ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၆ မတ် စာ. ၈-၁၃
  • စကြဝဠာ အချုပ်အခြာ အာဏာပိုင်ရှင်ကို ယုံကြည်ကိုးစားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စကြဝဠာ အချုပ်အခြာ အာဏာပိုင်ရှင်ကို ယုံကြည်ကိုးစားပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “စာတန်လည်း သူတို့နဲ့အတူ ဝင်လာတယ်”
  • ယေဟောဝါ ကန့်သတ်ချက်ဘောင် ချမှတ်ပေး
  • ယေဟောဝါက ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေး
  • မိမိအပေါ် သစ္စာစောင့်သိသူတွေကို ယေဟောဝါ ချစ်မြတ်နိုး
  • ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားပါ
  • ဆင်းရဲခက်ခဲမှုတွေကို ခံရပ်နိုင်ဖို့ ယောဘကျမ်းက ကူညီပေး
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “ယေဟောဝါကို မျှော်လင့်ပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အလွန်အရေးကြီးသော ပြဿနာတစ်ရပ်တွင် သင်ပတ်သက်နေ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
က၂၆ မတ် စာ. ၈-၁၃

မေ ၁၁-၁၇၊ ၂၀၂၆

သီချင်း ၇ ယေဟောဝါ၊ တို့ခွန်အား

စကြဝဠာ အချုပ်အခြာ အာဏာပိုင်ရှင်ကို ယုံကြည်ကိုးစားပါ

“ယေဟောဝါ တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်” တယ်။ —ဆာ. ၈၃:၁၈။

အာရုံစိုက်ရာ

အခုရော အနာဂတ်မှာပါ အခက်အခဲတွေ ကြုံရတဲ့အခါ ယေဟောဝါ ကူညီပေးမယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချနိုင်ကြောင်း ဆွေးနွေးပါမယ်။

၁။ ဘယ်လို အဖြစ်ဆိုးတွေကို ယောဘ ကြုံတွေ့ခဲ့ရသလဲ။

ယောဘဟာ ပြဿနာ အများကြီးကို တစ်ပြိုင်နက် ကြုံတွေ့ခဲ့ရတယ်။ သားသမီးအားလုံး သေဆုံးသွားတယ်။ သိုးနွားတိရစ္ဆာန်တွေကို ဆုံးရှုံးလိုက်ရတယ်။ ကျွန်တွေ အသတ်ခံရပြီး ယောဘကိုယ်တိုင် ပြင်းထန်တဲ့ အနာရောဂါ ခံစားရတယ်။ သူ့ဂုဏ်သတင်း ပျက်စီးညှိုးနွမ်းသွားတဲ့အပြင် “မိတ်ဆွေတွေ” ပြစ်တင် ပြောဆိုတာကြောင့်လည်း စိတ်ထိခိုက်ရတယ်။ ဒီ့အပြင် ချစ်ဇနီးကလည်း “ဘုရားသခင်ကို ကျိန်ဆဲပြီး သေလိုက်ပါတော့” လို့ ပြောလာတယ်။ (ယောဘ ၂:၉။ ၁၅:၄၊ ၅။ ၁၉:၁-၃) ဒီလိုအဖြစ်ဆိုးတွေကြောင့် ဘုရားအပေါ်ထားတဲ့ ယောဘရဲ့ ယုံကြည်ခြင်း ပျက်စီးသွားနိုင်သလို မိမိကိုချစ်ပြီး ကိုးကွယ်တဲ့သူတွေကိုတောင် ယေဟောဝါ ကာကွယ်မပေးဘူးလို့ ခံစားသွားနိုင်တယ်။

၂-၃။ ဒုက္ခရောက်ချိန်မှာ ဘယ်လို အတွေး ဝင်လာနိုင်သလဲ။ ယောဘကျမ်းကနေ ဘာသင်ယူကြမလဲ။

၂ “အလွန် ခက်ခဲကျပ်တည်း” တဲ့ အချိန်ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ (၂ တိ. ၃:၁) ဒါကြောင့် ယောဘလိုပဲ အခက်အခဲဒုက္ခတွေ ကြုံရနိုင်တယ်။ ဒုက္ခတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံရရင် စိတ်ဓာတ်ကျပြီး ခံနိုင်ရည်မရှိတော့ဘူးလို့ စဉ်းစားလာနိုင်တယ်။ ဒီလိုအခြေအနေ ကြုံရလို့ ယေဟောဝါ ငါ့ကို မချစ်ဘူး၊ မကူညီဘူးလို့ ခံစားရသူ တချို့ရှိတယ်။

