ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါက ကျွန်တော့်ကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေး
ညီအစ်ကို ကမ်းပေးလိုက်တဲ့ စာရွက်လေးကို ကျွန်တော် ကြည့်လိုက်တော့ စာရွက်ပေါ်မှာ “ဒေးဗစ် စပလိန်း၊ ဧပြီ ၈၊ ၁၉၅၃– ‘ကမ္ဘာပျက်မယ့်နေ့အကြောင်း ကြွေးကြော်ခြင်း’” လို့ ရေးထားတယ်။ “ဒါ ဘာလဲ” လို့ ကျွန်တော် မေးလိုက်တော့ “သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှာ ညီအစ်ကို ဟောပြောချက် တာဝန်ကျတယ်” တဲ့။a “ဒီတာဝန်လုပ်မယ်လို့ ကျွန်တော် တစ်ခါမှ လျှောက်လွှာမတင်ဖူးဘူး” လို့ ပြန်ပြောလိုက်တယ်။
ဒီအကြောင်း ဆက်မပြောခင် ကျွန်တော့်အကြောင်း အစကနေ ပြောပါရစေ။ ဒုတိယကမ္ဘာစစ် ဖြစ်နေချိန်အတွင်း ကနေဒါနိုင်ငံ၊ ကယ်ဂေရီမြို့မှာ ကျွန်တော့်ကို မွေးတယ်။ ၁၉၄၉ ခုနှစ်လောက်မှာ ဒေါ်နယ် ဖရေဇာလို့ခေါ်တဲ့ လူငယ်ရှေ့ဆောင်ညီအစ်ကို ကျွန်တော်တို့ အိမ်တံခါးကို လာခေါက်တယ်။ ကျမ်းစာသင်အံမှုကို အမေ လက်ခံလိုက်တယ်။ ကျမ်းစာအမှန်တရားကို အမေ ချစ်မြတ်နိုးပေမဲ့ ကျန်းမာရေး ဆိုးဝါးနေလို့ အသင်းတော်အစည်းအဝေးတွေကို သိပ်မတက်နိုင်ဘူး။ ဒါတောင် ၁၉၅၀ ပြည့်နှစ်မှာ အမေ နှစ်ခြင်းခံတယ်။ ဝမ်းနည်းစရာကတော့ နောက်နှစ်နှစ်လောက်အကြာမှာ အမေဆုံးသွားတယ်။ အဖေက ယုံကြည်သူမဟုတ်ပေမဲ့ အမေ့ရဲ့ ဈာပနအစီအစဉ်ကို သက်သေခံတွေနဲ့လုပ်ဖို့ သဘောတူခဲ့တယ်။
ရက်အနည်းငယ်အကြာမှာ ဘိသိက်ခံ သက်ကြီးညီအစ်မ အဲလစ်က အသင်းတော် အစည်းအဝေးတက်ဖို့ ကျွန်တော့်ကို ခေါ်တယ်။ ကြားရက်အစည်းအဝေးကို အမေနဲ့ ကျွန်တော် လိုက်တက်ဖူးလို့ ကျွန်တော့်ကို သူသိနေတာ။ ဒါနဲ့ အဖေ့ကို ခွင့်တောင်းကြည့်တယ်။ အမေ့အသုဘမှာ ဟောပြောချက်ပေးတဲ့ ညီအစ်ကိုကို ကျေးဇူးတင်စကားပြောချင်လို့ ကျွန်တော်နဲ့အတူ “တစ်ခေါက်” လိုက်တက်ဖို့ အဖေ ဆုံးဖြတ်တယ်။ အဲဒီညအစည်းအဝေးက သီအိုကရက်တစ် ဓမ္မအမှုကျောင်းနဲ့ လုပ်ငန်းတော် အစည်းအဝေးပါ။ အစည်းအဝေးကို အဖေ တအားသဘောကျသွားတယ်။ ကြားရတဲ့ ဟောပြောချက်ကို အဖေ သိပ်ကြိုက်တယ်။ ဒါနဲ့ အပတ်တိုင်းတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တော့ တခြားအစည်းအဝေးတွေကိုလည်း စတက်လာတယ်။
အဲဒီအချိန်တုန်းက သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို ဦးဆောင်တဲ့သူက အစည်းအဝေးစတာနဲ့ကျောင်းအစီအစဉ်မှာ စာရင်းသွင်းထားသူတွေကို နာမည်စာရင်း ခေါ်တယ်။ ကိုယ့်နာမည်ကို ခေါ်ရင် “ရှိပါတယ်” လို့ ပြန်ဖြေရတယ်။ တစ်ညမှာတော့ နောက်အစည်းအဝေးမှာ ကျွန်တော့်နာမည် ခေါ်ပေးဖို့ ပြောလိုက်တယ်။ ညီအစ်ကိုက ကျွန်တော့်ကို ချီးမွမ်းတယ်။ အကြောင်းရင်းကိုတော့ မရှင်းပြခဲ့ဘူး။
