ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၃/၁၅ စာ. ၂၉-၃၁
  • သင်သည် ယေဟောဝါရှင်ကို ချီးမွမ်းထောမနာပြုမည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် ယေဟောဝါရှင်ကို ချီးမွမ်းထောမနာပြုမည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းကောင်းကြေညာခြင်းဖြင့် ဘုရားသခင်ကို ချီးမွမ်းထောမနာပြု
  • ရနိုင်သောအကူအညီ
  • ယေဟောဝါရှင်အား ချီးမွမ်းရန် သားသမီးများကို ကူညီ
  • ယေဟောဝါရှင်နှင့် ထာဝရဆက်ဆံရေး
  • ကမ္ဘာတစ်လွှား ရွှင်လန်းသော ချီးမွမ်းသူများအဖြစ် သီးသန့်ခွဲထားခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ငါတို့ဘုရား ယေဟောဝါအားချီးမွမ်းကြ
    ယေဟောဝါအား တေးသီကျူးကြ
  • တို့ဘုရား ယေဟောဝါကို ချီးမွမ်းကြ
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၃/၁၅ စာ. ၂၉-၃၁

သင်သည် ယေဟောဝါရှင်ကို ချီးမွမ်းထောမနာပြုမည်လော

“အိုဘုရားသခင်၊ နာမတော်သည် မြေကြီးစွန်းတိုင်အောင်နှံ့ပြားသည်နည်းတူ ဂုဏ်အသရေတော်လည်း နှံ့ပြားလျက်ရှိ၏။” ဤစကားများမှာ ကောရသားများ၏ ပရောဖက်ပြုသီချင်းတစ်ပုဒ်မှ ဖြစ်သည်။ (ဆာလံ ၄၈:၁၀) ယနေ့ သန်းနှင့်ချီသော ယေဟောဝါသက်သေများ၏ ကြီးမားသောသံပြိုင်ကြီးက ဘုရားသခင်ကို ချီးမွမ်းထောမနာပြုနေပြီး ကိုယ်တော့်နိုင်ငံတော်သတင်းကောင်းကို ကြေညာခြင်းဖြင့် နာမတော်ကို လူသိရှင်ကြားဖြစ်စေနေကြသည်။ နိုင်ငံနှင့် အဏ္ဏဝါအတွင်းရှိကျွန်းပေါင်း ၂၃၂ ခုနှင့် ဘာသာစကားပေါင်း ၃၀၀ ထက်မနည်းဖြင့် ယင်းသို့ပြုလုပ်နေခြင်းကြောင့် သူတို့သည် စာသားအတိုင်းပင် “မြေကြီးစွန်းတိုင်အောင် နှံ့ပြား” နေစေကြသည်။

ဓလေ့ထုံးစံ၊ လူမှုဆက်ဆံရေးနှင့် ဘာသာစကားနောက်ခံမတူသော လူများသည် ယေဟောဝါရှင်ကို ချီးမွမ်းထောမနာပြုရန် တားမရသည့်အထိဖြစ်စေသည်ကား အဘယ်အရာနည်း။ ဘုရားသခင့်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောအသိပညာအတွက် သူတို့၏ကျေးဇူးတင်ခြင်းက အဓိကအကြောင်းရင်းဖြစ်သည်။ ကျမ်းစာပါသမ္မာတရားက သူတို့အား အယူသီးမှုမှလည်းကောင်း၊ ထာဝရညှဉ်းဆဲရာကဲ့သို့သော ဘာသာရေးယုံကြည်ချက် လွှမ်းမိုးမှုမျိုးမှလည်းကောင်း လွတ်မြောက်ပေးခဲ့ပြီ။ (ယောဟန် ၈:၃၂) သမ္မာတရားက သူတို့အား ချစ်ခြင်းမေတ္တာ၊ တန်ခိုးတော်၊ ဉာဏ်ပညာနှင့် ကရုဏာတရားပေါင်းစပ်ထားသည့်တရားမျှတမှု ကဲ့သို့သော ဘုရားသခင့်အံ့မခန်းဖွယ် ဂုဏ်ရည်တော်များကို တန်ဖိုးထားလေးစားတတ်ရန် ထောက်ကူခဲ့ပြီ။ မိမိ၏တစ်ပါးတည်းသော သားတော်ယေရှုခရစ်ကို လူသားများအတွက် ရွေးနုတ်ဖိုးပူဇော်သကာအဖြစ် ဘုရားသခင်ပေးအပ်ခြင်းကို သိနားလည်လာခြင်းက ရိုးသားဖြောင့်မှန်သောသူများအား ယေဟောဝါရှင်ကို ချီးမွမ်းထောမနာပြု အမှုတော်ထမ်းရန် လှုံ့ဆော်ပေးသည်။

