ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၆ ဧပြီ စာ. ၂၀-၂၅
  • “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ဆီကနေ သင်ယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ဆီကနေ သင်ယူပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်သိမ့်ခြင်းအကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ
  • တခြားသူတွေကို ဘယ်လို နှစ်သိမ့်ပေးနိုင်သလဲ
  • နှစ်သိမ့်မှု လိုအပ်လာတဲ့အခါ
  • ဗေသလအိမ်သားတွေကို အားပေးနှစ်သိမ့်တဲ့ အစီအစဉ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ကျွန်တော်တို့ ကူကယ်ရာမမဲ့ပါဘူး
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မတော်မတရား ပြုခံရသူတွေအတွက် နှစ်သိမ့်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
က၂၆ ဧပြီ စာ. ၂၀-၂၅

ဇွန် ၂၂-၂၈၊ ၂၀၂၆

သီချင်း ၉၀ အချင်းချင်း အားပေးကြ

“နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ဆီကနေ သင်ယူပါ

“ကျွန်တော်တို့ကလည်း ဘုရားပေးတဲ့ နှစ်သိမ့်မှုအားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတွေကို ပြန်နှစ်သိမ့်ပေးနိုင်တယ်။”—၂ ကော. ၁:၄။

အာရုံစိုက်ရာ

ယေဟောဝါရဲ့ စံနမူနာ၊ ယေဟောဝါကို အတုယူနေသူတွေရဲ့ စံနမူနာကို လေ့လာတဲ့အခါ ကျွန်တော်တို့လည်း တခြားသူတွေကို နှစ်သိမ့်ပေးတတ်လာမယ်။

၁။ တခြားသူတွေကို ဘာကြောင့် နှစ်သိမ့်ပေးသင့်သလဲ။

ကျွန်တော်တို့အားလုံး “စမ်းသပ်မှု အမျိုးမျိုး ကြုံရလို့” နှစ်သိမ့်မှု လိုအပ်တတ်ကြတယ်။ (၁ ပေ. ၁:၆) လိုအပ်နေချိန်မှာ တစ်ယောက်ယောက် နှစ်သိမ့်ပေးတဲ့အခါ သိပ်ကျေးဇူးတင်တယ် မဟုတ်လား။ ဒါကြောင့် ကိုယ်တိုင်လည်း “ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတွေကို” သတိထားမိတဲ့အခါ တုံ့ဆိုင်းမနေဘဲ ပြန်နှစ်သိမ့်ပေးသင့်တယ်။ (မ. ၇:၁၂) ဘယ်လို နှစ်သိမ့်ပေးရမယ်ဆိုတာ “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့အရှင်” ယေဟောဝါ စံနမူနာပြထားတယ်။ “အချင်းချင်း နှစ်သိမ့်ပေး” ခြင်းအားဖြင့် ယေဟောဝါကို ကျွန်တော်တို့ အတုယူကြတယ်။ (၂ ကော. ၁:၃၊ ၄။ ၁ သက်. ၄:၁၈) တာဝန်အရ မဟုတ်ဘဲ ညီအစ်ကို/မတွေကို ချစ်လို့ နှစ်သိမ့်ပေးကြတာပါ။ (၁) နှစ်သိမ့်ခြင်းအကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ။ (၂) တခြားသူတွေကို ဘယ်လို နှစ်သိမ့်ပေးနိုင်သလဲ။ (၃) နှစ်သိမ့်မှု လိုအပ်တဲ့အခါ ဘာလုပ်နိုင်သလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

နှစ်သိမ့်ခြင်းအကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ

၂။ ကျမ်းစာမှာ “နှစ်သိမ့်” လို့ ပြန်ဆိုထားတဲ့ စကားလုံးကို ဘယ်လို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်သလဲ။

