ကမ္ဘာတစ်လွှား ရွှင်လန်းသော ချီးမွမ်းသူများအဖြစ် သီးသန့်ခွဲထားခံရ
“ထာဝရဘုရား၏ကျွန်တော်တို့၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။”—ဆာလံ ၁၁၃:၁။
၁၊ ၂။ (က) ဆာလံ ၁၁၃:၁-၃ နှင့်အညီ မည်သူသည် ကျွန်ုပ်တို့၏စိတ်အားထက်သန်သော ချီးမွမ်းခြင်းကို ခံထိုက်သနည်း။ (ခ) အဘယ်မေးခွန်းကိုမေးရန် သင့်တော်သနည်း။
ယေဟောဝါဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး၏ မဟာဖန်ဆင်းရှင်၊ စကြဝဠာကိုထာဝရပိုင်သအုပ်စိုးသောအရှင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏စိတ်အားထက်သန်သော ချီးမွမ်းခြင်းဝတ်ကို အပြည့်အဝခံထိုက်တော်မူသည်။ ယင်းကြောင့် ဆာလံ ၁၁၃:၁-၃ ကဤသို့ဆင့်ဆို၏– “ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။ ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်၏။”
၂ ဘုရားသခင့်သက်သေခံများအနေနှင့် ယင်းသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့ပျော်ရွှင်ကြပါသည်။ ယေဟောဝါဘုရားသခင်သည် ယနေ့ ကျွန်ုပ်တို့ကျူးဧနေကြသည့် ရွှင်လန်းဖွယ် ချီးမွမ်းခြင်းသီချင်းများကို မကြာမီ ကမ္ဘာတစ်လွှား ပျံ့နှံ့သွားစေမည်ဟူသည့်အချက်သည် မည်မျှအားရရွှင်လန်းစရာပါတကား! (ဆာလံ ၂၂:၂၇) သင်၏အသံသည် ကမ္ဘာတစ်လွှား သံပြိုင်ဆိုသော ဤမဟာတေးသီချင်းအဖွဲ့တွင် ပါဝင်ပါသလော။ သို့ဖြစ်လျှင် ဤမျှဖရိုဖရဲဖြစ်၍ ရွှင်လန်းမှုကင်းမဲ့သောလောကမှ သင်သည် သီးသန့်ခွဲထားခံရသည့်အတွက် မည်မျှပျော်ရွှင်နေမည်ဖြစ်ခြင်း!
၃။ (က) ယေဟောဝါ၏လူများကို သိသိသာသာထူးခြားစေသည့်အချက်ကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့သည် အဘယ်နည်းများဖြင့် သီးသန့်ခွဲထားခံကြရသနည်း။
၃ ယေဟောဝါအား သံပြိုင်ချီးမွမ်းခြင်းသည် ကျွန်ုပ်တို့ကို အမှန်ပင်သိသိသာသာထူးခြားစေသည်။ ကျွန်ုပ်တို့သည် တစ်မျိုးတည်းပြောဆိုသွန်သင်ကြပြီး ယေဟောဝါ၏ ‘အလွန်ကောင်းမြတ်တော်မူခြင်းတို့ကို’ ထပ်တူနည်းများဖြင့်ပင် ကြေညာနေကြပါသည်။ (ဆာလံ ၁၄၅:၇) မှန်ပါ၏၊ ကျွန်ုပ်တို့သည် ယေဟောဝါ၏ဆက်ကပ်အပ်နှံ လူမျိုးတော်အနေနှင့် ယေဟောဝါဘုရားသခင်၏ လုပ်ငန်းတော်အတွက် သီးသန့်ခွဲထားခံရကြပါသည်။ ဘုရားသခင်သည် ကိုယ်တော်အား ဆက်ကပ်အပ်နှံထားသည့် ရှေးဣသရေလလူမျိုးကို သူတို့၏ဝန်းကျင်ရှိ လူမျိုးများမှ တသီးတခြားနေကြရန်နှင့် ထိုလူမျိုးများ၏အကျင့်ဓလေ့များဖြင့် ညစ်ညူးမခံကြရန် မိန့်မှာထားတော်မူသည်။ (ထွက်မြောက်ရာ ၃၄:၁၂-၁၆) ယင်းသို့လုပ်ဆောင်ရန် အထောက်အကူပြုမည့် ပညတ်များကို လူမျိုးတော်အား ကိုယ်တော်ပေးထားတော်မူသည်။ ယနေ့လည်း ယေဟောဝါသည် သန့်ရှင်းသောနှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို ကျွန်ုပ်တို့အား ပေးသနားထားတော်မူပြီ။ ယင်း၏သွန်သင်ချက်များက ဤလောကနှင့် ကျွန်ုပ်တို့မည်သို့သီးခြားနေနိုင်ကြောင်း ဖော်ပြပါသည်။ (၂ ကောရိန္သု ၆:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇) ကျွန်ုပ်တို့သည် မဟာဗာဗုလုန်ရှိ ဘုန်းကြီးများနှင့် သီလရှင်များပုံစံအတိုင်း ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် တသီးတခြားသီးသန့်ခွဲထားခံရကြသည်မဟုတ်ပါ။ ယေရှုခရစ်၏ပုံသက်သေအတိုင်း ကျွန်ုပ်တို့သည် ယေဟောဝါအား လူသိရှင်ကြားချီးမွမ်းသူများဖြစ်ကြပါသည်။
