ဇွန် ၂၉–ဇူလိုင် ၅၊ ၂၀၂၆
သီချင်း ၁၃၁ “ဘုရားသခင် တွဲဖက်ထား”
အိမ်ထောင်ဖက်နဲ့ ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲနေဖို့ ကြိုးစားပါ
“ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်။”—ပညာ. ၁၈:၂၄။
အာရုံစိုက်ရာ
အိမ်ထောင်သာယာချင်ရင် ခင်ပွန်းနဲ့ဇနီး အပြန်အလှန် တွယ်တာရမယ်။ နှစ်ယောက်စလုံး ယေဟောဝါကို ချစ်ရမယ်။
၁။ မိတ်ဆွေကောင်းတွေဟာ ဘာကြောင့် ဘုရားပေး လက်ဆောင်မွန် ဖြစ်သလဲ။
မိတ်ဆွေကောင်းဆိုတာ ဘုရားပေး လက်ဆောင်မွန်ပါ။ (ယာ. ၁:၁၇) ဘာကြောင့်လဲ။ သူတို့က ဘုရားသခင်ကိုကော ကျွန်တော်တို့ကိုပါ ချစ်တယ်။ ကျွန်တော်တို့ ပျော်တဲ့အခါ လိုက်ပျော်တယ်။ စိတ်ဓာတ်ကျတဲ့အခါ နှစ်သိမ့်ဖေးမတယ်။ အကြံပေးစရာ တွေ့တဲ့အခါ ပွင့်ပွင့်လင်းလင်း အကြံပေးတယ်။ သစ္စာရှိတယ်။ ယုံကြည်အားကိုးထိုက်တယ်။ “စိတ်ကို ရွှင်လန်းစေတယ်။”—ပညာ. ၂၇:၉။
၂။ ခင်ပွန်းနဲ့ဇနီး ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲနေဖို့ ဘာကြောင့် အရေးကြီးသလဲ။ (မဿဲ ၁၉:၆)
၂ ခင်ပွန်းနဲ့ ဇနီးဟာ တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံးမိတ်ဆွေ ဖြစ်နေဖို့ အရေးကြီးတယ်။ ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲနေဖို့ ကြိုးစားရမယ်။ အဲဒီလိုမှ မဟုတ်ရင် အထီးကျန်လာမယ်၊ အိမ်ထောင်မှာ မပျော်တော့ဘူး၊ ဒေါသတောင် ထွက်လာမယ်။ နှောင်ကြိုး ခိုင်မြဲနေရင်တော့ ဘယ်သူဖြတ်ဖြတ် မပြတ်တော့ဘူး။ (မဿဲ ၁၉:၆ ကို ဖတ်ပါ။) ခင်ပွန်းနဲ့ဇနီး ရင်းနှီးမှုနှောင်ကြိုး ဘယ်လို ပိုခိုင်မြဲစေနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ ကိုယ့်ဘဝရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်လာမယ့်သူကို တစ်ကိုယ်ရေ ခရစ်ယာန်တွေ ဘယ်လို ရွေးချယ်နိုင်ကြောင်း ဦးဆုံး သုံးသပ်ကြည့်ရအောင်။
ကိုယ့်ဘဝရဲ့ အကောင်းဆုံးမိတ်ဆွေ ရွေးချယ်နိုင်ပုံ
၃-၄။ အိမ်ထောင်ဖက်ကောင်း ရှာတွေ့ဖို့ ဘာက ကူညီပေးနိုင်သလဲ။ (ပညာအလိမ္မာ ၁၈:၂၂)
၃ အရေးကြီး ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင် ကောင်းကျိုး၊ ဆိုးကျိုး ထည့်စဉ်းစားရမယ်။ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်လို့ အရေးကြီး ဆုံးဖြတ်ချက် မချခင် သေသေချာချာ စဉ်းစားဖို့ သိပ်လိုအပ်တယ်။