နာမည်စာရင်းသွင်းလိုက်ရင် ကျောင်းသားတာဝန်တွေ ကျတော့မယ်ဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော့်နာမည် အခေါ်ခံရဖို့ပဲ စိတ်ထဲရှိနေတာ။ နောက်အပတ်အစည်းအဝေးမှာ ကျွန်တော့်နာမည်ခေါ်တော့ “ရှိပါတယ်” လို့ ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်တယ်။ အစည်းအဝေးလည်း ပြီးရော ညီအစ်ကို/မတွေ ကျွန်တော့်ဆီလာပြီး ချီးမွမ်းကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ဆောင်းပါးအစမှာ ဖော်ပြခဲ့သလို ကျွန်တော် ဟောပြောချက်တာဝန် ရလာတယ်။
အခု၊ ကျွန်တော် အခက်တွေ့ပြီ။ အဲဒီအချိန်တုန်းက ဟောပြောချက်တာဝန်တွေဆိုရင် ခြောက်မိနစ်ကနေ ရှစ်မိနစ်လောက် ကြာတယ်။ အခုလို ကျမ်းစာဖတ်ရှုခြင်း တာဝန်မျိုး မရှိဘူး။ အဖေ ကူညီပေးလို့ တော်သေးတယ်။ အကြိမ် ၂၀ လောက် လေ့ကျင့်လိုက်ရတယ်။ ဟောပြောချက် ပေးပြီးနောက် သင်တန်းမှူးက သိပ်အထောက်အကူဖြစ်တဲ့ အကြံဉာဏ်တွေ ပေးတယ်။ အဲဒီအချိန်ကစပြီး နှစ်တွေတစ်လျှောက် ယေဟောဝါက အဖေ၊ ရင့်ကျက်တဲ့ ညီအစ်ကို/မတွေနဲ့ အဖွဲ့အစည်းကိုသုံးပြီး ကျွန်တော့်ကို အများကြီး လေ့ကျင့်ပေးခဲ့တယ်။
လေ့ကျင့်ပေးမှု မပြတ်ရရှိခဲ့
အစပိုင်းမှာဖော်ပြခဲ့တဲ့ ညီအစ်မ အဲလစ်က ကျွန်တော် အမှုဆောင်မှာ ဟောတတ်အောင် လေ့ကျင့်ပေးတယ်။ အဲဒီတုန်းက အမှုဆောင်ထွက်ရင် အိမ်ရှင်ကို ကျမ်းချက် သုံးချက် ဖတ်ပြရတယ်။ ပြီးရင် စာအုပ်ကြီးတစ်အုပ် ဝေငှရတယ်။ ကျွန်တော် ဟောရမယ့်အလှည့်ဆိုရင် အဲလစ်က အိမ်ရှင်ကို နှုတ်ဆက်ပြီး စကားစပြောတယ်။ ပြီးတော့ ကျွန်တော့်ကို ပထမကျမ်းချက် ဖတ်ပြခိုင်းတယ်။ ကျမ်းချက်ဖတ်ပြီးသွားရင်တော့ ကျွန်တော်ပဲ စကားဆက်ပြောရတယ်။ ဒုတိယ၊ တတိယ ကျမ်းချက်တွေဖတ်ပြီး စာပေ ဝေငှတယ်။ နောက်တော့ ကျွန်တော်ကိုယ်တိုင် စကားစမြည် စပြောတတ်လာတယ်။ ၁၉၅၄ ခုနှစ်မှာ အဖေ နှစ်ခြင်းခံလိုက်လို့ ကျွန်တော့်ကို အဖေ ဆက်လေ့ကျင့်ပေးတယ်။ အဖေဟာ ကြင်ဖော်မဲ့ မိဘဖြစ်နေပေမဲ့ ကျွန်တော် အမှန်တရားထဲမှာ ကြီးပြင်းလာအောင် အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ပေးတယ်။ အစည်းအဝေးတွေနဲ့ အမှုဆောင်လုပ်ငန်းကို အဖေ အမြဲ ဦးစားထားတယ်။ အစည်းအဝေးအချိန်ဆို အစည်းအဝေးမှာ ရှိနေတယ်။ စနေ၊ တနင်္ဂနွေဆို အမှုဆောင်မှာ ရောက်နေကြတယ်။
ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်မဟုတ်ခဲ့ပေမဲ့ ၁၂ နှစ်တာ ကျောင်းနေခဲ့လို့ ကျွန်တော့်ဘဝအတွက် အကျိုးရှိတဲ့ လေ့ကျင့်မှုတွေ ရခဲ့ပါတယ်။ ဥပမာ၊ အတွက်အချက်နဲ့ အင်္ဂလိပ်သဒ္ဒါကို သင်ယူတတ်မြောက်လာတယ်။ ကျောင်းမှာ သင်ယူခဲ့ရတဲ့ စာစီစာကုံးရေးနည်းတွေက အခုလက်ရှိတာဝန်ဖြစ်တဲ့ စာပေပြုစုရေးဌာနမှာ အမှုဆောင်နေတဲ့ ကျွန်တော့်ကို အများကြီး အထောက်အကူပြုတယ်။
ကျွန်တော် ဘာလို့ တေးဂီတကို မြတ်နိုးတာလဲလို့ ညီအစ်ကို/မတွေ မေးကြတယ်။ တကယ်တော့ မိဘနှစ်ပါးစလုံးက ဂီတဝါသနာအိုးတွေပါ။ ကျွန်တော် အသက် ခုနစ်နှစ်မှာ စန္ဒရားတီး သင်တယ်။ သင်ပေးတဲ့ ဆရာမက ကျွန်တော့်မှာ ဂီတပါရမီ မပါဘူးလို့ ယူဆတယ်။ ဒါနဲ့ ကျွန်တော့်ကို ဆက်မသင်ဖို့ အဖေ့ကို ပြောတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် သိပ်စိတ်မပါဘူး။
