ဇွန် ၈-၁၄၊ ၂၀၂၆
သီချင်း ၈ တို့ခိုလှုံရာ ယေဟောဝါ
ကတိတော်တွေကို အမြဲပြည့်စုံစေတဲ့ “အမှန်တရားရဲ့ဘုရား ယေဟောဝါ”
“အမှန်တရားရဲ့ဘုရား ယေဟောဝါ၊ ကျွန်တော့်ကို ကိုယ်တော်ရွေးယူထားပြီ။”—ဆာ. ၃၁:၅။
အာရုံစိုက်ရာ
စာတန်ရဲ့ အလိမ်အညာတွေကို ယေဟောဝါအဆုံးတိုင်စေပြီး မကြာခင် ပရဒိသု ဖြစ်လာအောင် လုပ်ပေးတော့မယ်ဆိုတဲ့ ကတိကို ယုံကြည်စိတ်ချလာစေမယ့် အချက်တွေအကြောင်း လေ့လာသွားပါမယ်။
၁။ ယေဟောဝါကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ဆာလံ ၃၁:၂-၅)
အလိမ်အညာ၊ လှည့်စားမှု၊ သစ္စာဖောက်မှုတွေနဲ့ပြည့်နေတဲ့ စာတန့်လောကမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ဘယ်သူ့ကို ယုံရမှန်းမသိ ဖြစ်နေကြတယ်။ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများ မရိုးမသား လုပ်လာကြတယ်။ ကုန်ပစ္စည်းရောင်းအားကောင်းဖို့ ကြော်ငြာတဲ့နေရာမှာ လိမ်ညာကြတယ်။ လူရင်းတွေရဲ့ စကားကိုတောင် ယုံလို့မရ ဖြစ်လာနေတယ်။ ဒါပေမဲ့ “အမှန်တရားရဲ့ဘုရား” ယေဟောဝါကိုတော့ ကျွန်တော်တို့ အမြဲ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဆာလံ ၃၁:၂-၅ ကို ဖတ်ပါ။) ယေဟောဝါဟာ အလိမ်အညာကင်းပြီး အမှန်တရားပဲ အမြဲပြောတယ်။ ကိုယ်တော် ပြောလေသမျှ၊ လုပ်လေသမျှကို ယုံကြည်စိတ်ချနိုင်တယ်။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်းတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ စာတန်နဲ့ ဒီစနစ်ဆိုးကို ယေဟောဝါ ဘယ်လို ဖယ်ရှားမယ်၊ ကမ္ဘာမြေနဲ့ လူသားတွေအတွက် မိမိရဲ့ ရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ လက်ရှိအချိန်မှာ ဘာတွေလုပ်နေတယ်ဆိုတာကိုလည်း ဆွေးနွေးသွားပါမယ်။ ဒါက အမှန်တရားရဲ့ဘုရား ယေဟောဝါအကြောင်း တခြားသူတွေကို ပြောပြဖို့ တွန်းအားဖြစ်စေပါလိမ့်မယ်။
အမှန်တရားရဲ့ဘုရား ယေဟောဝါကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်
၃။ ယေဟောဝါကို ဘာကြောင့် အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်သလဲ။
