ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၁၁၄-စာ. ၁၁၈ ပိုဒ်. ၃
  • ဂိလဒ်သာသနာပြုတွေရောက်လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂိလဒ်သာသနာပြုတွေရောက်လာ
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • နယ်မြေသစ်တွေတိုးချဲ့ခြင်း
  • အင်ဒိုနီးရှားစကားနဲ့ စာပေတွေ ထုတ်ဝေခြင်း
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၁၁၄-စာ. ၁၁၈ ပိုဒ်. ၃
ဆူရာဘယာအသင်းတော်၊ ၁၉၅၄ ခုနှစ်

ဆူရာဘယာအသင်းတော်၊ ၁၉၅၄ ခုနှစ်

အင်ဒိုနီးရှားနိုင်ငံ

ဂိလဒ်သာသနာပြုတွေရောက်လာ

၁၉၅၁၊ ဇူလိုင်လမှာ ဂျကာတာမြို့က အသင်းတော်လေးကို ဂိလဒ်ကျောင်းဆင်း ညီအစ်ကိုပီတာ ဗွန်ဒါဟာကန် ဦးဆုံးရောက်လာတယ်။ နှစ်ကုန်ပိုင်းမှာ ဩစတြေးလျ၊ ဂျာမနီ၊ နယ်သာလန်ကနေ သာသနာပြု ၁၃ ယောက် ထပ်ရောက်လာတယ်။ သူတို့အရေအတွက်နဲ့ ပေါင်းလိုက်ရင် ကြေညာသူအရေအတွက် နှစ်ဆနီးပါး ဖြစ်သွားတယ်။

၁၉၅၁ ကနေ ၁၉၇၆ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံက ကြေညာသူနဲ့ရှေ့ဆောင် အရေအတွက်ပြဇယား

ဒတ်ချ်သာသနာပြု ညီအစ်မ ဖရယ်ဒရီကာ ရမ်စကာ အခုလိုပြောတယ်– “တစ်အိမ်တက်ဆင်းသွားတဲ့အခါ ကိုယ်ဟန်အမူအရာနဲ့ ဟောရမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ အများစုက ဒတ်ချ်စကားပြောတတ်တော့ အစပိုင်းမှာ အဲဒီစကားနဲ့ဟောနိုင်ခဲ့တယ်။” ဩစတြေးလျက ညီအစ်ကိုရော်နယ် ဂျက်ကာက “အင်ဒိုနီးရှားစကားနဲ့ လိုရင်းတိုရှင်းရေးထားတဲ့ သက်သေခံကတ်ပြားကို တချို့သုံးကြတယ်။ ကျွန်တော်က အိမ်တံခါးမခေါက်ခင် ကတ်ပြားကိုတစ်ချက်ကြည့်ပြီး အလွတ်ပြောဖို့ ကြိုးစားတယ်” လို့ပြောတယ်။

သာသနာပြုတွေရဲ့ ကြိုးစားမှုကြောင့် တစ်နှစ်အတွင်း ကြေညာသူ ၃၄ ယောက်ကနေ ၉၁ ယောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာတယ်။ ၁၉၅၁၊ စက်တင်ဘာ ၁ ရက်မှာ ဂျကာတာမြို့လယ်က အန်ဒရေ အီလီယက်စ်ရဲ့အိမ်မှာ ကင်းမျှော်စင်ဌာနခွဲရုံး ဖွင့်လှစ်နိုင်ခဲ့တယ်။ ရော်နယ် ဂျက်ကာက ဌာနခွဲအမှုထမ်းပေါ့။

နယ်မြေသစ်တွေတိုးချဲ့ခြင်း

၁၉၅၁၊ နိုဝင်ဘာလမှာ ပီတာ ဗွန်ဒါဟာကန်က မြောက်ပိုင်းဆူလာဝေစီ၊ မာနာဒိုမြို့မှာ တာဝန်ခန့်အပ်ခံရတယ်။ အဲဒီမှာ သီအိုရာတူနဲ့သူ့ဇနီး အစပြုခဲ့တဲ့အုပ်စုလေးရှိတယ်။ ဒေသခံအများစုက အမည်ခံခရစ်ယာန်တွေဆိုတော့ ကျမ်းစာကို လေးမြတ်ကြတယ်။ အိမ်ရှင်တွေက သက်သေခံတွေကို အိမ်ထဲခေါ်ဖိတ်ပြီး ကျမ်းစာအယူဝါဒတွေအကြောင်း မေးကြတယ်။ အုပ်စုတစ်စုမှာ လူ ၁၀ ယောက်လောက် ရှိတတ်တယ်။ ၁၅ မိနစ်ကြာတော့ ၅၀ လောက်ဖြစ်သွားရော။ တစ်နာရီလောက်လည်းကြာရော ၂၀၀ ကျော်လာလို့ ဆွေးနွေးခန်းကို အိမ်အပြင်ဘက် ရွှေ့လိုက်ရတယ်။

