ယေဟောဝါ၏ ကြီးသော အမှုတော်များအတွက် ကိုယ်တော်အား ချီးမွမ်းလော့!
“ငါ့စိတ်နှလုံးသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကို ချီးမြှောက်၏။ . . . တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရား [သခင်] သည် ကြီးသောအမှုများကို ငါ့အားပြုတော်မူပြီ။” —လုကာ ၁:၄၆-၄၉၊ သမ္မာ။
၁။ အဘယ်ကြီးသောအမှုတော်များအတွက် ယေဟောဝါအား ထိုက်တန်စွာ ချီးမွမ်းကြသနည်း။
ယေဟောဝါသည် ကိုယ်တော်၏ကြီးသောအမှုတော်များအတွက် ချီးမွမ်းခံထိုက်တော်မူ၏။ ပရောဖက်မောရှေက အီဂျစ်ပြည်မှ ဣသရေလလူမျိုးတို့ လွတ်မြောက်လာခြင်းအကြောင်းကို ပြန်ပြောင်းပြောပြစဉ် ဤသို့ကြေညာခဲ့သည်– “ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။” (တရားဟောရာ ၁၁:၁-၇) အလားတူပင် ကောင်းကင်တမန်ဂါဗြေလက ယေရှုဖွားမြင်မည့်အကြောင်း အပျိုစင်မာရိအား ကြေညာခဲ့စဉ် သူကဤသို့ဆိုခဲ့သည်– “ငါ့စိတ်နှလုံးသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုချီးမြှောက်၏။ . . . တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရား [သခင်] သည် ကြီးသောအမှုများကို ငါ့အားပြုတော်မူပြီ။” (လုကာ ၁:၄၆-၄၉၊ သမ္မာ) ယေဟောဝါသက်သေများအနေဖြင့် ကျွန်ုပ်တို့သည် အီဂျစ်ပြည်မှ ဣသရေလလူမျိုးကိုလွတ်မြောက်စေခြင်းနှင့် မိမိ၏သားတော်ကို အံ့ဖွယ်နည်းဖြင့် ပဋိသန္ဓေစွဲစေခြင်းတို့ကဲ့သို့သော ကြီးသောအမှုများအတွက် ကိုယ်တော်အားချီးမွမ်းကြသည်။
၂။ (က) နာခံမှုရှိသောလူသားတို့အတွက် ဘုရားသခင်၏ “ထာဝရရည်ရွယ်ချက်” ကား အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ခ) ပတ်မုကျွန်းပေါ်တွင် ယောဟန်တွေ့ကြုံခဲ့ရသည့်အရာကား အဘယ်နည်း။
၂ ယေဟောဝါ၏ ကြီးသောအမှုများစွာသည် မေရှိယနှင့် ကိုယ်တော့်နိုင်ငံတော်အုပ်ချုပ်မှုအားဖြင့် နာခံမှုရှိသောလူသားများကို ကောင်းချီးပေးမည့် “ထာဝရရည်ရွယ်ချက်” နှင့်ဆက်စပ်လျက်ရှိသည်။ (ဧဖက် ၃:၈-၁၃၊ ကဘ) ထိုအကြံတော်သည် သက်ကြီးရွယ်အို တမန်တော်ယောဟန်အား အဆင်းအာရုံတစ်ခုမှ ဖွင့်ထားသောကောင်းကင်တံခါးအထဲ ကြည့်ခွင့်ပြုခဲ့သောအခါ တိုး၍အဆင့်ဆင့်ဖော်ပြခဲ့သည်။ တံပိုးခရာကဲ့သို့သောအသံတစ်ခုက ဤသို့ဆိုသည်– “ဤအရပ်သို့တက်လော့။ နောင်ကာလ၌ဖြစ်ရမည့်အရာတို့ကို ငါပြမည်။” (ဗျာဒိတ် ၄:၁) “ဘုရားသခင်၏ [စကားတော်] နှင့် ယေရှုခရစ်၏သက်သေခံတော်မူချက်ကြောင့်” ရောမအစိုးရက ပတ်မုကျွန်းသို့ပြည်နှင်ဒဏ်ပေးခံခဲ့ရစဉ် ယောဟန်သည် ‘ယေရှုခရစ်၏ဗျာဒိတ်တော်’ ကိုရ၏။ တမန်တော် မြင်ရကြားရသည့်အရာက ဘုရားသခင်၏ထာဝရရည်ရွယ်ချက်အကြောင်းကို ပိုမို၍ဖော်ပြပေးသည်၊ သို့ဖြင့် စစ်မှန်သောခရစ်ယာန်အားလုံးအတွက် ဝိညာဉ်ရေးထွန်းလင်းမှုနှင့် အခန့်သင့်အားပေးမှုရရှိစေသည်။—ဗျာဒိတ် ၁:၁၊ ၉၊ ၁၀။
၃။ အဆင်းအာရုံတွင် ယောဟန်တွေ့ခဲ့ရသော အသက်ကြီးသူ ၂၄ ပါးကား မည်သူတို့ကို ကိုယ်စားပြုသနည်း။