ယေဟောဝါ၏ချီးမွမ်းသူချုပ်ကို တုပလေ
၄။ ယေရှုသည် ယေဟောဝါအားချီးမွမ်းရာတွင် အဘယ်ပုံသက်သေတင်ပြသနည်း။
၄ ယေရှုသည် ယေဟောဝါအားချီးမွမ်းရန် မိမိ၏ရည်ရွယ်ချက်မှ တစ်ခါမျှသွေဖည်မသွားခဲ့ပါ။ ယင်းက ကိုယ်တော့်အား ဤလောကနှင့် တသီးတခြားဖြစ်စေသည်။ ကိုယ်တော်သည် ဘုရားသခင့်သန့်ရှင်းသောနာမတော်ကို တရားဇရပ်များနှင့် ယေရုရှလင်မြို့ရှိ ဗိမာန်တော်တွင် ချီးမွမ်းတော်မူခဲ့သည်။ တောင်ထိပ်ပေါ်တွင်ဖြစ်စေ၊ ပင်လယ်ကမ်းခြေတွင်ဖြစ်စေ၊ လူအုပ်စုဝေးသော မည်သည့်နေရာတွင်မဆို ယေရှုသည် ယေဟောဝါအား ချီးမွမ်းထောမနာပြုတော်မူခဲ့သည်။ ကိုယ်တော်က “ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ . . . ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏” ဟုကြွေးကြော်တော်မူ၏။ (မဿဲ ၁၁:၂၅) ပုန္တိပိလတ်ရှေ့တွင် အမှုစစ်ခံနေရချိန်၌ပင် ယေရှုက ဤသို့သက်သေခံခဲ့သည်– “သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။” (ယောဟန် ၁၈:၃၇) ကိုယ်တော်သည် မိမိလုပ်ဆောင်နေသောလုပ်ငန်း၏ အရေးပါမှုကို သဘောပေါက်တော်မူခဲ့သည်။ သို့ဖြစ်၍ ယေရှုသည် မည်သည့်နေရာသို့ပင်ရောက်စေကာမူ ယေဟောဝါအကြောင်း ရဲရင့်စွာသက်သေခံပြီး ကိုယ်တော့်အား လူသိရှင်ကြားချီးမွမ်းထောမနာပြုတော်မူခဲ့သည်။
၅။ ဆာလံ ၂၂:၂၂ ကမည်သူနှင့်သက်ဆိုင်သနည်း။ ကျွန်ုပ်တို့၏သဘောထားကား မည်သို့ဖြစ်သင့်သနည်း။
၅ ဆာလံ ၂၂:၂၂ တွင် ယေဟောဝါ၏ချီးမွမ်းသူချုပ်နှင့်စပ်လျဉ်း၍ ဤပရောဖက်ပြုဖော်ပြချက်ကို ကျွန်ုပ်တို့တွေ့ရှိရသည်– “အကျွန်ုပ်သည် သတင်းတော်ကို ညီအစ်ကိုတို့အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်။” ဟေဗြဲ ၂:၁၁၊ ၁၂ တွင် တမန်တော်ပေါလုက ဤအခန်းငယ်များသည် သခင်ယေရှုနှင့် ကောင်းကင်ဘုန်းဝင်စားရန် ယေဟောဝါဘုရားသခင် သန့်စင်စေတော်မူသောသူတို့အားရည်ညွှန်းကြောင်းဖော်ပြပါသည်။ ဤသူတို့သည် ယေဟောဝါ၏နာမတော်ကို ပရိသတ်အလယ်တွင် ချီးမွမ်းရန် မရှက်မကြောက်ကြပါ။ ကျွန်ုပ်တို့သည် အသင်းတော်အစည်းအဝေးများကို တက်ရောက်သည့်အခါ ထပ်တူသဘောထားမျိုးရှိပါသလော။ အစည်းအဝေးများတွင် နှုတ်ရောနှလုံးပါ ထက်ထက်သန်သန်ပါဝင်ခြင်းဖြင့် ယေဟောဝါအား ချီးမွမ်းရာရောက်သည်။ သို့ရာတွင် ကျွန်ုပ်တို့၏ရွှင်လန်းသောချီးမွမ်းမှုသည် ထိုမျှသာလော။
၆။ ယေရှုသည် တပည့်တော်များကို အဘယ်တာဝန်ပေးတော်မူသနည်း။ အလင်းကိုမြတ်နိုးသူများသည် ဘုရားသခင်ကို မည်သို့ဂုဏ်တင်ချီးမွမ်းကြသနည်း။
၆ မဿဲ ၅:၁၄-၁၆ အရ ယေဟောဝါအား အခြားသူများပါ ချီးမွမ်းကြစေရန် မိမိတို့၏အလင်းကို ထွန်းလင်းကြရမည်ဟု နောက်တော်လိုက်များအား သခင်ယေရှုတာဝန် အပ်နှင်းတော်မူသေးသည်။ ကိုယ်တော်က “သင်တို့သည် ဤလောက၏အလင်းဖြစ်၏။ . . . သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့အလင်းကိုလင်းစေကြလော့” ဟုမိန့်တော်မူ၏။ အလင်းကိုမြတ်နိုးသူများသည် ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြသည်။ သူတို့သည် မွန်မြတ်သောအရာများကိုပြောဆိုလုပ်ကိုင်ခြင်းအားဖြင့်သာ ထိုသို့လုပ်ဆောင်ကြပါသလော။ မဟုတ်ပါ။ ယင်းသို့ပြုလုပ်သည့်အစား ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်ခြင်းလုပ်ငန်းတွင် အတူတကွပါဝင်ခြင်းဖြင့် သူတို့လုပ်ဆောင်ကြ၏။ မှန်ပါသည်၊ အလင်းကိုမြတ်နိုးသူများသည် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြပြီး ကိုယ်တော်၏ရွှင်လန်းသောချီးမွမ်းသူများ ဖြစ်လာကြ၏။ ဤရွှင်လန်းအားရဖွယ်ခြေလှမ်းကို အသင်ယူပြီးပြီလော။
ယေဟောဝါအားချီးမွမ်းခြင်းမှရသော ရွှင်လန်းမှု
၇။ ယေဟောဝါ၏ချီးမွမ်းသူများသည် အဘယ်ကြောင့် ဤမျှ ရွှင်လန်းကြရသနည်း။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် အဘယ်ရွှင်လန်းမှုကို သူတို့ခံစားကြရသနည်း။
၇ ယေဟောဝါ၏ချီးမွမ်းသူများသည် အဘယ်ကြောင့် ဤမျှ ရွှင်လန်းကြရသနည်း။ ရွှင်လန်းမှုသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ အသီးတစ်ခုဖြစ်သောကြောင့်တည်း။ ဂလာတိ ၅:၂၂ ပါစာရင်းတွင် ယင်းကို မေတ္တာပြီးနောက် တင်ပြထားပါသည်။ ပထမရာစုရှိ ယေရှု၏တပည့်တော်များသည် ယေဟောဝါဝိညာဉ်တော်၏ ဤအသီးကို တင်ပြခဲ့ကြသည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏တပည့်တော် ၁၂၀ ခန့်အပေါ် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းသောအခါ သူတို့ရှိရှိသမျှသည် သီးခြားဘာသာစကားများဖြင့် ယေဟောဝါအား စတင်ချီးမွမ်းခဲ့ကြလေသည်။ နိုင်ငံအသီးသီးမှ ယေရုရှလင်မြို့သို့ ရောက်လာကြသော ဘုရားတရားကြည်ညိုသူဂျူးတို့သည် ‘မိန်းမောတွေဝေသွားကြ’ ၏။ သူတို့က ဤသို့ဆိုခဲ့သည်– “ဤသူများသည် ဘုရားသခင်၏ အံ့ဖွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကို ကြားရပါသည်တကား။” (တမန်တော် ၂:၁-၁၁) ယေဟောဝါအား ဘာသာစကားအမျိုးမျိုးဖြင့် ဤသို့ချီးမွမ်းခြင်း၏အကျိုးဆက်ကား အဘယ်နည်း။ ဂျူးနှင့် ဂျူးဘာသာဝင် ၃,၀၀၀ ခန့်သည် မေရှိယနှင့်ပတ်သက်သော ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို လက်ခံခဲ့ကြလေသည်။ သူတို့သည် နှစ်ခြင်းယူပြီး သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံရကြရာ ယေဟောဝါ၏ရွှင်လန်းသော ချီးမွမ်းသူများအဖြစ် အားတက်သရောလုပ်ဆောင်ကြသည်။ (တမန်တော် ၂:၃၇-၄၂) ယင်းသည် တကယ့်ကောင်းချီးပါတကား!
၈။ ခရစ်ယာန်များသည် ပင်တေကုတ္တေပွဲနေ့ပြီးနောက် သူတို့၏ရွှင်လန်းမှု တိုးများလာစေရန် မည်သို့ပြုလုပ်ခဲ့သနည်း။
၈ မှတ်တမ်းက ဤသို့ဆက်ပြောထားသည်– “ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍ ကိုယ့်အိမ်၌ မုန့်ကိုဖဲ့လျက် ကြည်ဖြူရွှင်လန်း ဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကို သုံးဆောင်ကြ၏။ ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်းအခွင့်ကို ရကြ၏။ ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။” (တမန်တော် ၂:၄၆၊ ၄၇) သူတို့အား အကြီးအကျယ်ရွှင်လန်းဝမ်းမြောက်စေသည်ကား အတူတကွပေါင်းသင်းစားသောက်ကြခြင်းသာလော။ မဟုတ်ပါ၊ သူတို့၏အဓိကရွှင်လန်းခြင်းမှာ တစ်နေ့ပြီးတစ်နေ့ ယေဟောဝါဘုရားသခင်အား ချီးမွမ်းခွင့်ရခြင်းကြောင့်ဖြစ်ပြီး သူတို့၏ကယ်တင်ခြင်းသတင်းတရားကို ထောင်နှင့်ချီသောသူတို့ လက်သင့်ခံတုံ့ပြန်ကြသည်ကို တွေ့မြင်ရခြင်းက သူတို့၏ရွှင်လန်းမှုကို တိုးပွားစေခဲ့မည်အမှန်။ ယနေ့လည်း ကျွန်ုပ်တို့ထပ်တူဖြစ်နေကြပါသည်။
