“သားသမီးတွေဟာ ယေဟောဝါပေးတဲ့ အမွေပဲ”
“အမွေ” လို့ ပြောလိုက်တာနဲ့ ဘာစဉ်းစားမိသလဲ။ ငွေကြေး၊ အိမ် ဒါမှမဟုတ် ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာတဲ့ အဖိုးတန်ပစ္စည်းတစ်ခုခုကို စဉ်းစားမိနိုင်တယ်။ ဘယ်လိုအမွေမျိုးပဲ ဖြစ်ပါစေ ကျွန်တော်တို့ တန်ဖိုးထားကြမှာ သေချာတယ်။
သားသမီးတွေကို “ယေဟောဝါပေးတဲ့ အမွေ” လို့ ကျမ်းစာဆိုတယ်။ (ဆာ. ၁၂၇:၃) ယေဟောဝါကို ချစ်တဲ့ ခရစ်ယာန်မိဘတွေဟာ ဒီအဖိုးတန် အမွေကို တန်ဖိုးထားကြတယ်။ ဒါကြောင့် သားသမီးလေးတွေကို ဘုရားရေးရာပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာပိုင်း ကျန်းမာနေအောင် မိဘတွေ အကောင်းဆုံး ကြိုးစားကြတယ်။
ဝမ်းနည်းစရာက ကိုယ့်သားသမီးကို ဘုရားဆီကရတဲ့ လက်ဆောင်လို့ သဘောမထားတဲ့ မိဘတွေရှိတယ်။ (ဟေရှာ. ၄၉:၁၅။ ၂ တိ. ၃:၁-၃) တချို့မိဘတွေကျပြန်တော့လည်း သားသမီးတွေကို တကယ်ဂရုစိုက်ချင်ပေမဲ့ အခြေအနေ အမျိုးမျိုးကြောင့် အခက်တွေ့နေကြတယ်။ သားသမီးတွေကို ပြုစုဖို့ မိဘတွေ ဘယ်လိုအခက်အခဲ ကြုံရနိုင်သလဲ။ မိဘတွေကို ယေဟောဝါ ဘာတောင်းဆိုထားသလဲ။ သားသမီးတွေကို မိဘတွေ ဘယ်လို အောင်အောင်မြင်မြင် ပျိုးထောင်နိုင်သလဲ။
အခက်အခဲများ
မိသားစုနဲ့ တခြားသူတွေရဲ့ ဖိအား။ ကမ္ဘာ့ဒေသတချို့မှာ သားသမီး အများကြီးရှိတဲ့ မိဘကို လူတွေ လေးစားကြတယ်။ ဒါကြောင့် မောင်နှံစုံတွေဟာ ကိုယ်ထောက်ပံ့နိုင်တာထက်ပိုပြီး သားသမီး အများကြီး ယူဖို့ မိသားစုနဲ့ အိမ်နီးချင်းတွေ ဖိအားပေးတာခံရတယ်။
ရှေ့ရေးအတွက် စိုးရိမ်စိတ်။ ဒေသတချို့မှာ အစာရေစာ ရှားပါးတာ၊ ရောဂါဖြစ်တာ၊ ဆေးဝါးအထောက်အပံ့ နည်းတာတွေကြောင့် မိဘတွေက သားသမီးတစ်ယောက်ယောက်တော့ အသက်ရှင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးအများကြီး ယူကြတယ်။ နိုင်ငံတချို့က မိဘတွေကျပြန်တော့လည်း အစိုးရရဲ့ ထောက်ပံ့မှုမရလို့ အသက်ကြီးလာရင် အထောက်အပံ့ရဖို့ ရည်ရွယ်ချက်နဲ့ ကလေးအများကြီး ယူကြတယ်။
သန္ဓေတားဖို့၊ သားဆက်ခြားဖို့ အခက်အခဲ။ ဒေသတချို့က အိမ်ထောင်သည် မောင်နှံတွေဟာ သန္ဓေတားဖို့၊ သားဆက်ခြားဖို့ အခက်အခဲရှိကြတယ်။ တချို့သူတွေကျပြန်တော့ အရည်အသွေး မပြည့်မီတဲ့ သန္ဓေတားဆေးတွေကြောင့် ဘေးထွက်ဆိုးကျိုးတွေ ခံစားရမှာကို စိုးရိမ်ကြတယ်။ သားဆက်ခြားနည်းလမ်းတွေ၊ တားဆေးတွေ သိပ်ဈေးကြီးတဲ့အတွက် မတတ်နိုင်ကြသူတွေလည်း ရှိတယ်။a
မိဘတွေဆီက ယေဟောဝါ တောင်းဆိုရာ