၃ ဖန်ဆင်းရှင်ဖြစ်လို့ ယေဟောဝါကို ယုံကြည်စိတ်ချနိုင်တယ်။ ယေဟောဝါဟာ ကောင်းကင်၊ မြေကြီးနဲ့ သက်ရှိအားလုံးကို ဖန်ဆင်းတဲ့အရှင်ဖြစ်တယ်။ (က. ၁:၁။ ဆာ. ၃၆:၉။ ဗျာ. ၄:၁၁) အသက်ရဲ့ ပင်ရင်းလည်း ဖြစ်တယ်။ အသက်ဆက်ဖို့ လိုအပ်တဲ့ လေ၊ ရေ၊ အစားအစာတွေကိုလည်း ယေဟောဝါ ဖန်ဆင်းပေးထားတယ်။ စကြဝဠာတစ်ခုလုံးဟာ ယေဟောဝါရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ အသိပညာကြွယ်ဝပြီး တန်ခိုးကြီးမားတဲ့ ဖန်ဆင်းရှင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ဘဝကို စိတ်ချလက်ချ ပုံအပ်ထားနိုင်တယ်။
၄။ ကျွန်တော်တို့ကို ယေဟောဝါချစ်ကြောင်း ဘယ်လို သိရသလဲ။
၄ ကျွန်တော်တို့ကိုချစ်လို့ ယေဟောဝါကို ယုံကြည်စိတ်ချနိုင်တယ်။ လူတွေကို အသက်ဆုလက်ဆောင်ပေးချင်လို့၊ ဘဝကို ပျော်မွေ့စေချင်လို့ ယေဟောဝါ ဖန်ဆင်းထားတာဖြစ်တယ်။ ဒါကြောင့် “ငါတို့ရဲ့ ပုံသဏ္ဌာန်အတိုင်း၊ ငါတို့နဲ့တူတဲ့ လူကို ဖန်ဆင်းကြစို့” လို့ ကျမ်းစာမှာ ဖတ်ရတာ။ (က. ၁:၂၆) လူသားတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးတယ်။ လှပတဲ့ ကမ္ဘာမြေစံအိမ်မှာ ထားတယ်။ (ဆာ. ၁၁၅:၁၆) ကမ္ဘာမြေကို ပရဒိသုဖြစ်အောင်လုပ်ဖို့ ကနဦးလူသားမောင်နှံကို တာဝန်ပေးတယ်။ (က. ၁:၂၈။ ၂:၁၅) စားကောင်းသောက်ဖွယ်တွေ၊ မျိုးပေါင်းစုံလင်လှတဲ့ အပင်တွေ၊ တိရစ္ဆာန်တွေအပါအဝင် တခြားအရာများစွာကိုလည်း ပေးထားတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေနပ်စရာကောင်းတဲ့ ဘဝကို ဖြတ်သန်းစေချင်လို့ပါ။ ‘ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာ ထာဝစဉ်တည်မြဲ’ တယ်ဆိုတဲ့ သက်သေပါပဲ။—ဆာ. ၁၀၃:၁၇။
၅။ (က) အာဒံနဲ့ ဧဝ ပုန်ကန်တဲ့အခါ ယေဟောဝါ ဘာလုပ်သလဲ။ (ခ) ယေဟောဝါ ပြည့်စုံစေခဲ့တဲ့ ကတိတချို့က ဘာတွေလဲ။ (“ယေဟောဝါ ကတိပေးတဲ့အတိုင်း ပြည့်စုံလာတဲ့ မှတ်တမ်းများ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။)