လအနည်းငယ်ကြာတော့ အဖေ နောက်ဆရာမတစ်ယောက်ကို တွေ့သွားတယ်။ အခုတစ်ခါတော့ စန္ဒရားတီးတာရော၊ အဆိုအပိုင်းကိုပါ ကျွန်တော် သင်ယူတယ်။ ကျွန်တော့်အသံက အမြင့်သံ ဆိုတာနဲ့ လိုက်ဖက်တယ်။ အဆိုပြိုင်ပွဲတွေမှာ ဆုတောင်ရခဲ့တာ။ ကျွန်တော့်ပန်းတိုင်က ဂီတဆရာဖြစ်လာဖို့ပါ။ ဒါမှ ရှေ့ဆောင်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်မှာ။ ဒါပေမဲ့ ဂီတဆရာဖြစ်ဖို့ဆိုရင် လေ့လာသင်ယူဖို့၊ လေ့ကျင့်ဖို့ အချိန်အများကြီးပေးရမယ်ဆိုတာ သတိထားမိလာတယ်။ ဒါနဲ့ ဆက်မသင်ယူတော့ဘဲ မှန်မှန်ရှေ့ဆောင်လုပ်ဖို့ လျှောက်လွှာတင်လိုက်တယ်။ အဲဒါကတော့ ၁၉၆၃ ခုနှစ်ပါ။
ပျော်ရွှင်ခဲ့ရတဲ့ ရှေ့ဆောင်ဘဝ
တစ်နှစ်လောက် ရှေ့ဆောင်လုပ်ပြီးနောက် အွန်တာရီယိုပြည်နယ်၊ ကပ်ပက်စကေစင်မြို့မှာ အထူးရှေ့ဆောင် တာဝန်ရတယ်။ ကျွန်တော့်ရဲ့ ရှေ့ဆောင်တွဲဖက်က ကျွန်တော့်ထက် အသက် နှစ်ဆကျော်ကြီးတဲ့ ညီအစ်ကို ဒန်နီယယ် စကင်နာပါ။ အသင်းတော် စီစဉ်ဖွဲ့စည်းပုံအကြောင်း သူ ကျွန်တော့်ကို အများကြီး သင်ပေးတယ်။ အသက် ၂၀ အရွယ်မှာ အသင်းတော် လုပ်ငန်းတော်ကော်မတီမှာ အမှုဆောင်ရလို့ ကျွန်တော် အများကြီး သင်ယူရပြန်တယ်။ အခုအချိန်မှာလည်း လူငယ်ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ အဖွဲ့အစည်း အလေးပေးလုပ်ဆောင်နေတာ တွေ့ရလို့ ကျွန်တော် သိပ်ဝမ်းသာတယ်။ လူငယ်ညီအစ်ကိုတွေဟာ ကြိုးစားသင်ယူမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ယေဟောဝါအတွက် အသုံးဝင်သူတွေ ဖြစ်လာနိုင်တယ်။
ကပ်ပက်စကေစင်မြို့မှာ အမှုဆောင်ရတာ တစ်ခါတလေ သိပ်ခက်တယ်။ ဆောင်းရာသီမှာဆိုရင် အပူချိန်က အနုတ် ၄၄ ဒီဂရီဆဲလ်စီယပ်အထိ ကျသွားတတ်တယ်။ အများဆုံးပြန်တက်လာမှ အနုတ် ၃၃ ဒီဂရီအထိပဲရှိတယ်။ ညီအစ်ကို ဒန်နီယယ်နဲ့ ကျွန်တော် လမ်းလျှောက်ပြီး အမှုဆောင်သွားတာ များတယ်။ အဲဒီမှာ အမှုဆောင်ရင်းရခဲ့တဲ့ ကောင်းချီးတွေထဲက တစ်ခုကတော့ ကျွန်တော့်ရဲ့ ဘဝလက်တွဲဖော်ဖြစ်လာတဲ့ လင်းဒါနဲ့ ဆုံတွေ့ရတာပါ။
လင်းဒါဟာ ထက်သန်တဲ့ ကြေညာသူတစ်ယောက်ဖြစ်ပြီး ပြန်လည်ပတ်မှုတွေ အများကြီးရှိတယ်။ ရက်ရောတယ်၊ စိတ်ထားလှတယ်၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တယ်။ လင်းဒါရဲ့အမေ ဂိုလ်ဒီလည်း သစ္စာရှိ ညီအစ်မတစ်ယောက်ပဲ။ လင်းဒါရဲ့အဖေ အယ်လန်ကတော့ အစပိုင်းမှာ အမှန်တရားကို ဆန့်ကျင်ခဲ့တယ်။ အဖေဆန့်ကျင်တဲ့ကြားက လင်းဒါရဲ့ အမေဟာ လင်းဒါနဲ့ မောင်လေးနှစ်ယောက်ဖြစ်တဲ့ ဂျွန်၊ ဂေါ်ဒွန်ကိုခေါ်ပြီး အစည်းအဝေး ပုံမှန်တက်၊ အမှုဆောင် ပုံမှန်ထွက်တယ်။ နောက်ပိုင်းမှာ သားအမိ လေးယောက်စလုံး ရှေ့ဆောင်တွေ ဖြစ်လာတယ်။ နောက်တော့ လင်းဒါရဲ့ အဖေလည်း အမှန်တရားကို လက်ခံလာပြီး အသင်းတော်မှာ အားကိုးရတဲ့သူ ဖြစ်လာတယ်။
