သာ၍ကောင်းသောနည်းလမ်း
ယဟောဝါသက်သေများသည် ကမ္ဘာပေါ်ရှိဝိညာဉ်ရေးတိုက်စားမှု၊ လူ့အဖွဲ့အစည်းတွင်ပျံ့နှံ့နေသော စာရိတ္တပျက်ပြားမှုနှင့် ဘာသာရေးမတည်ငြိမ်မှုကို စိုးရိမ်မကင်းဖြစ်ကြသည်။ ရလဒ်အနေနှင့်၊ သူတို့သည် တစ်ခါတစ်ရံ ရှိရင်းစွဲဝါဒီများဟု အခေါ်ခံရကြသည်။ သို့သော် သူတို့သည် ထိုသို့သောသူများလော။ မဟုတ်ပါ။ သူတို့တွင် ခိုင်မာသောဘာသာရေးယုံကြည်ချက်များရှိသော်လည်း ထိုစကားလုံးကိုသုံးလေ့သုံးထရှိသော သဘောအတိုင်း သူတို့သည် ရှိရင်းစွဲဝါဒီများမဟုတ်ကြပါ။ သူတို့သည် ရှုမြင်ချက်တစ်ခုကိုမြှင့်တင်ပေးရန် နိုင်ငံရေးခေါင်းဆောင်များကို တွန်းအားမပေးကြပါ။ သူတို့နှင့်သဘောထားကွဲလွဲသူများကိုလည်း ဆန္ဒပြအကြမ်းဖက်ရန် မကြံစည်ကြပါ။ သူတို့သည် သာ၍ကောင်းသောနည်းလမ်းကို တွေ့ထားကြသည်။ သူတို့သည် သူတို့၏ခေါင်းဆောင်ယေရှုခရစ်ကို တုပကြသည်။
ယေဟောဝါသက်သေများသည် ဘာသာတရားဆိုင်ရာအမှန်တရား တကယ်တည်ရှိပြီး ယင်းကိုသမ္မာကျမ်းစာတွင်တွေ့ရသည်ဟု ယုံကြည်လက်ခံကြသည်။ (ယောဟန် ၈:၃၂; ၁၇:၁၇) သို့သော် ဘာသာရေးအယူသီးမှုကိုခွင့်မပြုသည့် အရည်အချင်းများ—ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် အကျိုးသင့်အကြောင်းသင့်ဖြစ်ခြင်း—ရှိရန် သမ္မာကျမ်းစာက ခရစ်ယာန်များအားသွန်သင်ပေးသည်။ (ဂလာတိ ၅:၂၂၊ ၂၃; ဖိလိပ္ပိ ၄:၅) ယာကုပ်ကျမ်းစောင်တွင် ခရစ်ယာန်များအား “အထက်မှသက်ရောက်သောပညာ” ကိုပြုစုပျိုးထောင်ရန်တိုက်တွန်းထား၏။ ယင်းသည် “ရှေးဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်း ပြည့်စုံ၏” ဟုဖော်ပြသည်။ ယာကုပ်က ထပ်ဆင့်၍ဤသို့ဆိုသည်– “အသင့်အတင့်နေခြင်းငှာပြုစုတတ်သောသူတို့သည် ဖြောင့်မတ်ခြင်းတရား၏မျိုးစေ့ကို ငြိမ်သက်စွာကြဲတတ်၏။”—ယာကုပ် ၃:၁၇၊ ၁၈။
ယေရှုသည် သမ္မာတရားကို အလွန်စိတ်ဝင်စားကြောင်း ယေဟောဝါသက်သေများ သတိရကြသည်။ ပုန္တိပိလတ်ကို ကိုယ်တော်ကဤသို့မိန့်တော်မူသည်– “သမ္မာတရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။” (ယောဟန် ၁၈:၃၇) ကိုယ်တော်သည် သမ္မာတရားကို ထောက်ခံပြောဆိုဖို့ သတ္တိနှင့်ပြည့်စုံသော်လည်း မိမိ၏ယုံကြည်ချက်ကိုအခြားသူများ လက်ခံရန် အတင်းအကျပ်လုပ်ဆောင်တော်မမူခဲ့ပါ။ ယင်းအစား သူတို့၏စိတ်နှလုံး စွဲမက်စရာဖြစ်စေရန် ကိုယ်တော်မိန့်တော်မူသည်။ မိမိ၏ကောင်းကင်ခမည်းတော်သည် “ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘော” ရှိသောဘုရားသခင်ဖြစ်ပြီး မြေကြီးမျက်နှာပြင်ပေါ်မှ မှားယွင်းမှုနှင့် မတရားမှုကို မည်သို့နှင့် မည်သည့်အခါတွင် အဆုံးတိုင်စေမည်ကို ဆုံးဖြတ်ထားနှင့်ပြီးဖြစ်ကြောင်း ကိုယ်တော်သိထားတော်မူသည်။ (ဆာလံ ၂၅:၈) ထို့ကြောင့် မိမိနှင့်သဘောမတူညီသူတို့ကို ကိုယ်တော်သည် မနှိမ်ခဲ့ပါ။ ယင်းအစား ယေရှုအချိန်ရှိ မူဟောင်းလိုက် ဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော်ကိုနှိပ်စက်ညှဉ်းပန်းရန် ကြိုးစားကြသည်။—ယောဟန် ၁၉:၅၊ ၆။
