စာရှုသူများထံမှ မေးခွန်းလွှာ
တိုင်းနိုင်ငံတွေဟာ ဘယ်အချိန်မှာ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြေညာကြမလဲ
မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်၊ a “စာရှုသူများထံမှ မေးခွန်းလွှာ” မှာ သုံးသပ်ခဲ့တဲ့အတိုင်း ချိုဆယ်ချောင်း ဖြစ်တဲ့ တိုင်းနိုင်ငံတွေရဲ့ စိတ်ထဲ “မိမိရဲ့အကြံ” ကို ယေဟောဝါ ထည့်မယ်။ နီမြန်းတဲ့ သားရဲ၊ ကုလသမဂ္ဂကို “သူတို့ရဲ့ တန်ခိုးနဲ့ အာဏာ” ပေးအပ်ဖို့ အကြံပါ။ နီမြန်းတဲ့သားရဲကို “သားရဲရဲ့ ရုပ်တု” လို့လည်း ခေါ်ဆိုထားတယ်။ (ဗျာ. ၁၃:၁၄၊ ၁၅။ ၁၇:၃၊ ၁၆၊ ၁၇) အဲဒီနောက် “ချိုဆယ်ချောင်း” နဲ့ တန်ခိုးအာဏာ ပေးအပ်ခံရတဲ့ နီမြန်းတဲ့သားရဲက ကမ္ဘာတစ်ဝန်းက မှားယွင်းတဲ့ ဘာသာရေးတွေကို ဖယ်ရှားပါလိမ့်မယ်။ ဒါဆိုရင် တိုင်းနိုင်ငံတွေက “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ”b လို့ ဘယ်အချိန်မှာ ကြွေးကြော်မလဲ။ မှားယွင်းတဲ့ ဘာသာရေး ဖျက်ဆီးမခံရခင်လား ဒါမှမဟုတ် ဖျက်ဆီးခံရပြီးနောက်မှာလား။—၁ သက်. ၅:၃။
“ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံတွေ ကြွေးကြော်မယ့် အချိန်အတိအကျကို ကျွန်တော်တို့ မသိပါဘူး။ အချိန်အတိအကျ သိထားမယ်ဆိုရင် နိုးနိုးကြားကြား၊ သတိရှိရှိ စောင့်နေစရာ လိုမှာမဟုတ်ဘူး။ ဒါပေမဲ့ ယေရှုက နောက်လိုက်တွေကို “သတိနဲ့ စောင့်နေကြပါ” လို့ အထပ်ထပ် သတိပေးခဲ့တယ်။ (မ. ၂၄:၄၂။ ၂၅:၁၃။ ၂၆:၄၁) အခု၊ တမန်တော်ပေါလုကနေတစ်ဆင့် ယေဟောဝါ ကြိုဟောခဲ့တာကို အသေးစိတ် လေ့လာကြည့်ရအောင်။
ပေါလု ဒီလို ရေးခဲ့တယ်– “‘ငြိမ်းချမ်းပြီ၊ လုံခြုံပြီ’ လို့ လူတွေပြောနေချိန်မှာပဲ . . . မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။” (၁ သက်. ၅:၂၊ ၃) ပေါလုရဲ့စကားတွေကို ကျွန်တော်တို့ရဲ့ စာပေမှာ အရင်က ဒီလို ရှင်းပြခဲ့တယ်– ကြီးစွာသောဒုက္ခဟာ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေးအင်ပါယာဖြစ်တဲ့ မဟာဗာဗုလုန် ပျက်စီးခြင်းနဲ့စတင်မယ်။ ကြီးစွာသောဒုက္ခ မစခင်လေးမှာ တိုင်းနိုင်ငံတွေက “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်ကြမယ်။ ဒီကြွေးကြော်သံ ကြားပြီဆိုရင် ကြီးစွာသောဒုက္ခ စတင်တော့မယ်ဆိုတာ သိနိုင်တယ်။
ဒါပေမဲ့ အသေအချာ သုံးသပ်ပြီးနောက် ဖြစ်နိုင်ခြေ နောက်တစ်နည်းရှိနေတယ်။ မှားယွင်းတဲ့ဘာသာ ဖျက်ဆီးခံရပြီး နောက်မှ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်တာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ။ အောက်ပါမေးခွန်းတွေကို သုံးသပ်ကြည့်ပါ။
တိုင်းနိုင်ငံတွေရဲ့ စစ်ပွဲတွေမှာ မှားယွင်းတဲ့ဘာသာရေး ဘယ်လို ပါဝင်ပတ်သက်သလဲ။ “မြေကြီးပေါ်မှာ ကွပ်မျက်ခံရသူအားလုံးရဲ့ သွေးကို ဒီမြို့ [“ပြည့်တန်ဆာကြီး၊” မဟာဗာဗုလုန်] မှာ တွေ့ရတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာ. ၁၇:၁၊ ၅။ ၁၈:၂၄) သမိုင်းကိုကြည့်ရင် မှားယွင်းတဲ့ဘာသာဟာ တိုင်းနိုင်ငံတွေ စစ်ဖြစ်အောင်၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်အောင် သွေးထိုးလှုံ့ဆော်ပေးခဲ့တယ်။ မှားယွင်းတဲ့ဘာသာဟာ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို မဖြစ်စေဘဲ စစ်နဲ့ အကြမ်းဖက်မှုတွေကို ဖြစ်စေတယ်။ ဒါကြောင့် မဟာဗာဗုလုန် ဖယ်ရှားပြီး နောက်မှ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံတွေ ကြွေးကြော်တာ ဖြစ်မလား ဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ ဖြစ်နိုင်ခြေရှိပေမဲ့ သေချာတော့ မပြောနိုင်ပါဘူး။
“ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်ပြီးနောက် ဘာဖြစ်လာမလဲ။ “မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်” လို့ ပေါလုပြောတယ်။ (၁ သက်. ၅:၃) ကြွေးကြော်ပြီးတာနဲ့ တိုင်းနိုင်ငံတွေ ချက်ချင်း ဖျက်ဆီးခံရမယ်။ မှားယွင်းတဲ့ဘာသာကို ဖျက်ဆီးပြီး နောက်မှ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကမ္ဘာ့တိုင်းနိုင်ငံတွေ ကြွေးကြော်ကြမယ်ဆိုရင် ကြွေးကြော်ပြီးတာနဲ့ တိုင်းနိုင်ငံအားလုံး ရုတ်တရက် ဖျက်ဆီးခံရမယ်။
ကြိုဟောထားတဲ့ အဖြစ်အပျက်တွေကို ယေဟောဝါရဲ့လူမျိုး ဘယ်လို တုံ့ပြန်ကြမလဲ။ “ခင်ဗျားတို့ဟာ သူခိုးတွေလို အမှောင်ထဲမှာ ရှိနေတာမဟုတ်တော့ အဲဒီနေ့ ရုတ်တရက်လာတဲ့အခါ အငိုက်မိမှာ မဟုတ်ဘူး” လို့ ပေါလုပြောတယ်။ (၁ သက်. ၅:၄) မှားယွင်းတဲ့ဘာသာ ဖျက်ဆီးခံရပြီး နောက်မှ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်တာဆိုရင် တိုင်းနိုင်ငံတွေ ဖျက်ဆီးခံရတော့မယ်ဆိုတာ ယေဟောဝါရဲ့ လူမျိုး သိကြမယ်။ ဒါပေမဲ့ တိုင်းနိုင်ငံတွေကတော့ မျှော်လင့်မထားတဲ့အချိန်မှာ ဖျက်ဆီးခံလိုက်ရမှာ။ ဘာသတိပေးချက်မှ မရှိဘဲ သူခိုးလာသလိုပါပဲ။
ဒါဆိုရင် ကျွန်တော်တို့ ဘာကို မျှော်လင့်ထားနိုင်သလဲ။ မကြာတော့တဲ့အချိန်မှာ “ချိုဆယ်ချောင်း” နဲ့ တန်ခိုးအာဏာ ပေးအပ်ခံရတဲ့ နီမြန်းတဲ့သားရဲက မှားယွင်းတဲ့ ဘာသာရေးကို ဖျက်ဆီးမယ်။ အဲဒါက ကြီးစွာသောဒုက္ခရဲ့ အစ ဖြစ်ပါလိမ့်မယ်။ တိုင်းနိုင်ငံတွေက “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တစ်ချိန်ချိန်မှာ ကြွေးကြော်ကြမယ်။ ဘယ်အချိန်မှာ ကြွေးကြော်ကြမလဲ။ ဖြစ်နိုင်ခြေနှစ်ခုကို သုံးသပ်ခဲ့ကြတယ်။ ပထမ၊ မှားယွင်းတဲ့ဘာသာရေး ဖျက်ဆီးမခံရခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်ကြမယ်။ ဒုတိယ၊ တိုင်းနိုင်ငံတွေက မှားယွင်းတဲ့ဘာသာရေးကို လုံးလုံးဖျက်ဆီးပြီးနောက် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်ကြမယ်။ အတိအကျ ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။ ကျမ်းစာကြိုဟောချက်တွေဟာ များသောအားဖြင့် ပြည့်စုံပြီးနောက်မှသာ အပြည့်အဝ နားလည်နိုင်လို့ပါ။—ယောဟန် ၁၂:၁၆ နဲ့ နှိုင်းယှဉ်ပါ။
ဒါပေမဲ့ အရေးကြီးဆုံးကတော့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်မယ့်အချိန်ကို သိရဖို့ မဟုတ်ပါဘူး။ ဘုရားသခင်ကို ဆက်သစ္စာရှိနေဖို့ပါ။ ဒါကြောင့် “နိုးနိုးကြားကြားနဲ့ သတိရှိနေကြစို့။” ဒါမှသာ ကြိုဟောထားချက်တွေ ဖြစ်ပျက်လာတဲ့အခါ ကျွန်တော်တို့ အဆင်သင့် ရှိနေနိုင်မယ်။—၁ သက်. ၅:၆။
a ၂၀၂၅၊ နိုဝင်ဘာ ကင်းမျှော်စင် ထဲက “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။
b တမန်တော် ပေါလုရဲ့စကားတွေအရ ဒီကြွေးကြော်ချက်ကို တစ်ကြိမ်တည်း ကြွေးကြော်တာ ဖြစ်နိုင်သလို အကြိမ်ကြိမ် ကြွေးကြော်တာလည်း ဖြစ်နိုင်တယ်။