၁၉၆၅ ခုနှစ်၊ ကနေဒါဗေသလမှာ တစ်လကြာ ကျင်းပတဲ့ နိုင်ငံတော် ဓမ္မအမှုကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရလို့ လေ့ကျင့်မှု ထပ်ရပြန်တယ်။ ကျောင်းတက်နေတုန်း ဂိလဒ်သင်တန်းအတွက် လျှောက်လွှာဖြည့်ဖို့ ဖိတ်ခေါ်ခံရတယ်။ သာသနာပြုဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ခံစားရတဲ့အတွက် ဂိလဒ်သင်တန်းတက်ဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါပေမဲ့လည်း လျှောက်လွှာ တင်လိုက်တယ်။ ၄၂ ကြိမ်မြောက် သင်တန်းတက်ခွင့်ရတယ်။ ဂိလဒ်သင်တန်း ပို့ချသူတွေက ကျွန်တော်တို့ရဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီ ပုံမှန်စာပို့တယ်။ ပထမဆုံးရတဲ့စာမှာ သင်တန်းတက်နေစဉ်အတွင်း အဖွဲ့အစည်းအကြောင်း သင်ယူနိုင်တာအကုန် သင်ယူထားဖို့ အားပေးထားတယ်။ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ကျွန်တော့်အတွက် သိပ်ကောင်းတဲ့ အကြံပေးချက်ပါပဲ။
ဂိလဒ်ကနေ ကျွန်တော်သင်ယူရတာတစ်ခုက ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတိုက်တွေလိုမျိုး မီဒီယာတွေနဲ့ ပြောဆိုဆက်သွယ်နိုင်ပုံပါ။ ဒါကို သင်ယူရတာ ကျွန်တော် သိပ်သဘောကျတယ်။ နောက်ပိုင်း ကျွန်တော့်ကို ဘယ်လောက် အထောက်အကူပြုမယ်ဆိုတာ အဲဒီအချိန်တုန်းကတော့ မသိခဲ့ဘူး။ ရှင်းပြပါရစေ။
ဆီနီဂေါမှာ တာဝန်ကျ
ဂိလဒ်သင်တန်းဆင်းပြီးနောက် ညီအစ်ကို မိုက်ကယ် ဟိုးလ်နဲ့အတူ အာဖရိကတိုက်က ဆီနီဂေါနိုင်ငံမှာ တာဝန်ကျတယ်။ အဲဒီတုန်းက ဆီနီဂေါမှာ ကြေညာသူ ၁၀၀ လောက်ပဲ ရှိတယ်။
ဆီနီဂေါရောက်ပြီး တစ်နှစ်မပြည့်ခင် ဌာနခွဲရုံးမှာ တစ်ပတ်ကိုတစ်ရက် အလုပ်ဆင်းဖို့ ဖိတ်ခေါ်ခံရတယ်။ “ဌာနခွဲရုံး” လို့သာ ပြောတာ၊ တကယ်တမ်းက သာသနာပြုအိမ်မှာရှိတဲ့ ရုံးခန်းတစ်ခုပါ။ ရိုးရိုးရုံးခန်းလေးဆိုပေမဲ့ ဒီဌာနခွဲရုံးဟာ ဆီနီဂေါနိုင်ငံက ယေဟောဝါ အဖွဲ့အစည်းကို ကိုယ်စားပြုတယ်ဆိုပြီး ဌာနခွဲအမှုထမ်း ညီအစ်ကို အမန္နဝဲလ် ပတဲကီစ်က ကျွန်တော့်ကို အမြဲ သတိပေးတယ်။ တစ်ခါကဆိုရင် ညီအစ်ကို ပတဲကီစ်က သာသနာပြုတွေအတွက် အားပေးစာရေးဖို့ ဆုံးဖြတ်တယ်။ အဲဒီအချိန်တုန်းက စာရွက်တွေကို မိတ္တူကူးဖို့ မလွယ်ဘူး၊ ဈေးလည်းကြီးတယ်။ ဒါကြောင့် စာအစောင်တိုင်းကို လက်နှိပ်စက်နဲ့ ရိုက်ရတယ်။ ပြန်ဖျက်လို့မရတဲ့အတွက် မှားရိုက်မိရင် အစကနေ ပြန်ရိုက်ရလို့ မမှားအောင် သတိကြီးကြီး ထားရတယ်။
အဲဒီည ကျွန်တော်နေတဲ့ သာသနာပြုအိမ်ကို ပြန်ခါနီးမှာ ညီအစ်ကို ပတဲကီစ်က ကျွန်တော့်ကို စာအိတ်တစ်အိတ် လှမ်းပေးတယ်။ “ဒေးဗစ်၊ မင်းအတွက် ရုံးကပို့လိုက်တဲ့စာ” လို့ ပြောတယ်။ အိမ်ပြန်ရောက်ပြီး စာအိတ်ကို ဖွင့်ကြည့်လိုက်တော့ ကျွန်တော် ရိုက်ထားတဲ့စာ ဖြစ်နေတယ်။ ဒီကနေ ရလိုက်တဲ့ သင်ခန်းစာကတော့ ဒေသခံဌာနခွဲရုံးက အရွယ်အစား သေးသေးကြီးကြီး အဖွဲ့အစည်းရဲ့လုပ်ဆောင်မှုကို လေးစားရမယ် ဆိုတာပါပဲ။
၁၉၆၇ ခုနှစ်တုန်းက ဆီနီဂေါမှာ လုပ်ဖော်ဆောင်ဖက် သာသနာပြုတွေနဲ့အတူ