၃ အဲဒီလိုခံစားနေရတယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ သစ္စာရှိသူတွေကို ယေဟောဝါ ဘယ်တော့မှ မပစ်ထားမှန်း ယောဘ ကိုယ်တွေ့ ကြုံခဲ့တယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားနိုင်ပါတယ်။ အခု ယောဘကျမ်းကို လေ့လာပြီး အဓိက အချက်နှစ်ချက်ကို သင်ယူကြရအောင်။ ပထမ၊ ယေဟောဝါဟာ စကြဝဠာ အချုပ်အခြာ အာဏာပိုင်ရှင် ဖြစ်တယ်။ ဒုတိယ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ မိမိအလိုတော် ပြည့်စုံလာအောင် လုပ်ဆောင်နိုင်စွမ်းရှိပြီး မိမိလူမျိုးရဲ့ ကာယပိုင်း၊ ဝတ်ပြုရေးပိုင်းကို လုံးဝပျက်စီးသွားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်။

“စာတန်လည်း သူတို့နဲ့အတူ ဝင်လာတယ်”

၄။ ယောဘကျမ်းအရ ကောင်းကင်တမန်တွေ ယေဟောဝါရှေ့ အခစားဝင်တဲ့အခါ ဘာဖြစ်ပျက်သလဲ။

၄ “ဘုရားသခင်ရဲ့သားတွေ ယေဟောဝါရှေ့ အခစားဝင်ရတဲ့နေ့ ရောက်လာတော့ စာတန်လည်း သူတို့နဲ့အတူ ဝင်လာတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ယောဘ ၁:၆) ဒါက “စာတန်” ဆိုတဲ့ နာမည်ကို ကျမ်းစာထဲမှာ ဦးဆုံးအကြိမ်တွေ့ရတာ ဖြစ်တယ်။ ယေဟောဝါကို ဆန့်ကျင်လို့ “စာတန်” ဆိုတဲ့ နာမည် ရခဲ့တာပါ။ ဒီအချိန်မှာ စာတန်ဟာ ဘုရားသခင်ရဲ့သား မဟုတ်တော့ဘူး။ ယေဟောဝါဘုရား၊ သစ္စာရှိ ကောင်းကင်တမန်တွေနဲ့ သစ္စာရှိ လူသားအားလုံးရဲ့ ရန်သူ ဖြစ်နေပြီ။ ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ စကားတွေအရ စာတန်ဟာ ယေဟောဝါရဲ့ ကောင်းကင်မိသားစုဝင် မဟုတ်တော့မှန်း သိရတယ်။ “မျိုးနွယ်” ကိုပေါ်ထွန်းလာစေမယ့် “မိန်းမ၊” တစ်နည်းအားဖြင့် ယေဟောဝါရဲ့ ကောင်းကင်မိသားစုဝင် မဟုတ်တော့ဘူး။

၅။ စာတန်ရဲ့ပြောစကား၊ ယေဟောဝါရဲ့ တုံ့ပြန်ပုံကနေ ဘာသိရသလဲ။

၅ ကောင်းကင်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ဘာတွေပြောကြသလဲဆိုတာ ယေဟောဝါက ကျွန်တော်တို့ကို သိစေချင်လို့ ကျမ်းစာမှာ မှတ်တမ်းတင်စေတယ်။ စာတန်ဟာ ယေဟောဝါရဲ့ ကျေးကျွန်တွေကို ရှုတ်ချဂုဏ်ဖျက်သူဖြစ်ကြောင်း သူ့ရဲ့စကားတွေအရ သိနိုင်တယ်။ (ယောဘ ၁:၉။ ဗျာဒိတ် ၁၂:၁၀ နဲ့ နှိုင်းယှဉ်ပါ။) ယေဟောဝါကတော့ မိမိရဲ့ အတိုင်းအဆမဲ့ တန်ခိုးကို မှန်ကန်၊ ဖြောင့်မတ်တဲ့နည်းနဲ့ပဲ အမြဲအသုံးပြုတယ် ဆိုတာလည်း ဒီမှတ်တမ်းက သင်ပေးတယ်။ အနန္တတန်ခိုးရှင်အနေနဲ့ တခြားသူတွေ ဘာလုပ်ခွင့်ရှိတယ်၊ ဘာလုပ်ခွင့်မရှိဘူးဆိုတာ ကန့်သတ်ပေးနိုင်တာကိုလည်း တွေ့ရတယ်။