၄ အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကတော့ ဘဝခရီး အတူတူ လျှောက်လှမ်းမယ့် အိမ်ထောင်ဖက် ရွေးချယ်တာပါ။ အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ ဘုရားလမ်းညွှန်ချက် ရှာဖွေသင့်တယ်။ ဘာကြောင့်လဲ။ ယေဟောဝါဘုရားဟာ အိမ်ထောင်မင်္ဂလာ အစပြုရှင် ဖြစ်လို့ပဲ။ ကျွန်တော်တို့ကို ခင်ပွန်းကောင်း၊ ဇနီးကောင်း ရှာတွေ့စေချင်တယ်။ ကျွန်တော်တို့အတွက် ဘာက အကောင်းဆုံးလဲဆိုတာလည်း အမြဲ သိတယ်။ (ပညာအလိမ္မာ ၁၈:၂၂ ကို ဖတ်ပါ။ ဟေရှာ. ၄၈:၁၇၊ ၁၈) အိမ်ထောင်ဖက်ကောင်း ရှာတွေ့ဖို့ ကျမ်းစာမူတွေက ကူညီပေးနိုင်တယ်။
၅။ နှစ်ခြင်းခံပြီးသူကိုပဲ အိမ်ထောင်ဖက်အဖြစ် ဘာကြောင့် ရွေးချယ်ရမလဲ။
၅ ကျွန်တော်တို့ နှစ်ခြင်းခံချိန်မှာ ဘုရားသခင်နဲ့ မိတ်ဆွေ ဖြစ်လာကြတယ်။ (ဆာ. ၂၅:၁၄) ဒါကြောင့် အိမ်ထောင်ပြုတော့မယ်ဆိုရင် ဘုရားသခင့်မိတ်ဆွေတွေထဲက ရှာသင့်တယ်။ (၁ ကော. ၇:၃၉) ဒါက ဘုရားသခင့်စံနှုန်းကို လေးစားကြောင်း ပြရာရောက်ပြီး အိမ်ထောင်ဖက်ကို ဘုရားပေး လက်ဆောင်အဖြစ် မြင်လာစေနိုင်လို့ပါ။ (ပညာ. ၁၉:၁၄) ဒါ့အပြင် မယုံကြည်သူနဲ့ “ဘက်မညီတဲ့ ထမ်းပိုး” ထမ်းလို့ ရလာမယ့် ပြဿနာတွေ မကြုံရတော့ဘူး။ (၂ ကော. ၆:၁၄) ယုံကြည်သူတွေထဲက ရှာမတွေ့လို့ဆိုပြီး မယုံကြည်သူနဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားတာ ပညာမဲ့ရာရောက်တယ်။ တစ်နေ့ကျရင် သူ အမှန်တရားထဲ ရောက်လာမှာပါလို့ ဆင်ခြေပေးတာလည်း ပညာမဲ့တာပါပဲ။
၆-၇။ ပိုးပန်းနေချိန်မှာ ကိုယ်စိတ်ဝင်စားတဲ့သူအကြောင်း ဘာတွေသိအောင် လုပ်သင့်သလဲ။
၆ နှစ်ခြင်းခံပြီးသူတိုင်းလည်း သင့်တော်တဲ့ အိမ်ထောင်ဖက် ဖြစ်မယ်လို့ မပြောနိုင်ဘူး။ ရည်ရွယ်ထားသူ ရှိရင် ဒီလိုဆန်းစစ်ကြည့်ပါ– ‘မိသားစုဝင်တွေကို သူ ဘယ်လို ဆက်ဆံသလဲ။ တခြားသူတွေကို ထောက်ထားတတ်သလား။ လေးစားမှု ရှိသလား။ ဘယ်သူတွေနဲ့ ပေါင်းသလဲ။ တခြားသူတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ ဘယ်လို ဖြေရှင်းသလဲ။ ဇွတ်တရွတ်နိုင်သလား။ ဒါမှမဟုတ် ကျမ်းစာမူနဲ့ မငြိရင် အလျှော့ပေးလိုက်လျောတတ်သလား။ ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လို သဘောထား ရှိသလဲ။’a