လူမျိုးအပေါင်းမှ ရွှင်လန်းသော ချီးမွမ်းသူများ
၉။ (က) ဘုရားသခင်သည် လူမျိုးအားလုံးမှလူများအား အဘယ်အချိန်နှင့် အဘယ်နည်းဖြင့် ကိုယ်တော်၏သတင်းကောင်းကို စတင်၍ကြားနာစေခဲ့သနည်း။ (ခ) ကော်နေလိနှင့် သူ၏မိတ်ဆွေများသည် နှစ်ခြင်းမခံမီ အဘယ်ကြောင့်သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်း ခံခဲ့ရသနည်း။
၉ ယေဟောဝါသည် မိမိကျေးကျွန်များ၏ အလင်းထွန်းလင်းခြင်းလုပ်ငန်းကို လူမျိုးတစ်မျိုးတည်းတွင်သာ ကန့်သတ်ထားစေလိုတော်မမူပါ။ ထို့ကြောင့် စီ.အီး. ၃၆ ခုနှစ်မှစတင်၍ ကိုယ်တော်၏သတင်းကောင်းကို လူမျိုးအားလုံးမှလူများအား ကြားနာခွင့်ရရှိစေတော်မူခဲ့သည်။ ဘုရားသခင်ညွှန်ကြားသည့်အတိုင်း ပေတရုသည် ကဲသရိမြို့ရှိ တစ်ပါးအမျိုးသား စစ်အရာရှိတစ်ဦး၏အိမ်သို့ သွားခဲ့သည်။ ထိုတွင် ကော်နေလိက သူ၏ရင်းနှီးသောမိတ်ဆွေများနှင့် မိသားစုတို့ကိုစုဝေးစေကြောင်း သူတွေ့ခဲ့ရသည်။ သူတို့သည် ပေတရု၏တရားစကားကို ကြားနာကြသောအခါ သူတို့၏နှလုံးဖြင့် ယေရှုကိုယုံကြည်ကြောင်း တင်ပြကြလေသည်။ ထိုသို့ဖြစ်ပျက်ခဲ့ကြောင်း ကျွန်ုပ်တို့မည်သို့ သိရှိရသနည်း။ ထိုတစ်ပါးအမျိုးသား ယုံကြည်သူများအပေါ် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် ဘုရားသခင့်ဝိညာဉ်တော်ဆုကျေးဇူးကို နှစ်ခြင်းခံပြီးနောက်မှသာ ပေးသနားသည်ဖြစ်၍ ဤအဖြစ်အပျက်တွင်မူ ယေဟောဝါသည် ဂျူးမဟုတ်သော ဤသူများကို မိမိနှစ်သက်လက်ခံတော်မူကြောင်း သူတို့နှစ်ခြင်းမခံမီကပင် ပြညွှန်တော်မူခဲ့သည်။ ဤသို့အားဖြင့်သာ ယေဟောဝါ ပြညွှန်တော်မမူခဲ့လျှင် ရေနှစ်ခြင်းခံယူရန် သူတို့အရည်အချင်းပြည့်မီမှုရှိမရှိ ပေတရုသိနိုင်ခဲ့မည်မဟုတ်ပေ။—တမန်တော် ၁၀:၃၄၊ ၃၅၊ ၄၇၊ ၄၈။
၁၀။ လူမျိုးအားလုံးမှလူများသည် ယေဟောဝါအား ချီးမွမ်းကြလိမ့်မည်ဟု ရှေးအချိန်ကတည်းက မည်သို့တင်ကူးဟောထားသနည်း။
၁၀ လူမျိုးအားလုံးမှလူများသည် ကိုယ်တော့်အား ချီးမွမ်းကြလိမ့်မည်ဟု ရှေးအချိန်ကတည်းက ယေဟောဝါတင်ကူး မိန့်မြွက်တော်မူခဲ့သည်။ နိုင်ငံတိုင်းတွင် ကိုယ်တော့်အား ရွှင်လန်းစွာချီးမွမ်းမည့်သူများ ရှိရမည်ဖြစ်သည်။ ယင်းကိုထင်ရှားစေရန် တမန်တော်ပေါလုသည် ဟေဗြဲကျမ်းစောင်များပါ ပရောဖက်ပြုချက်များကို ကိုးကားတင်ပြခဲ့သည်။ ရောမမြို့ရှိ လူမျိုးပေါင်းစုံပါဝင်သော ခရစ်ယာန်အသင်းတော်အား သူက ဤသို့ပြောခဲ့သည်– “ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည်နည်းတူ၊ သင်တို့သည် တစ်ယောက်ကိုတစ်ယောက် လက်ခံကြလော့။ တစ်ဖန်ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏သစ္စာတော်ကို ထောက်၍၊ ဘိုးဘေးများခံရသော ကတိတော်တို့ကို တည်စေခြင်းငှာ၊ အရေဖျားလှီးခြင်းကိုခံသောသူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တစ်ပါးအမျိုးသားတို့သည်လည်း ဘုရားသခင်၏ကရုဏာတော်ကို