ဧပြီ ၂၇–မေ ၃၊ ၂၀၂၆
သီချင်း ၉၉ မြောက်မြားလှတဲ့ ညီအစ်ကိုများ
နှစ်ခြင်းခံပြီးနောက် ကြုံလာရနိုင်တဲ့ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ပါ
“ကိုယ်တော့်လမ်းတွေပေါ်မှာပဲ လျှောက်လှမ်းပါရစေ။”—ဆာ. ၁၇:၅။
အာရုံစိုက်ရာ
နှစ်ခြင်းခံပြီးနောက် ကြုံလာရနိုင်တဲ့ အခက်အခဲတွေအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ထားနိုင်သလဲ။
၁-၂။ နှစ်ခြင်းခံပြီးနောက် ကြုံလာရနိုင်တဲ့ အခက်အခဲတွေအတွက် ဘယ်လိုကြိုတင်ပြင်ဆင်နိုင်သလဲ။ ဥပမာပေးပါ။
စာတန့်လောကမှာ အခက်အခဲတွေ ကြုံရမယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားကြတယ်။ “အပြစ်ကျူးလွန်စေတဲ့ အရာတွေကတော့ ရှိကိုရှိလာမှာပဲ” လို့ နောက်လိုက်တွေကို ယေရှု သတိပေးတယ်။ (မ. ၁၈:၇) ဒါကြောင့် ယုံကြည်ခြင်း အားနည်းသွားစေနိုင်တဲ့ အခက်အခဲ၊ ပြဿနာတွေ ကြုံလာရနိုင်တယ်။ ဥပမာ၊ ညီအစ်ကို/မတွေနဲ့ အဆင်မပြေတာမျိုးပါ။ ဒါပေမဲ့ ကြုံလာရနိုင်တဲ့ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။
၂ ဒီလို စဉ်းစားကြည့်ပါ။ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ အမြဲလိုလို သတိပေးခံရတယ်။ ဘယ်လို ပြင်ဆင်ကြသလဲ။ ဦးဆုံး၊ ကိုယ့်ဒေသမှာ ဘယ်လို သဘာဝဘေးတွေ ဖြစ်နိုင်တယ်ဆိုတာ သိအောင်လုပ်ကြတယ်။ လက်ရှိနေတဲ့ဒေသကို ပြောင်းလာတာ မကြာသေးတဲ့သူတွေအတွက်ဆိုရင် ပိုလိုအပ်တယ်။ ဖြစ်နိုင်ချေရှိတဲ့ သဘာဝဘေးတွေအကြောင်း သိပြီဆိုရင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားနိုင်တယ်။ (ပညာ. ၂၁:၅) အလားတူပါပဲ၊ နှစ်ခြင်းခံပြီးနောက် ကြုံလာရနိုင်တဲ့ အခက်အခဲတွေကို သိထားမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားနိုင်တယ်။ ဒီလိုလုပ်ထားမယ်ဆိုရင် ပြဿနာနဲ့ ပက်ပင်းတိုးတဲ့အခါ ကောင်းကောင်းဖြေရှင်းနိုင်မယ်။ ဘုရားနဲ့ကိုယ့်ရဲ့ဆက်ဆံရေးလည်း မထိခိုက်တော့ဘူး။ (ဆာ. ၁၇:၅) ဒါကြောင့် နှစ်ခြင်းခံပြီးနောက် ကြုံလာရနိုင်တဲ့ အခက်အခဲသုံးခု၊ ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ထားနိုင်ပုံအကြောင်း ဆွေးနွေးကြရအောင်။a
ညီအစ်ကို/မတစ်ယောက်ကြောင့် စိတ်ထိခိုက်ရတဲ့အခါ
၃။ အသင်းတော်မှာ ဘာကြုံရနိုင်သလဲ။