ဗျာဒိတ်ကျမ်းအရ ကောင်းကင်ဆိုင်ရာ သံပြိုင်ကြီးက ဤသို့ကြွေးကြော်သည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။” (ဗျာဒိတ် ၄:၁၁) ဤချီးမွမ်းထောမနာပြုမှုမျိုးသည် တာဝန်ရှိ၍ဟူသည့် အသိစိတ်သက်သက်ကြောင့် ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းအစား ယေဟောဝါရှင်ကို ရိုသေကိုင်းရှိုင်းမှုမှ ပေါက်ဖွားလာသည်။

သတင်းကောင်းကြေညာခြင်းဖြင့် ဘုရားသခင်ကို ချီးမွမ်းထောမနာပြု

ယေဟောဝါရှင်ကို ချီးမွမ်းထောမနာပြုခြင်းဖြင့် လူတစ်ဦးသည် ဘုရားသခင်ကို အဓိကချီးမွမ်းသူ ယေရှုခရစ်၏အကောင်းမြတ်ဆုံးနမူနာကို တုပနေခြင်းဖြစ်သည်။ ယေရှု၏ခြေရာနင်းခြင်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာခြင်းလုပ်ငန်း၌ ပါဝင်လုပ်ဆောင်ခြင်း ပါဝင်သည်။ (မဿဲ ၄:၁၇၊ ၂၃; ၂၄:၁၄) ဤဟောပြောခြင်းလုပ်ဆောင်မှုသည် ယေဟောဝါရှင်အား ချီးမွမ်းထောမနာပြုခြင်းတွင် အကြီးမားဆုံးသော ကမ္ဘာချီကြိုးပမ်းလုပ်ဆောင်မှု ဖြစ်လာပြီ။

ဤဟောပြောခြင်းလုပ်ငန်းသည် ကျမ်းစာက ကယ်တင်ခြင်းနှင့်ထင်ရှားစွာဆက်စပ်ပေးသည့် အလွန်အရေးကြီးသော လုပ်ငန်းဖြစ်သည်။ ရောမ ၁၀:၁၃-၁၅ တွင် ဤသို့ဖတ်ရသည်– “‘ထာဝရဘုရားကို ပတ္ထနာပြုသော သူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။’ သို့ရာတွင် မယုံကြည်လျှင်အဘယ်သို့ ပတ္ထနာပြုနိုင်မည်နည်း။ သတင်းမကြားလျှင်အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။ လူကိုမစေလွှတ်လျှင် အဘယ်သို့ဟောပြောနိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ‘ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ ခြေတို့သည် အလွန်တင့်တယ်စွတကား!’”

လွန်ခဲ့သည့် တစ်နှစ်တည်းတွင် ယေဟောဝါသက်သေများသည် ဤဟောပြောခြင်းလုပ်ငန်းတွင် နာရီပေါင်း သန်း ၁,၀၀၀ ထက်မက ပေးဆက်ခဲ့ကြသည်။ ဘုရားသခင်ကို ဤသို့ချီးမွမ်းထောမနာပြုခြင်းမှ ရလဒ်ကောင်းများ ထွက်လာလေပြီ! ၃၁၄‚၀၀၀ ခန့် သောသူတို့သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံခြင်း အမှတ်အသားဖြစ်သည့် ရေတွင်နှစ်ခြင်းခံကာ သံပြိုင်ချီးမွမ်းထောမနာပြုသူများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

