ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၃/၁ စာ. ၄-၅
  • ရှိရင်းစွဲဝါဒ—ယင်းကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှိရင်းစွဲဝါဒ—ယင်းကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ခေတ်ကာလ၏ တန်ပြန်မှု
  • ရှိရင်းစွဲဝါဒီတစ်ဦးကို ခွဲခြားသိမြင်ခြင်း
  • ရှိရင်းစွဲဝါဒ—ပျံ့နှံ့မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သာ၍ကောင်းသောနည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • မကြာခဏမေးတတ်သည့် မေးခွန်းများ
    နိုးလော့!—၂၀၁၀
  • ဘာသာတရားသည် လူ့ပြဿနာများ၏ အရင်းအမြစ်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၃/၁ စာ. ၄-၅

ရှိရင်းစွဲဝါဒ—ယင်းကား အဘယ်နည်း

ရှိရင်းစွဲဝါဒသည် မည်သည့်နေရာမှ စတင်လာခဲ့သနည်း။ နောက်ဆုံးရာစုနှစ်အဆုံးပိုင်း၌ လွတ်လပ်စွာတွေးခေါ်လိုသော ခရစ်ယာန်ခရစ်ယာန် ဓမ္မပညာရှင်များက သမ္မာကျမ်းစာကို အပြင်းအထန်ဝေဖန်ပြစ်တင်ခြင်းနှင့် ဆင့်ကဲသီအိုရီကဲ့သို့သော သိပ္ပံဆိုင်ရာသီအိုရီများနှင့် လိုက်လျောညီထွေမှုရှိအောင် သူတို့၏ယုံကြည်ချက်များကို ပြောင်းလဲနေကြသည်။ ရလဒ်အနေနှင့် သမ္မာကျမ်းစာ၌ လူတို့၏ယုံကြည်မှုကို ယိမ်းယိုင်သွားစေသည်။ အမေရိကန်ပြည်ထောင်စုရှိ ရှေးရိုးစွဲဘာသာရေးခေါင်းဆောင်များသည် သူတို့၏အခေါ်အရ ယုံကြည်ခြင်း၏ရှိရင်းစွဲများကို သတ်မှတ်လိုက်ခြင်းအားဖြင့် တုံ့ပြန်ခဲ့ကြသည်။a ၂၀ ရာစုနှစ်အစောပိုင်းတွင် ယင်းအခြေခံ ရှိရင်းစွဲများကို ဆွေးနွေးထားသည့် ရှိရင်းစွဲများ– အမှန်တရားအတွက် သက်သေထွက်ဆိုချက်တစ်ခုခေါ်အတွဲစဉ်စာအုပ်များကို သူတို့က ပုံနှိပ်ထုတ်ဝေလိုက်ကြသည်။ ယင်းခေါင်းစဉ်မှ “ရှိရင်းစွဲဝါဒ” ဟူသည့်အသုံးအနှုန်းထွက်ပေါ်လာသည်။

နှစ်ဆယ်ရာစုနှစ်၏ ပထမရာစုဝက်တွင် ရှိရင်းစွဲဝါဒ၏သတင်းသည် ရံဖန်ရံခါဆိုသလို ထွက်ပေါ်လာသည်။ ဥပမာအနေနှင့် ၁၉၂၅ ခုနှစ်၌ ဘာသာရေးရှိရင်းစွဲဝါဒီများသည် ယူ.အက်စ်.အေ.၊ တက်နစီမှ ကျောင်းဆရာဂျွန်စကုပ်စ်ကို တရားရုံးတော်တွင်တရားစွဲကြရာ စကုပ်စ်အမှုဟု လူသိများလာသည်။ သူ၏ပြစ်မှုကား အဘယ်နည်း။ သူသည် ဆင့်ကဲအယူကိုသင်ပေးနေ၍ ယင်းက ပြည်နယ်၏ဥပဒေကို ဆန့်ကျင်ခြင်းဖြစ်သည်။ ရှိရင်းစွဲဝါဒသည် ယာယီသာတည်ရှိလိမ့်မည်ဟု ထိုအချိန်က လူအချို့ယုံကြည်ခဲ့ကြသည်။ ၁၉၂၆ ခုနှစ်တွင် ပရိုတက်စတင့်တို့၏ ခရစ်ယာန်ရာစုနှစ် မဂ္ဂဇင်းက ယင်းသည် “အနှစ်သာရကင်းမဲ့ကာ အတုအယောင်သာဖြစ်” ပြီး “အကျိုးပြုသောအောင်မြင်မှု သို့မဟုတ် ဆက်လက်တည်ရှိဖို့ အရည်အချင်းလုံးဝမရှိပါ” ဟုဆိုထားသည်။ ထိုအကဲဖြတ်မှုသည် မည်မျှမှားလိုက်လေခြင်း!

၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ရှိရင်းစွဲဝါဒ၏သတင်းသည် အဆက်မပြတ်ထွက်ပေါ်လျက်ရှိသည်။ ယူ.အက်စ်.အေ.၊ ကာလီဖိုးနီးယားပြည်နယ်ရှိ ဖူးလားဓမ္မပညာသင်ကျောင်းမှ ပါမောက္ခ မိုင်ရိုစလာဖ် ဗော့လ်ဖ်က “ရှိရင်းစွဲဝါဒသည် ဆက်လက်တည်ရှိရုံသာမက တိုးတက်၍အောင်မြင်နေသည်” ဟုပြောသည်။ ယခုအချိန်တွင် “ရှိရင်းစွဲဝါဒ” ဟူသောစကားလုံးသည် ပရိုတက်စတင့်လှုပ်ရှားမှုများနှင့်သာ သက်ဆိုင်သည်မဟုတ်၊ ကက်သလစ်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာနှင့် ဟိန္ဒူဘာသာအစရှိသော အခြားဘာသာတရားများနှင့်လည်း သက်ဆိုင်ပါသည်။

ကျွန်ုပ်တို့ခေတ်ကာလ၏ တန်ပြန်မှု

ရှိရင်းစွဲဝါဒသည် အဘယ်ကြောင့် ပျံ့နှံ့နေရသနည်း။ ယင်းကိုလေ့လာသူတို့က အနည်းဆုံးတစ်စိတ်တစ်ပိုင်းမှာ ကျွန်ုပ်တို့ခေတ်၏ ကျင့်ဝတ်ဆိုင်ရာနှင့် ဘာသာတရားဆိုင်ရာ မရေမရာဖြစ်မှုတို့ကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ အစောပိုင်းနှစ်များတွင် အဖွဲ့အစည်းများစွာတို့သည် ဓလေ့ထုံးတမ်းများကိုအခြေခံသည့် ယုံကြည်ချက်များ၏လွှမ်းမိုးမှုဖြင့် တည်ရှိကြသည်။ ယခုမူ ထိုယုံကြည်ချက်များသည် စိန်ခေါ်ခံနေရသည်၊ သို့မဟုတ် ငြင်းပယ်ခံနေရသည်။ တွေးခေါ်ဆင်ခြင်တတ်သောသူများစွာက ဘုရားသခင်မရှိကြောင်းနှင့် လူသားတို့သည် စကြဝဠာတွင် ထီးထီးကြီးရှိနေကြောင်း အခိုင်အမာပြောဆိုကြသည်။ သိပ္ပံပညာရှင်များစွာက လူသားသည် မေတ္တာပါသောဖန်ဆင်းရှင်၏လက်ရာတော်မဟုတ်ဘဲ ဆင့်ကဲ၏အတိုးတက်ဆုံးသောအဆင့်ဖြစ်သည်ဟု သွန်သင်ကြသည်။ ပေါက်လွှတ်ပဲစားစိတ်ထား လွှမ်းမိုးနေပါသည်။ လူ့ဘောင်အဖွဲ့အစည်း၏အဆင့်အားလုံးတွင် ဤလောကကြီးသည် လျော့ရဲသောစာရိတ္တစံနှုန်းဖြင့် ဘေးသင့်နေသည်။—၂ တိမောသေ ၃:၄၊ ၅၊ ၁၃။