သားသမီးတစ်ယောက်ချင်းစီကို အချိန်ပေးပါ
သားသမီးတွေရဲ့ လိုအပ်ရာကို ထောက်ပံ့ပေးပါ။ ကိုယ့်သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မိဘတွေကို ယေဟောဝါ တာဝန်ပေးထားတယ်။ သားသမီးတွေ အရွယ်ရောက်တဲ့အထိ သူတို့လေးတွေရဲ့ စားဝတ်နေရေး၊ ပညာရေးအတွက် ထောက်ပံ့ပေးစေချင်တယ်။ အိမ်နဲ့ဝေးရာကို လွှတ်ပြီး ပညာသင်ခိုင်းတာမျိုးကို မဆိုလိုပါဘူး။ သားသမီးတွေ အရွယ်ရောက်လာတဲ့အထိ မိဘတွေနဲ့ အတူနေနိုင်အောင် စီစဉ်တာမျိုး၊ အသက်မွေးဝမ်းကျောင်းနိုင်တဲ့ အသိပညာ၊ အတတ်ပညာတွေ သင်ပေးတာမျိုးကို ဆိုလိုတယ်။ သားသမီးတွေကို မေတ္တာနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့လည်း လိုတယ်။ ယေဟောဝါဟာ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ ဘုရားဖြစ်တဲ့အတွက် မိဘတွေကို ချမ်းသာကြွယ်ဝဖို့ မမျှော်လင့်ဘူး။ မိမိရဲ့အချစ်ဆုံးသားကို ပြုစုပျိုးထောင်ပေးမယ့် မိဘတွေကို ရွေးချယ်တဲ့အခါ ချမ်းသာတဲ့သူတွေကို မရွေးချယ်ခဲ့ဘူး။ အလုပ်ကြိုးစားတဲ့သူတွေကို ရွေးချယ်ခဲ့တယ်။—မ. ၁၃:၅၅၊ ၅၆။ လု. ၂:၂၄။
ကျမ်းစာမူ– “ကိုယ်ကြည့်ရှုစောင့်ရှောက်ရမယ့်သူတွေကို၊ အထူးသဖြင့် ကိုယ့်မိသားစုဝင်တွေကို မထောက်ပံ့ဘူးဆိုရင် အဲဒီလူဟာ ယုံကြည်ခြင်းတရားကို ငြင်းပယ်တဲ့သူပဲ၊ မယုံကြည်သူထက်တောင် ဆိုးရွားတယ်။”—၁ တိ. ၅:၈။
မိဘတွေ အသက်အရွယ် အိုမင်းလာတဲ့အခါ အကူအညီ လိုတယ်ဆိုတာ ယေဟောဝါ သိတယ်။ မိဘကို ရိုသေကြောင်း သားသမီးတွေ တင်ပြနိုင်တဲ့ နည်းတစ်နည်းက မိအိုဖအိုတွေလိုအပ်တဲ့ အကူအညီ ပေးခြင်းပါပဲ။ (ထွ. ၂၀:၁၂။ ၁ တိ. ၅:၄) ဒါပေမဲ့ အသက်ကြီးလာတဲ့အခါ ကိုယ့်ကို ပြုစုစောင့်ရှောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့မဟုတ်ဘဲ သားသမီးတွေကို ပြုစုပျိုးထောင်ပေးနေကြတဲ့ မိဘတွေကို ယေဟောဝါ သိပ်ချစ်မြတ်နိုးပါတယ်။—၂ ကော. ၁၂:၁၄။
သားသမီးတွေကို ယေဟောဝါအကြောင်း သွန်သင်ပေးပါ။ ခရစ်ယာန်မိဘတွေဟာ သားသမီးတွေ ယေဟောဝါကို ချစ်ပြီး ဝတ်ပြုကိုးကွယ်လာဖို့ လေ့ကျင့်ပေးရမယ့် တာဝန်လည်း ရှိတယ်။ မိဘတွေ သားသမီးတွေကို သွန်သင်ပေးရတဲ့ တာဝန်တွေထဲမှာ ဒီတာဝန်ဟာ အရေးအကြီးဆုံးပါပဲ။—တရား. ၆:၆၊ ၇။
ကျမ်းစာမူ– “ယေဟောဝါ မိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။”—ဧ. ၆:၄။
မိဘတွေကို ယေဟောဝါ ကူညီပေးချင်
ကလေးဘယ်နှယောက်ယူမယ်ဆိုတာကို ကြိုတင် ဆွေးနွေးပါ