ယေဟောဝါသက်သေများသည် ဘာသာရေးအယူဝါဒနှင့်ပတ်သက်၍ ခိုင်မာသောယုံကြည်ချက်များရှိကြကာ သူတို့သည် ကျင့်ဝတ်ကိစ္စများတွင် ခိုင်မာသောစံနှုန်းများကို ထင်ရှားစွာပြသကြသည်။ သူတို့သည် တမန်တော်ပေါလုကဲ့သို့ပင် “သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး” သာရှိသည်ဟု ယုံကြည်စိတ်ချကြသည်။ (ဧဖက် ၄:၅) “အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏” ဟူသောယေရှု၏စကားများကိုလည်း သူတို့သိထားကြသည်။ (မဿဲ ၇:၁၃၊ ၁၄) သို့တိုင် သူတို့သည် မိမိတို့၏ယုံကြည်ချက်များကို လိုက်လျှောက်ရန် အခြားသူများအား အတင်းအကျပ်ပြုလုပ်ဖို့ မကြိုးစားကြပါ။ ယင်းအစား သူတို့သည် ပေါလုကိုအတုယူကာ “ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့” လိုကြသောသူအားလုံးကို “တောင်းပန်သွေးဆောင်ကြ၏။” (၂ ကောရိန္သု ၅:၂၀) ဤကား သာ၍ကောင်းသောနည်းလမ်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏နည်းလမ်းပေတည်း။
ဘာသာရေးရှိရင်းစွဲဝါဒစကားလုံးကို ယခုခေတ်၌ အသုံးပြုပုံက အလွန်ခြားနားပါသည်။ ရှိရင်းစွဲဝါဒီတို့သည် လူ့အဖွဲ့အစည်းအပေါ် သူတို့၏ဥပဒေသများကိုလက်ခံရန် မြောက်မြားစွာသောနည်းပရိယာယ်များ—အကြမ်းဖက်မှုအပါအဝင်—ကိုအသုံးပြုကြသည်။ ထိုသို့ပြုရာ၌ သူတို့သည် နိုင်ငံရေးစနစ်၏အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။ သို့သော်လည်း ယေရှုက မိမိ၏နောက်တော်လိုက်များကို “လောကနှင့်မဆက်ဆံ” ကြဖို့မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၅:၁၉;၁၇:၁၆; ယာကုပ် ၄:၄) ထိုစကားနှင့်အညီ ယေဟောဝါသက်သေများသည် နိုင်ငံရေးအငြင်းပွားမှုများတွင် ကြားနေခြင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကြသည်။ ဖော့ရီပါဂျီနာအမည်ရှိ အီတာလျံသတင်းစာက အသိအမှတ်ပြုထားသည့်အတိုင်း သူတို့သည် “မည်သူ့ကိုမဆို အဘယ်အရာကိုမျှ အတင်းအကျပ်ပြုလုပ်ဖို့မတိုက်တွန်းပါ; လူတိုင်း၌ သူတို့ပြောသည့်အရာများကို လွတ်လပ်စွာလက်ခံခွင့် သို့မဟုတ် ငြင်းပယ်ခွင့်ရှိသည်။” ရလဒ်ကားအဘယ်နည်း။ သက်သေခံတို့၏ ငြိမ်သက်မှုရှိစေသော သမ္မာကျမ်းစာသတင်းသည် လူမျိုးအပေါင်း၊ တစ်ချိန်က ရှိရင်းစွဲဝါဒီများဖြစ်ခဲ့သည့် သူများကိုပင်လျှင် ဆွဲဆောင်နိုင်သည်။—ဟေရှာယ ၂:၂၊ ၃။
ခိုင်မာသော စံနှုန်းများရှိသည့်ကမ္ဘာတစ်ခု
ရှိရင်းစွဲဝါဒီတို့နှင့် ပတ်သက်သောပြဿနာများကို လူသားတို့ ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း သက်သေခံများက အသိအမှတ်ပြုထားကြပါသည်။ သင်သည် လူတစ်ဦးတစ်ယောက်ကို ဘုရားသခင်အားယုံကြည်ရန် သို့မဟုတ် သင်၏ကိုယ်ပိုင်ယုံကြည်ချက်များကို လက်ခံရန် အတင်းအကျပ်မပြုလုပ်နိုင်ပါ။ ယင်းသို့ပြုလုပ်နိုင်သည်ဟု ထင်မှတ်ခဲ့ခြင်းကြောင့် ခရူးဆိတ်စစ်ပွဲများ၊ အလယ်ခေတ်ဆိုင်ရာ ဘာသာရေးခုံရုံးများနှင့် အမေရိကန်အင်ဒီးယန်းများကို “ဘာသာဝင်စေခြင်း” ကဲ့သို့သော သမိုင်းတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာအကောင်းဆုံးအခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သင်သည် ဘုရားသခင်ကိုကိုးစားလျှင် ကိုယ်တော်၏လက်တော်တွင် အပ်နှင်းထားရန် ဆန္ဒရှိပေလိမ့်မည်။