၃ အစည်းအဝေး ပထမဦးဆုံး လာတက်တုန်းက အချိန်ကို မှတ်မိသေးလား။ ဘုရားလူမျိုးအလယ်မှာ တွေ့ရတဲ့ မေတ္တာကြောင့် စိတ်ထိမိခဲ့ရတယ် မဟုတ်လား။ အမှန်တရားကို ရှာတွေ့ပြီလို့လည်း ခံစားခဲ့ရမှာပဲ။ (ယော. ၁၃:၃၅။ ကော. ၃:၁၂) ညီအစ်မ ဘလန်ကာb အဲဒီလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူနှစ်ခြင်းခံပြီးနောက် မထင်ထားတာ ကြုံရတယ်။ “ညီအစ်မတစ်ယောက်ကြောင့် ကျွန်မ တော်တော် စိတ်ထိခိုက်ရတယ်။ တခြားသူတွေအကြောင်းလည်း သူ အတင်းပြောတတ်တယ်။ ယေဟောဝါကို ကိုးကွယ်တဲ့သူတွေဟာ ငြိမ်သက်အေးချမ်းပြီး မေတ္တာထားတတ်သူတွေလို့ သိထားတာ။ ဒီလိုလုပ်တတ်မယ်လို့ ထင်မထားဘူး” ဆိုပြီး ဘလန်ကာ ပြောတယ်။ ခရစ်ယာန်အရည်အသွေးတွေ တင်ပြနိုင်ဖို့ ညီအစ်ကို/မတွေ ကြိုးစားနေကြတာ မှန်ပေမဲ့ သူတို့အားလုံး မစုံလင်ကြဘူး။ (ဧ. ၄:၂၃၊ ၂၄။ ၁ ယော. ၁:၈) ဒါကြောင့် သင် စိတ်ထိခိုက်အောင် ပြောမိ၊ လုပ်မိနိုင်တယ်။ (ယာ. ၃:၈) တချို့သူတွေ အဲဒီလိုအဖြစ်မျိုး ကြုံရပြီး ယေဟောဝါကို ဝတ်မပြုကြတော့တာ ဝမ်းနည်းစရာပါပဲ။
၄။ ညီအစ်ကို/မတစ်ယောက်ကြောင့် စိတ်ထိခိုက်ရတာကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ထားနိုင်သလဲ။ (ဧဖက် ၄:၃၂)
၄ ညီအစ်ကို/မတစ်ယောက်ကြောင့် စိတ်ထိခိုက်ရတာကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ထားနိုင်သလဲ။ ဧဖက် ၄:၃၂ (ဖတ်ပါ) မှာပါတဲ့ အကြံပြုချက်ကို လိုက်နာပါ။ သနားကြင်နာတတ်ပြီး ကရုဏာထားမယ်ဆိုရင် တခြားသူတွေနဲ့ မပြေလည်တာမျိုးကို ရှောင်နိုင်ပါလိမ့်မယ်။ တခြားသူတွေရဲ့ အမှားကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တတ်အောင်လည်း ကြိုးစားပါ။ ကိုယ့်အမှားတွေကို ခွင့်လွှတ်ပေးဖို့ ဘုရားဆီ အကြိမ်ကြိမ် တောင်းဆိုရသလို ယေဟောဝါလည်း အကြိမ်ကြိမ် ခွင့်လွှတ်ပေးတယ်ဆိုတာ သတိရပါ။ (မ. ၆:၁၂) ယေဟောဝါ ဘယ်လောက်တောင် လိုလိုလားလား ခွင့်လွှတ်ပေးတယ်ဆိုတာ စဉ်းစားရင် တခြားသူတွေရဲ့အမှားကို ခွင့်လွှတ်ပေးနိုင်ပါလိမ့်မယ်။
၅။ တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက်ရတဲ့အခါ ဘယ်ကျမ်းစာမူကို လိုက်နာနိုင်သလဲ။ (ပညာအလိမ္မာ ၁၉:၁၁) (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၅ ပညာအလိမ္မာ ၁၉:၁၁ ကို ဖတ်ပါ။ ထိုးထွင်းဉာဏ်cရှိသူဟာ ဒေါသချုပ်တည်းတယ်လို့ ကျမ်းစာမှာ ဖတ်ရတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက်ရတဲ့အခါ ထိုးထွင်းဉာဏ်ရှိပါ။ နှစ်ခြင်းခံတာ နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့ ရီမာ အဲဒီကျမ်းစာမူကနေ အထောက်အကူရခဲ့တယ်။ “ညီအစ်ကို/မ တစ်ယောက်ယောက် စိတ်ထိခိုက်အောင် ပြောဆိုပြုမူလာတဲ့အခါ ပညာအလိမ္မာ ၁၉:၁၁ ကို အရင်ဆုံး သတိရလိုက်တယ်။ သူတို့ရဲ့ နောက်ခံ၊ သူတို့ ကြုံနေရတာတွေအကြောင်း တွေးလိုက်တယ်။ ဘာကြောင့် အခုလို လုပ်တာဖြစ်မလဲ စဉ်းစားလိုက်တယ်။ အမှုဆောင်လုပ်ငန်းမှာ သူတို့နဲ့အတူ ပါဝင်တယ်။ ဒါနဲ့ သူတို့အကြောင်း ပိုသိလာတယ်” လို့ ရီမာ ပြောတယ်။ ဒါကြောင့် ညီအစ်ကို/မတွေအကြောင်း အခုကတည်းက သိအောင်လုပ်ထားတာ အကျိုးရှိတယ်ဆိုတဲ့ အထောက်အထားပါပဲ။ သူတို့အကြောင်းပိုနားလည်လေ ထိခိုက်နစ်နာအောင်လုပ်လာတဲ့အခါ ပိုခွင့်လွှတ်နိုင်လေဖြစ်မယ်။