ရှိရင်းစွဲဝါဒီတို့သည် ရှေးခေတ်ကအဖြစ်မှန်များကို တမ်းတကြကာ သူတို့၏အသိုင်းအဝိုင်းများနှင့် နိုင်ငံတို့ကို သင့်လျော်သောကျင့်ဝတ်ဆိုင်ရာနှင့် အယူဝါဒဆိုင်ရာ အခြေခံအုတ်မြစ်များဟုယူမှတ်သည့်အခြေအနေသို့ ပြန်ရောက်စေဖို့အချို့ကကြိုးပမ်းကြသည်။ သူတို့သည် အရာရာတွင် အခွင့်အာဏာရှိသမျှကိုအသုံးပြု၍ အခြားသူများအား “မှန်သော” ကျင့်ဝတ်ဥပဒေနှင့် အယူဝါဒပိုင်းဆိုင်ရာ ယုံကြည်ချက်အစုအဝေးနှင့်အညီ နေထိုင်ကြဖို့ တွန်းအားပေးရန် အစွမ်းကုန်ပြုလုပ်ကြသည်။ ရှိရင်းစွဲဝါဒီတစ်ဦးသည် သူသာမှန်ပြီး အခြားသူများမှာမူမှားကြောင်း ခိုင်ခိုင်မာမာယုံကြည်စိတ်ချသည်။ ပါမောက္ခ ဂျိမ်း ဘားက သူ၏ ရှိရင်းစွဲဝါဒစာအုပ်တွင် ရှိရင်းစွဲဝါဒဟူသောစကားလုံးသည် “ရန်လို၍အသရေပျက်သောအသုံးအနှုန်းဖြစ်ပြီး၊အမြင်ကျဉ်းခြင်း၊ အယူသီးခြင်း၊ အသိပညာတိုးတက်မှုကိုဆီးတားခြင်းနှင့် သင်းကွဲခြင်းကို စိတ်ထဲတွင်မသိမသာပေါ်စေသည်ဟု ယူဆလေ့ရှိကြသည်။”

အမြင်ကျဉ်းသူ၊ အယူသီးသူ သို့မဟုတ် သင်းခွဲသူဟူ၍ မည်သူကမျှ အခေါ်မခံလိုသောကြောင့် မည်သူမည်ဝါသည် ရှိရင်းစွဲဝါဒီဖြစ်၊ မဖြစ်နှင့်ပတ်သက်၍ အားလုံးကသဘောတူညီကြမည်မဟုတ်ချေ။ သို့သော်လည်း ဘာသာရေးရှိရင်းစွဲဝါဒ၏ ထူးခြားသောလက္ခဏာ အချို့ရှိပါသည်။

ရှိရင်းစွဲဝါဒီတစ်ဦးကို ခွဲခြားသိမြင်ခြင်း

ဘာသာရေးရှိရင်းစွဲဝါဒသည် အများအားဖြင့် မူလထုံးတမ်းစဉ်လာများ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ဘာသာရေးယုံကြည်ချက်များဟုယူမှတ်ရာတို့ကို ထိန်းသိမ်းထားဖို့ကြိုးပမ်းကြသည့်အပြင် လောကီရေးစိတ်ဓာတ်ဟုဆိုသောအရာကို တိုက်လှန်ဖို့ဖြစ်သည်။ ယင်းက ရှိရင်းစွဲဝါဒီများသည် ခေတ်နှင့်ညီသောအရာအားလုံးကို ဆန့်ကျင်ပါသည်ဟု ပြောနေခြင်းမဟုတ်ပါ။ သူတို့၏ရှုထောင့်အမြင်ကိုတိုးမြှင့်ပေးရန် အချို့တို့က ခေတ်မီဆက်သွယ်ရေးကို အလွန်ထိရောက်စွာအသုံးပြုကြသည်။ သို့သော် သူတို့သည် လူ့ဘောင်အဖွဲ့၏လောကီအမှုပြုခြင်းကိုကား ဆန့်ကျင်တိုက်ခိုက်ကြသည်။b