၃ ကောင်းကင်၌ ဖွင့်ထားသောထိုတံခါးမှ ယောဟန်သည် ဘုရင်များကဲ့သို့ ပလ္လင်ပေါ်ထိုင်ကာ သရဖူဆောင်းထားသည့် အကြီးအကဲ ၂၄ ပါးကိုတွေ့မြင်ခဲ့သည်။ သူတို့သည် ဘုရားသခင်ရှေ့မှောက် ပျပ်ဝပ်လျက် ဤသို့ဆိုကြသည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။” (ဗျာဒိတ် ၄:၁၁) ထိုအကြီးအကဲများသည် ဘုရားသခင်၏ကတိတော်နှင့်အညီ ချီးမြှင့်ခြင်းခံရကြသော ထမြောက်ခဲ့သည့် ကောင်းကင်အတန်းအစားခရစ်ယာန်အားလုံးကို ပုံဆောင်၏။ ဤသူတို့သည် ယေဟောဝါပြုတော်မူသည့် ဖန်ဆင်းခြင်းဆိုင်ရာ ကြီးသောအမှုများကြောင့် ကိုယ်တော်အား ချီးမွမ်းရန် လှုံ့ဆော်ခံရကြသည်။ ကျွန်ုပ်တို့လည်း ယေဟောဝါ၏ “ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်” ၏သာဓကကို အံ့သြကြသည်။ (ရောမ ၁:၂၀) ယေဟောဝါအကြောင်း ကျွန်ုပ်တို့ပို၍သိရှိလာလေ ကိုယ်တော်ပြုတော်မူသည့် ကြီးသောအမှုများအတွက် ကိုယ်တော်အား ချီးမွမ်းထောမနာပြုရန်အကြောင်း ပိုများလာလေဖြစ်သည်။
ယေဟောဝါ၏ချီးမွမ်းထိုက်သော အမှုတော်များအကြောင်း ကြေညာလော့!
၄၊ ၅။ ဒါဝိဒ်သည် ယေဟောဝါအား မည်သို့ချီးမွမ်းခဲ့ကြောင်း ဥပမာပေးပါ။
၄ ဆာလံဆရာဒါဝိဒ်သည် ဘုရားသခင်၏ကြီးသောအမှုတော်များအတွက် ကိုယ်တော်အား ချီးမွမ်းခဲ့သည်။ ဥပမာ၊ ဒါဝိဒ်က ဤသို့သီဆိုခဲ့သည်– “ဇိအုန်မြို့မှာကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အားဟောပြောကြလော့။ အိုထာဝရဘုရား အကျွန်ုပ်ကိုကယ်မသနားတော်မူပါ။ အကျွန်ုပ်ကိုမုန်းသောသူတို့၏ ညှဉ်းဆဲခြင်းအမှုကိုကြည့်ရှု၍ သေမင်းလက်မှအကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန်မြို့တံခါးဝမှာအကျွန်ုပ် ပြညွှန်ပါမည်။” (ဆာလံ ၉:၁၁၊ ၁၃၊ ၁၄) ဒါဝိဒ်သည် ဗိမန်တော်အတွက် အဆောက်အဦပုံစံကို သားဖြစ်သူ ရှောလမုန်အားပေးပြီးနောက် ဘုရားသခင်အား ကောင်းချီးပေးကာ ဤသို့ချီးမွမ်းခဲ့သည်– “အိုထာဝရဘုရား ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့်ပြည့်စုံတော်မူ၏။ . . . အိုထာဝရဘုရား ကိုယ်တော်သည်အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏အထွတ်၊ မြင့်မြတ်တော်မူ၏။ . . . သို့ဖြစ်၍ အကျွန်ုပ်တို့၏ဘုရားသခင် ကျေးဇူးတော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည်ဝန်ခံ၍ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းကြပါ၏။”—၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃။
၅ ကျမ်းစာက ဒါဝိဒ်ကဲ့သို့ ဘုရားသခင်အားချီးမွမ်းရန် အဖန်တလဲလဲဖိတ်ခေါ်သည်၊ မှန်ပါသည်၊ ကျွန်ုပ်တို့ကို တိုက်တွန်း၏။ ဆာလံကျမ်းတွင် ဘုရားသခင်ကိုချီးမွမ်းသည့် ဖော်ပြချက်များစွာပါဝင်သည်၊ ထိုသီချင်းများမှတစ်ဝက်ခန့်ကို ဒါဝိဒ်စပ်ဆိုခဲ့သည်။ သူသည် ယေဟောဝါ၏ ကျေးဇူးတော်ကို အဆက်မပြတ်ချီးမွမ်းခဲ့သည်။ (ဆာလံ ၆၉:၃၀) ထို့ပြင် အစောပိုင်းအချိန်များကတည်းက ဒါဝိဒ်နှင့် အခြားသူများစပ်ဆိုထားသော မြင့်မြတ်သည့်မှုတ်သွင်းခံသီချင်းများကို ယေဟောဝါအားချီးမွမ်းရန် အသုံးပြုခဲ့ကြပြီ။