ယေဟောဝါ ကန့်သတ်ချက်ဘောင် ချမှတ်ပေး

၆။ ယေဟောဝါဟာ အမြင့်မြတ်ဆုံးအရှင်ဖြစ်ကြောင်း ဘယ်လိုသိရသလဲ။ (ယောဘ ၁:၇၊ ၈)

၆ ယောဘ ၁:၇၊ ၈ ကို ဖတ်ပါ။ ယေဟောဝါဟာ ကောင်းကင်မှာပြုလုပ်တဲ့ အစည်းအဝေးကို အပြည့်အဝ ထိန်းချုပ်ထားတယ်။ “ငါ့ကျွန် ယောဘကို သတိထားမိသလား” လို့ စာတန်ကို ယေဟောဝါ မေးလိုက်တယ်။ ယောဘကို စာတန် တိုက်ခိုက်ချင်နေမှန်း သိထားလို့ မေးလိုက်တာပါ။ ယောဘကို ကူညီဖို့ မိမိရဲ့တန်ခိုးကို ယေဟောဝါ ဘယ်လိုအသုံးပြုသလဲဆိုတာ လေ့လာကြရအောင်။

၇။ ယောဘ ၁:၁၀၊ ၁၁ အရ ယေဟောဝါကို ဝတ်ပြုကိုးကွယ်နေသူတွေနဲ့ပတ်သက်ပြီး စာတန် ဘာပြောသလဲ။

၇ ယောဘ ၁:၁၀၊ ၁၁ ကို ဖတ်ပါ။ ယေဟောဝါဟာ စကြဝဠာ အချုပ်အခြာ အာဏာပိုင်ရှင်ပါ။ အလိုရှိရာ ဘာမဆိုကို လုပ်ဆောင်နိုင်တဲ့ တန်ခိုးရှိတဲ့အပြင် ဘယ်နည်းလမ်းနဲ့လုပ်ဆောင်တာက အကောင်းဆုံးလဲဆိုတာကိုလည်း သိတယ်။ (ယေ. ၃၂:၁၇။ ဒံ. ၄:၃၅) ဒါတောင် ယေဟောဝါဟာ မိမိရဲ့တန်ခိုးကို အလွဲသုံးစားလုပ်တယ်လို့ စာတန် စွပ်စွဲတယ်။ ယေဟောဝါက လူတွေကို လာဘ်ထိုးပြီး မိမိကို ဝတ်ပြုကိုးကွယ်အောင် လုပ်နေတယ်လို့ စာတန် ပြောတယ်။ လူတွေကလည်း ကောင်းချီးရလို့၊ ကိုယ့်အတွက် အကျိုးရှိနေလို့ ယေဟောဝါကို ဝတ်ပြုကြတာလို့ စောင်းချိတ်ပြောခဲ့တယ်။ ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။

၈-၉။ ယောဘကို ဘယ်အတိုင်းအတာအထိ စမ်းသပ်ဖို့ စာတန်ကို ယေဟောဝါ ခွင့်ပြုပေးသလဲ။ ဘာကြောင့်လဲ။ (ယောဘ ၁:၁၂) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၈ ယောဘ ၁:၁၂ ကို ဖတ်ပါ။ မာရ်နတ်ရဲ့ စွပ်စွဲချက် မမှန်ဘူးဆိုတာ သက်သေပြဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ ယေဟောဝါ ခွင့်ပြုသလောက်ပဲ စာတန် လုပ်ဆောင်ရမယ်။ ‘ယောဘကိုတော့ မထိနဲ့’ လို့ ယေဟောဝါ ရှင်းရှင်းလင်းလင်း သတိပေးတယ်။ အစည်းအဝေးမှာရှိနေတဲ့ ကောင်းကင်တမန် အားလုံးရှေ့မှာ စာတန်ကို ယေဟောဝါ အမိန့် ပေးခဲ့တာပါ။ စာတန်ဟာ ယေဟောဝါရဲ့အမိန့်ကို မဖြစ်မနေ နာခံရတယ်။ ကန့်သတ်ချက်ကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့် မရှိဘူး။ သူ့အခြေအနေက ဒီနေ့အချိန်အထိလည်း အဲဒီလိုပါပဲ။ ယေဟောဝါက မိမိရဲ့ အခွင့်အာဏာ၊ တန်ခိုးကိုသုံးပြီး ယောဘကို ကာကွယ်ပေးခဲ့တယ်။ ဒါ့အပြင် ယေဟောဝါဟာ တရားမျှတပြီး မေတ္တာရှင် ဖြစ်ကြောင်းလည်း ပြခဲ့တယ်။

