ရှိရင်းစွဲဝါဒ—ပျံ့နှံ့မှု
ရှိရင်းစွဲဝါဒ—လွန်ခဲ့သောနှစ်ဆယ်စုအနည်းငယ်က ယင်းသည် ပရိုတက်စတင့်ဘာသာအတွင်းတွင် လူနည်းစုမျှသာဖြစ်ခဲ့သည်။ အခြေအနေမည်မျှပြောင်းလဲခဲ့ပြီတကား! ၂၀ ရာစုနှစ်အဆုံးပိုင်းတွင် ရှိရင်းစွဲဝါဒaသည် လူထုဆက်သွယ်ရေးလမ်းကြောင်းနှင့် တက္ကသိုလ်သုတေသနအတွက် ဤမျှအရေးကြီးပြီး အာရုံစွဲလမ်းသည့် အဓိကအချက်တစ်ခုပင်ဖြစ်လာမည်ကို လွန်ခဲ့သောနှစ် ၃၀ ခန့်က ကြိုမြင်ခဲ့ကြလိမ့်မည်မဟုတ် ဟူ၍ ဘာသာရေးအစီရင်ခံသူ ဘရုစ် ဘီ. လောရဲန့်စ်က ရေးသားခဲ့သည်။
သို့တိုင် ထိုသို့ပင်ဖြစ်လာခဲ့သည်။ သတင်းစာမှတ်တမ်းများအရ လမ်းပေါ်အကြမ်းဖက်ဆန္ဒပြခြင်း၊ လူသတ်မှုများ၊ ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သောလှုပ်ရှားမှုများ၊ ဘာသာရေးအုပ်စုများ၏ ဖိအားပေးမှုကြောင့် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများနှင့် ဘုရားသခင်ကိုစော်ကားသည်ဟုယူဆသော စာအုပ်များကို လူထုရှေ့မီးရှို့ပစ်ခြင်းတို့သည် ရှိရင်းစွဲဝါဒ၏လုပ်ရပ်များကို အမြဲသတိရစေသည်။ အီတာလျံစီးပွားရေးပတ်စဉ်သတင်း မွန်ဒို အီကိုနောမစ်ကိုက ရှိရင်းစွဲဝါဒသည် နေရာတိုင်းတွင် “ဘုရားသခင်၏နာမတော်ဖြင့် တိုက်ခိုက်နေကြသည်” ဟူ၍ဖော်ပြထားသည်။
ရှိရင်းစွဲဝါဒီတို့ကို တစ်ဖက်စွန်းရောက်သူများနှင့် တစ်ယူသန်များအဖြစ်၊ မကောင်းကြံစည်ပြီးအကြမ်းဖက်သူများဟု ရုပ်လုံးဖော်လေ့ရှိသည်။ ရိုမန်ကက်သလစ်ဘာသာတွင် ကွန်မြူနရော အဲ လီဘေရောဇိုနေအဖွဲ့၊ ယုဒဘာသာတွင် ဂွတ်ရှ် အဲမြူနင်အဖွဲ့နှင့် မြောက်အမေရိကရှိ ပရိုတက်စတင့်ဘာသာတွင် ခရစ်ယာန်ညွန့်ပေါင်းအဖွဲ့ အစရှိသည့်အဖွဲ့များ တိုးများလာမှုကို လူတို့သည် ထိတ်လန့်တုန်လှုပ်နေကြသည်။ ရှိရင်းစွဲဝါဒသည် အဘယ်ကြောင့်ပျံ့နှံ့နေရသနည်း။ ယင်းကို အဘယ်အရာက လှုံ့ဆော်သနည်း။ ပြင်သစ်လူမှုရေးသိပ္ပံပညာရှင် ရှေးလ် ကာပလ်ပြောသကဲ့သို့ပင် “ဘုရားသခင်၏လက်စားချေမှု” ဖြစ်ချေမည်လော။
[အောက်ခြေမှတ်ချက်များ]
a ရှိရင်းစွဲဝါဒီတစ်ဦးသည် ရှေးရိုးစွဲဘာသာရေးမူများဖြစ်သော ဓလေ့ထုံးတမ်းများကို တင်းကျပ်စွာစွဲကိုင်ထားသူဖြစ်သည်။ နောက်ဆောင်းပါးတွင် “ရှိရင်းစွဲဝါဒ” ၏အဓိပ္ပာယ်ကို ထပ်ဆင့်၍ ပြည့်စုံစွာဆွေးနွေးမည်ဖြစ်သည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
Nina Berman/Sipa Press