၆။ မှုတ်သွင်းခံဆာလံကျမ်းသည် ကျွန်ုပ်တို့အတွက် အသုံးဝင်ကြောင်း မည်သို့ထင်ရှားသနည်း။
၆ ဆာလံကျမ်းသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများအတွက် အလွန်အသုံးဝင်ပါသည်တကား! ကျွန်ုပ်တို့အဖို့အလို့ငှာ ကိုယ်တော်ပြုတော်မူသည့် ကြီးသောအမှုတော်များအတွက် ကျေးဇူးတင်လိုကြသည့်အခါ ကျွန်ုပ်တို့သည် ဆာလံကျမ်းတွင်ပါသော တင့်တယ်လှသည့်စကားလုံးများကို သတိရပေမည်။ သာဓကအနေဖြင့် နေ့သစ်တစ်ရက်သို့ နိုးထလာသည့်အခါ ဤကဲ့သို့သောစကားများကို ပြောဆိုရန် လှုံ့ဆော်ခံရကြပေမည်– “ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်း၍၊ အမြင့်ဆုံးသောဘုရား [သခင်] ၏နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှာလည်းကောင်း၊ . . . ကရုဏာတော်နှင့်သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်းပြခြင်းငှာလည်းကောင်း လျောက်ပတ်ပေ၏။ အိုထာဝရဘုရား အမှုတော်များအားဖြင့် အကျွန်ုပ်ကိုဝမ်းမြောက်စေတော်မူသည်ဖြစ်၍ လက်တော်နှင့်ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာသီချင်းဆိုပါမည်။” (ဆာလံ ၉၂:၁-၄) ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုးတက်မှုကို တားဆီးသည့်အရာတစ်ခုကို အောင်မြင်ကျော်လွှားနိုင်သောအခါ ဆာလံဆရာသီဆိုခဲ့သကဲ့သို့ ရွှင်လန်းခြင်းနှင့် ကျေးဇူးတင်ခြင်းကို ဆုတောင်းခြင်းဖြင့် ဤသို့ဖော်ပြလိုပေမည်– “လာကြ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်းဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာကျောက်ကို ကျူးဧကြကုန်အံ့။ ကျေးဇူးတော်ကိုချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍ ဆာလံသီချင်းဆိုလျက် ကျူးဧသောအသံကို ပြုကြကုန်အံ့။”—ဆာလံ ၉၅:၁၊ ၂။
၇။ (က) ခရစ်ယာန်များသီဆိုသော သီချင်းများစွာနှင့်ပတ်သက်၍ မှတ်သားထိုက်သည့်အရာကား အဘယ်နည်း။ (ခ) အစည်းအဝေးများသို့ စောစောရောက်လာကာ အဆုံးအထိနေဖို့ကောင်းသည့် အကြောင်းရင်းတစ်ခုကား အဘယ်နည်း။
၇ ကျွန်ုပ်တို့သည် အသင်းတော်အစည်းအဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများတွင် ယေဟောဝါအား အသံကိုမြှင့်၍ ချီးမွမ်းသီချင်းများဆိုလေ့ရှိကြသည်။ ထိုသီချင်းအများအပြားသည် ဆာလံကျမ်းပါ မှုတ်သွင်းခံအတွေးအခေါ်များကို အခြေပြုထားသည်မှာ မှတ်သားထိုက်ပေသည်။ ယေဟောဝါအား ကျွန်ုပ်တို့လှိုက်လှိုက်လှဲလှဲသီဆိုနိုင်သည့် အချိန်သင့်အခါသင့်သီချင်းများရရှိထားသည့်အတွက် အလွန်ဝမ်းသာစရာပါတကား! ဘုရားသခင်အား ချီးမွမ်းသီချင်းဆိုခြင်းသည် အစည်းအဝေးများသို့ စောစောရောက်ရှိရန်နှင့် အဆုံးအထိရှိနေရန် အကြောင်းကောင်းတစ်ရပ်ဖြစ်သည်၊ ဤနည်းဖြင့် ဝတ်ပြုကိုးကွယ်သူချင်းတို့နှင့်အတူ ယေဟောဝါအား ချီးမွမ်းသီချင်းဆို၍ ကိုယ်တော်ထံဆုတောင်းခြင်း၌ ပါဝင်နိုင်ကြသည်။
‘အသင်လူများ၊ ဂျားကိုချီးမွမ်းကြလော့!’