၉ စာတန်ရဲ့ တိုက်ခိုက်မှု မအောင်မြင်ခဲ့ပါဘူး။ ယောဘဟာ ကောင်းကင်ဘုံစံအဖအပေါ် ဆက်သစ္စာရှိခဲ့တယ်။ (ယောဘ ၁:၂၂) ဒါပေမဲ့ ယောဘကို စာတန် တိုက်ခိုက်တာ မပြီးသေးဘူး။

တခြားကောင်းကင်တမန်တွေရှေ့မှာ စာတန်က ယေဟောဝါကို မခန့်လေးစား ပြောဆိုနေ။

စာတန်က ကောင်းကင်တမန်တွေရှေ့မှာ မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့။ သူ့စွပ်စွဲချက် မှန်မမှန်သက်သေပြဖို့ ယေဟောဝါ ခွင့်ပြုခဲ့ (စာပိုဒ် ၈ နဲ့ ၉ ကို ကြည့်ပါ)


၁၀။ ယောဘကို ထပ်ပြီးစမ်းသပ်ဖို့ စာတန်ကို ယေဟောဝါ ဘာကြောင့် ခွင့်ပြုသလဲ။ (ယောဘ ၂:၂-၆)

၁၀ ယောဘ ၂:၂-၆ ကို ဖတ်ပါ။ ဒီတစ်ကြိမ်မှာတော့ ယောဘရဲ့ သမာဓိကို ချိုးဖျက်ဖို့ စာတန် ပိုပြင်းပြင်းထန်ထန် ကြိုးစားတယ်။ ယောဘရဲ့ အရိုးနဲ့အသားကို ထိခိုက်မယ်ဆိုရင် ဘုရားကို သူကျိန်းသေ ကျိန်ဆဲလိမ့်မယ်လို့ စာတန် ပြောလာတယ်။ သစ္စာရှိသူယောဘကို စမ်းသပ်ဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ ယောဘရဲ့ “အသက်ကိုတော့ မထိနဲ့” လို့ ပြောတယ်။ ယေဟောဝါ ချမှတ်ပေးတဲ့ ကန့်သတ်ချက်ကို စာတန် မဖြစ်မနေ လက်ခံရတယ်။ ယောဘရဲ့အသက်ကို ထိခိုက်အောင် စာတန် လုပ်ခွင့်မရှိဘူး။ ယေဟောဝါ ခွင့်ပြုထားတဲ့ ကန့်သတ်ချက်ဘောင်အတွင်းမှာဘဲ စာတန် လုပ်ခွင့်ရတာက ယေဟောဝါဟာ အမြင့်ဆုံးအရှင် ဖြစ်ကြောင်း သက်သေထူတယ်။

ယေဟောဝါက ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေး

၁၁။ ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးပြီးနောက် ယေဟောဝါ ဘာကောင်းချီးတွေ ပေးသလဲ။ (ယောဘ ၄၂:၁၀-၁၃)

၁၁ ယောဘ ၄၂:၁၀-၁၃ ကို ဖတ်ပါ။ ယောဘ သစ္စာဖောက်မှာ မဟုတ်ကြောင်း သေချာနေပြီဖြစ်လို့ ယေဟောဝါက စာတန်ကို ဆက်ပြီး စမ်းသပ်ခွင့် မပြုတော့ဘူး။ ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖယ်ရှားပေးလိုက်တယ်။ အခုတစ်ခါလည်း ယောဘကို ယေဟောဝါ ကာကွယ်ပေးတာ၊ ကောင်းချီးပေးတာကို စာတန် တားဆီးနိုင်စွမ်း မရှိဘူး။

၁၂။ ယေဟောဝါရဲ့ စွမ်းအားတော် ကူညီပေးမှုအကြောင်း ဥပမာပေးပါ။

၁၂ ဒီနောက်ဆုံးကာလမှာ မိမိကျေးကျွန်တွေကို စွမ်းအားတော်သုံးပြီး ယေဟောဝါ ကူညီပေးတယ်။ ဥပမာ၊ ၁၉၄၅ ခုနှစ်မှာ နာဇီစစ်သားတွေက ယေဟောဝါသက်သေ အယောက် ၂၃၀ ကို သတ်ပစ်ဖို့ ရည်ရွယ်ချက်နဲ့ ချွေးတပ်စခန်းကနေ ခရီးရှည်နှင်ခိုင်းတယ်။ ဒါပေမဲ့ သူတို့အားလုံး အသက်ရှင်လွတ်မြောက်ခဲ့ကြတယ်။ အဲဒီအတွေ့အကြုံနဲ့ပတ်သက်ပြီး သူတို့ရဲ့ အဓိဋ္ဌာန်ပြုချက်မှာ ဒီလို ဖော်ပြထားတယ်– “ခက်ခဲရှည်လျားတဲ့ စမ်းသပ်ရာကာလတစ်ခု အဆုံးသတ်သွားပြီး မီးပြင်းဖိုကနေ ရုတ်တရက် ကယ်နုတ်ခံရသလိုမျိုး ကာကွယ်စောင့်ရှောက်ခံလိုက်ရသူတွေရဲ့ ကိုယ်ပေါ်မှာ မီးသင်းနံ့တောင် မရှိဘူး။ . . . သူတို့တွေဟာ ယေဟောဝါဆီက အစွမ်းခွန်အားနဲ့ ပြည့်ခဲ့ကြတယ်။ . . . ခြင်္သေ့တွင်းထဲရောက်နေတဲ့ အခြေအနေမျိုးကနေ လွတ်မြောက်လာပြီးနောက် ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုသွားမယ် ဆိုတာပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် အကြီးမြတ်ဆုံး ကောင်းချီးပါ။”—ဒံယေလ ၃:၂၇။ ၆:၂၂ နဲ့ နှိုင်းယှဉ်ပါ။

၁၃။ ဆင်းရဲဒုက္ခကြုံရချိန်မှာ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)

၁၃ ကျွန်တော်တို့လည်း ခြင်္သေ့တွင်းထဲ ပစ်ချခံရသလို အခြေအနေမျိုး ကြုံတွေ့ရနိုင်တယ်။ (၁ ပေ. ၅:၈-၁၀) တစ်ချိန်လုံး အခက်အခဲ ကြုံနေရလို့ အကြီးအကျယ် စိတ်ဓာတ်ကျနေနိုင်တယ်။ ဒီလိုဖြစ်နေရင် ယောဘအကြောင်း စဉ်းစားပါ။ ယေဟောဝါမှာ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးနိုင်တဲ့ တန်ခိုး ရှိတယ်။ အခု မဟုတ်ရင်တောင် ကမ္ဘာသစ်မှာ ဖယ်ရှားပေးမယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချပါ။ ဒီအစီအစဉ်စနစ် အဆုံးတိုင်မယ့်အချိန်ကို ယေဟောဝါ သတ်မှတ်ထားပြီးပါပြီ။ တစ်ရက်လေးတောင် ပိုခွင့်ပြုမှာ မဟုတ်ဘူး။

ရုပ်ပုံများ– ယေဟောဝါရဲ့ကျေးကျွန်တွေ နည်းအမျိုးမျိုးနဲ့ ဒုက္ခခံစားနေကြရ။ ၁။ ညီအစ်ကိုနှစ်ယောက် သင်္ချိုင်းအုတ်ဂူတစ်ခုရှေ့မှာ ရပ်နေကြ။ ဝမ်းနည်းနေတဲ့ သက်ကြီး ညီအစ်ကိုကို အသက်ငယ်တဲ့ ညီအစ်ကို နှစ်သိမ့်ပေးနေ။ ၂။ ဆေးရုံခုတင်ပေါ် က သမီးငယ်လေးကိုကြည့်ပြီး မိဘနှစ်ပါး ဝမ်းနည်းကြေကွဲနေ။ ၃။ ထောင်ကျနေတဲ့ ညီအစ်ကိုတစ်ယောက် နေပူကျဲကျဲမှာ မြေတူးနေတာကို လက်နက်ကိုင် အစောင့်စစ်သား စောင့်ကြည့်နေ။

ယောဘကိစ္စမှာလိုပဲ ယေဟောဝါက သစ္စာရှိကျေးကျွန်တွေရဲ့ ဆင်းရဲဒုက္ခကို အဆုံးတိုင်စေပါလိမ့်မယ် (စာပိုဒ် ၁၃ ကို ကြည့်ပါ)