ရှိရင်းစွဲဝါဒီအချို့တို့သည် ထုံးတမ်းစဉ်လာဖြစ်သည့် အယူဝါဒဆိုင်ရာဖွဲ့စည်းပုံ သို့မဟုတ် ဘဝပုံစံကို သူတို့အတွက်သာလျှင် ထိန်းသိမ်းထားရန်မဟုတ်ဘဲ ယင်းတို့ကိုအခြားသူများလိုက်နာရန် အနိုင်အထက်ခံယူစေကာ ရှိရင်းစွဲဝါဒီတို့၏ သက်ဝင်ယုံကြည်ချက်များနှင့်အညီ လိုက်လျောညီထွေမှုရှိစေဖို့ လူမှုရေးဖွဲ့စည်းပုံတို့ကို ပြောင်းလဲမှုပြုလုပ်ရန် သူတို့သတ်မှတ်ထားကြသည်။ ထို့ကြောင့် ကက်သလစ်ဘာသာဝင် ရှိရင်းစွဲဝါဒီတစ်ဦးသည် ကလေးဖျက်ချခြင်းကို ငြင်းပယ်ရုံသာပြုမည်မဟုတ်ပေ။ သူသည် ကလေးဖျက်ချခြင်းကို တရားမဝင်စေသည့် ဥပဒေများကိုတိုးမြှင့်ပေးရန် မိမိနိုင်ငံရှိဥပဒေပြုသူများကို ဖိအားပေးပေမည်။ လာ ရီပါဘလစ်ကာ သတင်းစာအရ ပိုလန်နိုင်ငံတွင် ကလေးမဖျက်ချရဥပဒေကို သဘောတူညီမှုရယူဖို့ရန် ကက်သလစ်ချာ့ချ်အနေဖြင့် “၎င်း၏အာဏာနှင့် လွှမ်းမိုးမှုကိုအသုံးပြု၍ ‘တိုက်ပွဲ’ ဆင်” ခဲ့သည်။ ထိုသို့ပြုရာ၌ ချာ့ချ်အခွင့်အာဏာပိုင်များသည် ရှိရင်းစွဲဝါဒီတို့နှင့် အလွန်တူနေပါသည်။ အမေရိကန်နိုင်ငံရှိ ပရိုတက်စတင့်ခရစ်ယာန်ညွန့်ပေါင်းအဖွဲ့သည်လည်း အလားတူ “တိုက်ပွဲများ” ကိုတိုက်နေကြသည်။

ရှိရင်းစွဲဝါဒီတို့ကို အထူးသဖြင့် သူတို့၏နက်ရှိုင်းစွာအမြစ်စွဲနေသော ဘာသာရေးယုံကြည်မှုများအားဖြင့် ခွဲခြားသိရပါသည်။ ထို့ကြောင့် ပရိုတက်စတင့်ဘာသာဝင် ရှိရင်းစွဲဝါဒီတစ်ဦးသည် ကမ္ဘာမြေကြီးကို ပကတိခြောက်ရက်ဖြင့် ဖန်ဆင်းသည်ဟူသော ယုံကြည်ချက်အပါအဝင် သမ္မာကျမ်းစာကို စာသားအတိုင်းပြန်ဆိုဖို့ အဆိုပြုသူတစ်ဦးဖြစ်လိမ့်မည်။ ကက်သလစ်ဘာသာဝင်ရှိရင်းစွဲဝါဒီတစ်ဦးသည် ပုပ်ရဟန်းမင်းကြီးကို မမှားမယွင်းနိုင်သူအဖြစ် သံသယမရှိ ယုံကြည်ပါသည်။