၈။ “ဟာလေလုယ” ဟူသောစကားလုံးတွင် အဘယ်အရာအကျုံးဝင်သနည်း၊ များသောအားဖြင့် မည်သို့ဘာသာပြန်ဆိုကြသနည်း။
၈ “ဟာလေလုယ” ဟူသောစကားလုံးတွင် ယေဟောဝါအားချီးမွမ်းခြင်းအကျုံးဝင်သည်၊ ယင်းကား ‘အသင်လူများ၊ ဂျားကိုချီးမွမ်းကြလော့’ ဟူ၍အမြဲတစေပြန်ဆိုလေ့ရှိသည့် ဟေဗြဲအသုံးအနှုန်းတစ်ခုကို စာလုံးဖလှယ်ထားခြင်းဖြစ်သည်။ ဥပမာ၊ ဆာလံ ၁၃၅:၁-၃ တွင် ဤလှိုက်လှဲလေးနက်သော ဖိတ်ခေါ်ချက်ကို တွေ့ရှိရသည်– “ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရား၏အိမ်တော်၊ ငါတို့ဘုရားသခင်၏ အိမ်တော်တံတိုင်းတွင်အမှုစောင့်သော ထာဝရဘုရား၏ကျွန်တော်တို့ ချီးမွမ်းခြင်းကိုပြုကြလော့။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူသောကြောင့် ထာဝရဘုရားကိုချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ ထိုသို့သောအမှုသည် တင့်တယ်လျောက်ပတ်ပေ၏။”
၉။ ယေဟောဝါအားချီးမွမ်းရန် အဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသနည်း။
၉ ဘုရားသခင်၏ အံ့ဖွယ်ဖန်ဆင်းရာအမှုတော်များနှင့် ကျွန်ုပ်တို့အကျိုးအတွက် ပြုတော်မူသောအမှုတော်များကို စေ့စေ့စဉ်းစားကြည့်ကြသည့်အခါ လှိုက်လှဲသည့်ကျေးဇူးတင်လေးမြတ်မှုက ကိုယ်တော်အား ချီးမွမ်းရန် လှုံ့ဆော်ပေးသည်။ အတိတ်ကာလက မိမိ၏လူမျိုးတော်အတွက် ယေဟောဝါပြုလုပ်သော အံ့ဖွယ်အမှုတော်များကို ပြန်သုံးသပ်သည့်အခါ ကိုယ်တော်အား ချီးမွမ်းရန် တိုက်တွန်းလှုံ့ဆော်ခံရသည်။ ထို့အပြင် ရှေ့တွင် ယေဟောဝါပြုလုပ်ဦးမည့် ကြီးမြတ်သောအရာများနှင့်ပတ်သက်သော ကတိတော်များကို ကျွန်ုပ်တို့တွေးတောဆင်ခြင်ကြစဉ် ကျေးဇူးတော်ကို ချီးမွမ်းထောမနာပြုရန် နည်းလမ်းများကိုရှာဖွေကြသည်။
၁၀၊ ၁၁။ ကျွန်ုပ်တို့အသက်ရှင်နေခြင်းကိုယ်နှိုက်က ဘုရားသခင်အားချီးမွမ်းရန် မည်သို့အကြောင်းရှိစေသနည်း။
၁၀ ကျွန်ုပ်တို့အသက်ရှင်နေခြင်းကိုယ်နှိုက်ကပင် ဂျားအားချီးမွမ်းရန် ခိုင်လုံသောအကြောင်းရင်းဖြစ်သည်။ ဒါဝိဒ်က ဤသို့သီဆိုခဲ့သည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည်အမှန်သိပါ၏။” (ဆာလံ ၁၃၉:၁၄) မှန်ပါသည်၊ ကျွန်ုပ်တို့သည် “အံ့ဖွယ်” နည်းဖြင့်ပြုလုပ်ခံရကြပြီး ကြားနိုင်၊ မြင်နိုင်၊ တွေးတောနိုင်သည့်စွမ်းရည်များအစရှိသော အဖိုးထိုက်ဆုကျေးဇူးများ ရရှိထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အား ချီးမွမ်းသည့်နည်းဖြင့် အသက်မရှင်သင့်ပေလော။ ပေါလုက အလားတူသဘောမျိုးဖြင့် ဤသို့ရေးသားခဲ့သည်– “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့။”—၁ ကောရိန္သု ၁၀:၃၁။
၁၁ ယေဟောဝါကို ကျွန်ုပ်တို့အမှန်တကယ်ချစ်ကြမည်ဆိုလျှင် ကိုယ်တော်၏ဘုန်းတော်ကိုထောက်လျက် အရာခပ်သိမ်းကို ပြုလုပ်ကြပါလိမ့်မည်။ ပထမပညတ်ကား “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့” ဖြစ်သည်ဟု ယေရှုမိန့်ဆိုခဲ့သည်။ (မာကု ၁၂:၃၀; တရားဟောရာ ၆:၅) ယေဟောဝါသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှ” ကိုပေးတော်မူသောအရှင်ဖြစ်သောကြောင့် ကိုယ်တော်အား ကျွန်ုပ်တို့ချစ်မြတ်နိုးကာ ချီးမွမ်းသင့်ပေသည်။ (ယာကုပ် ၁:၁၇; ဟေရှာယ ၅၁:၁၃; တမန်တော် ၁၇:၂၈) အမှန်မှာ၊ ကျွန်ုပ်တို့၏ ဆင်ခြင်နိုင်စွမ်း၊ ဝိညာဉ်ရေးအစွမ်းအစနှင့် ကာယခွန်အား—ကျွန်ုပ်တို့၏အရည်အသွေးနှင့် အရည်အချင်းများအားလုံး—သည် ယေဟောဝါထံတော်မှဖြစ်၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အနေနှင့် ကျွန်ုပ်တို့၏ချစ်မြတ်နိုးမှုနှင့် ချီးမွမ်းခြင်းကိုခံထိုက်တော်မူ၏။