၅ ကတိတည်တဲ့ဘုရားဖြစ်လို့ ယေဟောဝါကို ယုံကြည်စိတ်ချနိုင်တယ်။ “ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့” ယေဟောဝါ ဖန်ဆင်းခဲ့တယ်။ (ဟေရှာ. ၄၅:၁၈၊ ၁၉) ယေဟောဝါကို ပုန်ကန်လို့ အာဒံနဲ့ဧဝ သေခြင်းတရားအောက် ရောက်သွားတဲ့အခါ ယေဟောဝါဘုရားရဲ့ ရည်ရွယ်ချက် အကောင်အထည် ပေါ်မလာတော့မယ့်ပုံပဲ။ ဒါပေမဲ့ ယေဟောဝါ ဘုရားသခင်ဟာ ကတိတော်တွေကို ပြည့်စုံစေသူဖြစ်တယ်။ (ဟေရှာ. ၄၆:၁၀၊ ၁၁) ကမ္ဘာမြေကို ဖြောင့်မတ်တဲ့ လူတွေနဲ့ ပြည့်စေဖို့ဆိုတဲ့ ဘုရားရဲ့ရည်ရွယ်ချက် ပြောင်းမသွားပါဘူး။ အာဒံနဲ့ဧဝဆီကနေ သားသမီးတွေ မွေးဖွားလာဖို့ ခွင့်ပြုခဲ့တယ်။ အာဒံရဲ့ သားစဉ်မြေးဆက်တွေကို ကယ်တင်ဖို့၊ ထာဝရအသက် မျှော်လင့်ချက် ရှိစေဖို့ မိမိရဲ့ တစ်ဦးတည်းသော သားကို မြေကြီးပေါ် စေလွှတ်ခဲ့တယ်။—ယော. ၃:၁၆။
အမှန်တရားရဲ့ဘုရား ယေဟောဝါက ကတိတော်တွေကို ပြည့်စုံစေ
၆။ ဧဒင်မှာ ပုန်ကန်မှုဖြစ်ပြီးနောက် ယေဟောဝါ ဘာကြိုပြောသလဲ။
၆ ယေဟောဝါကို အာဒံနဲ့ဧဝ ဆန့်ကျင်ဖို့ သွေးဆောင်ခဲ့သူဟာ “မာရ်နတ် စာတန်လို့ခေါ်တဲ့ ရှေးမြွေဟောင်း၊ နဂါးကြီး” ဖြစ်တယ်။a (ဗျာ. ၁၂:၉။ က. ၃:၄၊ ၅။ ယော. ၈:၄၄) ပုန်ကန်တဲ့ လုပ်ရပ်ကြောင့် စာတန် အပြီးသတ် ဖျက်ဆီးခံရမယ်လို့ ယေဟောဝါ ကြိုပြောတယ်။ (က. ၃:၁၅) စာတန် ဖျက်ဆီးမခံရခင် လူတွေဟာ သူ့နောက်လိုက်ပြီး ဆိုးသွမ်းတဲ့အရာတွေ လုပ်လာကြမယ်။ ဒါပေမဲ့ ယေဟောဝါအပေါ် သစ္စာရှိသူတွေလည်း ရှိနေမယ်။
၇။ ဘယ်သူတွေ စာတန့်နောက် လိုက်သွားကြသလဲ။ သူတို့ရဲ့ အဆုံးသတ်က ဘာလဲ။
၇ စာတန့်နောက်ကို ပုန်ကန်တဲ့ ကောင်းကင်တမန်တွေ၊ မနာခံတဲ့လူသားတွေ လိုက်သွားကြတယ်။ ယေဟောဝါကို ဆန့်ကျင်ပုန်ကန်ခဲ့ကြတဲ့အတွက်၊ ဘုရားရဲ့ ရည်ရွယ်ချက်ကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့ကြတဲ့အတွက် စာတန်ရဲ့ ဘက်တော်သားတွေ ဖြစ်သွားကြတယ်။ ဒါပေမဲ့ စာတန်နဲ့ သူ့နောက်လိုက်အားလုံးကို ဖျက်ဆီးမယ့်အချိန် ယေဟောဝါ သတ်မှတ်ထားပြီးပြီ။—ဒံ. ၂:၄၄။ ရော. ၁၆:၂၀။
၈။ ၁၉၁၄ ခုနှစ်မှာ ယေရှု ဘာလုပ်သလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၈ စာတန်နဲ့ နောက်လိုက်တွေကို ဖျက်ဆီးမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ ၁၉၁၄ ခုနှစ်မှာ ကောင်းကင်မှာ စစ်ဖြစ်ပြီး စာတန်နဲ့ နတ်ဆိုးတွေကို ကောင်းကင်ကနေ မြေကြီးပေါ် ယေရှု ပစ်ချလိုက်တယ်။ (ဗျာ. ၁၂:၇-၉) ကောင်းကင်မှာ စစ်ဖြစ်တာ ဆိုပေမဲ့ အကျိုးဆက်ကို မြေကြီးပေါ်ရှိသူတွေ ခံစားကြရတယ်။ “မြေကြီးနဲ့ ပင်လယ်ဟာ အဖြစ်ဆိုး ကြုံနေရပြီ။ မာရ်နတ်က သူ့အတွက်အချိန်နည်းနည်းပဲ ကျန်တော့မှန်း သိလို့ မင်းတို့ဆီ ဒေါသတကြီး ဆင်းလာပြီ” ဆိုပြီး ကျမ်းစာမှာ ဖတ်ရတယ်။ (ဗျာ. ၁၂:၁၂) ၁၉၁၄ ခုနှစ်ကနေစပြီး စာတန်က မြေကြီးပေါ်မှာရှိသူတွေကို ပိုပြီးပစ်မှတ်ထားလာတယ်။ ရလဒ်အနေနဲ့ ကမ္ဘာ့အခြေအနေ ဆိုးသည်ထက် ဆိုးလာတယ်။ မြေကြီးအတွက်ကတော့ တကယ့်အဖြစ်ဆိုးပါပဲ။ ဒါပေမဲ့ မကြာခင်အချိန်မှာ ယေရှုက စာတန်နဲ့ သူ့နောက်လိုက်အားလုံးကို ဖယ်ရှားပြီး “အပြီးသတ် အောင်ပွဲခံ” ပါတော့မယ်။ (ဗျာ. ၆:၂) ဒါက ယေဟောဝါရဲ့ နာမကို တစ်ကြိမ်တည်းနဲ့အပြီး သံသယ ကင်းရှင်းစေမယ်။ (ဆာ. ၄၅:၄-၆) ယေဟောဝါဟာ အမှန်တရားရဲ့ ဘုရားသခင်ဖြစ်ကြောင်း လူတိုင်း သိရပါလိမ့်မယ်။—ယေဇ. ၃၈:၂၃။
World War I: U.S. National Archives photo; bomb: USAF photo; pandemic: blvdone/stock.adobe.com; riot: inhauscreative/E+ via Getty Images
၁၉၁၄ ခုနှစ်ကစပြီး ကမ္ဘာ့အခြေအနေတွေ ပိုဆိုးလာ (စာပိုဒ် ၈ ကို ကြည့်ပါ)
အမှန်တရားရဲ့ဘုရား ယေဟောဝါက အမှန်တရားချစ်မြတ်နိုးသူအားလုံးကို စုသိမ်းနေ
၉။ ဒီနေ့အချိန်မှာ ဘယ်သူတွေကို ယေဟောဝါ စုသိမ်းနေသလဲ။
၉ “ကောင်းကင်ပေါ်၊ ကမ္ဘာမြေပေါ် ရှိသမျှကို ခရစ်တော်ဆီမှာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေဖို့” ယေဟောဝါ စုသိမ်းနေတယ်။ (ဧ. ၁:၁၀) ‘ကောင်းကင်ပေါ်ရှိသမျှ’ ဆိုတာက ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ဖို့ ရွေးချယ်ခံထားရတဲ့ ဘိသိက်ခံတွေကို ဆိုလိုတယ်။ ‘ကမ္ဘာမြေပေါ်ရှိသမျှ’ ဆိုတာက မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်ကြမယ့်သူတွေကို ဆိုလိုတယ်။ သူတို့အားလုံးဟာ စာတန်ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်တဲ့နေရာမှာ တက်တက်ကြွကြွ ပါဝင်နေကြတယ်၊ စိတ်ရင်းမှန်သူတွေ အမှန်တရားအကြောင်း သိလာဖို့ ကူညီပေးနေကြတယ်။
၁၀။ လူတွေ အမှန်တရားသိလာအောင် ယေဟောဝါ ဘာလုပ်ပေးသလဲ။ (ဗျာဒိတ် ၁၄:၆၊ ၇)