၇ ဒါ့အပြင် ဒီလိုလည်း ဆန်းစစ်ကြည့်နိုင်တယ်– ‘ယေဟောဝါကို သူ နှစ်နှစ်ကာကာ ချစ်သလား။ “စရိုက်သစ်” ဝတ်ဆင်နေသလား။ ယေဟောဝါအတွက် ဒီ့ထက် ပိုအသုံးတော်ခံနိုင်ဖို့ ငါ့ကို ကူညီပေးနိုင်မလား။ ငါတို့နှစ်ယောက် ပန်းတိုင် တူသလား။ လက်တွဲဖော်လောက်ပဲ မဟုတ်ဘဲ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်လာမယ်လို့ ထင်သလား။’ (ကော. ၃:၉၊ ၁၀) သင်ဟာ ညီအစ်မဆိုရင် ‘ငါ့အတွက် ဒီညီအစ်ကိုဟာ မိတ်ဆွေကောင်း၊ အိမ်ထောင်ဦးစီးကောင်း ဖြစ်လာမလား’ လို့ စဉ်းစားကြည့်ပါ။ (၁ ကော. ၁၁:၃) သင်ဟာ ညီအစ်ကိုဆိုရင် ‘ဒီညီအစ်မဟာ ငါ ချွတ်ချော်သွားတာတွေ ရှိရင်တောင် လေးလေးစားစား ထောက်မပေးနိုင်တဲ့သူလား’ လို့ စဉ်းစားကြည့်ပါ။ ဒီမေးခွန်းတွေရဲ့ အဖြေရဖို့ အချိန်လိုအပ်ပါတယ်။ ဒါကြောင့် ပိုးပန်းနေချိန်မှာ ရည်ရွယ်ထားသူအကြောင်း ထဲထဲဝင်ဝင် သိအောင် လုပ်ထားပါ။
၈-၉။ အိမ်ထောင်ပြုဖို့ စဉ်းစားနေသူတွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာက ကူညီပေးမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၈ ပိုးပန်းနေချိန်မှာ ကိုယ်စိတ်ဝင်စားတဲ့သူအကြောင်း ပိုသိလာရင် ကိုယ်ချတဲ့ ဆုံးဖြတ်ချက်ဟာ ဆုံးဖြတ်ချက်ကောင်း ဖြစ်ဖို့များတယ်။ သူ့ကို တခြားသူတွေ ဘယ်လို မြင်သလဲဆိုတာလည်း သိအောင် လုပ်ပါ။ အသင်းတော်မှာ သူ ဘယ်လိုနာမည်မျိုး ရထားသလဲ၊ ဘာအရည်အသွေးတွေ ရှိသလဲ စုံစမ်းနိုင်တယ်။ နှိမ့်ချတတ်သူ၊ ကြင်နာတတ်သူ၊ အကျိုးသင့်အကြောင်းသင့်ရှိသူဆိုတဲ့ နာမည်ကောင်း ရထားသလား။ ပြင်သစ်ဂီယာနာနိုင်ငံမှာ နေတဲ့ ညီအစ်မ စာရာဟာ ဒန်နီယယ်လို့ ခေါ်တဲ့ ညီအစ်ကိုနဲ့ လက်ထပ်ထားတယ်။ “ဒန်နီယယ်အကြောင်း သူနဲ့ အတူတူနေတဲ့ ရှေ့ဆောင်တွဲဖက်ကိုကော သူ့အသင်းတော် အကြီးအကဲကိုပါ မေးကြည့်ခဲ့တယ်။ ကျွန်မတို့နှစ်ယောက်စလုံးနဲ့ ခင်တဲ့သူတွေ၊ သူ့အသင်းတော်က ညီအစ်မတွေကိုလည်း မေးကြည့်တယ်” လို့ စာရာ ပြောတယ်။ ဒါ့အပြင် ကိုယ်သိထားဖို့လိုမယ့် အရင်တုန်းက ဖြစ်ခဲ့တဲ့၊ လက်ရှိ ဖြစ်နေတဲ့ ကိစ္စမျိုး ရှိသလားဆိုတာ မေးကြည့်ပါ။ တရားခံ စစ်မေးသလိုတော့ မဖြစ်ပါစေနဲ့။ တချို့ကိစ္စတွေ၊ အကျင့်တွေက နောက်ပိုင်းမှ အိမ်ထောင်ရေးကို အကြီးအကျယ် ထိခိုက်လာစေနိုင်လို့ပဲ။