မိမိအပေါ် သစ္စာစောင့်သိသူတွေကို ယေဟောဝါ ချစ်မြတ်နိုး

၁၄-၁၅။ သစ္စာရှိသူတွေကို ယေဟောဝါ ဘာလုပ်ပေးချင်သလဲ။ ဘာကြောင့်လဲ။ (ယောဘ ၁၄:၁၅) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ ယောဘ ၁၄:၁၅ ကို ဖတ်ပါ။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံစံအဖဟာ မိမိအပေါ် သစ္စာစောင့်သိသူတွေကို အထူး ချစ်မြတ်နိုးတယ်။ သူတို့ကို ယေဟောဝါ တန်ဖိုးထားလွန်းလို့ သူတို့သေဆုံးသွားရင်တောင် အသက်ပြန်ရှင်အောင် လုပ်ပေးမယ်။ သေခြင်းကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုတွေကို ဖယ်ရှားပေးပါလိမ့်မယ်။—ဟေရှာ. ၆၅:၁၇။

၁၅ စမ်းသပ်ခံရပြီးနောက် ယောဘဟာ စာတန့်စနစ်ဆိုးမှာ ဆက်အသက်ရှင်ရပေမဲ့ ယေဟောဝါက ယောဘရဲ့ အနာရောဂါကို ကုသပေးပြီး အရင်ကထက် ပိုများတဲ့ ကောင်းချီးတွေ ပေးခဲ့တယ်။ အနာဂတ်မှာ အဲဒါထက်ပိုကောင်းတဲ့ ကောင်းချီးတွေကို ယောဘ ခံစားရဦးမယ်။ သစ္စာရှိသူတွေကို ပျော်ရွှင်သာယာတဲ့ဘဝ ပိုင်ဆိုင်စေချင်ကြောင်း ယေဟောဝါ ဖော်ပြခဲ့တာပါ။ တကယ်တော့၊ ယေဟောဝါက မိမိအပေါ် သစ္စာရှိသူ ယောက်တိုင်းကို သာယာလှပတဲ့ ပရဒိသု ကမ္ဘာ့စံအိမ်မှာ စုံလင်တဲ့အသက် ပေးမှာဖြစ်မယ်။ (ဗျာ. ၂၁:၃၊ ၄) ယေဟောဝါဟာ စကြဝဠာ အချုပ်အခြာ အာဏာပိုင်ရှင်ဖြစ်လို့ အလိုရှိရာမှန်သမျှ လုပ်ဆောင်နိုင်စွမ်းရှိတယ်။ ဘယ်သူမှ မတားဆီးနိုင်ဘူး။ ယေဟောဝါပေးမယ့် ကောင်းချီးတွေကို စဉ်းစားလိုက်တဲ့အခါ အခက်အခဲတွေကို ခံရပ်ဖို့ ကျွန်တော်တို့ ခွန်အားရှိလာတယ်။

ကျန်းကျန်းမာမာရှိပြီး ဝတ်ကောင်းစားလှဝတ်ထားတဲ့ ယောဘတို့ ဇနီးမောင်နှံက အိမ်ကို လာလည်ပတ်တဲ့ မိတ်ဆွေတွေကို ဧည့်ခံစကားပြောနေ။

စမ်းသပ်ခံရပြီးနောက် ယောဘတို့ ဇနီးမောင်နှံ ယေဟောဝါရဲ့ကောင်းချီး အလျှံပယ် ခံစားရ (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)


၁၆။ အချုပ်အခြာ အာဏာပိုင်ရှင် ယေဟောဝါကို ယုံကြည်ကိုးစားဖို့ နောက်ထပ် ဘာအကြောင်းရင်း ရှိသလဲ။

၁၆ ယောဘဟာ အသက်ရှည်ရှည် နေရပြီးနောက် ကွယ်လွန်သွားတယ်။ ဒါပေမဲ့ အချုပ်အခြာ အာဏာပိုင်ရှင်၊ အနန္တတန်ခိုးရှင် ယေဟောဝါဆီမှာ အသက်ပြန်ရှင်စေနိုင်တဲ့ တန်ခိုးရှိတယ်။ (တရား. ၃၂:၃၉) ဒါကြောင့် မိမိချစ်ရသူတွေကို အသက်ပြန်ရှင်အောင် ယေဟောဝါ လုပ်ပေးတာကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ ဘုရားသတ်မှတ်ထားတဲ့အချိန်မှာ သူတို့တွေကို ရှင်ပြန်ထမြောက်ပေးမယ်။—ရော. ၈:၃၈၊ ၃၉။

ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားပါ

၁၇။ ယေဟောဝါရဲ့လူမျိုးကို လုံးလုံးပျက်စီးသွားအောင် စာတန် မလုပ်နိုင်ကြောင်း ဘယ်လိုသိရသလဲ။