၁၀ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအားဖြင့် ယေဟောဝါက အမှန်တရားချစ်မြတ်နိုးသူတွေကို စုသိမ်းနေတယ်။ လူ့သမိုင်းတစ်လျှောက် ဒီလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် မဟောပြောခဲ့ဖူးဘူး။ (ဗျာဒိတ် ၁၄:၆၊ ၇ ကို ဖတ်ပါ။) သတင်းကောင်းဟောပြောဖို့ လူသားတွေကို ယေဟောဝါအသုံးပြုပေမဲ့ စိတ်ရင်းမှန်သူတွေကို ရှာတွေ့နိုင်ဖို့ ကောင်းကင်တမန်တွေက ကူညီပေးတယ်။ ဟောပြောခြင်းလုပ်ငန်းက စာတန်အသုံးပြုနေတဲ့ မှားယွင်းတဲ့ဘာသာရေး မဟာဗာဗုလုန်ရဲ့ သွန်သင်ချက်တွေ၊ ယေဟောဝါအကြောင်း လိမ်ညာထားတာတွေကို ဖော်ထုတ်ပေးတယ်။ (ဗျာ. ၁၈:၂၊ ၄) မကြာခင်မှာ မှားယွင်းတဲ့ဘာသာတရားအားလုံး အစအနမကျန်အောင် ဖျက်ဆီးခံရတော့မယ်။ အဲဒီအခါ အမှန်တရားကို ချစ်မြတ်နိုးသူအားလုံး စစ်မှန်တဲ့ဘုရား ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြပါလိမ့်မယ်။—ဗျာ. ၁၇:၁၆။
၁၁။ ယေဟောဝါရဲ့ ကျေးကျွန်တွေကို ဘယ်လိုခွဲခြားသိရှိနိုင်သလဲ။
၁၁ အမှန်တရားကို ချစ်မြတ်နိုးသူတွေက နောက်ခံအမျိုးမျိုးကနေ လာကြတယ်။ (ဗျာ. ၇:၉၊ ၁၀) ဒါပေမဲ့ “သတင်းကောင်း” ကို ကြားတဲ့အခါ အမှန်တရားဖြစ်မှန်း သဘောပေါက်ပြီး ယေဟောဝါရဲ့ လူမျိုးအဝင်ဖြစ်လာကြတယ်။ (မာ. ၁၃:၁၀) ဒီနေ့အချိန်မှာ ဘယ်သူတွေ ယေဟောဝါကို နည်းမှန်လမ်းကျ ကိုးကွယ်နေကြသလဲဆိုတာ သိပ်ကို သိသာထင်ရှားတယ်။ “ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူ၊ ဘုရားအမှုဆောင်သူနဲ့ ဘုရားအမှု မဆောင်သူရဲ့ ကွာခြားချက်ကို မင်းတို့ မြင်ရဦးမယ်” ဆိုပြီး ပရောဖက် မာလခိ ကြိုပြောထားပြီးသားပါ။ (မာလ. ၃:၁၈) ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အမူအကျင့်ကောင်းအားဖြင့်၊ ဟောပြောခြင်းလုပ်ငန်းအားဖြင့် အမှန်တရားရဲ့ ဘုရားကို ကိုးကွယ်နေကြောင်း ဖော်ပြနေကြတယ်။
၁၂။ ဟောပြောခြင်းလုပ်ငန်းက ဘာကို ဖြစ်မြောက်စေသလဲ။