သို့တိုင် ၁၉၉၄ ခုနှစ်တွင် ယေရှုသေခြင်း၏ သတိရအောက်မေ့ပွဲကို တက်ရောက်သူ ၁၂,၂၈၈,၉၁၇ ဦးနှင့်ပတ်သက်၍ကော မည်သို့ဆိုနိုင်သနည်း။ သူတို့အထဲမှ ၇,၀၀၀,၀၀၀ ကျော်သောသူတို့သည် သတင်းကောင်းဟောပြောသူများအဖြစ် ယေဟောဝါရှင်ကို ချီးမွမ်းထောမနာမပြုကြသေးချေ။ သို့သော် အရေးကြီးသော ဤအခါသမယ၌ သူတို့ရောက်ရှိနေခြင်းသည် နောက်ဆုံးတွင် သံပြိုင်ကြွေးကြော်သူများ သန်းချီ၍ထပ်တိုးလာနိုင်စရာ အကြောင်းရှိသည်။ ဤစိတ်ဝင်စားသူများကို ယေဟောဝါရှင်အား ချီးမွမ်းထောမနာပြုသူများဖြစ်လာဖို့ ကူညီရန် မည်သို့ပြုလုပ်နိုင်သနည်း။

ရနိုင်သောအကူအညီ

စိတ်ဝင်စားသူများစွာတို့သည် ယေဟောဝါရှင်ကို ချီးမွမ်းထောမနာပြုလိုမည်ဖြစ်သော်လည်း တောင်းဆိုချက်များကို သူတို့မမီနိုင်ဟု ယူဆထားပေမည်။ သူတို့သည် ဆာလံဆရာ၏ဤစကားများကို ကောင်းကောင်းသတိရရန်ဖြစ်သည်– “ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသောတောင်ရိုးသို့ ငါမျှော်ကြည့်၏။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။” (ဆာလံ ၁၂၁:၁၊ ၂) ထင်ရှားသည်မှာ ဆာလံဆရာသည် သူ၏မျက်စိကို ယေဟောဝါ၏ဗိမာန်တော်နှင့် သီအိုကရက်တစ်အစိုးရ၏ မြေကြီးအခြေစိုက်တည်ရှိရာ ယေရုရှလင်မြို့၏တောင်ရိုးများဆီသို့ မျှော်ကြည့်ခြင်းဖြစ်သည်။ ယင်းမှ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းထောမနာပြုရန်နှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြေညာရန် လိုအပ်သောအကူအညီသည် ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်းမှသာ လာနိုင်ကြောင်း မှန်ကန်စွာ ကောက်ချက်ချနိုင်သည်။—ဆာလံ ၃:၄; ဒံယေလ ၆:၁၀။

ယနေ့အချိန်တွင် ယေဟောဝါရှင်အား ချီးမွမ်းထောမနာပြုလိုသူများသည် ကိုယ်တော်၏မြေကြီးဆိုင်ရာအဖွဲ့အစည်းမှ မေတ္တာပါအထောက်အပံ့ကို မျှော်လင့်နိုင်သည်။ ဥပမာ ယေဟောဝါသက်သေများသည် စိတ်ဝင်စားသူများနှင့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုပြုခြင်းအားဖြင့် အကူအညီပေးနေပါသည်။ ဤပညာပေးအစီအစဉ်တွင် ကျမ်းစာအယူဝါဒကို သင်ယူခြင်းထက်မက ပါဝင်ပါသည်။ ယင်းက သင်သားအား မိမိသင်ယူနေသည့်အရာနှင့် ယေဟောဝါရှင်အသုံးပြုနေသည့် အဖွဲ့အစည်းတို့ကို တန်ဖိုးထားလေးစားမှု တိုးပွားရန် အကူအညီပေးပါသည်။

ယင်းနှင့်အညီ ကျမ်းစာသင်ပေးနေသော သက်သေခံသည် သမ္မာတရားအုတ်မြစ်သစ်ကို ခေါင်းထဲရောက်ရုံသာမက နှလုံးထဲထိရောက်ရန် ကျိန်းသေကြိုးစားလုပ်ဆောင်သည်။ ထို့အပြင် သင်ကြားပေးသူသည် သင်သားအား ယေဟောဝါရှင်သည်ကမ္ဘာပေါ်တွင် မိမိရည်ရွယ်ချက်ပြီးမြောက်စေရန် မိမိအဖွဲ့အစည်းအား အသုံးပြုနေပုံကို မပြသဘဲမနေသင့်ပါ။ ယေဟောဝါ၏သက်သေများ—ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံး ဘုရားသခင့်အလိုတော်ထမ်းရွက်ခြင်း ဘရိုရှာနှင့် ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုတိတ်ခွေတို့က ယင်းကိုပြီးမြောက်အောင်မြင်နေကြောင်း ပြသသည့် အထောက်အကူဖြစ်လေ့ရှိသည်။