ကြိုတင်စီစဉ်ထားပါ။ သားသမီးယူဖို့ စဉ်းစားနေတယ်ဆိုရင် ကိုယ့်အခြေအနေကို သေသေချာချာ စဉ်းစားသုံးသပ်ပါ။ ဥပမာ၊ သားသမီး အများကြီး ယူမယ်ဆိုရင် သူတို့ကို ကျွေးမွေးစောင့်ရှောက်နိုင်ရဲ့လား၊ ပညာသင်ပေးနိုင်ရဲ့လားဆိုတာ စဉ်းစားပါ။ မတတ်နိုင်ဘူးဆိုရင် သားသမီး ဘယ်နှယောက်ပဲ ယူမယ်ဆိုတာ အိမ်ထောင်ဖက်နဲ့ တိုင်ပင်ပြီး အသေအချာ ဆုံးဖြတ်ပါ။ ဒီလိုလုပ်မှသာ ယေဟောဝါတောင်းဆိုထားတဲ့အတိုင်း သားသမီးတွေကို ပြုစုပျိုးထောင်နိုင်မယ်။ စီစဉ်ထားတဲ့အတိုင်း အမြဲတော့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း ယေဟောဝါ သိတယ်။ (ဒေ. ၉:၁၁) ဒါပေမဲ့ မိဘကောင်းဖြစ်ဖို့ သင့်ရဲ့ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။
ကျမ်းစာမူ– “ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။ အလျင်စလိုလုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်။”—ပညာ. ၂၁:၅။
“ခင်ဗျားတို့ထဲက တစ်ယောက်ဟာ မျှော်စင်ဆောက်မယ်ဆိုရင် ပြီးအောင်ဆောက်ဖို့ ငွေလောက်၊ မလောက် အရင်ဆုံးထိုင်ပြီး ကုန်ကျစရိတ်ကို တွက်ချက်မယ်မဟုတ်လား။”—လု. ၁၄:၂၈။
မိသားစုမှာ ယေဟောဝါကို ဦးစားထားပါ။ သင့်မှာ သားသမီးရှိနှင့်ပြီးသားဆိုရင် သားသမီးယောက်တိုင်း ယေဟောဝါကို ချစ်လာအောင် အချိန်ယူ သွန်သင်ပေးပါ။ အသင်းတော် အစည်းအဝေးတွေမှာ အာရုံစိုက်နားထောင်နိုင်အောင်၊ သင်ယူနိုင်အောင် ကူညီပေးပါ။ အပတ်တိုင်း မိသားစုဝတ်ပြုမှု လုပ်ပါ။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တတ်အောင် သားသမီးတွေကို လေ့ကျင့်ပေးပါ။ သားကြီး၊ သမီးကြီး ဒါမှမဟုတ် တခြားဆွေမျိုးတွေကို မိဘတာဝန် ယူခိုင်းတာမျိုး မဖြစ်ပါစေနဲ့။ ယေဟောဝါကို ချစ်တဲ့ သားသမီးတွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ဆိုတာ အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုအပ်တာမှန်ပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။
ကျမ်းစာမူ– “ကျွန်တော့်ရဲ့ သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကြားသိရတာထက် ပိုဝမ်းသာစရာကောင်းတဲ့သတင်း မရှိတော့ပါဘူး။”—၃ ယော. ၄။b
ယေဟောဝါကို ယုံကြည်ကိုးစားပါ။ သင်ဟာ မိသားစုဘဝ ထူထောင်ဖို့ စဉ်းစားနေသူ ဒါမှမဟုတ် သားသမီး ရှိနှင့်ပြီးသူဖြစ်မယ်ဆိုရင် သင့်ဒေသက ထုံးစံတွေထက် ယေဟောဝါရဲ့ စံနှုန်းတွေက ပိုအရေးကြီးတယ်ဆိုတာ ယုံကြည်စိတ်ချပါ။