အံ့သြချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ [ဆာလံ ၁၈:၄၉ ၌] ကျမ်းစာလာသည်ကား ‘ထို့ကြောင့် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍ နာမတော်ကို ထောမနာသီချင်းဆိုပါမည်’ ဟု လာသတည်း။ တစ်ဖန် [တရားဟောရာ ၃၂:၄၃ ၌] လာသည်ကား ‘တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့’ ဟုလာ၏။ တစ်ဖန်ကား [ဆာလံ ၁၁၇:၁ ၌] ‘လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့ အလွန်ချီးမွမ်းကြလော့’ ဟုလာ၏။”—ရောမ ၁၅:၇-၁၁။
၁၁။ လူမျိုးအားလုံးမှ လူများသည် ကိုယ်တော်၏သမ္မာတရားများကို တတ်သိလာရန် ဘုရားသခင်မည်သို့ကူညီပေးတော်မူခဲ့သနည်း။ အဘယ်အကျိုးဖြစ်ထွန်းခဲ့သနည်း။
၁၁ လူတို့သည် လူမျိုးအားလုံးမှ လူများအပေါ်အစိုးရရန် ဘုရားသခင်ခန့်အပ်ထားတော်မူသည့် ယေရှုခရစ်ကို အားကိုးမျှော်လင့်မနေလျှင် ယေဟောဝါအား စည်းလုံးညီညွတ်စွာချီးမွမ်းနိုင်မည်မဟုတ်ပါ။ သူတို့သည် ကိုယ်တော်၏သမ္မာတရားကို ကောင်းစွာသိရှိနားလည်လာရန် အပြည်ပြည်ဆိုင်ရာ သွန်သင်ခြင်းအစီအစဉ်တစ်ခုကို ကိုယ်တော်စီစဉ်ပေးထားတော်မူသည်။ သစ္စာရှိကျေးကျွန်အတန်းအစားဖြင့် ကိုယ်တော်ညွှန်ကြားပေးနေတော်မူသည်။ (မဿဲ ၂၄:၄၅-၄၇) အကျိုးရလဒ်ကား အဘယ်နည်း။ ငါးသန်းကျော်သော ရွှင်လန်းသည့်အသံများသည် နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ယေဟောဝါအား ချီးမွမ်းထောမနာပြုနေကြပါသည်။ သူတို့အပြင် အခြားသန်းပေါင်းများစွာသောသူတို့သည် ထပ်တူပြုလုပ်ရန် စိတ်ဝင်စားကြောင်း တင်ပြနေကြသည်။ ၁၉၉၆ ခုနှစ်တွင် သတိရအောက်မေ့ပွဲကို တက်ရောက်ခဲ့သူအရေအတွက် ၁၂,၉၂၁,၉၃၃ ယောက်ကို သတိပြုပါ။ အလွန်အားရဝမ်းသာစရာပါတကား!
ရွှင်လန်းသော ချီးမွမ်းသူလူအုပ်ကြီးအကြောင်း ကြိုတင်ဟောထား
၁၂။ တမန်တော်ယောဟန်သည် အဘယ်စိတ်လှုပ်ရှားဖွယ်ရာရူပါရုံကို တွေ့မြင်ခဲ့သနည်း။ ယင်းတို့အားလုံး၏ သက်ရှိဖြစ်ရပ်မှန်ကားအဘယ်နည်း။
၁၂ တမန်တော်ယောဟန်သည် လူမျိုးအသီးသီးတို့မှ “လူအုပ်ကြီး” ကိုအဆင်းအာရုံတွင် တွေ့မြင်ခဲ့သည်။ (ဗျာဒိတ် ၇:၉) ဘုရားသခင်၏ ဘိသိက်ခံအကြွင်းအကျန်နှင့်အတူ ဤလူအုပ်ကြီးကျူးဧသော ချီးမွမ်းခြင်းများ၏ အဓိကအချက်ကား အဘယ်နည်း။ ယောဟန်က ဤသို့ပြောပြသည်– “ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်း” ဟူ၍ဖြစ်သည်။ (ဗျာဒိတ် ၇:၁၀) ယင်းကို ကမ္ဘာ့ဒေသအသီးသီးတွင် ရဲရင့်စွာကြေညာနေကြပါသည်။ ကျွန်ုပ်တို့သည် စွန်ပလွံခက်များကို ဝှေ့ယမ်းနေသည့်အလား ဘုရားသခင်အား စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် စည်းလုံးစွာချီးမွမ်းသြဘာပေးကြပြီး ကိုယ်တော်နှင့် ကိုယ်တော့်သားတော် သိုးသငယ်ယေရှုခရစ်တို့ကြောင့် ကယ်တင်ခြင်းရကြောင်း ကောင်းကင်မြေကြီးရှေ့တွင် ရွှင်ရွှင်လန်းလန်းဝန်ခံနေကြပါသည်။ တမန်တော်ယောဟန်သည် ရင်ဖိုဖွယ်ကောင်းသော ဤလူအုပ်ကြီးမြင်ကွင်းကို တွေ့မြင်ရခြင်းကြောင့် မည်မျှအံ့သြမိန်းမောဘဝင်ခိုက်ခဲ့မည်တကား! ယောဟန်တွေ့မြင်ခဲ့သည့် သက်ရှိဖြစ်ရပ်မှန်ကို ယနေ့ ကျွန်ုပ်တို့တွေ့မြင်နေရရုံမက ၎င်းတွင်ပါဝင်ခွင့်ရခြင်းသည် မည်မျှဘဝင်ခိုက်ဖွယ်ပါတကား!