၂ ကျမ်းစာမှာ “နှစ်သိမ့်” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးကို အကြောင်းအရာပေါ် မူတည်ပြီး “အားပေး၊” “တိုက်တွန်း၊” “နှိုးဆော်” စသဖြင့် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်တယ်။ (ရော. ၁၂:၈) မူရင်းဂရိဘာသာစကားမှာဆိုရင် “ကူညီပေးဖို့ အနားမှာ ခေါ်ထား” လို့ အဓိပ္ပာယ်ရတယ်။ ဒုက္ခရောက်နေတဲ့ မိတ်ဆွေဆီ လူတစ်ယောက် အပြေးအလွှား ရောက်လာပြီး လိုအပ်တာ ဘာမဆို ကူညီပေးတာကို မြင်ယောင်ကြည့်နိုင်တယ်။ ဘယ်လိုအကူအညီမျိုးဖြစ်ဖြစ် စစ်မှန်တဲ့ နှစ်သိမ့်မှုကြောင့် ဒုက္ခရောက်နေသူ အားရှိသွားမှာတော့ အသေအချာပါပဲ။

၃။ ဗာနဗဆီကနေ ဘာသင်ယူနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၃ ယောသပ်လို့ ခေါ်တဲ့ ပထမရာစုက ခရစ်ယာန်တစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။ တခြားသူတွေကို သူ အမြဲ နှစ်သိမ့်အားပေးတတ်တယ်။ ဒါကြောင့် တမန်တော်တွေက သူ့ကို ‘နှစ်သိမ့်ခြင်းရဲ့သား’ လို့ အဓိပ္ပာယ်ရတဲ့ ဗာနဗဆိုပြီး ခေါ် ကြတယ်။ (တ. ၄:၃၆) ဗာနဗဆိုတဲ့ နာမည်နဲ့ လိုက်လွန်းလို့ ကျမ်းစာမှာ သူ့အကြောင်း ထပ်ဖော်ပြတဲ့အခါ နာမည်အရင်းတောင် မသုံးတော့ဘူး။ ယုံကြည်သူချင်းတွေ အကူအညီ လိုအပ်တဲ့အခါ ဗာနဗ ကူညီပေးလေ့ရှိတယ်။ ဥပမာ၊ ရှောလု ခရစ်ယာန်ဖြစ်ပြီး သိပ်မကြာခင်မှာ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေကို နှိပ်စက်သူလို့ နာမည်ဆိုးတွင်နေတဲ့ ရှောလုကို အဲဒီက ခရစ်ယာန်တွေ ကြောက်ကြတယ်။ ဗာနဗကတော့ ရှောလုကို ကြောက်မနေဘဲ တမန်တော်တွေဆီ ခေါ်သွားပြီး မိတ်ဆက်ပေးတယ်။—တ. ၉:၂၆-၂၈။

ဗာနဗက ပေါလုကို တမန်တော်တွေနဲ့ တွေ့နိုင်အောင် တမန်တော်တစ်ယောက်ရဲ့ အိမ်ကို နွေးထွေးဖော်ရွေစွာ ခေါ်သွားပေး။ လျှောက်လာနေတဲ့ ပေါလုကို တမန်တော်တွေ မယုံသင်္ကာနဲ့ ကြည့်နေ။

ဗာနဗက ပေါလုကို ကြင်နာမှုပြပြီး တမန်တော်တွေနဲ့ တွေ့ဆုံနိုင်ဖို့ ကူညီပေးခဲ့ (စာပိုဒ် ၃ ကို ကြည့်ပါ)


တခြားသူတွေကို ဘယ်လို နှစ်သိမ့်ပေးနိုင်သလဲ

၄။ တခြားသူတွေကို နှစ်သိမ့်ပေးနိုင်တဲ့ အကောင်းဆုံးနည်းတစ်နည်းက ဘာလဲ။ (ရောမ ၁:၁၁၊ ၁၂)