၉ စိတ်ထင့်နေရင် ဒါမှမဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေတွေ ပွင့်ပွင့်လင်းလင်း ထောက်ပြလာတာရှိရင် အလေးအနက်ထားပါ။ ဒါမှ သူနဲ့ ရှေ့ဆက်သင့်၊ မသင့် ဆုံးဖြတ်နိုင်မယ်။b အခု၊ အိမ်ထောင်သည်တွေ ရင်းနှီးမှုနှောင်ကြိုး ဘယ်လို ခိုင်မြဲစေနိုင်ကြောင်း အာရုံစိုက်ကြရအောင်။
ပိုးပန်းနေချိန်မှာ ကိုယ်စိတ်ဝင်စားတဲ့သူအကြောင်း သိဖို့ ကြိုးစားပါ (စာပိုဒ် ၈-၉ ကို ကြည့်ပါ)
အချိန်ပေးပါ
၁၀။ ခင်ပွန်းနဲ့ ဇနီး တစ်ယောက်နဲ့တစ်ယောက် ဘာကြောင့် အချိန်ပေးရမလဲ။
၁၀ ခင်ပွန်းနဲ့ ဇနီး ဘယ်လောက် အလုပ်များများ အချင်းချင်း အချိန်ပေးခြင်းအားဖြင့် ရင်းနှီးမှုနှောင်ကြိုး၊ အိမ်ထောင်နှောင်ကြိုး ခိုင်မြဲစေနိုင်တယ်။ တစ်နေ့တာ ဖြစ်ခဲ့ ကြုံခဲ့တာတွေ၊ ကိုယ့်အတွေးတွေ၊ ခံစားချက်တွေ ပြောဖို့၊ ချစ်ခင်ယုယကြောင်း ပြဖို့၊ ပျော်စရာလေးတွေ ဖန်တီးဖို့ အခွင့်အရေး ယူပါ။
၁၁။ အိမ်ထောင်နှောင်ကြိုးကို ဘာက ထိခိုက်စေနိုင်သလဲ။
၁၁ နှစ်ကိုယ့်တစ်စိတ် ဇနီးမောင်နှံတွေဟာ တပူးပူးတတွဲတွဲပဲ နေချင်ကြတယ်။ ခဏတစ်ဖြုတ် ခွဲရတယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ တချို့က မိသားစုနဲ့ အကြာကြီး ခွဲပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတယ်။ အဲဒီလို အချိန်အကြာကြီး ခွဲနေတာ အန္တရာယ်ရှိတယ်။ ငွေရေးကြေးရေး ပိုပြေလည်လာနိုင်ပေမဲ့ အိမ်ထောင်ရေးတော့ ထိခိုက်သွားနိုင်တယ်။
၁၂-၁၃။ (က) အချင်းချင်း အချိန်ပေးနိုင်ဖို့ မောင်နှံစုံတချို့ ဘာလုပ်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။) (ခ) အိမ်ထောင်ဖက်နဲ့ သင့်ရဲ့ ဆက်ဆံရေးဟာ ဘယ်လောက် အရေးပါသလဲ။ (“သင့်ဘဝရဲ့ ဘယ်နေရာမှာ သင့်အိမ်ထောင်ဖက် ရှိနေသလဲ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၂ အချင်းချင်း အချိန်ပေးနိုင်ဖို့ မောင်နှံစုံတချို့ ဘာလုပ်သလဲ သတိပြုကြည့်ပါ။ “ကျွန်မတို့လင်မယားက ရှေ့သွားနောက်လိုက်ညီတယ်။ တစ်ယောက်တည်း သွားတယ်လာတယ်ဆိုတာ ခပ်ရှားရှားပဲ” လို့ ဂူအမ်ကျွန်းမှာနေတဲ့ လေအာ ပြောတယ်။ “လုပ်စရာတွေ သိပ်များတော့ တခြားအရေးကြီးကိစ္စတွေအတွက် ကြိုစီစဉ်သလိုပဲ နှစ်ယောက်တည်း အတူရှိနိုင်ဖို့လည်း ကြိုစီစဉ်တယ်” လို့ အမေရိကန်ပြည်ထောင်စုမှာ နေတဲ့ ညီအစ်ကို ရက်ဆန် ပြောတယ်။ (အာမုတ် ၃:၃ နဲ့ နှိုင်းယှဉ်ပါ။) “ကိုယ့်အိမ်ထောင်ဖက် ဘာစိတ်ဝင်စားသလဲဆိုတာ သိဖို့၊ သူ ကြိုက်တာလေးတွေကို ကိုယ်ပါ လိုက်ကြိုက်တတ်ဖို့ လိုမှန်း ကျွန်တော်တို့ သိလာကြတယ်” လို့ ပြင်သစ်နိုင်ငံက ဒါမိန်း ပြောတယ်။ (မ. ၇:၁၂) “နှစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ အနှောင့်အယှက် မဖြစ်စေဖို့ တစ်ခါတလေ ဖုန်းကို ခပ်ဝေးဝေးမှာ ထားလိုက်တယ်” လို့ အမေရိကန်ပြည်ထောင်စုမှာနေတဲ့ ကေတီ ပြောတယ်။
၁၃ အရေးကြီးဆုံးကတော့ ဝတ်ပြုရေးလုပ်ငန်းဆောင်တာတွေ အတူတူ လုပ်ဖို့ အချိန်ပေးတာပါ။ “ကျွန်မတို့ မနက်စောစော အတူတူ ကျမ်းစာဖတ်ကြတယ်။ ပြီးရင် ဘယ်အချက် ကြိုက်တယ်၊ ဘယ်လို လက်တွေ့ကျင့်သုံးမယ်ဆိုတာ အချင်းချင်း ဖလှယ်ကြတယ်။ တစ်နေ့တစ်နေ့ အဲဒီအချိန်လေးပဲ မျှော်နေတာ။ အတူတူ ဆုတောင်းတဲ့အခါ ယေဟောဝါအပေါ် ထားတဲ့ ကျွန်မခင်ပွန်းရဲ့ မေတ္တာအတိမ်အနက်ကို ကြားသိခွင့်ရလို့လည်း သိပ်ပျော်တယ်” လို့ ပြင်သစ်နိုင်ငံမှာ နေတဲ့ မေရီယန် ပြောတယ်။ “အပျော်ဆုံးအချိန် ပြောပါဆိုရင်တော့ နှစ်ယောက်အတူတူ အမှုဆောင်လုပ်ငန်းမှာ ပါတဲ့အချိန်ပဲ။ ကိုယ့်ယုံကြည်ချက်အကြောင်း ကိုယ့်အိမ်ထောင်ဖက် ပြောတာ ကြားရတာလောက် စိတ်ကြည်နူးစေတာ မရှိနိုင်တော့ဘူး။ ပြီးတော့ အပြန်အလှန် သင်ယူခွင့်လည်း ရတယ်လေ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ကေတီ ပြောတယ်။—ပညာ. ၂၇:၁၇။
အိမ်ထောင်ဖက်ကို အရင်းနှီးဆုံးသူငယ်ချင်းအဖြစ် အချိန်ပေးခြင်းအားဖြင့် အိမ်ထောင်နှောင်ကြိုး ခိုင်မြဲစေပါ (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)
ပြဿနာတွေ ပေါ်လာတဲ့အခါ အချင်းချင်း တွယ်ကပ်နေပါ
၁၄-၁၅။ အိမ်ထောင်မှာ ပေါ်လာနိုင်တဲ့ ပြဿနာတွေကို တိုက်ထုတ်ဖို့ ဘာကြောင့် အစွမ်းကုန် ကြိုးစားသင့်သလဲ။ ဥပမာပေးပါ။