သမ္မာကျမ်းစာအရ ဘုရားသခင်သည် လူသားတို့ မိမိ၏ဥပဒေကို ချိုးဖောက်သောကြောင့် ဒုက္ခဝေဒနာနှင့်နာကျင်မှုဖြစ်ပေါ်စေရန် ကိုယ်တော်ခွင့်ပြုထားချိန်ကို ကန့်သတ်ထားတော်မူသည်။ ထိုအချိန်သည် ကုန်လုနီးပြီ။ ယေရှုသည် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တွင် ဘုရင်အဖြစ်စိုးစံလျက်ရှိပြီး၊ မကြာမီတွင် ထိုဘုရားသခင့်နိုင်ငံတော်သည် လူသားအစိုးရများကို ဖယ်ရှားပစ်ကာ လူသားတို့ကို နေ့စဉ်နှင့်အမျှ တာဝန်ယူအုပ်ချုပ်သွားပေမည်။ (မဿဲ ၂၄:၃-၁၄; ဗျာဒိတ် ၁၁:၁၅၊ ၁၈) ရလဒ်ကား ငြိမ်သက်ခြင်းနှင့် ဖြောင့်မတ်ခြင်းပြည့်စုံမည့် ကမ္ဘာချီပရဒိသုဖြစ်လာပေလိမ့်မည်။ ထိုအချိန်တွင် စစ်မှန်သောဘုရားသခင်ကို မည်သို့ဝတ်ပြုသင့်ကြောင်းနှင့်ပတ်သက်၍ လုံးဝသံသယရှိစရာမလိုချေ။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) ကရုဏာ၊ သစ္စာ၊ တရားမျှတခြင်းနှင့် ကောင်းမြတ်ခြင်း ကဲ့သို့သော ထာဝစဉ်စံနှုန်းများက နာခံမှုရှိသည့်လူသားအားလုံးအတွက် အောင်ပွဲခံပေလိမ့်မည်။
ထိုအချိန်ကိုမျှော်လင့်ကာ ဆာလံဆရာက “ကရုဏာနှင့်သစ္စာဆုံပြီ။ တရားနှင့်ချမ်းသာသည် တစ်ပါးကိုတစ်ပါးနမ်းကြပြီ။ သစ္စာသည်မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်ကငုံ့ကြည့်လိမ့်မည်။ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကိုပေးလိမ့်မည်။ တရားသည်ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကိုပဲ့ပြင်လိမ့်မည်” ဟုကဗျာဆန်ဆန် စပ်ဆိုခဲ့သည်။—ဆာလံ ၈၅:၁၀-၁၃။
ကျွန်ုပ်တို့သည် ဤလောကကိုမပြောင်းလဲပစ်နိုင်သော်လည်း ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့် ယခုပင်လျှင် ဘုရားရေးရာစံနှုန်းများကို ပြုစုပျိုးထောင်နိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာသစ်တွင်ဘုရားသခင်အလိုရှိတော်မူမည့် ကိုယ်တော်အားကိုးကွယ်သူများဖြစ်ရန် ကျွန်ုပ်တို့ကြိုးစားနိုင်ပါသည်။ ထိုအခါ “စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” ဟုဆာလံဆရာရည်ညွှန်းခဲ့သူများထဲတွင် ကျွန်ုပ်တို့ပါဝင်ကြလိမ့်မည်။ (ဆာလံ ၃၇:၁၁) ဘုရားသခင်သည် မိမိ၏အလိုတော်ဆောင်သူများကို ထောက်မ၍ ကောင်းချီးပေးကာ သူတို့၏အနာဂတ်အတွက် အံ့ဖွယ်ရာများပြုလုပ်ပေးမည်ဟု ကတိထားတော်မူသည်။ တမန်တော်ယောဟန်က “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏” ဟူ၍ပြောခဲ့သည်။—၁ ယောဟန် ၂:၁၇။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းနှင့် အကျွမ်းတဝင်ဖြစ်လာရန် လူအားလုံးကို ဖိတ်ခေါ်ပါသည်
[Picture Credit Line on page 6]
Lamp on pages 3, 4, 5, and 6: Printer’s Ornaments/by Carol Belanger Grafton/Dover Publications, Inc.