အသင်းတော်က ညီအစ်ကို/မ တစ်ယောက်ယောက်နဲ့ နားလည်မှုလွဲနေရင် သူနဲ့အတူ အမှုဆောင်မှာ ပါဝင်ဖို့ ကြိုးစားကြည့်ပါ (စာပိုဒ် ၅ ကိုကြည့်ပါ)
၆။ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေးကောင်းရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။
၆ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေးကောင်းရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။ သူတို့နဲ့ ပိုရင်းနှီးလာတဲ့အခါ သူတို့ရဲ့ ကောင်းကွက်တွေကို အာရုံစိုက်ပါ။ (ပညာအလိမ္မာ ၁၀:၁၂ နဲ့ နှိုင်းယှဉ်ပါ။ ရော. ၁၂:၁၀။ ဖိ. ၂:၂၊ ၃) အဲဒီလိုလုပ်တာက နှစ်ခြင်းခံခါစ ညီအစ်ကိုမာ့ခ်အတွက် အကူအညီဖြစ်ခဲ့တယ်။ သူ့အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းတဲ့အခါ သူတို့ရဲ့ အားနည်းချက်တွေကို ပိုသတိထားမိလာတယ်။ သူတို့ရဲ့အားနည်းချက်တွေကို မြင်ပြီး စိတ်ဓာတ်မကျသွားဖို့ မာ့ခ်ကို ဘာက ကူညီပေးခဲ့သလဲ။ “ညီအစ်ကို/မတွေရဲ့ အားနည်းချက်လေးတွေက လောကမှာရှိသူတွေရဲ့ ဆိုးညစ်တဲ့လုပ်ရပ်တွေနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။ ဒါနဲ့ အသင်းတော်မှာရှိသူတွေရဲ့ အားနည်းချက်လေးတွေကို အာရုံမစိုက်သင့်ဘူးဆိုတာ သဘောပေါက်လာတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ကောင်းကွက်တွေကို အာရုံစိုက်နိုင်သွားတယ်” လို့ မာ့ခ် ပြောတယ်။ သင်လည်း ညီအစ်ကို/မတွေရဲ့ ကောင်းကွက်ကို အာရုံစိုက်ပါ။ ဒါဆိုရင် သူတို့နဲ့ ခင်မင်မှုနှောင်ကြိုး ခိုင်မြဲနေမယ်။
စွန့်လွှတ်ခဲ့တာတွေကို ပြန်တမ်းတမိတဲ့အခါ
၇။ စွန့်လွှတ်ခဲ့တာတွေကို ဘာကြောင့် ပြန်တမ်းတမိနိုင်သလဲ။
၇ အမှန်တရားအကြောင်း သိခါစက စာတန့်လောကနဲ့ မပတ်သက်တော့ဖို့ ဆုံးဖြတ်နိုင်ခဲ့လို့ ပျော်ခဲ့ရတယ်မဟုတ်လား။ ‘ပြန်ပတ်သက်ချင်တဲ့သူ မရှိနိုင်ဘူး’ လို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ ဘဝအခက်အခဲတွေ ကြုံလာရတဲ့အခါ စွန့်လွှတ်ခဲ့တာတွေကို ပြန်သတိရ၊ ပြန်တမ်းတလာနိုင်တယ်။ (တောလည်ရာ ၁၁:၄-၆ နဲ့ နှိုင်းယှဉ်ပါ။) ဥပမာ၊ တချို့က လူလေးစားခံရပြီး ဝင်ငွေကောင်းပေမဲ့ အချိန်အများကြီးပေးရတဲ့အတွက် အဲဒီအလုပ်ကို စွန့်ခဲ့တယ်။ တချို့ကျတော့ ကျမ်းစာလေ့လာတာကို မနှစ်သက်တဲ့ မိတ်ဆွေရင်းချာတွေနဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်။ ကိုယ်ကြိုက်ပေမဲ့ ဘုရားမနှစ်သက်မှန်းသိလာလို့ စွန့်လွှတ်ခဲ့တဲ့ အကျင့်တွေလည်း ရှိနိုင်တယ်။ စွန့်လွှတ်ခဲ့ပြီးသားအရာတွေကို ပြန်လုပ်မိလို့ ယေဟောဝါနဲ့ ဝေးကွာရတယ်ဆိုရင် ဘယ်လောက် ဝမ်းနည်းဖို့ကောင်းလိုက်မလဲ။ အခက်အခဲတွေ ကြုံလာရတဲ့အခါ စွန့်လွှတ်ခဲ့တဲ့အရာတွေကို ပြန်မလုပ်မိအောင် လက်ရှိအချိန်မှာ ဘာလုပ်ထားနိုင်သလဲ။
၈။ အာဗြဟံနဲ့ စာရာဆီကနေ ဘာသင်ယူရသလဲ။
၈ စွန့်လွှတ်ခဲ့တာတွေကို ပြန်တမ်းတမိစေနိုင်တဲ့ အခြေအနေမျိုး ကြုံခဲ့ရတဲ့ သစ္စာရှိသူတွေအကြောင်း ကျမ်းစာမှာပါတယ်။ ဥပမာ၊ အာဗြဟံနဲ့ စာရာဟာ ယေဟောဝါရဲ့စကားကို နာခံပြီး ခိုင်ခံ့တဲ့မြို့ရိုးတွေရှိတဲ့ ဥရမြို့ကို စွန့်လွှတ်ခဲ့တယ်။ ပြီးတော့ တဲထိုးပြီး နေထိုင်တယ်။ (ဟီ. ၁၁:၈၊ ၉) ဥရမြို့မှာ နေခဲ့ရတဲ့ ဇိမ်ကျတဲ့ဘဝကို ပြန်တွေးမိတဲ့အခါတွေ ရှိနိုင်တယ်။ အဲဒီလိုပဲ တစ်ချိန်လုံးတွေးနေတယ်၊ “ထွက်လာခဲ့တဲ့နေရာကို သူတို့ တမ်းတနေတယ်ဆိုရင်” ပြန်သွားဖို့ သွေးဆောင်ခံရနိုင်တယ်။ ဒါပေမဲ့ အာဗြဟံနဲ့ စာရာ အဲဒီလို ပြန်မတမ်းတခဲ့ဘူး။ အနာဂတ်မှာ ယေဟောဝါပေးမယ့် ကောင်းမြတ်တဲ့အရာတွေကို အာရုံစိုက်ခဲ့တယ်။—ဟီ. ၁၁:၁၅၊ ၁၆။
၉။ ယေဟောဝါအမှုဆောင်ဖို့ စွန့်လွှတ်ခဲ့ရတာတွေနဲ့ပတ်သက်ပြီး တမန်တော်ပေါလု ဘယ်လို သဘောထားသလဲ။ (ဖိလိပ္ပိ ၃:၇၊ ၈၊ ၁၃)
၉ တမန်တော်ပေါလုလည်း ယေဟောဝါအမှုဆောင်ဖို့ ဘဝမှာ အပြောင်းအလဲတွေ လုပ်ခဲ့ရတယ်။ အလွန်လေးစားခံရတဲ့ ပညတ်ကျမ်းဆရာ ဂါမလျေလထံမှာ ခရစ်ယာန်ဖြစ်မလာခင် ပညာသင်ယူခဲ့တယ်။ (တ. ၂၂:၃) ပေါလုဟာ ထင်ပေါ်ကျော်ကြားတဲ့ ဂျူးဘာသာရေးခေါင်းဆောင်ဖြစ်လာနိုင်ခြေ ရှိတယ်။ (ဂလ. ၁:၁၃၊ ၁၄) ဒါပေမဲ့ ခရစ်တော်အကြောင်း သိလာပြီးနောက် အရာအားလုံးကို သူစွန့်လွှတ်ခဲ့တယ်။ ခရစ်ယာန်ဖြစ်ပြီးနောက်ပိုင်း အစစ အရာရာ အဆင်ပြေခဲ့သလား။ မပြေခဲ့ပါဘူး။ အရိုက်ခံရ၊ ထောင်ချခံရ၊ ကိုယ့်လူမျိုးတွေ မုန်းတီးတာခံရတယ်။ (၂ ကော. ၁၁:၂၃-၂၆) လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကိုပဲ အာရုံစိုက်ပြီး အရင်ကရခဲ့တဲ့ အခွင့်အရေးတွေကို ပြန်တွေးနေမယ်ဆိုရင် ခရစ်တော်နောက်လိုက်တာ မှားပြီလို့ ကောက်ချက်ချမိနိုင်တယ်။ ဒါပေမဲ့ ခရစ်တော်နောက်လိုက်ဖြစ်ရတာ ဘယ်လောက်ထူးမြတ်တယ်ဆိုတာကို သူစဉ်းစားတယ်။ ပြီးတော့ အနာဂတ်မှာရမယ့် အံ့ဖွယ်ကောင်းချီးတွေကို အာရုံစိုက်တယ်။ ဒါကြောင့် စွန့်လွှတ်ခဲ့ရကျိုးနပ်တယ်ဆိုတာ သိမြင်လာတယ်။—ဖိလိပ္ပိ ၃:၇၊ ၈၊ ၁၃ ကို ဖတ်ပါ။
