြောင်းလိုက်ကြတယ်။ စျေးမှာ၊ ရေတွင်းနားမှာ ဟောကြတယ်။ ကမ်းခြေက တံငါသည်တွေ၊ သင်္ချိုင်းစောင့်မိသားစုတွေကို ဟောကြတယ်။ တစ်လအကြာမှာ စစ်အာဏာပိုင်တွေက တီမောကျွန်းမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုကြောင်း ရေဒီယိုကနေ ကြေညာတယ်။ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းကိုတော့ သာသနာရေးဌာနက ပိတ်ပင်ထားတုန်းပဲ။ ဒီလိုပိတ်ပင်ထားတာကို တရားဝင်စာထုတ်ပေးဖို့ ညီအစ်ကိုတွေ တောင်းဆိုတော့လည်း အရာရှိတွေက ထုတ်မပေးနိုင်ကြဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းကို အတားအဆီးမရှိ ပြန်လုပ်ခဲ့ကြတယ်။

၁၉၆၂ ခုနှစ်မှာ သာသနာပြုတွေဖြစ်တဲ့ ပီရက်နဲ့ နယ်လ် ဒီယေဂါ၊ ဟန်စ်နဲ့ ဆူဇီ ဗန်ဘူရီတို့ ပါပူဝါကျွန်းကို ရောက်လာတော့လည်း အမည်ခံခရစ်ယာန်ဘုန်းကြီးတွေရဲ့ ဆန့်ကျင်မှုကို ကြုံရတယ်။ ဘုန်းကြီးသုံးပါးက သာသနာပြုတွေကို ခေါ်တွေ့ပြီး တခြားနေရာမှာ သွားဟောခိုင်းတယ်။ ဘုန်းကြီးတွေက တရားဟောစင်၊ ပုံနှိပ်စာပေနဲ့ ရေဒီယိုကနေတစ်ဆင့် ယေဟောဝါသက်သေတွေဟာ အစိုးရကိုဆန့်ကျင်အောင် သွေးထိုးလှုံ့ဆော်သူတွေလို့ မဟုတ်မမှန် စွပ်စွဲကြတယ်။ သာသနာပြုတွေနဲ့ ကျမ်းစာလေ့လာနေတဲ့ သူ့အသင်းသားတွေကို ချော့လိုက်၊ ခြောက်လိုက်၊ ပစ္စည်းတွေ၊ ငွေတွေပေးလိုက်နဲ့ အမျိုးမျိုးတားကြတယ်။ ရွာသူကြီးတွေကိုလည်း ဖိအားပေးပြီး ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ခိုင်းတယ်။

သူတို့ အဲဒီလိုလုပ်ပေမဲ့ ရလဒ်ကတော့ ပြောင်းပြန်ပဲ။ ရွာသူကြီးတစ်ယောက်က သာသနာပြုတွေကို သူ့ရွာဖိတ်ခေါ်တယ်။ ညီအစ်ကိုဟန်စ် အခုလိုပြောပြတယ်– “ရွာသူကြီးက ရွာသားတွေကို စုလိုက်တယ်။ ကျွန်တော်နဲ့ပီရက်က ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး အတိုချုပ်ရှင်းပြတယ်။ အဲဒီနောက် ကျွန်တော်တို့ဇနီးတွေက အိမ်ရှင်နဲ့နှုတ်ဆက်စကားပြောပုံ၊ လက်ခံရင် အိမ်ထဲဝင်ပြီး ကျမ်းစာထဲကသတင်းကောင်း တိုတိုတုတ်တုတ် ဟောပြောပုံကို သရုပ်ပြပေးတယ်။ ဒါကို ရွာသူကြီးနဲ့ ရွာသားတွေ သဘောကျပြီး လွတ်လွတ်လပ်လပ် ဟောခွင့်ပြုတယ်။”

တခြားဖြစ်ရပ်တွေမှာလည်း ရလဒ်ကောင်းတွေ ရခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းကို မွတ်စလင်တွေ ဆန့်ကျင်တာ ခပ်ရှားရှားပဲ။ အဓိကဆန့်ကျင်သူတွေက အမည်ခံခရစ်ယာန်ဘုန်းကြီးတွေ။ ဒီနေ့ထိလည်း အဲဒီလိုပါပဲ။

“ဘုရင်ခံများရှေ့ . . . သက်သေခံခွင့်ရကြလိမ့်မည်”