ခရစ်ယာန်စည်းဝေးများသည်လည်း ယေဟောဝါရှင်အား ချီးမွမ်းထောမနာပြုရန် အလားအလာရှိသူများကို ထောက်ပံ့ကူညီရေးတွင် အရေးကြီးသောအပိုင်းမှ ပါဝင်သည်။ ကျမ်းစာသင်အံမှု အစောပိုင်းအဆင့်တွင် သင်သားသည် ခရစ်ယာန်စည်းဝေးများကို တက်ရောက်ရန် ဖိတ်ခေါ်ခံရပေမည်။ အချိန်တန်သော် သူသည် ခရစ်ယာန်စည်းဝေးအားလုံး မှန်မှန်တက်ရောက်ခြင်းနှင့် ပါဝင်ခြင်း၏ အရေးကြီးမှုကို တတ်သိနားလည်လာလိမ့်မည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကြီးကြပ်မှူးများသည် ဝိညာဉ်ရေးတည်ဆောက်မှုဖြစ်စေပြီး လက်တွေ့ကျသည့် စည်းဝေးများကို ပြင်ဆင်ခြင်းအားဖြင့် ယုံကြည်သူချင်းများနှင့် ယေဟောဝါအား ချီးမွမ်းရန် အလားအလာရှိသူများအတွက် တန်ဖိုးဖြတ်မရသော အထောက်အကူကို စီစဉ်ပေးနိုင်သည်။

ယေဟောဝါရှင်အား ချီးမွမ်းရန် သားသမီးများကို ကူညီ

သားသမီးများသည် မဝေးတော့သော အနာဂတ်သတင်းကောင်းကြေညာသူလောင်းများတွင် ပါဝင်သည်။ အထူးသဖြင့် ဖခင်များသည် မိမိတို့၏သားသမီးများကို “သခင်ဘုရား၏အလိုတော်နှင့်အညီ ဆုံးမသွန်သင်” ပေးရန် ကျမ်းပေးတာဝန်ရှိထားသည်။ (ဧဖက် ၆:၄) ဘုရားတရားကိုင်းရှိုင်းသော မိဘများက ကောင်းမွန်စွာလေ့ကျင့်ပေးသောအခါ လူမမည်လေးပင်လျှင် ယေဟောဝါရှင်အား ချီးမွမ်းထောမနာပြုလိုစိတ် တဖွားဖွားပေါ်ပေါက်လာနိုင်သည်။

အာဂျင်တီးနားတွင်ရှိ လုံမလေးတစ်ဦးသည် အသင်းတော်အကြီးအကဲများထံ လပေါင်းများစွာ အကြိမ်ကြိမ်ချဉ်းကပ်ခဲ့ပြီး ဘုရားသခင့်နိုင်ငံတော် ကြေညာသူတစ်ယောက်အဖြစ် အရည်အချင်းရှိနိုင်ရန်အတွက် သူတို့၏အကူအညီကို တောင်းခံသည်။ အချိန်တန်သော် လုံမလေး၏မိဘများနှင့် အကြီးအကဲများက သူမအား နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ယောက်ဖြစ်ခွင့်ပေးရန် သဘောတူကြသည်။ သူမသည် တံခါးပေါက်များ၌ ဘုရားနိုင်ငံတော်သတင်းကို ထိရောက်စွာတင်ပြနေပြီးဖြစ်သည်။ ဤလုံမလေးသည် အသက် ငါး နှစ်မျှသာရှိပြီး စာမည်သို့ဖတ်ရမည်ကို မသိသေးလျက်ပင် ကျမ်းချက်ရှိသည့် နေရာများကို အလွတ်မှတ်ထားသည်။ ကျမ်းချက်တစ်ချက်ကို ရှာတွေ့ပြီးနောက် ယင်းကျမ်းချက်ကို အိမ်ရှင်အားဖတ်ခိုင်းပြီး သူမက ရှင်းပြပေးသည်။

အကြီးအကဲနှင့် မိဘနှစ်ဦးနှစ်ဖက်စလုံးတို့သည် ယေဟောဝါရှင်အား ချီးမွမ်းထောမနာပြုသူများအဖြစ်သို့ တစ်စစတိုးတက်လာနေသော သူများကို အားပေးခြင်းနှင့် အကူအညီပေးခြင်းတို့ဖြင့် ကောင်းကျိုးများစွာ ဖြစ်မြောက်စေနိုင်သည်။—သု. ၃:၂၇။