၁၀။ ဘာကို အချိန်ယူ စဉ်းစားသင့်သလဲ။ (မာကု ၁၀:၂၉၊ ၃၀) (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၁၀ ဘာသင်ခန်းစာရသလဲ။ ခရစ်ယာန်တစ်ယောက်ဖြစ်လာဖို့ သင်စွန့်လွှတ်ခဲ့ရတာတွေအကြောင်း တွေးမိတဲ့အခါ ဘာကြောင့်စွန့်လွှတ်ခဲ့တယ်ဆိုတာကိုလည်း ပြန်စဉ်းစားပါ။ (ဒေ. ၇:၁၀) စွန့်လွှတ်ခဲ့တာနဲ့ အမှန်တရားထဲမှာ ရှိနေလို့ လက်ရှိရနေတဲ့ ကောင်းချီးတွေကို ယှဉ်ကြည့်ပါ။ လက်ရှိမှာ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါနဲ့ ခင်မင်ရင်းနှီးခွင့်ရတယ်။ (ပညာ. ၃:၃၂) ယေဟောဝါရဲ့ ကမ္ဘာချီမိသားစုဝင် ဖြစ်ခွင့်ရတယ်။ (မာကု ၁၀:၂၉၊ ၃၀ ကို ဖတ်ပါ။) သိပ်ကောင်းတဲ့အနာဂတ် မျှော်လင့်ချက် ရှိလာတယ်။ (ဟေရှာ. ၆၅:၂၁-၂၃) ယေဟောဝါကို ဝတ်ပြုကိုးကွယ်လို့ရနေတဲ့ ကောင်းချီးတွေကို အချိန်ယူစဉ်းစားမယ်ဆိုရင် စွန့်လွှတ်ခဲ့ရတာတွေအကြောင်း ပြန်တမ်းတမိတော့မှာ မဟုတ်ဘူး။
စွန့်လွှတ်ခဲ့ရာကို ပြန်တမ်းတနေမယ့်အစား ယေဟောဝါ အပ်နှင်းထားတဲ့ အမှုဆောင်လုပ်ငန်းကနေ ပျော်ရွှင်မှုရှာပါ (စာပိုဒ် ၁၀ ကိုကြည့်ပါ)e
၁၁။ ညီအစ်မ ရို့စ်မေရီ ဆီကနေ ဘာသင်ယူနိုင်သလဲ။
၁၁ အသက် ၅၀ ဝန်းကျင်မှာ နှစ်ခြင်းခံတဲ့ ညီအစ်မ ရို့စ်မေရီအကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်မအတွက်တော့ ခရစ္စမတ်ဆိုတာ မိသားစု စုံစုံညီညီနဲ့ ပျော်စရာကောင်းတဲ့ပွဲလေးဖြစ်လို့ နှစ်တိုင်းလိုလို သတိရတယ်။ ချစ်ရတဲ့သူတွေကို လက်ဆောင်လေးတွေပေးရတာ ကျွန်မ သိပ်ပျော်တယ်။ ခရစ္စမတ်သစ်ပင်နား ကလေးတွေလာပြီး သူတို့ရတဲ့ လက်ဆောင်တွေဖွင့်ကြည့်ရင်း ပျော်နေကြတာကို မြင်ရင် ကျွန်မ သိပ်ကြည်နူးတယ်” လို့ ရို့စ်မေရီ ပြောတယ်။ အတိတ်မှာထားခဲ့တာတွေကို ပြန်မတမ်းတမိဖို့ သူဘာလုပ်ခဲ့သလဲ။ “ခရစ္စမတ်ပွဲကို ဘာနဲ့အစားထိုးရမလဲ ကျွန်မ ရှာတွေ့သွားတယ်။ နှစ်တိုင်းလိုလို ခရစ္စမတ်နေ့မဟုတ်တဲ့ တစ်ရက်ရက်မှာ မိသားစုဝင်အားလုံး ကျွန်မဆီလာဖို့ ဖိတ်ခေါ်တယ်။ သူတို့ကို လက်ဆောင်တွေ ပေးတယ်။ သူတို့ကို ဘယ်လောက်ချစ်ကြောင်းလည်း ပြောဖြစ်တယ်” လို့ ဆက်ပြောတယ်။ ညီအစ်မ ရို့စ်မေရီမှာ အခက်အခဲ နောက်တစ်ခု ရှိသေးတယ်။ “အမှန်တရားအကြောင်း လေ့လာလို့ ကျွန်မကို ရင်းနှီးတဲ့မိတ်ဆွေတွေ အဆက်အသွယ် ဖြတ်သွားတယ်။ တစ်ခါတလေ သူတို့ကို သတိရပြီး သိပ်အထီးကျန်တာပဲ” လို့ ပြောတယ်။d ဒီတော့ ရို့စ်မေရီ ဘာလုပ်သလဲ။ အသင်းတော်က ညီအစ်မတွေနဲ့ တစ်လှည့်စီတွဲပြီး အမှုဆောင်မှာ ပါဝင်တယ်။ “ဒီလိုနဲ့ ကျွန်မ ချစ်ပြီး တန်ဖိုးထားရတဲ့ မိတ်ဆွေသစ်တွေ အများကြီး ရလာတယ်” လို့ ပြောတယ်။ ဘာသင်ခန်းစာရသလဲ။ အမှန်တရားမရခင်က သင့်ကို ပျော်ရွှင်စေတဲ့အရာ တစ်ခုခုကို တမ်းတမိနိုင်တယ်။ ဒါပေမဲ့ သင့်ကိုပျော်စေတဲ့ ပိုကောင်းတဲ့အရာတွေနဲ့ အစားထိုးနိုင်ပါတယ်။ (ဖိ. ၄:၈၊ ၉) စွန့်လွှတ်ရတာထက် ပိုများတဲ့ကောင်းချီးတွေကို ယေဟောဝါ အမြဲပေးတယ်။