၄ ဖြစ်နိုင်ရင် သွားလည်ပါ။ မိမိကျေးကျွန်တွေကို သုံးပြီး ယေဟောဝါ နှစ်သိမ့်ပေးလေ့ရှိတယ်။ ဥပမာ၊ ပရောဖက် ဧလိယ စိတ်ဓာတ်ကျနေချိန်မှာ ကောင်းကင်တမန်တစ်ပါးကို သုံးပြီး နှစ်သိမ့်ပေးတယ်။ (၁ ဘု. ၁၉:၄-၇) ညီအစ်ကို/မတွေဆီ လူကိုယ်တိုင် သွားလည်တာက ဘယ်လောက် အားပေးမှု ဖြစ်စေနိုင်မှန်း တမန်တော် ပေါလုလည်း သိတယ်။ (ရောမ ၁:၁၁၊ ၁၂ ကို ဖတ်ပါ။) တစ်ယောက်ယောက်ဆီ သွားလည်ပြီး နှစ်သိမ့်ပေးတဲ့အခါ ပြန်ဖို့ မလောပါနဲ့။ (၁ ကော. ၁၆:၇) မသွားလည်နိုင်ရင်လည်း ဖုန်းဆက်နိုင်တယ်။ အားပေးစာ၊ ကတ် ရေးပို့နိုင်တယ်။ စာတို ပို့နိုင်တယ်။ တခြားသူတွေကို နှစ်သိမ့်ပေးဖို့ သင့်ကို ယေဟောဝါ သုံးချင်တယ်။ သင်ကော အသုံးတော်ခံချင်သလား။

၅။ ညီအစ်ကို/မတွေကို နှစ်သိမ့်ပေးဖို့ ဘာကြောင့် ခက်နိုင်သလဲ။

၅ နောက်ဆုံးကာလမှာ အခက်အခဲတွေ များသည်ထက် များလာလို့ နှစ်သိမ့်မှု လိုအပ်တဲ့ ညီအစ်ကို/မတွေဆီ သွားလည်ဖို့လည်း ပိုခက်လာနိုင်တယ်။ ဒီကိစ္စမှာ ဩနေသိဖော်ဆီကနေ သင်ယူနိုင်တယ်။ ရောမမြို့မှာ ပေါလု ထောင်ကျနေချိန် နှစ်သိမ့်ပေးဖို့ ဧဖက်မြို့ကနေ သူ ရောက်လာတယ်။ အခန့်မသင့်ရင် သူပါ ထောင်ကျသွားနိုင်တယ်၊ အသတ်တောင် ခံရနိုင်တယ်။ ဒါပေမဲ့ ပေါလုကို မတွေ့တွေ့အောင် ရှာတယ်။ (၂ တိ. ၁:၁၆-၁၈) ရုရှားနိုင်ငံက ညီအစ်ကို/မတွေလည်း ယုံကြည်ချက်ကြောင့် နှိပ်စက်ခံရတဲ့အခါ အချင်းချင်း နှစ်သိမ့်ပေးကြတယ်။ ညီအစ်ကို/မတွေ အမှုစစ်ခံရတဲ့အခါ တရားရုံးအထိ သွားအားပေးကြတယ်။ အခန့်မသင့်ရင် သွားအားပေးတဲ့သူတွေပါ ထောင်ကျသွားနိုင်တယ်။ သင်ကော ညီအစ်ကို/မတွေကို အဲဒီလိုနှစ်သိမ့်အားပေးဖို့ ဘယ်လို ပြင်ဆင်ထားနိုင်သလဲ။ ကျမ်းစာခေတ်မှာကော အခုခေတ်မှာပါ ဘုရားကျေးကျွန်တွေ အချင်းချင်း နှစ်သိမ့်ပေးကြပုံ၊ နှိပ်စက်ခံရပေမဲ့ ပျော်ရွှင်နေကြပုံတွေကို လေ့လာနိုင်တယ်။