၁၂။ ယေဟောဝါပြုတော်မူသည့် ကြီးသောအမှုတော်များနှင့် ဆာလံ ၄၀:၅ ပါစကားကို သင်မည်သို့ယူမှတ်သနည်း။
၁၂ ယေဟောဝါ၏ကြီးမြတ်သော အမှုတော်များက ကိုယ်တော်အား ချစ်မြတ်နိုးရန်နှင့် ချီးမွမ်းရန် အကြောင်းရင်းများစွာပေးပါသည်တကား! “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား အကျွန်ုပ်တို့အဖို့ပြုတော်မူသော အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံအစည်တို့သည် များလှပါ၏” ဟုဒါဝိဒ်က သီဆိုခဲ့သည်။ “ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍မကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဖော်ကြားပြောမည်ဟုဆိုသော် ရေတွက်၍မကုန်နိုင်အောင်များလှပါ၏။” (ဆာလံ ၄၀:၅) ဒါဝိဒ်သည် ယေဟောဝါပြုတော်မူသော အံ့ဖွယ်အမှုများကို မရေတွက်နိုင်သကဲ့သို့ ကျွန်ုပ်တို့လည်း မရေတွက်နိုင်ပေ။ သို့သော် ကိုယ်တော်၏ ကြီးသောအမှုတော် တစ်စုံတစ်ရာကို ကျွန်ုပ်တို့အာရုံပြုရန် အကြောင်းပေါ်လာသည့်အခါ ဘုရားသခင်အား အစဉ်ချီးမွမ်းကြပါစို့။
ဘုရားသခင်၏ထာဝရရည်ရွယ်ချက်နှင့် ဆက်နွှယ်သော အမှုတော်များ
၁၃။ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ဘုရားသခင်၏ ကြီးသောအမှုတော်များနှင့် မည်သို့ဆက်နွှယ်သနည်း။
၁၃ အနာဂတ်အတွက် ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ဘုရားသခင်၏ ထာဝရရည်ရွယ်တော်မူချက်နှင့်ဆက်စပ်သော ကြီးမြတ်၍ ချီးမွမ်းထိုက်သည့်အမှုတော်များနှင့် ဆက်နွှယ်နေသည်။ ဧဒင်တွင် ပုန်ကန်မှုဖြစ်ပေါ်ပြီးနောက် ယေဟောဝါသည် မျှော်လင့်ချက်ပြည့်ဝသည့် ပထမဦးဆုံးပရောဖက်ပြုချက်ကို မိန့်မြွက်တော်မူခဲ့သည်။ မြွေကိုတရားစီရင်ပြီးနောက် ဘုရားသခင်က ဤသို့မိန့်ဆိုခဲ့သည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။” (ကမ္ဘာဦး ၃:၁၅) ဆိုးသွမ်းသောကမ္ဘာကို သုတ်သင်ရှင်းလင်းသည့် ကမ္ဘာချီရေလွှမ်းမိုးဘေးတွင် နောဧနှင့် သူ၏မိသားစုကို ကာကွယ်ပေးခြင်းအားဖြင့် ကြီးသောအမှုတော်ကို ယေဟောဝါပြုတော်မူပြီးနောက် ကတိထားတော်မူသော မိန်းမအမျိုးအနွယ်နှင့်ပတ်သက်သည့် မျှော်လင့်ချက်သည် သစ္စာရှိလူသားများ၏နှလုံးတွင် ကိန်းအောင်းနေခဲ့သည်။ (၂ ပေတရု ၂:၅) အာဗြဟံနှင့် ဒါဝိဒ်တို့ကဲ့သို့သော ယုံကြည်ခြင်းရှိသူများအားပေးခဲ့သည့် ပရောဖက်ပြုချက်ကတိတော်များက ထိုမျိုးနွယ်တော်အားဖြင့် ယေဟောဝါပြီးမြောက်စေမည့်အရာများကို ထပ်ဆင့်ထိုးထွင်းသိမြင်စေခဲ့သည်။—ကမ္ဘာဦး ၂၂:၁၅-၁၈; ၂ ဓမ္မရာဇဝင် ၇:၁၂။
၁၄။ လူသားများအတွက် ယေဟောဝါပြုတော်မူသည့် ကြီးသောအမှုတော်များအနက် အကြီးမြတ်ဆုံးနမူနာကား အဘယ်နည်း။
၁၄ လူသားတို့အတွက် ကြီးသောအမှုတော်များပြုတော်မူသောအရှင်အဖြစ် ယေဟောဝါ၏အကြီးမြတ်ဆုံးထင်ရှားပြသမှုသည် ရွေးနုတ်ဖိုးပူဇော်သကာအဖြစ် မိမိ၏တစ်ပါးတည်းသောသားတော်—ကတိထားရာမျိုးနွယ်တော်၊ ယေရှုခရစ်—ကို ပေးတော်မူခဲ့သောအခါဖြစ်သည်။ (ယောဟန် ၃:၁၆; တမန်တော် ၂:၂၉-၃၆) ရွေးနုတ်ဖိုးသည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ရန်အတွက် အခြေခံဖြစ်သည်။ (မဿဲ ၂၀:၂၈; ရောမ ၅:၁၁) ယေဟောဝါသည် ပထမဦးဆုံး ပြန်လည်သင့်မြတ်ခံရသူများကို စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် တည်ထောင်ခဲ့သော ခရစ်ယာန်အသင်းတော်တွင် စုရုံးစေခဲ့သည်။ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီဖြင့် ယေရှု၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်အုပ်ချုပ်မှုအောက် နာခံမှုရှိသောလူသားများ ထာဝရကောင်းချီးများခံစားရရန် လမ်းဖွင့်ပေးပုံကို ဖော်ပြလျက် သတင်းကောင်းကို နေရာအနှံ့တွင် ဟောပြောခဲ့ကြသည်။
၁၅။ ယေဟောဝါသည် ကျွန်ုပ်တို့ခေတ်တွင် အံ့ဖွယ်နည်းဖြင့် မည်သို့ပြုတော်မူခဲ့သနည်း။
၁၅ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် ကောင်းကင်အတန်းအစားခရစ်ယာန်များမှ နောက်ဆုံးသူတို့ကိုစုသိမ်းရန် အံ့ဖွယ်နည်းဖြင့်လုပ်ဆောင်တော်မူ၏။ ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်စိုးမည့် ၁၄၄,၀၀၀ မှကျန်ကြွင်းသူများကို တံဆိပ်ခတ်ရန်အတွက် ဖျက်ဆီးခြင်းလေကို ကိုင်လျက်ရှိသည်။ (ဗျာဒိတ် ၇:၁-၄; ၂၀:၆) ကောင်းကင်အတန်းအစားခရစ်ယာန်များသည် မှောက်မှားသောဗာဗုလုန်အင်ပါယာ၊ “ဗာဗုလုန်မြို့ကြီး” ၏ဝိညာဉ်ရေးကျွန်အဖြစ်မှ လွတ်မြောက်ကြရန် ဘုရားသခင်စီစဉ်ခဲ့ပြီ။ (ဗျာဒိတ် ၁၇:၁-၅) ထိုလွတ်မြောက်မှုသည် ၁၉၁၉ ခုနှစ်တွင်ဖြစ်ပျက်ခဲ့ပြီး ၎င်းအချိန်ကတည်းက သူတို့ခံစားခဲ့ရသည့် မြင့်မြတ်သောကာကွယ်မှုသည် ကောင်းကင်အတန်းအစားအကြွင်းအကျန်တို့ကို အဘယ်အရာလုပ်ဆောင်ရန် ခွင့်ပြုခဲ့သနည်း။ အလျင်အမြန်ချဉ်းကပ်လာနေသည့် ‘ကြီးစွာသောဆင်းရဲခြင်း’ တွင် စာတန်၏ဆိုးသွမ်းသည့်အစီအစဉ်စနစ်ကို ယေဟောဝါအဆုံးတိုင်စေတော်မမူမီ နောက်ဆုံးသက်သေခံခြင်းဖြင့် အလင်းထွန်းလင်းရန်ဖြစ်သည်။—မဿဲ ၂၄:၂၁; ဒံယေလ ၁၂:၃; ဗျာဒိတ် ၇:၁၄။
၁၆။ မျက်မှောက်ခေတ် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကြောင့် မည်သည့်အရာဖြစ်မြောက်နေသနည်း။
၁၆ ယေဟောဝါ၏ ကောင်းကင်အတန်းအစားသက်သေများသည် ကမ္ဘာချီနိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ဇွဲရှိစွာ ဦးစီးဦးဆောင်ပြုခဲ့ကြသည်။ ရလဒ်အနေနှင့် အရေအတွက်တိုးများလာနေသော “အခြားသိုး” များသည် ယခုတွင် ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူများဖြစ်လာကြပြီ။ (ယောဟန် ၁၀:၁၆) ယေဟောဝါအား ချီးမွမ်းခြင်းတွင် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းပါဝင်ရန် မြေကြီးပေါ်ရှိ စိတ်နှိမ့်ချသူများအဖို့ အခွင့်အလမ်းပွင့်နေဆဲရှိသည့်အတွက် ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်။ “လာပါ” ဟူသောဖိတ်ခေါ်ချက်ကို တုံ့ပြန်သူများသည် ယေဟောဝါအား ထာဝရကာလပတ်လုံး ချီးမွမ်းရမည့်အလားအလာနှင့်အတူ ကြီးစွာသောဆင်းရဲခြင်းတစ်လျှောက် ကာကွယ်ခံရကြမည်ဖြစ်သည်။—ဗျာဒိတ် ၂၂:၁၇။
စစ်မှန်သောဝတ်ပြုရေးသို့ ထောင်ချီ၍စုဝေးလာ
၁၇။ (က) ကျွန်ုပ်တို့ဟောပြောခြင်းလုပ်ငန်းနှင့် ဆက်စပ်သည့် ကြီးသောအမှုတော်ကို ယေဟောဝါ မည်သို့ပြုနေတော်မူသနည်း။ (ခ) ဇာခရိ ၈:၂၃ သည် မည်သို့ပြည့်စုံလျက်ရှိသနည်း။