၁၉၅၂ ခုနှစ်အစောပိုင်းမှာ အရှေ့ဂျာဗား၊ ဆူရာဘယာမြို့ (အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်) မှာ သာသနာပြုအိမ် ရှိလာတယ်။ အဲဒီမှာ ညီအစ်ကို အဲလ်ဘတ်၊ သူ့ဇနီး ဂျီးန် မက်ဘီနဲ့အတူ သာသနာပြုညီအစ်မ ခြောက်ယောက်ဖြစ်တဲ့ ဂါထရု အော့တ်၊ ဖရယ်ဒရီကာ ရမ်စကာ၊ ဆူဇီနဲ့ မာရီယန် စတူဗေ၊ အီဗလန် ပလတ်၊ မီမီဟတ်ပ်တို့ နေကြတယ်။ ဖရယ်ဒရီကာ ရမ်စကာ အခုလိုပြောတယ်– “ဒေသခံအများစုက မွတ်စလင်တွေ။ သဘောကောင်းတယ်၊ ဖော်ရွေတယ်၊ တစ်ယူသန်သမားတွေ မဟုတ်ဘူး။ သူတို့ကိုကြည့်ရတာ အမှန်တရားကို တောင့်တနေပုံပဲ။ ကျမ်းစာသင်အံမှုစဖို့ လွယ်တယ်။ သုံးနှစ်အတွင်း ဆူရာဘယာအသင်းတော်မှာ ကြေညာသူ ၇၅ ယောက်ရှိလာတယ်။”

ဂျကာတာမြို့က သာသနာပြုအိမ်

ဂျကာတာမြို့က သာသနာပြုအိမ်

အဲဒီအချိန်လောက်မှာ အနောက်ဆူမားတြား၊ ပါဒန်မြို့မှာ အဇစ်လို့ခေါ်တဲ့ မွတ်စလင်အမျိုးသားတစ်ယောက်က ဌာနခွဲရုံးကို စာရေးတယ်။ သူက ၁၉၃၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ဩစတြေးလျက ရှေ့ဆောင်တွေနဲ့ ကျမ်းစာလေ့လာဖူးတယ်။ ဒါပေမဲ့ ဂျပန်တွေ သိမ်းပိုက်ထားချိန်အတွင်း သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတယ်။ နောက်တော့ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ စာအုပ်ငယ်တစ်အုပ်ကို သူတွေ့လိုက်တယ်။ “အဲဒီစာအုပ်ထဲမှာ ဂျကာတာလိပ်စာကို တွေ့လိုက်ရတော့ ကျွန်တော်အရမ်းဝမ်းသာသွားတယ်” လို့ သူရေးတယ်။ ဌာနခွဲရုံးက ချက်ချင်းပဲ တိုက်နယ်ကြီးကြပ်မှူး ဖရန့်စ် ဗန်ဗလိတ်ကို ပါဒန်မြို့ကို လွှတ်လိုက်တယ်။ အဇစ်က သူ့အိမ်နီးချင်း အစိုးရဝန်ထမ်းဖြစ်တဲ့ နဇားရစ္စကိုလည်း ကျမ်းစာအကြောင်း ပြောပြတယ်။ သူတို့နှစ်ယောက်နဲ့ မိသားစုဝင်တွေ အမှန်တရားလက်ခံခဲ့ကြတယ်။ အဇစ်က သစ္စာရှိအကြီးအကဲတစ်ယောက် ဖြစ်နေပြီ။ နဇားရစ္စက အထူးရှေ့ဆောင်ဖြစ်ပြီး သူ့သားသမီးတွေလည်း ထက်သန်တဲ့သက်သေခံတွေ ဖြစ်နေပြီ။

ဖရန့်စ် ဗန်ဗလိတ်နဲ့ သူ့ညီမနယ်လ်

ဖရန့်စ် ဗန်ဗလိတ်နဲ့ သူ့ညီမ နယ်လ်

သိပ်မကြာခင်မှာ ဖရန့်စ် ဗန်ဗလိတ်က မလှုပ်မရှားဖြစ်နေတဲ့ ဒတ်ချ်ညီအစ်ကိုတစ်ယောက်ဆီ လည်ပတ်တယ်။ သူက အရှေ့ကာလီမန်တန်၊ ဘာလစ်ပါပမ်မြို့မှာ စစ်ကြောင့်ပျက်စီးသွားတဲ့ ဆီစက်ကို ပြန်ဆောက်နေတာ။ ဖရန့်စ်က သူနဲ့အတူအမှုဆောင်ပြီး စိတ်ဝင်စားသူတွေကို ကျမ်းစာသင်ပေးဖို့ အားပေးတယ်။ အဲဒီညီအစ်ကို နယ်သာလန်ကိုမပြန်ခင် ဘာလစ်ပါပမ်မြို့မှာ အုပ်စုလေးတစ်စုရှိနေပြီ။