အသင်းတော်က ကြေညာသူ တော်တော်များများနဲ့ ကျွန်တော် ရင်းနှီးလာတယ်။ စနေနေ့ညနေပိုင်းတွေမှာ သူတို့နဲ့အတူ စုဆုံပေါင်းသင်းဖြစ်တယ်။ သိပ်ပျော်ခဲ့ရတဲ့ အချိန်တွေပါ။ သူတို့နဲ့ အခုအချိန်အထိ အဆက်အသွယ် ရှိသေးတယ်။ ဆီနီဂေါနိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်တဲ့ ပြင်သစ်စကားကို သင်ယူခဲ့လို့ ကမ္ဘာတစ်ဝန်းက ဌာနခွဲရုံးတွေကို လည်ပတ်ချိန်မှာ သိပ်အသုံးဝင်ခဲ့တယ်။
၁၉၆၈ ခုနှစ်မှာ လင်းဒါနဲ့ ကျွန်တော် စေ့စပ်လိုက်တယ်။ ဆီနီဂေါမှာ လင်းဒါနဲ့အတူ ရှေ့ဆောင်လုပ်နိုင်ဖို့ တော်တော်ကြာတဲ့အထိ အချိန်ပိုင်းအလုပ်ရှာခဲ့တယ်။ အလုပ်ရှင်တွေက နိုင်ငံခြားသားထက် နယ်ခံတွေကိုပဲ အလုပ်ပေးချင်ကြတယ်။ ဒါကြောင့် ကနေဒါကို ပြန်လာခဲ့ရတယ်။ အိမ်ထောင်ပြုပြီးနောက် ကွီဘက်ပြည်နယ် နယ်စပ်မြို့ငယ်လေးဖြစ်တဲ့ နယူး ဘရန့်ဇ်ဝင့်ခ်မြို့၊ အက်မွန်စတန်မှာ အထူးရှေ့ဆောင်တွေ ဖြစ်လာတယ်။
၁၉၆၉ ခုနှစ်၊ ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့
နယူး ဘရန့်ဇ်ဝင့်ခ်နဲ့ ကွီဘက်မှာ ရှေ့ဆောင်လုပ်ကြ
တာဝန်ကျတဲ့မြို့မှာ ကြေညာသူတစ်ယောက်မှ မရှိဘူး။ ကျမ်းစာသင်အံမှုလည်း သိပ်မရဘူး။ ကက်သလစ်ဘာသာက လူတွေရဲ့ ဘဝကဏ္ဍတိုင်းကို ထိန်းချုပ်ထားတယ်။ အိမ်တိုင်းလိုလိုမှာ ‘ယေဟောဝါသက်သေ မလာရ’ ဆိုတဲ့ ဆိုင်းဘုတ်တွေ တပ်ထားတယ်။ အဲဒီအချိန်တုန်းက အခုလိုမဟုတ်ဘူး။ ဆိုင်းဘုတ်တွေ တွေ့လည်း ကျွန်တော်တို့ကတော့ အိမ်တိုင်းကို သွားတာပဲ။ အပတ်တိုင်းလိုလို ကက်သလစ် အဖွဲ့တစ်ဖွဲ့က “ယေဟောဝါသက်သေတွေကို ရှာပြီး မောင်းထုတ်ကြစို့” လို့ ဒေသခံသတင်းစာမှာ ထည့်လေ့ရှိတယ်။ မောင်းထုတ်စရာသက်သေခံဆိုလို့ ဗစ်တာနဲ့ ဗယ်ဒါ နော်ဘာ့၊ ကျွန်တော်နဲ့ လင်းဒါ လေးယောက်ပဲရှိတာ။ ကျွန်တော်တို့ကို ပြောနေတယ်ဆိုတာ အသိသာကြီး။
ကျွန်တော်တို့ဆီ တိုက်နယ်ကြီးကြပ်မှူး ဦးဆုံး လာလည်ပတ်တာကို ဘယ်တော့မှ မမေ့ဘူး။ တစ်ပတ်တာကုန်သွားပြီးနောက် တိုက်နယ်ကြီးကြပ်မှူးက “ဒီမြို့မှာ ညီအစ်ကိုတို့ အာရုံစိုက်လုပ်ရမှာက ယေဟောဝါသက်သေတွေအပေါ် ဒေသခံတွေ အမြင်စောင်းနေတာကို ပပျောက်အောင်လုပ်ဖို့ပဲ” လို့ ပြောသွားတယ်။ သူပြောတဲ့အတိုင်း ပန်းတိုင်ထားလုပ်ကြတယ်။ တကယ်လည်း အလုပ်ဖြစ်ခဲ့တယ်။ ဒေသခံတွေဟာ ယေဟောဝါသက်သေတွေ နှိမ့်ချမှုရှိတာ၊ ဘာသာရေးခေါင်းဆောင်တွေ မောက်မာတာကို တဖြည်းဖြည်းနဲ့ သဲသဲကွဲကွဲ မြင်လာကြတယ်။ အခုဆိုရင် အဲဒီမှာ အသင်းတော်တစ်ခု ရှိနေပြီ။
အက်မွန်စတန် သီးခြားရပ်ကွက်မှာ တစ်နှစ်နီးပါး အမှုဆောင်ပြီးနောက် ကွီဘက်မြို့က အသင်းတော်ကြီးတစ်ခုမှာ ပြောင်းရွှေ့အမှုဆောင်ရတယ်။ ဧည့်ဝတ်ကျေပွန်တဲ့ ညီအစ်ကို/မတွေနဲ့ ခြောက်လလောက် အတူအမှုဆောင်ပြီးနောက် နယ်လှည့်လုပ်ငန်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။
ကွီဘက်ပြည်နယ်မှာ ၁၄ နှစ်လောက် တိုက်နယ်ပတ်ခဲ့တယ်။ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ အချိန်ကာလပါပဲ။ ကွီဘက်မှာ အမှုဆောင်လုပ်ငန်း သိပ်ကိုတိုးတက်တာ။ မိသားစုလိုက် နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတာကို အသင်းတော်တွေမှာ တွေ့ရတတ်တယ်။