ယေရှုက “ငါ့ကြောင့် သင်တို့ကို ဘုရင်ခံများ၊ ရှင်ဘုရင်များရှေ့ ပို့ဆောင်ကြလိမ့်မည်။ သို့ဖြင့် သင်တို့သည် သူတို့နှင့် လူမျိုးခြားတို့တွင် ငါ့အကြောင်း သက်သေခံခွင့်ရကြလိမ့်မည်” လို့ တပည့်တွေကိုပြောခဲ့တယ်။ (မ. ၁၀:၁၈) ဒီစကားတွေမှန်ကန်ကြောင်း အင်ဒိုနီးရှားမှာ အကြိမ်ကြိမ်တွေ့ခဲ့ရပါပြီ။

၁၉၆၀ ပြည့်နှစ်မှာ ဂျကာတာမြို့က ဒတ်ချ်လူမျိုး နာမည်ကြီးဓမ္မပညာရှင်တစ်ယောက်က ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်အတုအယောင်တွေဆိုပြီး အသရေဖျက်ထားတဲ့စာအုပ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ကြောင့် ခရစ်ယာန်ဘုန်းကြီးတွေက သက်သေခံတွေကို အမျိုးမျိုးစွပ်စွဲကြတယ်။ ဥပမာ၊ မြို့တစ်မြို့က ဘုန်းကြီးတစ်ယောက်ဆိုရင် သာသနာရေးဌာနကို စာရေးပြီး သက်သေခံတွေဟာ “သူ့အသင်းသားတွေကို စိတ်ရှုပ်ထွေးအောင် လုပ်နေတယ်” လို့ စွပ်စွဲတယ်။ အရာရှိတွေက ညီအစ်ကိုတွေကိုခေါ်ပြီး ဖြေရှင်းခိုင်းတဲ့အခါ အဖြစ်မှန်ပေါ်သွားပြီး ကောင်းကောင်းသက်သေခံနိုင်ခဲ့တယ်။ အရာရှိတစ်ယောက်က သူ့လုပ်ဖော်ကိုင်ဖက်ကို “ယေဟောဝါသက်သေတွေကို လွှတ်ထားပေးလိုက်ပါ။ သူတို့က အိပ်ပျော်နေတဲ့ ပရိုတက်စတင့်တွေကို လိုက်နှိုးနေတာ” လို့ပြောတယ်။

ပရဒိသု စာအုပ်ပုံးတွေကို ကားပေါ်ကချနေ၊ ၁၉၆၃ ခုနှစ်

ပရဒိသု စာအုပ်ပုံးတွေကို ကားပေါ်ကချနေ၊ ၁၉၆၃ ခုနှစ်

၁၉၆၄ ခုနှစ်မှာ ပါပူဝါကျွန်းက ပရိုတက်စတင့် ဘုန်းကြီးတစ်စုဟာ သာသနာရေးနဲ့လူမှုရေးဆိုင်ရာ ပါလီမန်ကော်မတီကို စာတင်ပြီး ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်ဖို့ တောင်းဆိုတယ်။ ဌာနခွဲရုံးကလည်း ကော်မတီရှေ့မှာ ချေပပြောဆိုခွင့်ရဖို့ တောင်းဆိုတယ်။ ညီအစ်ကို တာဂေါ ဟူတစွတ် အခုလိုပြောပြတယ်– “ကော်မတီရှေ့မှာ တစ်နာရီလောက် စကားပြောခွင့်ရခဲ့ပြီး ကျမ်းစာပညာပေးလုပ်ငန်းအကြောင်း ကောင်းကောင်းရှင်းပြခဲ့တယ်။ ပရိုတက်စတင့်အရာရှိတစ်ယောက်က သက်သေခံတွေဟာ ပါပူဝါကျွန်းမှာ ဘာသာရေးမငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်ပေးနေတယ်လို့ စွပ်စွဲတယ်။ မွတ်စလင်အရာရှိအများစုကတော့ နားလည်မှုရှိကြပါတယ်။ ‘ဖွဲ့စည်းပုံအခြေခံဥပဒေက ဘာသာရေးလွတ်လပ်ခွင့် ပေးထားတယ်ဆိုတော့ ခင်ဗျားတို့မှာ ဟောပိုင်ခွင့်ရှိတာပေါ့’ လို့ ပြောကြတယ်။” အဲဒီလိုတွေ့ဆုံပြီးနောက် ပါပူဝါကျွန်းရဲ့ အဆင့်မြင့်အရာရှိတစ်ယောက်က “အစိုးရသစ်ဟာ ဘာသာရေးလွတ်လပ်ခွင့် ဆက်ပေးထားတယ်။ ဒါက ဘာသာရေးအဖွဲ့အစည်းသစ်တွေနဲ့လည်း သက်ဆိုင်တယ်” ဆိုပြီး ကြေညာခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