နောက်ပိုင်းမှာ နှစ်ခြင်းခံပြီးခါစ ညီအစ်မ တီတီ ကူတင်က တောင်ပိုင်းကာလီမန်တန်၊ ဘန်ဂျာမာစင်မြို့ကို ပြောင်းသွားပြီး ဒါယတ်မျိုးနွယ်စုဖြစ်တဲ့ သူ့အမျိုးတွေကို အမှန်တရားသိအောင် ကူညီပေးခဲ့တယ်။ သူတို့ထဲက တချို့ဟာ ကာလီမန်တန်ကျွန်းမှာရှိတဲ့ ဝေးလံတဲ့ဇာတိရွာတွေကို ပြန်သွားကြတယ်။ နောက်ပိုင်း အဲဒီရွာတွေမှာ အုပ်စုလေးတွေရှိလာပြီး တဖြည်းဖြည်းနဲ့ အသင်းတော်ကြီးတွေ ဖြစ်လာတယ်။

အင်ဒိုနီးရှားစကားနဲ့ စာပေတွေ ထုတ်ဝေခြင်း

ဟောပြောခြင်းလုပ်ငန်း တိုးတက်လာတာနဲ့အမျှ အင်ဒိုနီးရှားစကားနဲ့ စာပေတွေ ပိုလိုအပ်လာတယ်။ ၁၉၅၁ ခုနှစ်မှာ “ဘုရားသခင်သစ္စာတော် တည်စေသတည်း” စာအုပ်ကို အင်ဒိုနီးရှားစကားနဲ့ ဘာသာပြန်ခဲ့တယ်။ ဒါပေမဲ့ အာဏာပိုင်တွေက အင်ဒိုနီးရှား စာလုံးပေါင်းသတ်ပုံစနစ်ကို ပြုပြင်ပြောင်းလဲလိုက်တာကြောင့် ဌာနခွဲရုံးကလည်း စာအုပ်ကို ပြန်တည်းဖြတ်ခဲ့ရတယ်။a စာအုပ်ထွက်လာတဲ့အခါမှာတော့ အင်ဒိုနီးရှားစာဖတ်ပရိသတ်တွေကြား စိတ်ဝင်စားမှု တိုးများလာတယ်။

၁၉၅၃ ခုနှစ်မှာ ဌာနခွဲရုံးက အင်ဒိုနီးရှားစကားနဲ့ ကင်းမျှော်စင်စောင်ရေ ၂၅၀ ပုံနှိပ်တယ်။ ဒါက ၁၂ နှစ်ကြာပြီးနောက် ဦးဆုံးထုတ်ဝေတဲ့ ကင်းမျှော်စင်ပဲ။ ဖယောင်းမိတ္တူကူးထားတဲ့ ဒီမဂ္ဂဇင်းမှာ စာမျက်နှာ ၁၂ မျက်နှာရှိပြီး လေ့လာရန်ဆောင်းပါးပဲ ပါတယ်။ သုံးနှစ်ကြာပြီးနောက် ၁၆ မျက်နှာနဲ့ ထုတ်ဝေတယ်။ အပြင်ပုံနှိပ်စက်တစ်ခုမှာ တစ်လကို စောင်ရေ ၁၀,၀၀၀ ပုံနှိပ်ခဲ့ရတယ်။

၁၉၅၇ ခုနှစ်မှာတော့ အင်ဒိုနီးရှားစကားနဲ့ နိုးလော့! ကို လစဉ်ထုတ်ဝေတယ်။ ချက်ချင်းဆိုသလို စောင်ရေ ၁၀,၀၀၀ ပုံနှိပ်ခဲ့ရတယ်။ ဒါပေမဲ့ နိုင်ငံတစ်ဝန်းမှာ ပုံနှိပ်စက္ကူရှားပါးလာလို့ ညီအစ်ကိုတွေက စက္ကူအတွက် လိုင်စင်လျှောက်ရတယ်။ ဒီကိစ္စကို တာဝန်ယူတဲ့အရာရှိက “ကျွန်တော့်အထင်တော့ မနာရာ ပန်ငါဝါ (ကင်းမျှော်စင်) က အင်ဒိုနီးရှားမှာ အကောင်းဆုံးမဂ္ဂဇင်းပဲ။ ဒီမဂ္ဂဇင်းသစ်အတွက် စက္ကူလိုင်စင်လျှောက်တဲ့ကိစ္စမှာ ကူညီပေးခွင့်ရလို့ သိပ်ဝမ်းသာတာပဲဗျာ” လို့ပြောတယ်။

a ၁၉၄၅ ခုနှစ်ကစပြီး အင်ဒိုနီးရှား စာလုံးပေါင်းသတ်ပုံစနစ်ကို အကြီးစားပြုပြင်ပြောင်းလဲမှု နှစ်ကြိမ်လုပ်ပြီး အရင်ဒတ်ချ် စာလုံးပေါင်းသတ်ပုံစနစ် နေရာမှာ အစားထိုးခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