သစ္စာရှိ ညီအစ်ကို၊ ညီအစ်မများ
ကနေဒါနိုင်ငံက ပြင်သစ်စကားပြော ညီအစ်ကို/မတွေဟာ သိပ်ချစ်တတ်ကြတယ်၊ ပွင့်လင်းတယ်၊ ပျော်ပျော်နေတတ်တယ်၊ တက်တက်ကြွကြွရှိတယ်။ ဒါပေမဲ့ မိသားစု ဆန့်ကျင်မှုတွေ ကြုံရတယ်။ မယုံကြည်သူမိဘတွေက လူငယ်လေးတွေကို “ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာသင်တာ ရပ်မလား၊ အိမ်ကနေ ဆင်းမလား” လို့ပြောတယ်။ ဒါတောင် သူတို့လေးတွေဟာ ယေဟောဝါအပေါ် သစ္စာရှိကြတယ်။ သူတို့အတွက် ယေဟောဝါ သိပ်ဂုဏ်ယူမှာ သေချာတယ်။
ကွီဘက်မှာ သစ္စာရှိရှိ အမှုဆောင်နေကြတဲ့ မှန်မှန်ရှေ့ဆောင်တွေ၊ အထူးရှေ့ဆောင်တွေအကြောင်းလည်း ပြောပြချင်တယ်။ တကယ်တော့ သူတို့အများစုဟာ ကနေဒါနိုင်ငံရဲ့ တခြားဒေသတွေကနေ လာအမှုဆောင်ကြသူတွေပါ။ ပြင်သစ်ဘာသာစကားကိုပဲ သူတို့ သင်ယူကြရတာမဟုတ်ဘူး။ ကက်သလစ် ကြီးစိုးမှုအောက်မှာ ကြီးပြင်းလာတဲ့ ဒေသခံတွေရဲ့ ယဉ်ကျေးမှု၊ စဉ်းစားတွေးခေါ်ပုံကိုပါ သင်ယူခဲ့ကြရတယ်။
အထူးရှေ့ဆောင်တွေဟာ ကြေညာသူတစ်ယောက်မှ မရှိတဲ့ သီးခြားရပ်ကွက်တွေမှာ တာဝန်ကျတာ များတယ်။ ဒေသခံတွေက သက်သေခံတွေကို အမြင်စောင်းနေလို့ ရှေ့ဆောင်တွေဟာ နေဖို့အိမ်ရှာရတာ၊ အချိန်ပိုင်းအလုပ်ရှာရတာ မလွယ်ဘူး။ အိမ်ငှားလို့မရတဲ့အတွက် အိမ်ထောင်ကျခါစ မောင်နှံတွေတောင် ရှေ့ဆောင်ရှစ်ယောက်အထိရှိတဲ့ အိမ်မှာ အတူနေကြရတယ်။ ဒီသစ္စာရှိ ရှေ့ဆောင်တွေဟာ သိပ်အလုပ်ကြိုးစားကြတယ်။ ကျမ်းစာသင်အံမှုတစ်ခု ရပြီဆိုတာနဲ့ တတ်နိုင်သမျှ ကိုယ်ဖိရင်ဖိ ကူညီပေးကြတယ်။ အခုဆိုရင် ကွီဘက်မှာ တခြားဒေသက ရှေ့ဆောင်တွေရဲ့ အကူအညီ မလိုတော့ဘူး။ ကွီဘက်က ရှေ့ဆောင်တွေဟာ အကူအညီလိုတဲ့ ဒေသတွေကို သွားပြီးတော့တောင် အမှုဆောင်နေကြပါပြီ။
ကျွန်တော်တို့ တိုက်နယ်ပတ်တဲ့ အသင်းတော်တွေမှာ စနေနေ့ မနက်ပိုင်းဆိုရင် ဆယ်ကျော်သက်တွေနဲ့ အတူတွဲအမှုဆောင်တယ်။ ဒီလိုနဲ့ သူတို့လေးတွေ ကြုံနေရတဲ့ အခက်အခဲတွေကို သိလာတယ်။ အတူအမှုဆောင်ခဲ့တဲ့ ဆယ်ကျော်သက်တချို့ဟာ အခုဆိုရင် နိုင်ငံရပ်ခြားမှာ သာသနာပြုတွေဖြစ်နေကြပြီ၊ တခြားတာဝန်ကြီးတွေ ထမ်းဆောင်နေကြပြီ။
တိုက်နယ်ပတ်တုန်းက အသင်းတော်တချို့ဟာ တိုက်နယ်တွေအတွက် ခရီးစရိတ် မပေးနိုင်ကြဘူး။ ဒါကြောင့် လကုန်ပိုင်းဆိုရင် ကျွန်တော်တို့ ငွေပြတ်သွားတတ်တယ်။ အဲဒီလို အချိန်တွေမှာလည်း ကျွန်တော်တို့ရဲ့ အခြေအနေကို အပြည့်အဝသိတဲ့ ယေဟောဝါကိုပဲ လုံးလုံး အားကိုးရတယ်။ ယေဟောဝါဘုရားက ကျွန်တော်တို့ကို တစ်ခါမှ ပစ်မထားဘူး။ တစ်နည်းနည်းနဲ့တော့ နောက်အသင်းတော်ကို ရောက်သွားပါတယ်။
သစ္စာရှိသူတွေဆီကရတဲ့ သင်ခန်းစာများ