၁၄ မစုံလင်သူတွေ ဖြစ်လို့ အိမ်ထောင်မှာ ပြဿနာကင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ “အိမ်ထောင်ပြုရင်တော့ ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ” လို့ ကျမ်းစာ ဆိုတယ်။ (၁ ကော. ၇:၂၈) “အိမ်ထောင်သည်တွေ ကြုံရတတ်တဲ့ ပြဿနာတွေ” ကို ရည်ညွှန်းနေတာလို့ အဲဒီကျမ်းပိုဒ်အတွက် လေ့လာမှုမှတ်စုက ရှင်းပြတယ်။ ပြဿနာတွေ ပေါ်လာတဲ့အခါ အချင်းချင်း တွယ်ကပ်နေဖို့၊ ပြဿနာကို တိုက်ထုတ်ဖို့ ဘာကြောင့် အစွမ်းကုန် ကြိုးစားသင့်သလဲ။
၁၅ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ နာမည်ကြီး အဆောက်အအုံတစ်လုံး ဒါမှမဟုတ် ပန်းချီကားတစ်ချပ် ပျက်စီးသွားတယ်ဆိုရင် ပိုင်ရှင်အနေနဲ့ ငွေ ဘယ်လောက်ကုန်ကုန်၊ နှစ်နဲ့ချီပြီး အချိန်ပေးရပေးရ ပြန်ပြင်မှာ ဖြစ်တယ်။ ဘာကြောင့်လဲ။ အဲဒီအဆောက်အအုံ၊ အဲဒီပန်းချီကားကို တန်ဖိုးထားလို့ပါပဲ။ အဲဒီလိုပဲ အိမ်ထောင်ဆိုတာ သိပ်အဖိုးတန်တယ်။ အိမ်ထောင်ရေး သာယာပါတယ်ဆိုတဲ့ မောင်နှံစုံတွေမှာတောင် ပြဿနာတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ ရှိတယ်။ ဒါပေမဲ့ ပျက်စီးသွားတဲ့ အဆောက်အအုံ၊ ပန်းချီကားကို ပြန်ပြင်လို့ ရနိုင်သလိုပဲ မသာယာတဲ့ အိမ်ထောင်ကို ပြန်အဖတ်ဆယ်နိုင်ပါတယ်။ အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုမှာ ဖြစ်ပေမဲ့ အိမ်ထောင်နှောင်ကြိုး ခိုင်မြဲဖို့၊ မခွဲအတူနေဖို့ မောင်နှံစုံတွေ ကြိုးစားတာကို ယေဟောဝါ နှစ်သက်တယ်။ (မာလ. ၂:၁၆) အဲဒီလိုကြိုးစားတာဟာ အိမ်ထောင်ဖက်ကိုသာမက အိမ်ထောင် အစပြုရှင် ယေဟောဝါကိုပါ ချစ်ခင်လေးစားကြောင်း ပြနေတာပဲ။
၁၆။ ၁ ကောရိန္သု ၁၃:၄-၈က အရ အိမ်ထောင်မှာ ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘာက ကူညီပေးနိုင်သလဲ။ (ရုပ်ပုံနဲ့ “နှောင်ကြိုး ပိုခိုင်မြဲစေဖို့ အကူအညီ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၆ အိမ်ထောင်မှာ ပြဿနာ ပေါ်လာတဲ့အခါ ခွဲနေဖို့ပဲ အရင်ဆုံး မစဉ်းစားလိုက်ပါနဲ့။ (၁ ကော. ၇:၁၀၊ ၁၁) ‘ငါတို့ ဆက်ဆံရေး ပိုကောင်းလာအောင် ငါ့ဘက်က ဘာတွေ ပိုလုပ်နိုင်သလဲ’ လို့ စဉ်းစားလိုက်ပါ။ မေတ္တာနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုတွေကို ပြန်လေ့လာပါ။ ၁ ကောရိန္သု ၁၃:၄-၈က (ဖတ်ပါ) မှာ ဖော်ပြထားတဲ့ နည်းတွေအတိုင်း မေတ္တာပိုပြတတ်နိုင်မလားဆိုတာ စဉ်းစားကြည့်ပါ။ အိမ်ထောင်ဖက်ဆီကနေ ရုန်းထွက်မယ့်လမ်း မရှာဘဲ အိမ်ထောင်ဖက်ရဲ့ နှလုံးသားဆီ ပြန်ရောက်နိုင်မယ့်လမ်း ရှာပါ။ အိမ်ထောင်နှောင်ကြိုး ပြန်ခိုင်မြဲစေဖို့ သင် ဘာလုပ်နိုင်သလဲဆိုတာ အာရုံစိုက်ပါ။ ယေဟောဝါဆီကနေ လမ်းညွှန်မှု တောင်းခံပါ။ အဖွဲ့အစည်းစာပေတွေ၊ ဗီဒီယိုတွေ၊ အကြီးအကဲတွေ၊ ရင့်ကျက်တဲ့ ညီအစ်ကို/မတွေဆီကနေ အကူအညီ ရယူပါ။ “သုံးလွန်တင်တဲ့ကြိုး” မှာ အခိုင်ခံ့ဆုံး ပင်မကြိုး ဖြစ်တဲ့ ယေဟောဝါကို အားကိုးရင် သင့်အိမ်ထောင်နှောင်ကြိုးဟာ “အလွယ်တကူ မပြတ်နိုင်ဘူး။”—ဒေ. ၄:၁၂။
အိမ်ထောင်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ အိမ်ထောင်ဖက်ကို တွယ်ကပ်နေပါ (စာပိုဒ် ၁၆ ကို ကြည့်ပါ)
၁၇။ အိမ်ထောင်ပြုဖို့ စိတ်ကူးနေသူတွေ၊ အိမ်ထောင်သည်တွေ ဘယ်လိုနည်းနဲ့ ပျော်ရွှင်နိုင်သလဲ။
၁၇ အိမ်ထောင်ပြုဖို့ စိတ်ကူးနေသူဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ကျေးကျွန်ယောက်တိုင်းကို ယေဟောဝါ ပျော်ရွှင်စေချင်တယ်။ ဒါကြောင့် သင်ဟာ အိမ်ထောင်ပြုဖို့ စိတ်ကူးနေတဲ့ တစ်ကိုယ်ရေဆိုရင် ဘဝခရီး အတူတူ လျှောက်လှမ်းမယ့်သူကို သေသေချာချာ ရွေးချယ်ပါ။ ဒါမှမဟုတ် သင်ဟာ အိမ်ထောင်သည်ဆိုရင် အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေး ပိုခိုင်မြဲဖို့ ဆက်ကြိုးစားနေပါ။ အိမ်ထောင်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ ယေဟောဝါကို အားကိုးပြီး ဖြေရှင်းပါ။ ဒါဆိုရင် ချစ်ရတဲ့ အိမ်ထောင်ဖက်နဲ့အတူ ဘဝတစ်လျှောက်လုံး “ပျော်မွေ့” နိုင်မယ်။—ဒေ. ၉:၉။
သီချင်း ၁၃၂ တို့တစ်သားတစ်ကိုယ်တည်း ဖြစ်ပြီ
a ဒီမေးခွန်းတွေဟာ အမျိုးသားတွေနဲ့ကော အမျိုးသမီးတွေနဲ့ပါ သက်ဆိုင်ပါတယ်။
b ရည်ရွယ်ထားသူအကြောင်း ပိုသိနိုင်ပုံနဲ့ပတ်သက်ပြီး ထပ်ဆင့် အကြံပြုချက်တွေကို ၂၀၂၄၊ မေလ ကင်းမျှော်စင် မှာ ပါတဲ့ “ဆုံးဖြတ်ချက်ကောင်း ချစေနိုင်မယ့် သမီးရည်းစားဘဝ” ဆောင်းပါးထဲက “တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိအောင် လုပ်ပါ” ခေါင်းစဉ်အောက်မှာ ဖတ်ကြည့်ပါ။