တခြားသူတွေ ယေဟောဝါကို စွန့်သွားတဲ့အခါ
၁၂။ ခံစားရခက်တဲ့ ဘယ်လို အခြေအနေမျိုး အသင်းတော်မှာ ကြုံရနိုင်သလဲ။
၁၂ သင် သက်သေခံတစ်ယောက် ဖြစ်လာချိန်မှာ ဆိုးညစ်တဲ့လောကနဲ့ မပတ်သက်တော့ဘဲ အမှန်တရားအတိုင်း သွန်သင်ပေးတဲ့ အဖွဲ့အစည်းအဝင် ဖြစ်ခွင့်ရလို့ သိပ်ဝမ်းသာခဲ့မှာပဲ။ (ဟေရှာ. ၆၅:၁၄) ဒါပေမဲ့ အသင်းတော်မှာ ကြီးလေးတဲ့အပြစ် ကျူးလွန်သူရှိတယ်၊ နောင်တမရလို့ အသင်းတော်ကနေ ဖယ်ရှားခံလိုက်ရတယ်ဆိုတာမျိုး သိလာရနိုင်တယ်။ (၁ ကော. ၅:၁၃) ညီအစ်မ ဆာမာအကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်မနှစ်ခြင်းခံပြီး သိပ်မကြာခင်မှာ အကြီးအကဲတစ်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး အသင်းတော်ကနေ ဖယ်ရှားခံလိုက်ရတယ်။ ကျွန်မ တော်တော်တုန်လှုပ်သွားတယ်။ အကြီးအကဲတစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး” လို့ ညီအစ်မ ဆာမာပြောတယ်။ ညီအစ်ကို/မတွေ ယေဟောဝါကိုချစ်တယ်၊ သစ္စာစောင့်သိတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။ (၁ ကော. ၁၃:၄၊ ၇) ဒါပေမဲ့ အရှိအတိုင်းလည်း လက်ခံဖို့ လိုတယ်။ နှစ်တိုင်း၊ အသင်းတော်ကနေ ဖယ်ရှားခံရသူတချို့ ရှိတယ်။ အထူးသဖြင့် ကိုယ်နဲ့ရင်းနှီးသူတစ်ယောက်၊ ကိုယ်လေးစားရတဲ့သူတစ်ယောက် အသင်းတော်ကနေ ဖယ်ရှားခံရတဲ့အခါ ခံစားရခက်နိုင်တယ်။
၁၃။ ချစ်ရသူတစ်ယောက် ယေဟောဝါကို စွန့်ခွာသွားတဲ့အခါ ကိုယ့်ယုံကြည်ခြင်း အားနည်းသွားတာမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်သလဲ။
၁၃ ချစ်ရသူတစ်ယောက် ယေဟောဝါကို စွန့်ခွာသွားတဲ့အခါ ကိုယ့်ယုံကြည်ခြင်း အားနည်းသွားတာမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်သလဲ။ ဘုရားနဲ့ ရင်းနှီးအောင် ဆက်ကြိုးစားနေပါ။ (ယာ. ၄:၈) တခြားသူတွေရဲ့ယုံကြည်ခြင်းအပေါ် အခြေပြုပြီး ယေဟောဝါကို ကိုးကွယ်တာမျိုး မဖြစ်ပါစေနဲ့။ မိသားစုလိုက်၊ အသင်းတော်လိုက် ယေဟောဝါကို ဝတ်ပြုကိုးကွယ်တဲ့အချိန်တွေရှိတာ မှန်ပေမဲ့ ကိုယ်တိုင်ကိုယ်ကျ ကျမ်းစာဖတ်၊ ဆုတောင်းဖို့လည်း လိုတယ်။—ဆာ. ၁:၂။ ၆၂:၈။
၁၄။ တမန်တော်ပေတရုဆီကနေ ဘာသင်ယူနိုင်သလဲ။ (ယောဟန် ၆:၆၆-၆၈)