အစပိုင်းမှာ ဖော်ပြခဲ့သလို မီဒီယာတွေနဲ့ ပြောဆိုဆက်ဆံပုံအကြောင်း ဂိလဒ်တက်တုန်းက သင်ယူခဲ့တာကို ကွီဘက်မှာ လက်တွေ့ အသုံးချရတယ်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတွေကနေ သက်သေခံခွင့် အကြိမ်ကြိမ် ရခဲ့လို့ပါ။ ညီအစ်ကို လီယွန် ကရာပိုနဲ့အတူ တွဲလုပ်ခဲ့ရတာ များတယ်။ လီယွန်လည်း နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်ဖြစ်ပြီး မီဒီယာတွေနဲ့ ဆက်ဆံတာ သိပ်တော်တယ်။ သတင်းဌာနတစ်ခုက အရာရှိနဲ့ သွားတွေ့တဲ့အခါ လီယွန်က ကိုယ်ဘယ်လောက်သိ၊ ဘယ်လောက်တတ်တယ်ဆိုတာ ပြမယ့်အစား “ဆရာ၊ ကျွန်တော်တို့ နှစ်ယောက်က ဓမ္မအမှုဆောင်တွေပါ။ ရုပ်မြင်သံကြား၊ ရေဒီယိုကနေ ဘယ်လို ထုတ်လွှင့်ရမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အဖွဲ့အစည်းက ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီး ကျင်းပမယ့်အကြောင်း လူထုကို အသိပေးဖို့ ကျွန်တော်တို့ကို တာဝန်ပေးတယ်။ ကျေးဇူးပြု၍ ကူညီပေးပါခင်ဗျာ” လို့ ပြောတတ်တယ်။ ဒီလိုအောက်ကျို့ပြီး ပြောတဲ့အတွက် သတင်းဌာနတွေ ကျွန်တော်တို့ကို ကူညီပေးတာ များတယ်။
နောက်တော့ မီဒီယာတွေ အာရုံစိုက်နေတဲ့၊ ထိလွယ်ရှလွယ်တဲ့ ကိစ္စတစ်ခုကို ကိုင်တွယ်ဖို့ ဌာနခွဲရုံးက ကျွန်တော်နဲ့ သက်သေခံ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ညီအစ်ကို ဂလန်းဟောင်းကို တာဝန်ပေးတယ်။ ဂိလဒ်မှာ သင်ယူခဲ့ရာတွေ၊ လီယွန်နဲ့အတူ တွဲလုပ်တုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။ ညီအစ်ကို ဂလန်းဟောင်းဟာ အဖွဲ့အစည်းကို ဥပဒေအရ ခုခံကာကွယ်တဲ့နေရာမှာ အကြောက်အလန့် မရှိသူ၊ ယေဟောဝါကို ချစ်တဲ့သူ တစ်ယောက်ပါ။ သူနဲ့အတူ တွဲလုပ်ခွင့်ရတာ တကယ့်အခွင့်ထူးပဲ။
၁၉၈၅ ခုနှစ်မှာ ကနေဒါ အနောက်ပိုင်းမှာ တိုက်နယ်ပတ်ဖို့ တာဝန်ရတယ်။ အဖေ့အိမ်နဲ့ နီးသွားလို့ အဖေ့ကိုလည်း ဂရုစိုက်ပေးနိုင်ခဲ့တယ်။ သုံးလအကြာမှာ အဖေ ဆုံးသွားတယ်။ ကနေဒါ အနောက်ပိုင်းမှာ ၁၉၈၉ ခုနှစ်အထိ တိုက်နယ်ဆက်ပတ်ခဲ့တယ်။ အဲဒီနှစ်မှာ မမျှော်လင့်ဘဲ အမေရိကန် ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်စာရတယ်။ ၁၉ နှစ်ကြာ အမှုဆောင်ခဲ့တဲ့ တိုက်နယ်အလုပ်ကို ထားခဲ့လိုက်ရတယ်။ တိုက်နယ်ပတ်ခဲ့ရတဲ့ ၁၉ နှစ်ကြာ ကာလအတွင်း ကျွန်တော်နဲ့ လင်းဒါဟာ ညီအစ်ကို/မတွေရဲ့အိမ် ရာနဲ့ချီမှာ တည်းခဲ့တယ်။ အကြိမ်ပေါင်းသောင်းနဲ့ချီပြီး ညီအစ်ကို/မတွေနဲ့အတူ စားသောက်ခဲ့ကြတယ်။ ကျွန်တော်တို့ကို အိမ်မှာ တည်းခိုခွင့် ပေးခဲ့ကြသူတွေ၊ အတူစားဖို့ ဖိတ်ခေါ်ခဲ့ကြသူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
အမေရိကန် ဗေသလမှာ အမှုဆောင်ခြင်း
ဘရွတ်ကလင်ကို ရောက်တော့ လုပ်ငန်းတော် ဌာနမှာ အမှုဆောင်ရတယ်။ အဲဒီကရတဲ့ လေ့ကျင့်ပေးမှုကို ကျွန်တော် အမြဲ လေးမြတ်တန်ဖိုးထားသွားမှာပါ။ ရခဲ့တဲ့သင်ခန်းစာ တစ်ခုကတော့ အသေးစိတ် အချက်အလက်ကိုမသိဘဲ ထင်ကြေးပေးတာမျိုး မလုပ်ရဘူး ဆိုတဲ့အချက်ပါပဲ။ ၁၉၉၈ ခုနှစ်ရောက်တော့ စာပေပြုစုရေးဌာနမှာ အမှုဆောင်ဖို့ တာဝန်ရတယ်။ အခုအချိန်အထိ စာပေပြုစုရေးဌာနမှာ အမှုဆောင်နေပြီး ဘယ်လိုစာရေးရမယ်ဆိုတာ သင်ယူနေဆဲပါ။ စာပေပြုစုရေးကော်မတီ ညှိနှိုင်းရေးမှူးဖြစ်တဲ့ ညီအစ်ကို ဂျွန်ဘားရ်နဲ့ အတူအမှုဆောင်ခွင့်ရခဲ့တဲ့ နှစ်တွေဟာ သိပ်တန်ဖိုးရှိတယ်။ ညီအစ်ကို ဂျွန်ဘားရ်ဟာ ခရစ်တော်ကို အပြည့်အဝ တုပသူတစ်ယောက်ပါ။ သူ့ဆီကရရှိတဲ့ လေ့ကျင့်ပေးမှုတွေ၊ သူနဲ့အတူ အမှုဆောင်ခဲ့တာတွေကို ကျွန်တော် တစ်သက်မမေ့ဘူး။