၁၂ “နိုင်ငံတော်သတင်းကောင်း” ဟောပြောတာက ယေရှုရဲ့ အမိန့်ကို နာခံရာကျပြီး ကျမ်းစာကြိုဟောချက်ကိုလည်း ပြည့်စုံစေတယ်။ (မ. ၂၄:၁၄။ ၂၈:၁၈-၂၀) ဟောပြောခြင်းလုပ်ငန်းကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူတွေက ခရစ်တော်ရဲ့ နောက်လိုက်စစ်တွေဖြစ်လာကြတယ်။ အမှန်တရားရဲ့ဘုရား ယေဟောဝါကို ထာဝစဉ် ကိုးကွယ်နိုင်မယ့် အခွင့်အရေးရလာကြတယ်။ ယေဟောဝါရဲ့ အလိုတော် ပြီးမြောက်စေတဲ့ ဒီလုပ်ငန်းမှာ ပါဝင်ရတာ သိပ်ကောင်းတဲ့ အခွင့်ထူးပါပဲ။
အနာဂတ်ကတိတော်တွေကို ယုံကြည်စိတ်ချနေပါ
၁၃။ ဘယ်သူတွေကို စာတန် ပစ်မှတ်ထားတိုက်ခိုက်သလဲ။ ဘာကြောင့်လဲ။
၁၃ စာတန်မာရ်နတ်ဟာ “သူ့အတွက်အချိန်နည်းနည်းပဲ ကျန်တော့မှန်း သိလို့” ဒေါသူပုန်ထနေတယ်။ (ဗျာ. ၁၂:၁၂၊ ၁၃) “ဘုရားသခင်ရဲ့ ပညတ်တွေကို စောင့်ရှောက်ပြီး ယေရှုအကြောင်း သက်သေခံတဲ့” မြေကြီးပေါ်က ဘုရားသခင့်နိုင်ငံတော် ကိုယ်စားလှယ်တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေတယ်။ (ဗျာ. ၁၂:၁၇။ ၁၄:၁၂) သူတို့ရဲ့ အမှုဆောင်လုပ်ငန်းကို ထောက်မပေးနေကြသူတွေကိုလည်း စာတန် တိုက်ခိုက်တယ်။
၁၄။ ယေဟောဝါရဲ့ လူမျိုးကို စာတန် တိုက်ခိုက်တဲ့အခါ ဘာတွေဖြစ်မလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၄ မဟာဗာဗုလုန်ကို ဖျက်ဆီးပြီးတဲ့နောက် စာတန်ရဲ့ ဘက်တော်သားအားလုံး စုပေါင်းပြီး ယေဟောဝါရဲ့လူမျိုးကို တိုက်ခိုက်ကြမယ်။ ဒီတိုက်ခိုက်မှုကြောင့် အာမဂေဒုန်စစ်ပွဲ စတင်မယ်။ (ဗျာ. ၁၆:၁၃၊ ၁၄၊ ၁၆) ယေရှုနဲ့ ကောင်းကင်စစ်တပ်ဟာ ယေဟောဝါရဲ့ လူမျိုးကို ကယ်တင်မှာဖြစ်ပြီး ကျန်ရှိတဲ့ စာတန့်လောကရဲ့ အစိတ်အပိုင်းအားလုံးကို ဖျက်ဆီးပစ်မယ်။ (ဗျာ. ၁၉:၁၉-၂၁) လိမ်လည်သူတွေ၊ ဆိုးညစ်သူတွေ၊ လှည့်စားတတ်သူတွေ ရှိတော့မှာမဟုတ်ဘူး။ (ဗျာ. ၂၁:၈) ယေဟောဝါဟာ အမှန်တရားနဲ့ ဖြောင့်မတ်ခြင်းရဲ့ ဘုရားဖြစ်မှန်း လူတိုင်း သိရပါလိမ့်မယ်။
ယေရှုခရစ်နဲ့ ကောင်းကင်စစ်တပ်ဟာ အာမဂေဒုန်စစ်ပွဲမှာ ဘုရားရဲ့ရန်သူတွေကို ဖျက်ဆီးနေ (စာပိုဒ် ၁၄ ကို ကြည့်ပါ)