၆။ တခြားသူတွေကို နှစ်သိမ့်ပေးတဲ့အခါ ယေဟောဝါကို ဘယ်လို အတုယူနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၆ နားထောင်ပေးပါ။ ပရောဖက် ဧလိယ အသက်ရန်ရှာခံရလို့ ထိတ်လန့်နေချိန်မှာ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ ဧလိယ ဘာကြုံနေတယ်၊ ဘယ်လို ခံစားနေရတယ်ဆိုတာ ယေဟောဝါ သိပြီးသား ဖြစ်ပေမဲ့ ရင်ဖွင့်လာသမျှ နားထောင်ပေးတယ်။ အကြောင်းအရာတစ်ခုတည်းကို ထပ်ကျော့ပြီး ပြောနေတာတောင် စိတ်ရှည်ရှည် နားထောင်ပေးတယ်။ (၁ ဘု. ၁၉:၉၊ ၁၀၊ ၁၄) အဲဒီလိုပဲ၊ ပရောဖက် ဟဗက္ကုတ် ပမာမခန့် ပြောနေပုံပေါက်တာတောင် ပြောသမျှကို ယေဟောဝါ နားထောင်ပေးတယ်။ (ဟဗ. ၁:၂၊ ၃) ဒီနေ့လည်း ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ ဆုတောင်းတဲ့အခါ ဂရုတစိုက် နားထောင်ပေးတယ်။ ယေဟောဝါကို ဘယ်လို အတုယူနိုင်သလဲ။ ညီအစ်ကို/မတွေ ရင်ဖွင့်တဲ့အခါ ဂရုတစိုက်၊ လေးလေးစားစား နားထောင်ပေးပါ။ မစဉ်းစားမဆင်ခြင်ဘဲ ပြောနေပုံပေါက်ရင်တောင်၊ အပ်ကြောင်းထပ်နေရင်တောင် စကားဖြတ်မပြောပါနဲ့။ ဒေါသမထွက်ပါနဲ့။ “နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေ” ပါ။—ယာ. ၁:၁၉။ ဒေ. ၇:၉။

စိတ်သောကရောက်နေတဲ့ ညီအစ်မ ရင်ဖွင့်ပြောဆိုနေတာကို ညီအစ်မတစ်ယောက် ညမိုးချုပ်တဲ့အထိ စိတ်ရှည်ရှည် နားထောင်ပေးနေ။

ညီအစ်ကို/မတွေ စကားပြောတဲ့အခါ ယေဟောဝါကို အတုယူပြီး ဂရုတစိုက် နားထောင်ပေးပါ (စာပိုဒ် ၆ ကို ကြည့်ပါ)


၇။ ဒုက္ခရောက်နေသူတစ်ယောက် ဘာအကူအညီလိုမှန်း ဘယ်လို ပိုင်းခြားသိနိုင်သလဲ။

၇ ဘာအကူအညီလိုတယ်ဆိုတာ ပိုင်းခြားသိပါ။ ယေဟောဝါလို လူတွေရဲ့ အတွင်းစိတ်ကို ကျွန်တော်တို့ မသိနိုင်ဘူး။ ဒုက္ခရောက်နေသူတစ်ယောက် ဘာအကူအညီလိုတယ်ဆိုတာ ပိုင်းခြားသိဖို့ဆိုရင် သူပြောတာ အာရုံစိုက် နားထောင်ဖို့ လိုတယ်။ သူ ဘာလိုအပ်သလဲဆိုတာ သိတယ်လို့ တန်းပြီး မယူဆလိုက်ပါနဲ့။ အခြေအနေချင်း တူရင်တောင် တစ်ယောက်နဲ့တစ်ယောက် လိုအပ်တာချင်း တူချင်မှ တူမယ်။ ဒါကြောင့် အချိန်ပေးပြီး အာရုံစိုက် နားထောင်ပါ။ သူ့ခံစားချက်တွေကို ဖွင့်ဟလာအောင် မေးခွန်းတွေ ပါးပါးနပ်နပ် မေးပါ။—ပညာ. ၂၀:၅။

၈။ လာဇရု သေဆုံးသွားချိန်မှာ မာသနဲ့ မာရိကို ယေရှု ဘယ်လို နှစ်သိမ့်ပေးသလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)