ဂျွန်နဲ့ မီလ်ဒရက် ဘားရ်တို့နဲ့အတူ
စာပေပြုစုရေးဌာနက စိတ်နှိမ့်ချတဲ့ ညီအစ်ကို/မတွေနဲ့အတူ အမှုဆောင်ရတာ ကောင်းချီးတစ်ခုပါပဲ။ ယေဟောဝါကို ဆုတောင်းအားကိုးပြီး သူတို့ရဲ့တာဝန်ကို လုပ်ဆောင်ကြတယ်။ ပြီးမြောက်အောင်မြင်မှုတွေ ရလာတဲ့အခါမှာလည်း ကိုယ့်ဂုဏ်ကိုယ် မဖော်ကြဘူး။ ယေဟောဝါရဲ့ စွမ်းအားတော် အကူအညီကြောင့်ရတာဆိုပြီး အသိအမှတ် ပြုကြတယ်။
၂၀၀၉ နှစ်ပတ်လည်အစည်းအဝေးမှာ ကင်းမျှော်စင် တေးသံအဖွဲ့ကို ဦးဆောင်ပေးနေ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးမှာ ညီအစ်ကို/မတွေကို ကျမ်းစာအုပ်တွေ ကမ်းပေးနေ
ကျွန်တော်နဲ့ လင်းဒါဟာ နိုင်ငံ ၁၁၀ မှာရှိတဲ့ သစ္စာရှိညီအစ်ကို/မတွေဆီ လည်ပတ်ခွင့်ရခဲ့တယ်။ သာသနာပြုတွေ၊ ဌာနခွဲကော်မတီဝင်တွေ၊ အချိန်ပြည့်အမှုဆောင်တွေ ယေဟောဝါကို ဘယ်လောက်ချစ်သလဲဆိုတာ မြင်တွေ့ခဲ့ရတယ်။ စစ်ပွဲတွေ၊ စီးပွားရေးအခက်အခဲ၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြားမှာ ဘုရားနိုင်ငံတော်ကို ဦးစားထားနေကြတဲ့ ဒေသခံကြေညာသူတွေရဲ့ စိတ်ထက်သန်မှု၊ သစ္စာတည်ကြည်မှုတွေကို တွေ့ရတာ ကောင်းချီးတစ်ခုပါ။ ယေဟောဝါ သူတို့ကို သိပ်ချစ်မှာ သေချာတယ်။
နှစ်တွေတစ်လျှောက် ကျွန်တော်ရတဲ့ တာဝန်တွေကို ကျေကျေပွန်ပွန် ဆောင်ရွက်နိုင်အောင် လင်းဒါ အများကြီး ထောက်မပေးတယ်။ လင်းဒါက ညီအစ်ကို/မတွေကို ချစ်တယ်၊ သူတို့ကို ဘယ်လို ကူညီရမလဲဆိုတာ အမြဲရှာကြံနေတတ်တယ်။ စကားစမြည် စပြောတဲ့နေရာမှာ သိပ်ကျွမ်းကျင်တယ်။ လူတော်တော်များများကို အမှန်တရား သိလာအောင်၊ မလှုပ်မရှား ဖြစ်သွားတဲ့သူတချို့ အမှန်တရားထဲ ပြန်လှည့်လာနိုင်အောင် လင်းဒါ ကူညီပေးတယ်။ လင်းဒါဟာ ကျွန်တော့်အတွက်တော့ ယေဟောဝါပေးတဲ့ လက်ဆောင်မွန်ပါပဲ။ ကျွန်တော်တို့တွေ တဖြည်းဖြည်း အသက်ရလာကြပြီ။ အကူအညီ လိုတဲ့အခါ၊ ခရီးသွားလာတဲ့အခါ ကျွန်တော်တို့ကို ကူညီစောင့်ရှောက်ပေးတဲ့ လူငယ် ညီအစ်ကို/မတွေကို သိပ်ကျေးဇူးတင်တယ်။—မာ. ၁၀:၂၉၊ ၃၀။
လွန်ခဲ့တဲ့ အနှစ် ၈၀ ကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါ ကျွန်တော့်မှာ ကျေးဇူးတင်စရာတွေ အပြည့်ပါပဲ။ ဆာလံ ၇၁:၁၇ မှာပါတဲ့စကားတွေကို ကျွန်တော် အပြည့်အဝ သဘောတူတယ်။ ကျွန်တော် သက်ရှိထင်ရှားရှိနေသ၍ ဒီအတိုင်း လုပ်ဆောင်သွားမှာပါ– “အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော့်ကို ငယ်ငယ်ကတည်းက သွန်သင်ပေးတယ်။ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း အခုထိ ကျွန်တော် ပြောနေတုန်းပါပဲ။”
a သီအိုကရက်တစ် ဓမ္မအမှုကျောင်းဟာ ဒီနေ့အချိန်မှာ ကြားရက်အစည်းအဝေးရဲ့အပိုင်းတစ်ခု ဖြစ်ပါတယ်။