၁၅။ အနာဂတ်ကတိတော်တွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ဟေရှာယ ၆၅:၁၆၊ ၁၇) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၅ ဒီနေ့အချိန်မှာ လူတွေဟာ တစ်ခါနဲ့မှမတူအောင် သဘောထား ကွဲလွဲနေကြတယ်။ ဘုရားလူမျိုးကတော့ ယေဟောဝါရဲ့ အကူအညီနဲ့ စည်းလုံးနေကြပါတယ်။ ယေဟောဝါက အမှန်တရားချစ်မြတ်နိုးသူတွေကို ကမ္ဘာချီမိသားစုထဲ စုသိမ်းနေတယ်။ ဘုရားလူမျိုးနဲ့ သူတို့ရဲ့ အမှုဆောင်လုပ်ငန်းကို ယေဟောဝါ ကောင်းချီးမပေးအောင် ဘာကမှ မတားဆီးနိုင်ဘူး။ (ဟေရှာယ ၆၅:၁၆၊ ၁၇ ကို ဖတ်ပါ။) ဘုရားရဲ့ အနာဂတ်ကတိတော်တွေကို ကျွန်တော်တို့ အပြည့်အဝ ယုံကြည်စိတ်ချနိုင်တယ်။ ဘာကြောင့်လဲ။ “သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်လာမယ့်အရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဖန်ဆင်းရာတွေဖြစ်စေ သခင် ခရစ်တော်ယေရှုကတစ်ဆင့် ဘုရားသခင်ပြတဲ့မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်” ပါဘူးလို့ ရောမ ၈:၃၈၊ ၃၉ မှာ အာမခံထားလို့ပါ။
ကမ္ဘာသစ်ရောက်တဲ့အခါ အခုအချိန်မှာ ကြုံနေရတဲ့ အခက်အခဲဒုက္ခတွေကို မှတ်မိတော့မှာမဟုတ် (စာပိုဒ် ၁၅ ကို ကြည့်ပါ)
၁၆။ ယေဟောဝါကို ဘာကြောင့် အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်သလဲ။
၁၆ အမှန်တရားရဲ့ဘုရား ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ယေဟောဝါက ကျွန်တော်တို့ကို ဖန်ဆင်းတဲ့အရှင်ဖြစ်တယ်။ ကျွန်တော်တို့ကို သိပ်ချစ်တယ်။ မိမိကို နည်းမှန်လမ်းကျ ဝတ်ပြုကိုးကွယ်ကြမယ့် ကမ္ဘာတစ်ဝန်းက လူတွေကို စုသိမ်းနေတယ်။ (ဟေရှာ. ၆၀:၂၂။ ဇာ. ၈:၂၃) ယေဟောဝါက ကတိတော်တွေကို ပြည့်စုံစေမယ်။ မကြာခင်မှာ စာတန်ကို ဖယ်ရှားခြင်းအားဖြင့် လိမ်လည်လှည့်စားမှု မှန်သမျှကို ချေဖျက်ပါမယ်။ ဒါကြောင့် ဒါဝိဒ်လိုပဲ ကျွန်တော်တို့လည်း ချီးမွမ်းကြရအောင်– “ယေဟောဝါကို ချီးမွမ်းကြပါစေ။ ဘုရားသခင် တစ်ပါးတည်းသာ အံ့ဖွယ်ရာတွေကို လုပ်ဆောင်တယ်။ ဂုဏ်ကျက်သရေရှိတဲ့ နာမတော်ကို ထာဝစဉ် ချီးမွမ်းကြပါစေ။ မြေတစ်ပြင်လုံး ဘုရားရဲ့ဂုဏ်ကျက်သရေနဲ့ ပြည့်နေပါစေ။”—ဆာ. ၇၂:၁၈၊ ၁၉။
သီချင်း ၂ နာမတော် ယေဟောဝါ
a ပုန်ကန်တဲ့ ကောင်းကင်တမန်ရဲ့ နာမည်ကိုတော့ ကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ အသရေဖျက်သူလို့ အဓိပ္ပာယ်ရှိတဲ့ “မာရ်နတ်၊” ဆန့်ကျင်သူလို့ အဓိပ္ပာယ်ရှိတဲ့ “စာတန်” လို့တော့ ခေါ်ထားတယ်။