သားသမီးတွေ ယေဟောဝါကို ဝတ်ပြုလာဖို့၊ ယေဟောဝါ နှစ်သက်ရာကို လုပ်ဖို့ သင်ပေးရာမှာ အချိန်နဲ့ ကြိုးစားအားထုတ်မှုလို
ကလေး များများမယူဖို့ ဆုံးဖြတ်မယ်ဆိုရင်လည်း သင်အသက်အရွယ် အိုမင်းချိန်အထိ ယေဟောဝါ ကြည့်ရှုစောင့်ရှောက်ပေးမယ်ဆိုတာ စိတ်ချပါ။ အသက်ကြီးလာတဲ့အခါ အထောက်အပံ့ရဖို့ ရည်ရွယ်ချက်နဲ့ သားသမီးယူကြတဲ့ လူတွေရဲ့ ဖိအားကို တွန်းလှန်ပါ။ ကိုယ့်ကို ကြည့်မယ့်သူ ရှိမှာမဟုတ်ဘူးလို့ တွေးမပူပါနဲ့။ သင့်ကို ကြည့်ရှုစောင့်ရှောက်မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ ယေဟောဝါဟာ အမြဲကတိတည်တဲ့ ဘုရားပါ။—ယရ. ၂၃:၁၄။
ကျမ်းစာမူ– “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။ ဘုရားက မင်းရဲ့လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။”—ပညာ. ၃:၅၊ ၆။
“ဖြောင့်မတ်သူ စွန့်ပစ်ခံရတာ၊ သူ့သားသမီးတွေ တောင်းစားနေရတာကို လူငယ်ဘဝကနေ အခု အသက်ကြီးချိန်အထိ ငါတစ်ခါမှ မတွေ့ဖူးဘူး။”—ဆာ. ၃၇:၂၅။
“ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထားကြပါ။ နောက်မှ အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။”—မ. ၆:၃၃။
သားသမီးတွေဆိုတာ မိဘတွေကို ယေဟောဝါ ပေးထားတဲ့ အဖိုးတန် လက်ဆောင်တွေပါ။ သားသမီးတွေကို ဘုရားစံနှုန်းအတိုင်း မိဘတွေ ပျိုးထောင်တဲ့အခါ ယေဟောဝါ သိပ်ဝမ်းသာတယ်။ မိဘတွေအနေနဲ့ သားသမီး ဘယ်နှယောက်ယူမယ်ဆိုတာ သေချာစဉ်းစားမယ်၊ ဒေသထုံးစံတွေထက် ဘုရားတောင်းဆိုချက်ကို ပိုအလေးထားမယ်၊ သားသမီးတွေရဲ့ ကာယပိုင်း၊ စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်း လိုအပ်ချက်တွေကို မေတ္တာပါပါ ဖြည့်ဆည်းပေးမယ်ဆိုရင် သားသမီးတွေကို ချစ်ကြောင်း၊ “ယေဟောဝါပေးတဲ့ အမွေ၊” အဖိုးတန်လက်ဆောင်ဖြစ်ကြောင်း ဖော်ပြရာရောက်မယ်။
a သားသမီး ဘယ်နှယောက်ယူမယ်၊ ဘယ်အချိန်ယူမယ်၊ ဘယ်လို သားဆက်ခြားနည်းသုံးမယ်ဆိုတာ ဇနီးမောင်နှံနှစ်ယောက် ဆုံးဖြတ်ရမှာဖြစ်တယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်တာ မလုပ်သင့်ဘူး။ (ရော. ၁၄:၄၊ ၁၀-၁၃) ဒါပေမဲ့ သန္ဓေသား ပျက်ကျစေတဲ့နည်းကိုတော့ သုံးမှာမဟုတ်ဘူး။ ခရစ်ယာန် ဇနီးမောင်နှံတွေဟာ ၁ ကောရိန္သု ၇:၃-၅ မှာပါတဲ့ လမ်းညွှန်ချက်လည်း သတိရသင့်တယ်။
b ဒီကျမ်းပိုဒ်မှာ ဖော်ပြထားတဲ့ “သားသမီးတွေ” ဆိုတာ ခရစ်ယာန်တွေကို ရည်ညွှန်းပေမဲ့ ကိုယ့်သားသမီးတွေ ယေဟောဝါကို ဝတ်ပြုကိုးကွယ်လာတာ မြင်ရတဲ့ မိဘတွေလည်း အလားတူ ခံစားကြရတယ်။