၈ လာဇရု သေဆုံးသွားချိန်မှာ မာသနဲ့ မာရိကို ယေရှု ဘယ်လို နှစ်သိမ့်ပေးသလဲ စဉ်းစားကြည့်ပါ။ မောင်လေး သေဆုံးသွားလို့ အစ်မနှစ်ယောက်စလုံး ပူဆွေးနေပေမဲ့ တစ်ယောက်ချင်းစီကို ယေရှု နှစ်သိမ့်ပေးပုံ မတူဘူး။ မာသ ပြောတာ နားထောင်ပြီးနောက် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ယေရှု ပြောတယ်။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို အခိုင်အမာ ယုံကြည်လာဖို့ ကူညီပေးတယ်။ ဒါပေမဲ့ မာရိ ငိုရင်း မိမိဆီ လာတော့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ယေရှု ပြောတယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ အဲဒီအစား မာရိနဲ့အတူ ငိုကြွေးတယ်။ လာဇရုအလောင်းကို ဘယ်မှာ ထားသလဲလို့ မေးတယ်။ (ယော. ၁၁:၂၀-၃၅) ဘာသင်ခန်းစာ ရသလဲ။ တစ်ယောက်ယောက်ကို နှစ်သိမ့်ပေးတဲ့အခါ သူလိုအပ်တဲ့ အကူအညီကို ပိုင်းခြားသိရမယ်။ လူတိုင်းကို တစ်ပုံစံတည်း နှစ်သိမ့်ပေးလို့ မရဘူး။

ရုပ်ပုံများ– ဇနီးဆုံးပါးသွားတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့အိမ်ကို အကြီးအကဲတစ်ယောက် လည်ပတ်နေ။ ၁။ ငိုနေတဲ့ ညီအစ်ကိုရဲ့ ပခုံးပေါ် အကြီးအကဲ လက်တင်ထား။ ၂။ အမှတ်တရဓာတ်ပုံ အတူတူကြည့်နေရင်း အကြီးအကဲက သက်ကြီးညီအစ်ကိုကို ကျမ်းချက်တစ်ချက် ဖတ်ပြနေ။

နှစ်သိမ့်ပေးတဲ့အခါ တစ်ဖက်လူ ဘာလိုအပ်မလဲဆိုတာ ပိုင်းခြားသိနိုင်ဖို့ ကြိုးစားပါ (စာပိုဒ် ၈ ကို ကြည့်ပါ)a


၉။ တခြားသူတွေကို နှစ်သိမ့်ပေးဖို့ ကျမ်းစာကို ဘယ်လို သုံးနိုင်သလဲ။ (ရောမ ၁၅:၄၊ ၅)

၉ ကျမ်းစာသုံးပါ။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်တွေ ဖတ်ပြတာက မျှော်လင့်ချက် ပိုတောက်ပလာစေတယ်။ (ရောမ ၁၅:၄၊ ၅ ကို ဖတ်ပါ။) မျှော်လင့်ချက် ပိုတောက်ပလာတဲ့အခါ ကိုယ့်ကို ယေဟောဝါ ချစ်တယ်၊ ဂရုစိုက်မယ်ဆိုတာ စိတ်ချပြီး အားရှိလာမယ်။ (ဟေရှာ. ၄၀:၃၁) နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်တွေ ဘယ်လို ရှာတွေ့နိုင်သလဲ။ ဥပမာ၊ ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်၊ “နှစ်သိမ့်မှု” ခေါင်းစဉ်အောက်မှာ ရှာနိုင်တယ်။ ညီအစ်ကို/မတချို့ဆိုရင် အဲဒီလိုကျမ်းပိုဒ်တွေကို ရေးမှတ်ထားကြတယ်။ ကျမ်းစာသုံးပြီး တခြားသူတွေကို ထိထိရောက်ရောက် အားပေးနှစ်သိမ့်တတ်ဖို့ ဆုတောင်းနိုင်တယ်။ သင့်တော်တဲ့ ကျမ်းပိုဒ်တွေကို လိုအပ်တဲ့အခါ ပြန်မှတ်မိလာအောင် စွမ်းအားတော်က ကူညီပေးနိုင်တယ်။—ယော. ၁၄:၂၆။