၁၃။ ယေဟောဝါ၏လူများကို ဤလောကနှင့် ကွဲပြားခြားနားစေသည့်အရာကား အဘယ်နည်း။
၁၃ ယေဟောဝါ၏ကျေးကျွန်များအဖြစ် ကိုယ်တော်၏နာမတော်ကို ခံယူခွင့်ရသည့်အတွက် ကျွန်ုပ်တို့ဂုဏ်ယူကြပါသည်။ (ဟေရှာယ ၄၃:၁၀၊ ၁၂) ကျွန်ုပ်တို့သည် ယေဟောဝါ၏သက်သေများဖြစ်ကြသောကြောင့် ဤလောကနှင့် ကွဲပြားခြားနားပါသည်။ ဘုရားသခင်၏ ထူးခြားထင်ရှားသောနာမတော်ကို ခံယူရခြင်းနှင့် မြင့်မြတ်သောလုပ်ငန်းတော် ထမ်းဆောင်ရခြင်းကို ကျွန်ုပ်တို့၏ဘဝရည်ရွယ်ချက်ဖြစ်စေရခြင်းတို့သည် အမှန်ရွှင်လန်းအားရစရာပါတကား! ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကိုယ်တော့်သန့်ရှင်းသောနာမတော်ကို သန့်ရှင်းမြင့်မြတ်စေရန်နှင့် ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းရှင်းစေရန် ယေဟောဝါ၏မြင့်မြတ်သော ရည်ရွယ်တော်မူချက်သည် ကျွန်ုပ်တို့၏ဘဝအသက်တာကို အဓိပ္ပာယ်ပိုရှိစေခဲ့ပြီ။ ကိုယ်တော်သည် နာမတော်မြတ်နှင့် နိုင်ငံတော်နှင့်ပတ်သက်သော မဟာရည်ရွယ်တော်မူချက်တွင် ကျွန်ုပ်တို့နေရာရရှိထားရန် ကူညီပေးတော်မူပြီ။ ယင်းကို နည်းသုံးနည်းဖြင့် ကိုယ်တော်လုပ်ဆောင်တော်မူသည်။
သမ္မာတရား အပ်နှင်းခံရ
၁၄၊ ၁၅။ (က) ဘုရားသခင်၏နာမတော်နှင့် နိုင်ငံတော်တို့နှင့်ပတ်သက်၍ ကိုယ်တော်၏မြင့်မြတ်သော ရည်ရွယ်တော်မူချက်တွင် ပါဝင်ခွင့်ရရှိစေသည့်နည်းတစ်နည်းကား အဘယ်နည်း။ (ခ) ၁၉၁၄ ခုနှစ်တွင် တည်ထောင်ခဲ့သော နိုင်ငံတော်သည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် မှောက်လှန်ခံရသည့်နိုင်ငံနှင့် မည်သို့ကွာခြားသနည်း။
၁၄ ပထမတစ်နည်းမှာ ယေဟောဝါသည် မိမိ၏လူမျိုးတော်အား သမ္မာတရားကို အပ်နှင်းထားခြင်းဖြစ်သည်။ စိတ်အလှုပ်ရှားဆုံး ဖော်ပြချက်မှာ ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော် စတင်အုပ်စိုးခြင်းအကြောင်းဖြစ်သည်။ (ဗျာဒိတ် ၁၂:၁၀) ယင်းကောင်းကင်အစိုးရသည် ဒါဝိဒ်၏ဆွေစဉ်မျိုးဆက်မှရှင်ဘုရင်များ နန်းထိုင်ခဲ့သော ယေရုရှလင်မြို့ရှိ ကိုယ်စားပြုနိုင်ငံတော်နှင့် ကွာခြားပါသည်။ ထိုနိုင်ငံတော်သည် မှောက်လှန်ခံခဲ့ရပြီး ဘီ.စီ.အီး. ၆၀၇ ခုနှစ်မှစတင်၍ တစ်ပါးအမျိုးသား ကမ္ဘာ့အာဏာစက်တို့၏ အုပ်စိုးမှုကို လုံးလုံးလျားလျား ခံခဲ့ရသည်။ ၁၉၁၄ ခုနှစ်တွင် ယေဟောဝါတည်ထောင်ခဲ့သည့် နိုင်ငံတော်အသစ်သည် ယေဟောဝါမှတစ်ပါး မည်သူမျှအစိုးရခွင့်မရှိသော၊ မည်သည့်အခါမျှ ပျက်စီးရမည်မဟုတ်သော ကောင်းကင်နိုင်ငံတော်ဖြစ်သည်။ (ဒံယေလ ၂:၄၄) ထို့ပြင် ယင်း၏ အုပ်ချုပ်မှုသည် ကွဲပြားခြားနားပါသည်။ မည်သို့နည်း။ ဗျာဒိတ် ၁၁:၁၅ ကဖြေဆိုသည်– “ကောင်းကင်ဘုံ၌ ကြီးသောအသံတို့ကား ‘လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီ၊ ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။’”
၁၅ ‘ငါတို့အရှင်၏နိုင်ငံ၊ ထိုအရှင်၏ ခရစ်တော်နိုင်ငံတော်’ သည်လူ့လောကတစ်ခုလုံးအပေါ် အုပ်စိုးခွင့်အာဏာကို ကျင့်သုံးနေပါသည်။ ကိုယ်တော့်မေရှိယသားတော်နှင့် ယခုအခါ အများစုမှာ ကောင်းကင်ဘုန်းအသရေဖြင့် ရှင်ပြန်ထမြောက်ကုန်ကြပြီဖြစ်သော ယေရှု၏ညီတော် ၁၄၄,၀၀၀ ပါဝင်သည့် ယေဟောဝါပိုင်သအုပ်စိုးမှုဆိုင်ရာ ဤဖော်ပြချက်အသစ်သည် ကျောင်းသူကျောင်းသားများ ဆွေးနွေးနှီးနှောလိုမည့် စိတ်ဝင်စားဖွယ်အတွေးအခေါ် တက္ကသိုလ်ပညာရပ်တစ်ခုမျှမဟုတ်ပါ။ ယင်းအစား