၁၄ တမန်တော်ပေတရုဆီကနေ ကျွန်တော်တို့ သင်ယူနိုင်ပါတယ်။ တစ်ခါတုန်းက ယေရှုပြောလိုက်တဲ့စကားကို နားမလည်လို့ ယေရှုနောက် ဆက်မလိုက်ကြတော့တဲ့ တပည့်တွေ ရှိတယ်။ ပေတရုကတော့ နားမလည်ပေမဲ့ ဆက်သစ္စာရှိခဲ့တယ်။ (ယောဟန် ၆:၆၆-၆၈ ကို ဖတ်ပါ။) တခြားသူတွေ ယေရှုနောက် ဆက်မလိုက်တာကို အာရုံမစိုက်ဘဲ ယေရှုသွန်သင်ပေးတဲ့ အမှန်တရားတွေကို ပိုအာရုံစိုက်ခဲ့တယ်။ ဒါကြောင့် ပေတရု ဆက်သစ္စာရှိနိုင်ခဲ့တာ။ အလားတူပါပဲ၊ တခြားသူတွေရဲ့ လုပ်ရပ်က ဘုရားအဖွဲ့အစည်းကတစ်ဆင့် ကျွန်တော်တို့ သင်ယူထားတဲ့ ကျမ်းစာအမှန်တရားရဲ့တန်ဖိုးကို မလျော့ကျသွားစေပါဘူး။ သင်ယူသိရှိထားပြီဖြစ်တဲ့ အမှန်တရားကို တန်ဖိုးထားပြီး ယေဟောဝါအပေါ် ဆက်သစ္စာရှိနေပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဆာမာ အခုလိုပြောတယ်– “လူတစ်ယောက် အမှားလုပ်လိုက်တာက အသင်းတော်တစ်ခုလုံး အမှားလုပ်တာ မဟုတ်သလို အဖွဲ့အစည်းရဲ့ သွန်သင်ချက်တွေ မှားနေတာလည်း မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးတယ်။ ယေဟောဝါရဲ့ အရည်အသွေးတွေ မှေးမှိန်သွားတာလည်း မဟုတ်ပါဘူး။”
၁၅။ ညီအစ်မအယ်မလီဆီကနေ ဘာသင်ယူနိုင်သလဲ။
၁၅ ညီအစ်မအယ်မလီအကြောင်း စဉ်းစားကြည့်ပါ။ သူနှစ်ခြင်းခံပြီး တစ်ပတ်အကြာမှာ အမေဖြစ်သူက သူတို့မိသားစုကို ထားခဲ့တယ်၊ ပြီးတော့ အသင်းတော်ကနေလည်း ဖယ်ရှားခံလိုက်ရတယ်။ “ဒီလိုမျိုးဖြစ်လာမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ကျွန်မအတွက်တော့ ကမ္ဘာပျက်သွားသလိုပါပဲ။ အမေ့ကို သိပ်သတိရတယ်” လို့ အယ်မလီပြောတယ်။ သူ ဘယ်လို ခံရပ်နိုင်ခဲ့တာလဲ။ “တကယ်တော့ ကျွန်မကို ချစ်ပြီး ဂရုစိုက်ပေးတဲ့ အဖေရှိနေသေးတာပဲ။ အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေကလည်း ကျွန်မကို မိသားစုအရင်းလို စောင့်ရှောက်ကြတယ်။ သူတို့မှာလည်း ဒုက္ခကိုယ်စီ ရှိနေကြတာ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချစ်ခင်ရင်းနှီးနေဖို့၊ ဖေးမကူညီဖို့ သိပ်အရေးကြီးတယ်” လို့ အယ်မလီ ဆက်ပြောတယ်။ (၁ ပေ. ၅:၉) တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးဖို့ အခက်အခဲ ကြုံတဲ့အထိ စောင့်စရာ မလိုပါဘူး။ မကြုံခင်ကတည်းက ရင်းနှီးအောင် လုပ်ထားပါ။ ဒါဆိုရင် အခက်အခဲ ကြုံလာတဲ့အခါ ညီအစ်ကို/မတွေရဲ့ အကူအညီနဲ့ နှစ်သိမ့်မှု ရပါလိမ့်မယ်။
၁၆။ ဘာကို သတိရသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၆ ယေဟောဝါက ချစ်ရသူတွေကို ဆုံးမတတ်တယ်ဆိုတာ သတိရပါ။ (ဟီ. ၁၂:၆) အသင်းတော်ကနေ ဖယ်ရှားခံရသူအားလုံး နောင်တရပြီး ပြန်လှည့်လာစေချင်တယ်။ (၂ ပေ. ၃:၉) ဒါကြောင့် သင်ချစ်ရသူတစ်ဦး အသင်းတော်ကနေ ဖယ်ရှားခံရတယ်ဆိုရင် အသင်းတော်ဆီ ပြန်လှည့်လာနိုင်ဖို့ အကြီးအကဲတွေ အတတ်နိုင်ဆုံး ကူညီကြမယ်ဆိုတာ စိတ်ချပါ။—၂ တိ. ၂:၂၄၊ ၂၅။