၁၀။ တစ်ယောက်ယောက်ကို အားပေးနှစ်သိမ့်တဲ့အခါ ဘာကြောင့် ကြင်ကြင်နာနာ ပြောရမလဲ။

၁၀ ကြင်ကြင်နာနာ ပြောပါ။ တစ်ယောက်ယောက်ကို နှစ်သိမ့်ပေးနိုင်ဖို့ သူ့အတွေးအခေါ် တည့်မတ်ပေးရတဲ့အချိန်တွေ ရှိတတ်တယ်။ စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက် ကိုယ့်စကားကြောင့် ပိုစိတ်ထိခိုက်သွားတာမျိုး မဖြစ်အောင် မပြောခင် သေသေချာချာ စဉ်းစားပါ။ (ပညာ. ၁၂:၁၈) ဧလိယအကြောင်း သုံးသပ်ကြည့်ပါ။ ယေဟောဝါကို ကိုးကွယ်သူဆိုလို့ မိမိတစ်ယောက်တည်း ကျန်တော့တယ်၊ ပရောဖက်တာဝန် မကျေပွန်ဘူးလို့ သူ အထင်မှားသွားတယ်။ ဧလိယကို ယေဟောဝါ အမှားမထောက်ဘဲ သူ့အတွေးအခေါ်ကို ကြင်ကြင်နာနာ တည့်မတ်ပေးတယ်။ (၁ ဘု. ၁၉:၁၅-၁၈) ကျွန်တော်တို့လည်း အစည်းအဝေးတွေမှာ ဟောပြောချက် ပေးတဲ့အခါ၊ မှတ်ချက်ပေးတဲ့အခါ ညီအစ်ကို/မတွေကို အားပေးတည်ဆောက်မှု ဖြစ်စေဖို့ ကြင်ကြင်နာနာ၊ အပြုသဘောပါပါ အမြဲ ပြောပါ။

၁၁။ ဒုက္ခရောက်နေသူတချို့ ဘာလိုအပ်နိုင်သလဲ။ (၁ ယောဟန် ၃:၁၈)

၁၁ လက်တွေ့ကျကျ ကူညီပါ။ တချို့အတွက် အားပေးစကားပြောရုံနဲ့ မလုံလောက်ဘူး။ (၁ ယောဟန် ၃:၁၈ ကို ဖတ်ပါ။) ဒုက္ခရောက်နေတဲ့ နှစ်ခြင်းခံပြီးခါစ ညီအစ်ကို/မတွေကို ကူညီဖို့ ဗာနဗက သူပိုင်တဲ့ လယ်တစ်ကွက် ရောင်းပြီး ရလာတဲ့ငွေကို တမန်တော်တွေဆီ အပ်လိုက်တယ်။ (တ. ၄:၃၆၊ ၃၇) ဒီနေ့ခေတ်လည်း ညီအစ်ကို/မများစွာဟာ ယုံကြည်သူချင်းတွေကို လက်တွေ့ကျကျ ကူညီပေးကြတယ်။ ပိုလန်နိုင်ငံက ညီအစ်မ ဂါဘရီယယ်လာအကြောင်း စဉ်းစားကြည့်ပါ။ ရေကြီးလို့ သူ့အိမ် ပျက်စီးသွားတယ်။ “ကျွန်မကော အတူနေတဲ့ မိဘတွေပါ စိုးရိမ်ထိတ်လန့်သွားတယ်။ အိမ်ကို ဘယ်လို ပြန်ပြင်ရပါ့မလဲလို့ တွေးပူမိတယ်။ ဒါပေမဲ့ အနီးနား အသင်းတော်တွေက ညီအစ်ကိုတွေ ရောက်လာပြီး တစ်ရက်တည်းနဲ့ ပြင်ပေးသွားကြတယ်။ ဒုက္ခရောက်နေသူတွေကို နှစ်သိမ့်ပေးဖို့ မိမိလူမျိုးကို ယေဟောဝါ လမ်းညွှန်နေမှန်း ဒီအတွေ့အကြုံကြောင့် ပိုစိတ်ချသွားတယ်” လို့ ဂါဘရီယယ်လာ ပြောတယ်။

၁၂။ စမ်းသပ်မှုတွေ ကြုံရပေမဲ့ သစ္စာရှိနေတာက ညီအစ်ကို/မတွေကို ဘယ်လို အားရှိစေနိုင်သလဲ။