၁၇ ယေဟောဝါသည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းနှင့်ဆက်စပ်၍ ကြီးမြတ်ပြီး ချီးမွမ်းထိုက်သည့်အမှုများကို ယခု ပြုတော်မူ၏။ (မာကု ၁၃:၁၀) ကိုယ်တော်သည် မကြာသေးမီနှစ်များအတွင်း ‘အလွန်ကြီးစွာသော လုပ်ငန်းတော်တံခါးကြီးကိုဖွင့်ပေး’ ခဲ့သည်။ (၁ ကောရိန္သု ၁၆:၉) ယင်းက ယခင်အချိန်တွင် အမှန်တရား၏ရန်သူများ တားဆီးပိတ်ပင်ခဲ့သော ကျယ်ပြောသည့်နေရာဒေသများတစ်လျှောက်တွင် သတင်းကောင်းကို ရောက်ရှိစေနိုင်ခဲ့ပေပြီ။ တစ်ချိန်က ဝိညာဉ်ရေးမှောင်မိုက်တွင် နေခဲ့ကြသူများစွာသည် ယေဟောဝါအားဝတ်ပြုရန်ဟူသော ဖိတ်ခေါ်ချက်ကို တုံ့ပြန်နေကြသည်။ သူတို့သည် ဤပရောဖက်ပြုချက်ကို ပြည့်စုံစေကြ၏– “‘ထိုကာလ၌ ဘာသာအသီးအသီးကိုပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သောလူတို့သည် ယုဒလူဖြစ်သောသူ၏အဝတ်စွန်းကိုကိုင်လျက် “ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည်ကြားသိ၍ သင်တို့နှင့်အတူလိုက်ပါမည်” ဟုဆိုကြလိမ့်မည်’ ဟုကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။” (ဇာခရိ ၈:၂၃) ဤ “သင်တို့” သည် ဝိညာဉ်ရေးဂျူးများဖြစ်သော မျက်မှောက်ခေတ် ကောင်းကင်အတန်းအစား ခရစ်ယာန်အကြွင်းအကျန်ဖြစ်သည်။ တစ်ကျိပ်သည် မြေကြီးဆိုင်ရာပြည့်စုံချက်ကို ကိုယ်စားပြုသောကြောင့် “တစ်ကျိပ်သောလူတို့” သည် “ဘုရားသခင်၏ဣသရေလအမျိုး” နှင့်ပေါင်းသင်းရန် ဆောင်ကြဉ်းခံရကာ “သိုးခြံတစ်ခု” ဖြင့်ဖွဲ့စည်းသည့် ‘လူအုပ်ကြီး’ ကိုကိုယ်စားပြုသည်။ (ဗျာဒိတ် ၇:၉၊ ၁၀; ဂလာတိ ၆:၁၆) ယခု ဤသူများစွာတို့သည် ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများအဖြစ် မြင့်မြတ်သောလုပ်ငန်းတော်၌ အတူတကွပါဝင်ထမ်းဆောင်ကြနေသည်ကို တွေ့မြင်ရခြင်းသည် တကယ်ရွှင်လန်းစရာပါတကား!
၁၈၊ ၁၉။ ယေဟောဝါသည် ဟောပြောခြင်းလုပ်ငန်းကို ကောင်းချီးပေးနေကြောင်း အဘယ်သာဓကရှိသနည်း။
၁၈ တစ်ချိန်က ဗာဗုလုန်ဘာသာတရား၏စိုးမိုးမှုကြောင့် သတင်းကောင်းကို ဘယ်တော့မျှ လက်ခံကြမည့်ပုံမရသောသူများနေထိုင်သည့် နိုင်ငံများတွင် ထောင်နှင့်ချီ၍—အမှန်ပင် ထောင်သောင်းချီ၍—စစ်မှန်သောဝတ်ပြုရေးကို လက်ခံယုံကြည်ကြသဖြင့် ဝမ်းသာပီတိဖြစ်ကြရသည်။ ဤနှစ် ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ် ကိုစစ်ဆေးသုံးသပ်ကြည့်ပါ၊ ယခု နိုင်ငံတော်ကြေညာသူ ၁၀၀,၀၀၀ မှ ၁,၀၀၀,၀၀၀ နီးပါးအထိ မှတ်တမ်းပေးပို့နေကြသော နိုင်ငံများကို သတိပြုပါ။ ယင်းသည် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါကောင်းချီးပေးနေကြောင်း ခိုင်လုံသည့်သာဓကဖြစ်သည်။—သု. ၁၀:၂၂။
၁၉ ယေဟောဝါ၏လူမျိုးတော်အနေနှင့် ကျွန်ုပ်တို့၏ဘဝတွင် ရည်ရွယ်ချက်အစစ်အမှန်ကို ရရှိထားခြင်း၊ ကိုယ်တော့်လုပ်ငန်းတော်တွင် အကျိုးရှိစွာပါဝင်ခွင့်ရခြင်းနှင့် အနာဂတ်အတွက် တောက်ပသည့်အလားအလာတို့ကို ရရှိစေသောကြောင့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်အား ကျေးဇူးတင်ချီးမွမ်းကြသည်။ ကျွန်ုပ်တို့သည် မြင့်မြတ်သောကတိတော်အားလုံးပြည့်စုံမည့်အချိန်ကို စိတ်အားထက်သန်စွာမျှော်လင့်လျက် ‘ထာဝရအသက်အလိုငှာ ငါတို့ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုစောင့်ရှောက်၍’ အသက်ရှင်နေကြဖို့ စိတ်ပိုင်းဖြတ်ထားကြသည်။ (ယုဒ ၂၀၊ ၂၁) ယခု ဘုရားသခင်အားချီးမွမ်းနေသည့် လူအုပ်ကြီးအရေအတွက်သည် ၆,၀၀၀,၀၀၀ ခန့်ရှိသည်ကို တွေ့မြင်ရသည့်အတွက် အလွန်ဝမ်းမြောက်ကြပါသည်တကား! ယေဟောဝါ၏ကောင်းချီး