၁၇ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားနိုင်တဲ့ အကြောင်းရင်းတွေကို ယောဘကျမ်းကနေ သိရတယ်။ ယေဟောဝါရဲ့လူမျိုးကို လုံးလုံးပျက်စီးသွားအောင်လုပ်ဖို့ စာတန်ကို ယေဟောဝါ ခွင့်မပြုတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ ဒီနေ့အချိန်မှာ၊ ယေဟောဝါကို အချုပ်အခြာ အာဏာပိုင်ရှင်အဖြစ် လက်ခံပြီး သစ္စာရှိရှိ ဝတ်ပြုနေကြသူ ကိုးသန်းနီးပါးရှိတယ်။ အာဏာကြီးမားတဲ့ အစိုးရတွေ၊ ဘာသာရေး ခေါင်းဆောင်တွေက ကျွန်တော်တို့ ယေဟောဝါကို ဝတ်မပြုနိုင်အောင်၊ သတင်းကောင်း မဟောပြောနိုင်အောင် ကြိုးစားပိတ်ပင်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ကျေးကျွန်တွေကို တိုက်ခိုက်ဖို့လုပ်တဲ့ လက်နက်တစ်ခုမှ မအောင်မြင်မှန်း အကြိမ်ကြိမ် တွေ့ခဲ့ရပြီ။ (ဟေရှာ. ၅၄:၁၇) ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားဖြစ်ကြောင်း၊ စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း လူတွေကို ကျွန်တော်တို့ ပြောပြကြတယ်။ ဒါကို ဘာကမှ မတားဆီးနိုင်ဘူး။ ကျွန်တော်တို့ အသက်သေဆုံးသွားရင်တောင် သစ္စာရှိသူအားလုံးကို ယေဟောဝါ ရှင်ပြန်ထမြောက် ပေးနိုင်လို့ပါ။—ဟော. ၁၃:၁၄။

၁၈။ အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဘာကြောင့် ရင်ဆိုင်နိုင်သလဲ။

၁၈ ယောဘရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို တွေးတောဆင်ခြင်တဲ့အခါ ယုံကြည်ခြင်း ခိုင်မာလာပြီး အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ရင်ဆိုင်လာနိုင်တယ်။ ကြီးစွာသောဒုက္ခအတွင်း စာတန်နဲ့ သူ့နောက်လိုက်တွေက ဘုရားလူမျိုးကို လွယ်လွယ်နဲ့ တိုက်ခိုက်နိုင်မယ်လို့ ထင်ကြမယ်။ ဒါပေမဲ့ ယောဘအတွက် မိမိတန်ခိုးကို ယေဟောဝါ အသုံးပြုခဲ့သလို ကျွန်တော်တို့အတွက်လည်း အသုံးပြုပါလိမ့်မယ်။ မိမိလူမျိုး လုံးလုံးပျက်စီးသွားတာမျိုး ခွင့်ပြုမှာမဟုတ်ဘူး။ ယေဟောဝါက စာတန်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခအားလုံးကို မကြာခင် အဆုံးတိုင်စေပါတော့မယ်။ မာရ်နတ်နဲ့ နတ်ဆိုးတွေဟာ တွင်းနက်ကြီးထဲမှာ အနှစ် ၁,၀၀၀ ချည်နှောင်ခံရမယ်။ (လု. ၈:၃၁။ ဗျာ. ၂၀:၁-၃) နောက်ဆုံးမှာ စာတန်နဲ့ သူ့နောက်လိုက်အားလုံး ဖျက်ဆီးခံရမယ်။ (ဗျာ. ၂၀:၁၀) ယေဟောဝါ ကြိုပြောထားတဲ့အတိုင်း စာတန်ရဲ့ခေါင်း အကြိတ်ခံရမယ်။ စာတန်ကို အပြီးအပိုင် ဖျက်ဆီးပစ်မယ်။ —က. ၃:၁၅။ ရော. ၁၆:၂၀။