ကိုယ်နဲ့ရင်းနှီးသူတစ်ယောက် အသင်းတော်ကနေ ဖယ်ရှားခံရရင် သူ ယေဟောဝါဆီ ပြန်လာဖို့ အကြီးအကဲတွေ ကူညီပေးကြမယ်ဆိုတာ ယုံကြည်စိတ်ချပါ (စာပိုဒ် ၁၆ ကိုကြည့်ပါ)f
၁၇။ ဘာကို စိတ်ချနိုင်သလဲ။
၁၇ နှစ်ခြင်းခံပြီးနောက်ပိုင်း သင်ကြုံရနိုင်တဲ့ အခက်အခဲတချို့အကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပြီ။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အခက်အခဲတွေ ရှိနေရင်တောင် ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ပါတယ်။ သစ္စာရှိနိုင်ဖို့ ယေဟောဝါလည်း ကူညီပေးမယ်ဆိုတာ သတိရပါ။ အရင်ကလည်း ကူညီပေးခဲ့သလို ထာဝရကူညီပေးသွားမှာ။ (၁ ပေ. ၅:၁၀) အခက်အခဲတွေ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ ခံနိုင်ရည်၊ ခွန်အားကို ကျိန်းသေပေးပါလိမ့်မယ်။ ယေဟောဝါရဲ့ အကူအညီကို ခံယူရင်း အခက်အခဲကြားကနေ ယေဟောဝါကို ဆက်သစ္စာရှိနိုင်ကြပါစေ။—ဆာ. ၁၁၉:၁၆၅။ ရော. ၈:၃၈၊ ၃၉။
သီချင်း ၁၅၄ အစဉ်တည်တဲ့ မေတ္တာ
a ဒီဆောင်းပါးက နှစ်ခြင်းခံပြီးခါစ သက်သေခံတွေအတွက် ရည်ရွယ်တာဖြစ်ပေမဲ့ ကျွန်တော်တို့အားလုံးကို အကျိုးပြုနိုင်ပါတယ်။
b အမည်လွှဲများ။
c ထိုးထွင်းဉာဏ်ရှိသူဟာ တခြားသူရဲ့ အပြော၊ လုပ်ရပ်ကြောင့် ချက်ချင်း စိတ်ဆိုးမှာမဟုတ်ဘူး။ သူ ဘာကြောင့် ဒီလို ပြောဆို၊ ပြုမူသလဲဆိုတာ အရင်ဆုံး စဉ်းစားမယ်။ ဒီလိုနဲ့ စိတ်တည်တည်ငြိမ်ငြိမ်ရှိပြီး ခွင့်လွှတ်ပေးနိုင်မယ်။
d ကျမ်းစာသင်သားတွေနဲ့ နှစ်ခြင်းခံပြီးခါစ ညီအစ်ကို/မတွေကို ကျမ်းစာသင်ပေးသူသာမက အသင်းတော်တစ်ခုလုံးက လှိုက်လှိုက်လှဲလှဲ ကူညီပေးသင့်ပါတယ်။ ၂၀၂၁၊ မတ် ကင်းမျှော်စင် မှာပါတဲ့ “ကျမ်းစာသင်သား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် အသင်းတော်မှာ ရှိသူတိုင်း ကူညီပေးနိုင်ပုံ” ဆောင်းပါး၊ စာပိုဒ် ၁၅ နဲ့ ၁၆ ကို ကြည့်ပါ။
e ပုံအညွှန်း– ညီအစ်မတစ်ယောက် အမှုဆောင်သွားနေရင်း အားကစားအသင်း တစ်သင်း လေ့ကျင့်နေတာကိုတွေ့။ အရင်တုန်းက သူကိုယ်တိုင် ကစားခဲ့ပုံကို ပြန်သတိရသွား။ နောက်တော့ အားကစားအသင်းက အမျိုးသမီးတစ်ယောက်ကို သူ သက်သေခံနေ။ အရင်က သူ့ရဲ့ကစားဖော်တစ်ယောက်ဖြစ်နိုင်။
f ပုံအညွှန်း– အသင်းတော်ကနေ ဖယ်ရှားခံရတဲ့ အမျိုးသားတစ်ယောက်ဆီကို အကြီးအကဲနှစ်ယောက် လည်ပတ်ပြီး ယေဟောဝါဘုရားဆီ ပြန်လာဖို့ အားပေးနေကြ။