အထင်အရှားခံစားရလျက် ကောင်းကင်အတန်းအစားအကြွင်းအကျန်နှင့် သူတို့၏လုပ်ဖော်ဆောင်ဖက် အခြားသိုးတို့သည် နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင် အသင်းတော် ၉၁,၀၀၀ ခန့်အတွင်း ဖွဲ့စည်းခံရကြသည်။ ကျွန်ုပ်တို့အားလုံးသည် “သစ္စာနှင့် သတိပညာရှိသောကျွန်” ၏မမောနိုင်မပန်းနိုင်သော ကြိုးစားအားထုတ်မှုများကြောင့် ဝိညာဉ်အစာကို ဝဝလင်လင်သုံးဆောင်နေရကြသည်။ (မဿဲ ၂၄:၄၅၊ သမ) မေတ္တာပါသောကြီးကြပ်မှုအောက် တိုးတက်လျက်ရှိသော သီအိုကရက်တစ်အဖွဲ့အစည်းတစ်ခုသည် ယေဟောဝါသက်သေများ၏ ဌာနခွဲရုံး ၁၁၀ မှတစ်ဆင့် နိုင်ငံတော်လုပ်ငန်းကို စီမံခန့်ခွဲနေပါသည်။ ယေဟောဝါသည် မိမိ၏လူမျိုးတော်အား ‘သူတို့၏တန်ဖိုးရှိရာများဖြင့် ကိုယ်တော်ကိုဂုဏ်ပြု’ ရန် လှုံ့ဆော်ပေးခဲ့သည့်အတွက် ကျွန်ုပ်တို့အလွန်ကျေးဇူးတင်ကြသည်။ (သု. ၃:၉၊ ၁၀) အကျိုးဆက်အနေနှင့် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် ဆက်တိုးတက်နေပြီး လိုအပ်သလို ပုံနှိပ်စက်ရုံများ၊ ဗေသလနှင့်သာသနာပြုအိမ်များ၊ ဘုရားသခင့်နိုင်ငံတော်ခန်းမများနှင့် အစည်းအဝေးခန်းမများကို ဆောက်လုပ်လျက်ရှိသည်။
၂၀။ ယေဟောဝါ၏ ကြီးမြတ်၍ ချီးမွမ်းထိုက်သည့်အမှုတော်များကို ပြန်သုံးသပ်ခြင်းက ကျွန်ုပ်တို့အပေါ် မည်သို့သက်ရောက်မှုရှိသင့်သနည်း။
၂၀ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ပြုတော်မူသည့် ကြီးမြတ်၍ ချီးမွမ်းထိုက်သည့်အမှုတော်အားလုံးကို ဖော်ပြရန်မှာ မဖြစ်နိုင်ပါ။ သို့သော် စိတ်နှလုံးဖြူစင်သူ မည်သူမဆို ယေဟောဝါအားချီးမွမ်းသူလူအုပ်တွင် မပါဝင်ဘဲနေနိုင်သလော။ မနေနိုင်ပါလေ! ထို့ကြောင့် ဘုရားသခင်ကိုချစ်မြတ်နိုးသူများအားလုံး ဤသို့ရွှင်လန်းစွာ ဟစ်အော်ကြပါစို့– “ကောင်းကင်ဘုံ၌ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ဘဝဂ်ပေါ်မှာချီးမွမ်းကြလော့။ ကောင်းကင်တမန်အပေါင်းတို့ ထာဝရဘုရားကိုချီးမွမ်းကြလော့။ . . . လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့ ထာဝရဘုရားကိုချီးမွမ်းကြလော့။ နာမတော်တစ်ပါးတည်းသာလျှင်မြတ်၍ ဘုန်းတော်သည် မြေကြီးနှင့်ကောင်းကင်အပေါ်ထက်၌ရှိသောကြောင့် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြစေ။” (ဆာလံ ၁၄၈:၁၊ ၂၊ ၁၂၊ ၁၃) မှန်ပါသည်၊ ယခုကော ထာဝရပါ ယေဟောဝါပြုတော်မူသည့် ကြီးသောအမှုတော်များအတွက် ကိုယ်တော်အား ချီးမွမ်းကြပါစို့!
သင်မည်သို့ဖြေဆိုမည်နည်း
• ယေဟောဝါအား ချီးမွမ်းထိုက်သည့်အမှုတော်များမှ အချို့ကား အဘယ်နည်း။
• ယေဟောဝါအားချီးမွမ်းရန် အဘယ်ကြောင့် သင်လှုံ့ဆော်ခံရသနည်း။
• ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ဘုရားသခင်၏ကြီးသောအမှုတော်များနှင့် မည်သို့ဆက်စပ်သနည်း။
• နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ချီးမွမ်းထိုက်သည့်အမှုတော်များကို ယေဟောဝါ မည်သို့ပြုလုပ်နေတော်မူသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
သင်သည် ယေဟောဝါအား ချီးမွမ်းသည့်သီချင်းများကို လှိုက်လှိုက်လှဲလှဲ သီဆိုသလော
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ယေဟောဝါအား ချီးမွမ်းခြင်းတွင် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းပါဝင်ရန် စိတ်နှိမ့်ချသူများအဖို့ အခွင့်အလမ်းပွင့်နေဆဲဖြစ်၍ ကျွန်ုပ်တို့ဝမ်းမြောက်ကြ