၁၉။ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားသူတွေအတွက် ဘာကောင်းချီးတွေ စောင့်ကြိုနေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၉ စုံလင်တဲ့အသက်၊ ပျော်ရွှင်တဲ့ဘဝနဲ့ နေရမယ့် ကမ္ဘာသစ်ကို ကျွန်တော်တို့ မျှော်လင့်စောင့်စားနေကြပါတယ်။ စိတ်ကူးမိတာထက် အများကြီး ပိုကောင်းတဲ့အသက်တာ ဖြစ်ပါလိမ့်မယ်။ “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်” လို့ ယေဟောဝါ ကတိပြုထားတယ်။ (ဗျာ. ၂၁:၅) ဘာကို ဆိုလိုသလဲ။ လူသားတွေဟာ စာတန်နဲ့ နတ်ဆိုးတွေရဲ့ မကောင်းတဲ့ ဩဇာအောက်ကနေ လွတ်မြောက်ကြမယ်။ လွတ်လပ်မှု အစစ်အမှန် ပါပဲ။ စိုးရိမ်ပူပန်စရာတွေ မရှိတော့လို့ အိပ်ပျက်တဲ့ညတွေ ရှိတော့မှာ မဟုတ်ဘူး။ အာမဂေဒုန်ကို ကပ်ကျော်သူတွေဟာ အံ့ဖွယ်အမှု အများကြီး မြင်တွေ့ကြရမယ်။ မကျန်းမမာဖြစ်နေသူတွေ ကျန်းမာလာကြမယ်။ သေဆုံးသွားတဲ့ ချစ်ရသူတွေနဲ့ ပြန်ဆုံတွေ့ခွင့်ရမယ်။ ကမ္ဘာဦးကတည်းက ကောင်းကင်ဘုံစံဖခင် ရည်ရွယ်ထားတဲ့ အသက်တာမျိုးနဲ့ နေထိုင်ကြရမယ်။

ရှေ့ပုံတွေမှာပါတဲ့ ညီအစ်ကို/မတွေ မြေကြီးပရဒိသုမှာ ပျော်ရွှင်နေကြ။ သက်ကြီးညီအစ်ကိုက အခုလူငယ်အရွယ် ဖြစ်နေပြီး ဇနီးနဲ့အတူ လမ်းလျှောက်နေ။ မိဘနှစ်ပါးက ကျန်းမာရေး ကောင်းနေပြီဖြစ်တဲ့ သမီးငယ်နဲ့အတူ လမ်းလျှောက်နေကြ။ ထောင်ကျတဲ့ ညီအစ်ကိုက ခြင်္သေ့ပေါက်လေးနဲ့အတူ သစ်ပင်အောက်မှာထိုင်ပြီး ကျမ်းစာဖတ်နေ။

အခက်အခဲတွေကို ခံရပ်ခဲ့ကြတဲ့ သစ္စာရှိသူ အားလုံး ယေဟောဝါရဲ့ကောင်းချီး ကြွယ်ဝစွာ ခံစားကြရမယ် (စာပိုဒ် ၁၉ ကို ကြည့်ပါ)


၂၀။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၂၀ ဒီနောက်ဆုံးကာလမှာ စမ်းသပ်မှုတွေ ကြုံရနိုင်သေးတဲ့အတွက် သတ္တိရှိရှိ ရင်ဆိုင်ကြရအောင်။ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားပြီး ကိုယ်တော့်အုပ်စိုးမှုကို သစ္စာရှိရှိ နာခံကြရအောင်။ ကောင်းကင်ဘုံစံအဖ ယေဟောဝါကို ကျွန်တော်တို့ ချစ်မြတ်နိုးကြောင်း၊ စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း ဆက်တင်ပြကြရအောင်။ အချုပ်အခြာ အာဏာပိုင်ရှင် ယေဟောဝါဟာ သစ္စာရှိသူတွေကို ကောင်းချီးပေးချင်စိတ် ပြင်းပြတဲ့ဘုရားဖြစ်လို့ ကျွန်တော်တို့သာ သစ္စာရှိမယ်ဆိုရင် သိပ်ကောင်းတဲ့ အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ စောင့်မျှော်နိုင်ကြပါတယ်။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါဟာ အမြင့်ဆုံးအရှင် ဖြစ်ကြောင်း ယောဘကျမ်းကနေ ဘယ်လို သိရသလဲ။

  • ယေဟောဝါဟာ သစ္စာစောင့်သိတဲ့ ကျေးကျွန်တွေကို ကောင်းချီးပေးချင်စိတ် ပြင်းပြကြောင်း ယောဘကျမ်းကနေ ဘယ်လို သိရသလဲ။

  • အချုပ်အခြာ အာဏာပိုင်ရှင် ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားနိုင်ကြောင်း ယောဘကျမ်းကနေ ဘယ်လို သိရသလဲ။

သီချင်း ၁၅၃ ရဲစွမ်းသတ္တိ ပေးသနားပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