၁၂ စမ်းသပ်မှုတွေကို ခံရပ်နေပါ။ သက်သာလောနိတ်အသင်းတော်က ညီအစ်ကို/မတွေ သစ္စာရှိရှိ ခံရပ်နေတဲ့အကြောင်း ကြားတဲ့အခါ စိတ်သက်သာရာရပြီး အားသစ်လောင်းခံရတယ်လို့ ပေါလု ပြောတယ်။ မိမိ ကူညီပေးခဲ့တာတွေ အချည်းနှီးမဖြစ်မှန်း သိလိုက်ရလို့ပဲ။ (၁ သက်. ၃:၅-၈) ဒါ့အပြင် စမ်းသပ်မှုတွေကို ခံရပ်ရင် မိမိကို မမြင်ဖူးသေးတဲ့ ညီအစ်ကို/မတွေတောင် စိတ်သက်သာရာရမယ်ဆိုတာ ပေါလု သိတယ်။ (ကော. ၂:၁၊ ၂) အဲဒီလိုပဲ၊ စမ်းသပ်မှုတွေ ကြုံရပေမဲ့ သစ္စာရှိနိုင်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးနေမှန်း ညီအစ်ကို/မတွေ မြင်တဲ့အခါ အားရှိလာကြမယ်။

၁၃။ တခြားသူတွေကို နှစ်သိမ့်အားပေးတဲ့အခါ ဘယ်အရည်အသွေး လိုအပ်သလဲ။

၁၃ စိတ်ရှည်ပါ။ ကျွန်တော်တို့ နှစ်သိမ့်ပေးလိုက်တာနဲ့ ညီအစ်ကို/မတွေ ချက်ချင်း အားတက်လာချင်မှ အားတက်လာမယ်။ ဒါပေမဲ့ “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ” လို့ ကျမ်းစာ ဆိုတယ်။ “ဆက်ပြီး” ဆိုတဲ့ အသုံးအနှုန်းက “ထပ်ခါထပ်ခါ” နှစ်သိမ့်အားပေးဖို့ လိုအပ်မှန်း ဖော်ပြတယ်။ (၁ သက်. ၅:၁၁) ဒါကြောင့် တခြားသူတွေကို နှစ်သိမ့်အားပေးတဲ့အခါ စိတ်ရှည်ပါ။ (၁ သက်. ၅:၁၄) နှစ်သိမ့်မှု လိုအပ်သူဟာ ကိုယ် ဖြစ်နေရင်ကော ဘာလုပ်နိုင်သလဲ။

နှစ်သိမ့်မှု လိုအပ်လာတဲ့အခါ

၁၄-၁၅။ စိုးရိမ်စိတ်တွေများနေတဲ့အခါ ဘာလုပ်သင့်သလဲ။

၁၄ ယေဟောဝါဆီ ဆုတောင်းပါ။ စိုးရိမ်စိတ်တွေများနေတဲ့အခါ နှစ်သိမ့်ပေးဖို့ ယေဟောဝါဆီ အသနားခံပါ။ (ဆာ. ၉၄:၁၉) ကိုယ်ခံစားနေရတဲ့အတိုင်း ယေဟောဝါကို မခြွင်းမချန် ရင်ဖွင့်ပြောပြပါ။ (ဆာ. ၆၂:၈) တကယ်တော့ အဲဒီလို ဆုတောင်း ပြောမပြခင်မှာတောင် ယေဟောဝါဘုရား ကြိုသိနှင့်နေပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အနက်ရှိုင်းဆုံး ခံစားချက်တွေကို ဆုတောင်းပြောပြတာက ကိုယ့်ကို ယေဟောဝါချစ်တယ်၊ ဆုတောင်းချက်တွေကို နားထောင်ပေးတယ်ဆိုတာ ယုံကြောင်း ပြရာရောက်တယ်။ ယုံကြည်ခြင်းနဲ့တောင်းတဲ့ ဆုတောင်းချက်ကို ယေဟောဝါ အမြဲ ဖြေကြားပေးတယ်။ (မာ. ၁၁:၂၄) ဖိလိပ္ပိ ၄:၆၊ ၇ မှာ ‘တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်’ လို့ အားပေးထားတယ်။