ဤကောင်းကင်နိုင်ငံတော်သည် အမှန်တည်ရှိသော အစိုးရတစ်ခုဖြစ်သည်။ ထိုနိုင်ငံတော်၏အုပ်ချုပ်မှုအောက် စုံလင်စွာ ထာဝစဉ်အသက်ရှင်နိုင်သည့် ရွှင်လန်းအားရဖွယ် အလားအလာသည် ကျွန်ုပ်တို့ဆက်လက်ရွှင်လန်းနိုင်ရေးအတွက် ခိုင်လုံသောအကြောင်းများစွာရှိစေသည်။ ယေဟောဝါ၏နှုတ်ကပါဌ်တော်မှ ဤသမ္မာတရားတို့ကို အပ်နှင်းခံရသည့်အတွက် ကျွန်ုပ်တို့သည် ယင်းအကြောင်းကို အစဉ်အမြဲချီးမွမ်းပြောဆိုနေရန် လှုံ့ဆော်ပေးခံရသည်။ (ဆာလံ ၅၆:၁၀) အသင်ကော၊ ကောင်းကင်တွင် ဘုရားသခင်၏မေရှိယနိုင်ငံတော် ယခုပင်အုပ်စိုးနေကြောင်းကို လူတိုင်းအား မှန်မှန်ပြောပြနေပါသလော။
သန့်ရှင်းသောဝိညာဉ်တော်နှင့် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတို့၏ အကူအညီ
၁၆၊ ၁၇။ ဘုရားသခင်၏မြင့်မြတ်သော ရည်ရွယ်တော်မူချက်တွင် ပါဝင်နိုင်ရန် အကူအညီဖြစ်စေသည့် ဒုတိယနှင့် တတိယနည်းများကား အဘယ်နည်း။
၁၆ ဘုရားသခင့်မြင့်မြတ်သော ရည်ရွယ်တော်မူချက်တွင် ပါဝင်ခွင့်ရရှိစေသည့် ဒုတိယနည်းမှာ ဝိညာဉ်အသီးများ သီးပွင့်စေပြီး ကိုယ်တော့်မျက်နှာသာတော်ရစေသည့် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးသနားထားတော်မူခြင်းမှရရှိသောအကူအညီဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထို့ပြင် ပေါလုက ဘိသိက်ခံခရစ်ယာန်များထံ ဤသို့ရေးသားခဲ့သည်– “ငါတို့သည် . . . ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလို့ငှာ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကို ခံရကြပြီ။” (၁ ကောရိန္သု ၂:၁၂) ယေဟောဝါ၏ဝိညာဉ်တော်ကို လက်သင့်ခံတုံ့ပြန်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် သနားကြင်နာစွာ ကိုယ်တော်ပေးသနားထားတော်မူသော ကိုယ်တော်၏ကတိတော်များ၊ ပညတ်ချက်များ၊ မူဝါဒများ အစရှိသည့် လက်ရှိကောင်းမွန်ရာတို့ကို ယခုသိနားလည်နိုင်ကြပါသည်။—မဿဲ ၁၃:၁၁ နှိုင်းယှဉ်။
၁၇ ကျွန်ုပ်တို့ကို ဘုရားသခင်ထောက်ကူပေးသည့် တတိယနည်းမှာမူ ကျွန်ုပ်တို့၏ကမ္ဘာချီညီအစ်ကိုများ အသင်းအပင်းနှင့် ဝတ်ပြုမှုအတွက် ယေဟောဝါဖွဲ့စည်းစီစဉ်ထားသည့် အားရ ရွှင်လန်းဖွယ် အစီအစဉ်ဖြစ်ပါသည်။ တမန်တော်ပေတရုက “ညီအစ်ကိုများ အသင်းအပင်းတစ်ခုလုံးကို ချစ်ကြလော့” ဟုဆုံးမပေးချိန်တွင် ယင်းအကြောင်းကို ဖော်ပြပြောဆိုခဲ့သည်။ (၁ ပေတရု ၂:၁၇၊ ကဘ) “ထာဝရဘုရား၏အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာသီချင်းဆိုလျက် အထံတော်သို့ဝင်ကြလော့” ဟုဆာလံ ၁၀၀:၂ တွင်မိန့်မှာသည့်အတိုင်း အလွန်ရွှင်လန်းသောနှလုံးဖြင့် ယေဟောဝါ၏ အမှုတော်ကိုဆောင်ရွက်ရန် မေတ္တာပြည့်ဝသော ကျွန်ုပ်တို့၏အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုများမိသားစုကြီးက အထောက်အကူပြုပါသည်။ အခန်းငယ် ၄ တွင်ထပ်မံ၍ “ကျေးဇူးတော်ကြီးပါသည်ဟု ဝန်ခံလျက် တံခါးတော်တို့ကိုလည်းကောင်း၊ ဂုဏ်တော်ကို ချီးမွမ်းလျက် တံတိုင်းတော်တို့ကိုလည်းကောင်း ဝင်ကြလော့။ ကျေးဇူးတော်ချီးမွမ်း၍ နာမတော်ကိုကောင်းချီးပေးကြလော့” ဟုဆိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူသိရှင်ကြားဟောပြောနေကြစဉ်ဖြစ်စေ၊ အစည်းအဝေးများကို တက်ရောက်နေကြစဉ်ဖြစ်စေ ရွှင်လန်းမှုရှိနိုင်ပါသည်။ ယေဟောဝါ၏တင့်တယ်သော ဝိညာဉ်ရေးဗိမာန်တော်တံတိုင်းများတွင် ငြိမ်သက်မှုနှင့်လုံခြုံမှု တွေ့ရှိထားကြပြီတကား!