ထို့ကြောင့် “ရှိရင်းစွဲဝါဒ” ဟူသောဝေါဟာရကိုကြားရလျှင် စဉ်းစားဆင်ခြင်မှုမရှိသော တစ်ကြောင်းစွဲဝါဒီများဖြစ်ကြောင်းနားလည်ရကာ ထိုသို့မဟုတ်သူများမှာမူ ရှိရင်းစွဲဝါဒ၏ပျံ့နှံ့မှုကို သူတို့တွေ့မြင်ရသောအခါ စိုးရိမ်ထိတ်လန့်ကြခြင်းဖြစ်သည်။ သူတို့၏ကြောက်ခမန်းလိလိဖြစ်စေသည့် နိုင်ငံရေးဆောင်ရွက်မှုများနှင့် တစ်ခါတစ်ရံ သူတို့၏အကြမ်းဖက်ပြုမူဆောင်ရွက်မှုတို့ကြောင့် ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့် ရှိရင်းစွဲဝါဒီတို့နှင့် သဘောတူညီကြမည်မဟုတ်ပေ။ ဘာသာတရားတစ်ခုရှိ ရှိရင်းစွဲဝါဒီတို့သည် အခြားဘာသာတရားရှိ ရှိရင်းစွဲဝါဒီတို့၏ ပြုမူဆောင်ရွက်မှုများကို အမှန်ပင်ထိတ်လန့်တုန်လှုပ်ပေမည်! သို့တိုင် ဆင်ခြင်တုံတရားရှိသူများစွာတို့သည် ရှိရင်းစွဲဝါဒ၏ပျံ့နှံ့မှုကို ဖြစ်ပေါ်စေသောအရာများဖြစ်သည့် အကျင့်သိက္ခာလျော့ရဲမှုကြီးထွားခြင်း၊ ယုံကြည်ချက်ပျောက်ဆုံးခြင်းနှင့် ခေတ်သစ်အဖွဲ့အစည်းတွင် ဝိညာဉ်ရေးရာများ ငြင်းပယ်ခြင်းတို့ကို စိုးရိမ်မကင်းဖြစ်နေကြသည်။

ဤခေတ်စားရာများကို ရှိရင်းစွဲဝါဒတစ်ခုတည်းကသာ တုံ့ပြန်ပါသလော။ မဟုတ်ခဲ့လျှင် အခြားသောအရာကား အဘယ်နည်း။

[အောက်ခြေမှတ်ချက်များ]

a ၁၈၉၅ ခုနှစ်တွင်ရှင်းပြသည့် သူတို့ဘာသာကင်ပွန်းတပ်ကြသည့် ရှိရင်းစွဲဝါဒ၏ အချက်ကြီးငါးချက်မှာ “(၁) ကျမ်းစာသည် အကြွင်းမဲ့မှုတ်သွင်းခံရပြီး မည်သည့်အခါမျှမမှားနိုင်ခြင်း; (၂) ယေရှုခရစ်၏ ဘုရားအဖြစ်တော် သခင်ဖြစ်ခြင်းအကြောင်း; (၃) အပျိုကညာမှခရစ်တော်၏မွေးဖွားခြင်း; (၄) လက်ဝါးကပ်တိုင်ပေါ်တွင် လူသားတို့အတွက် ခရစ်တော်အသေခံတော်မူခြင်း; (၅) ကိုယ်ခန္ဓာဖြင့် ကမ္ဘာပေါ်သို့ ခရစ်တော်ထမြောက်ခဲ့ပြီး ကိုယ်တိုင်မျက်မြင်ရနည်းဖြင့် ဒုတိယအကြိမ်ကြွလာခြင်း” တို့ဖြစ်သည်။—စတယ်ဒီ ဒီ သီအောလိုဂျင် (ကျမ်းပညာကိုလေ့လာခြင်း)

b “လောကီအမှုပြုခြင်း” ဟူသည် ဝိညာဉ်ရေး သို့မဟုတ် ဘာသာရေးနှင့် ဆန့်ကျင်ကာ လောကရေးရာကိုပြုလုပ်ခြင်းဖြစ်သည်။ ထိုလောကရေးရာသည် ဘာသာတရား သို့မဟုတ် ဘာသာရေးယုံကြည်ချက်များနှင့် မသက်ဆိုင်ပါ။

[စာမျက်နှ ၅ ပါ အကျဉ်းဖော်ပြချက်]

၁၉၂၆ ခုနှစ်တွင်ပရိုတက်စတင့် မဂ္ဂဇင်းတစ်စောင်ကရှိရင်းစွဲဝါဒကို “အနှစ်သာရကင်းမဲ့ကာ အတုအယောင်သာဖြစ်” ပြီး “အကျိုးပြုသောအောင်မြင်မှု သို့မဟုတ် ဆက်လက်တည်ရှိဖို့ အရည်အချင်းလုံးဝမရှိပါ” ဟုဖော်ပြထားသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