၁၅ တခြားသူတွေဆီကနေ အကူအညီရယူပါ။ ကိုယ့်ရဲ့ခံစားချက်ကို စိတ်ချရတဲ့ မိတ်ဆွေတစ်ယောက်၊ အကြီးအကဲတစ်ယောက်ကို ပြောပြပါ။ ညီအစ်ကို/မတွေ ဆီကနေ အားပေးနှစ်သိမ့်မှုရနိုင်တယ် ဆိုပေမဲ့ ကိုယ်ဘာခံစားနေရမှန်း၊ ဘာလိုအပ်နေမှန်း သူတို့ မသိရင် ကူညီပေးနိုင်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ဘက်က ထုတ်ပြောပြပါ။ (ပညာ. ၁၄:၁၀) ဘယ်လို ခံစားနေရကြောင်း ဂရုတစိုက် နားထောင်ပေးပါလို့ သူတို့ကို အကူအညီ တောင်းနိုင်တယ်။ နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းချက်၊ ဆောင်းပါး တစ်ခုခု မျှဝေပေးဖို့ တောင်းဆိုနိုင်တယ်။

၁၆။ ကိုယ့်ကို ညီအစ်ကို/မတွေ နှစ်သိမ့်ပေးတဲ့အခါ ဘာဖြစ်တတ်သလဲ၊ ဘာကို သတိရသင့်သလဲ။

၁၆ စိတ်ရှည်ပါ၊ ခွင့်လွှတ်ပါ။ ညီအစ်ကို/မတွေက ကိုယ့်ကို နှစ်သိမ့်ပေးဖို့ ကြိုးစားကြပေမဲ့ ပြောမှားဆိုမှား ဖြစ်သွားတတ်တယ်။ ဥပမာ၊ အနာပေါ် တုတ်ကျသွားတာမျိုး ပြောမိ လုပ်မိနိုင်တယ်။ အဲဒီအခါ သူတို့ကို စိတ်ရှည်ပါ။ (၁ ကော. ၁၃:၄၊ ၇) “စကားမမှားဖူးတဲ့သူဟာ ပြည့်ဝစုံလင်သူ” ဖြစ်တယ်လို့ ယာကုပ် ၃:၂ မှာ ဆိုထားတာကို သတိရပါ။ ညီအစ်ကို/မတွေရဲ့ စိတ်ရင်းကောင်းကို အာရုံစိုက်ပါ။ သင့်လိုပဲ ညီအစ်ကို/မတွေက ကောင်းတာလုပ်ချင်ပေမဲ့ အမှားလုပ်မိတတ်ကြပါတယ်။—မ. ၂၆:၄၁။

၁၇။ ကျွန်တော်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။

၁၇ အဆုံးရောက်လာတာနဲ့အမျှ၊ ဘုရားရဲ့ရန်သူတွေ ပြင်းပြင်းထန်ထန် ပိုဆန့်ကျင်လာတာနဲ့အမျှ ကျွန်တော်တို့အားလုံး နှစ်သိမ့်အားပေးမှု ပိုလိုအပ်လာပါလိမ့်မယ်။ ဒါကြောင့် အချင်းချင်း အစွမ်းကုန် နှစ်သိမ့်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြရအောင်။

သင်ဘယ်လို ဖြေမလဲ

  • ကျမ်းစာမှာဖော်ပြထားတဲ့ နှစ်သိမ့်မှုဆိုတာ ဘာလဲ။

  • တခြားသူတွေကို ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ။

  • ကိုယ်တိုင် နှစ်သိမ့်မှု လိုအပ်လာတဲ့အခါ ဘာလုပ်နိုင်သလဲ။

သီချင်း ၁၃၀ ခွင့်လွှတ်တတ်ကြပါ

a ပုံအညွှန်း– ဇနီးဆုံးသွားတာ သိပ်မကြာသေးတဲ့ ညီအစ်ကို ရင်ဖွင့်နေတာကို အကြီးအကဲ ဂရုတစိုက် နားထောင်ပေးနေ။ ဇနီးဆုံးပါးသွားတာ အတန်ကြာပြီဖြစ်တဲ့ နောက်ညီအစ်ကိုတစ်ယောက်ဆီ အကြီးအကဲ သွားလည်တဲ့အခါ ဆုံးသွားတဲ့ ဇနီးရဲ့ အမှတ်တရလေးတွေ ပြန်ပြောနေကြ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