ယေဟောဝါအား ရွှင်လန်းစွာချီးမွမ်းကြ
၁၈။ နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် အခြားပြဿနာများကို ကျွန်ုပ်တို့တွေ့ကြုံရစေကာမူ ယေဟောဝါအားချီးမွမ်းရာတွင် အဘယ်ကြောင့်ပျော်ရွှင်နိုင်သနည်း။
၁၈ မည်သည့်အခက်အခဲ၊ မည်သည့်နှိပ်စက်ညှဉ်းပန်းမှုနှင့် အခြားမည်သည့်ပြဿနာများကိုမဆို တွေ့ကြုံရစေကာမူ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်တွင် ကျွန်ုပ်တို့ရောက်ရှိနေကြရသည့်အတွက် အားရရွှင်လန်းကြစို့။ (ဟေရှာယ ၂:၂၊ ၃) ရွှင်လန်းခြင်းသည် နှလုံးအရည်အသွေးတစ်ခုဖြစ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့၏ အစောပိုင်းခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများသည် အခက်အခဲ၊ ဆုံးရှုံးမှုအမျိုးမျိုး ရင်ဆိုင်ကြရသော်လည်း ယေဟောဝါ၏ရွှင်လန်းသောချီးမွမ်းသူများ ဖြစ်ခဲ့ကြသည်။ (ဟေဗြဲ ၁၀:၃၄) ယနေ့ ကျွန်ုပ်တို့၏ယုံကြည်သူချင်းတို့သည်လည်း သူတို့ကဲ့သို့ပင်ဖြစ်ကြသည်။—မဿဲ ၅:၁၀-၁၂။
၁၉။ (က) အဘယ်ထပ်တလဲလဲဖော်ပြထားသည့် မိန့်မှာချက်များသည် ယေဟောဝါအားချီးမွမ်းစေသနည်း။ (ခ) ကျွန်ုပ်တို့ထာဝရအသက်ရှင်ခြင်းသည် အဘယ်အရာအပေါ် မူတည်သနည်း။ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကား အဘယ်နည်း။
၁၉ ယေဟောဝါအားဝတ်ပြုသူ ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော့်အားချီးမွမ်းကြရန် သမ္မာကျမ်းစာ၏မိန့်မှာချက်များကို ရွှင်လန်းအားရစွာ လိုက်နာလိုကြပါသည်။ ဗျာဒိတ်ကျမ်းတွင် ယေဟောဝါအားချီးမွမ်းခြင်းတို့ကို “ဟာလေလုယ!” ဖြင့်ထပ်ခါတလဲကြားဖြတ်ဖော်ပြထားသည်ကိုတွေ့ရှိရ၏။ (ဗျာဒိတ် ၁၉:၁-၆) ဆာလံ ၁၅၀ ၏အခန်းငယ်ခြောက်ခုတွင် ယေဟောဝါအား ချီးမွမ်းပါဟု ၁၃ ကြိမ်မှာကြားထားသည်။ ယင်းကား ယေဟောဝါအားရွှင်လန်းစွာချီးမွမ်းကျူးဧကြရန် စကြဝဠာတစ်ခွင်ရှိ သတ္တဝါအပေါင်းတို့ကို ဖိတ်ခေါ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ထာဝရအသက်ရှင်ရေးသည် ဤကြီးကျယ်ခမ်းနားသော ဟာလေလုယသံပြိုင်သီဆိုမှု၌ ပါဝင်ခြင်းအပေါ် မူတည်နေပါသည်! မှန်ပါ၏၊ ထာဝစဉ်အသက်ရှင်မည့်သူများမှာ ယေဟောဝါအား အဆက်မပြတ်ချီးမွမ်းထောမနာပြုသူများသာဖြစ်ကြလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာ့အဆုံးနီးကပ်လာသည်နှင့်အမျှ ကိုယ်တော်၏သစ္စာရှိ ကမ္ဘာချီအသင်းတော်နှင့်မခွာ နီးကပ်စွာနေရန် စိတ်ဆုံးဖြတ်ထားကြပြီ။ ထိုအခါ ဆာလံ ၁၅၀ ၏နိဂုံးချုပ်စကားများ အပြီးတိုင်ပြည့်စုံသည်ကို ကျွန်ုပ်တိုတွေ့ရှိရန် မျှော်လင့်နိုင်ကြပါသည်– “အသက်ရှိသောသူအပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ!”
သင်မည်သို့ဖြေဆိုမည်နည်း
◻ ယေဟောဝါ၏လူမျိုးကို သိသိသာသာထူးခြားစေသည့်အချက်ကား အဘယ်နည်း။
◻ ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်ကြောင့် အလွန်ရွှင်လန်းကြရသနည်း။
◻ ကျွန်ုပ်တို့ကို ဤလောကနှင့် ကွဲပြားခြားနားစေသည့်အချက်ကား အဘယ်နည်း။
◻ ဘုရားသခင်သည် ကိုယ်တော်၏မြင့်မြတ်သော ရည် ရွယ်တော်မူချက်တွင် အဘယ်နည်းသုံးနည်းဖြင့် ကျွန်ုပ်တို့ကိုပါဝင်ခွင့်ရစေသနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေရှုသည် မည်သည့်နေရာသို့ရောက်စေကာမူ ယေဟောဝါအကြောင်း သက်သေခံပြီး ကိုယ်တော့်အား လူသိရှင်ကြားချီးမွမ်းတော်မူခဲ့