ယေဟောဝါရှင်နှင့် ထာဝရဆက်ဆံရေး

သို့သော် သင်ကိုယ်တိုင်သည် ယေဟောဝါသက်သေများနှင့် နှစ်အတော်အတန်ကြာ ပေါင်းသင်းနေခဲ့သော်လည်း သူတို့၏ဟောပြောခြင်းလုပ်ငန်းတွင် ယခုထိမပါဝင်သေးလျှင် အသို့နည်း။ အောက်ပါမေးခွန်းများကို သင့်ကိုယ်ကိုသင်မေးခြင်းသည် အကျိုးရှိပေမည်၊ ‘သမ္မာတရားကို တွေ့ရှိပြီး ယေဟောဝါသည် တစ်ဆူတည်းသော စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသလော။ ဘုရားသခင့်နိုင်ငံတော်သည် လူ့ပြဿနာများအတွက် တစ်ခုတည်းသောဖြေရှင်းနည်း ဖြစ်သည်ဟု ကျွန်ုပ် ယုံကြည်စိတ်ချပါသလော။ ကျွန်ုပ်သည် ယေဟောဝါရှင်ကိုဆန့်ကျင်သည့် ဗာဗုလုန်ဘာသာရေး၊ လောကီဓလေ့ထုံးစံနှင့် အကျင့်အကြံအားလုံးတို့မှ ကင်းလွတ်ခဲ့ပြီလော။ ကျွန်ုပ်တွင် ဘုရားသခင်နှင့် ကိုယ်တော့်ဖြောင့်မှန်သော တောင်းဆိုချက်များအတွက် နက်ရှိုင်းသော မြတ်နိုးမှုရှိသလော။’ (ဆာလံ ၉၇:၁၀) ဤမေးခွန်းများကို ဟုတ်ကဲ့ဟု သင်ရိုးရိုးသားသားဖြေဆိုနိုင်လျှင် ယေဟောဝါရှင်အား ချီးမွမ်းထောမနာပြုရန် အဘယ်အရာက တားဆီးနေပါသနည်း။— တမန်တော် ၈:၃၆ နှိုင်းယှဉ်။

ယေဟောဝါရှင်အား ချီးမွမ်းထောမနာပြုခြင်းတွင် သတင်းကောင်းကြေညာခြင်းထက်မက ပါဝင်ပါသည်။ သင့်တွင် တိကျမှန်ကန်သောအသိပညာကို ရယူထားကာ စစ်မှန်သောယုံကြည်မှုရှိထားပြီး သင့်အသက်တာကို ဘုရားသခင့်တောင်းဆိုချက်များနှင့်အညီ စံချနေပါက ဘုရားသခင်နှင့် သင့်ဆက်ဆံရေးကို ခိုင်မြဲစေရန် လိုသည်။ မည်သို့အားဖြင့်နည်း။ ဆုတောင်းကာ ကိုယ်တော်ထံဆက်ကပ်အပ်နှံပြီးသည့်နောက် ယင်းကိုအမှတ်အသားပြုခြင်းအဖြစ် ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ဖြစ်သည်။ ထာဝရအသက်သည် အရေးအကြောင်းဖြစ်သည်။ ထို့ကြောင့် ယေရှု၏ဤသြဝါဒကို ယခုပင်လုပ်ဆောင်ပါ– “ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏။”—မဿဲ ၇:၁၃၊ ၁၄။

လက်ရှိအစီအစဉ်စနစ်၏ အဆုံးသတ်ဘေးဒုက္ခ နီးကပ်လာနေရာ ဖင့်နွှဲနေရန် အချိန်မဟုတ်ပါ။ ယေဟောဝါရှင်နှင့် ထာဝရဆက်ဆံရေးဆီသို့ ချက်ချင်းတက်လှမ်းလိုက်ပါ။ သင်သည် ယေဟောဝါရှင်ကို ချီးမွမ်းထောမနာပြုမည်လော ဟူသည့်မေးခွန်းကို အပြုသဘောရှိရှိတုံ့ပြန်ရန် ယခုအမှန်ပင် အချိန်ကျရောက်နေပါပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