ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၆/၁၅ စာ. ၂၈-၃၁
  • သင့်ဝတ်ပြုရာအရပ်ကို သင်လေးစားပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဝတ်ပြုရာအရပ်ကို သင်လေးစားပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်ဝတ်ပြုရေးအတွက် အစောပိုင်း အရပ်ဒေသများ
  • ကျွန်ုပ်တို့၏ဝတ်ပြုရာအရပ်ကို လျော်ကန်စွာအသုံးပြုခြင်း
  • ယေဟောဝါကိုကိုးကွယ်ရန် အချိန်နှင့်နေရာ သတ်မှတ်ထား
  • ပုံသက်သေတင်ပြသော အမျိုးသားများ
  • ဝတ်ပြုရာနေရာများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ယေဟောဝါကို ဝတ်ပြုတဲ့နေရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကျွန်ုပ်တို့၏ဝတ်ပြုရာနေရာကို ကောင်းမွန်စွာထားကြစို့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို လျစ်လျူမရှုခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၆/၁၅ စာ. ၂၈-၃၁

သင့်ဝတ်ပြုရာအရပ်ကို သင်လေးစားပါသလော

“ဧဝံဂေလိတရားမဖွံ့ဖြိုးသေးမီအချိန်ကတည်းက ခရစ်ယာန်များမှာ ဘုရားဝတ်ပြုရေးအတွက် အတည်တကျသတ်မှတ်ထားရာအရပ်ရှိခဲ့ပါသည်။” —ဝီလျန် ကေဗ် ရေးသော “Primitive Christianity.”

ဘုရားသခင်၏လူမျိုးသည် ဝတ်ပြုကိုးကွယ်ခြင်းငှာ စုဝေးခြင်းမှ ပျော်ရွှင်မှု အမြဲရရှိကြသည်။ ထိုသို့ယခုဖြစ်သကဲ့သို့ပင် ပထမရာစုတွင်လည်း ထပ်တူဖြစ်ပါသည်။ ခရစ်ယာန်များသည် မှန်မှန်စည်းဝေးဝတ်ပြုရာအရပ် အတိအကျရှိခဲ့ကြောင်း လူစီယန်၊ ကလီမင်တ်၊ ဂျပ်စတင်မာတာရ်နှင့် တာတူလျန် အစရှိသော အစောပိုင်း စာရေးဆရာများနှင့် ဓမ္မပညာဆရာများအားလုံး သဘောတူညီကြပါသည်။

ဤအချက်ကို သမ္မာကျမ်းစာထောက်ခံ၍ ခရစ်ယာန်များသည် အုပ်စုလိုက် မှန်မှန်စည်းဝေးခဲ့ကြောင်း အကြိမ်ကြိမ်ကိုးကားဖော်ပြထားပါသည်။ ဤအုပ်စုများကို အသင်းတော်များဟုခေါ်ကြသည်။ ယင်းစကားလုံးသည် လျောက်ပတ်သည်။ အကြောင်းမူကား၊ သမ္မာကျမ်းစာကို စတင်ရေးသားခဲ့သောဘာသာစကားများတွင် “အသင်းတော်” ဟူသောစကားလုံးသည် အထူးရည်ရွယ်ချက်တစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုအတွက် စုဝေးကြသောလူစုကို ဆိုလိုပါသည်။

ခရစ်ယာန်ဝတ်ပြုရေးအတွက် အစောပိုင်း အရပ်ဒေသများ

ပထမရာစုခရစ်ယာန်များ စည်းဝေးကြသည့်အခါ သူတို့ဘာလုပ်ကြသနည်း။ ဤသို့သောအစည်းအဝေးအမြောက်အမြားအကြောင်း သမ္မာကျမ်းစာဖော်ပြထား၍ သွန်သင်ပို့ချမှုသည် အဓိကဖြစ်ကြောင်း တင်ပြပါသည်။ (တမန်တော် ၂:၄၂။ ၁၁:၂၆။ ၁ ကောရိန္သု ၁၄:၁၉၊ ၂၆) ဟောပြောချက်များ၊ အားရစရာတွေ့ကြုံမှုများ၊ ယေရုရှလင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့၊ သို့မဟုတ် တမန်တော်တစ်ပါးပါး ထံမှလာသောစာများကို အသေအချာသုံးသပ်ခြင်း အစရှိသည့် ပညာရေးအစီအစဉ်များကို စီစဉ်ပေးခဲ့ကြပါသည်။

အန္တိအုတ်မြို့နေ ခရစ်ယာန်များထံရေးသော စာတစ်စောင်ကို ဖတ်ရွတ်ပြပြီးနောက် ယုဒနှင့်သိလတို့သည် “များစွာသောစကားနှင့် ညီအစ်ကိုတို့ကိုဆုံးမ၍ မြဲမြံခိုင်ခံ့စေကြ၏” ဟုတမန်တော် ၁၅:၂၂-၃၅ တွင်ဖတ်ရပါသည်။ အခြားမှတ်တမ်းတင်ချက်တစ်ခု၌ကား၊ အန္တိအုတ်မြို့သို့ ပေါလုနှင့်ဗာနဗရောက်လာပြီး “သင်းဝင်သူတို့ကိုစုဝေးစေ၍ မိမိတို့အားဖြင့် ဘုရားသခင်သည်ပြုတော်မူသမျှတို့ကို . . . ပြန်ကြား” ခဲ့ကြောင်း ဖော်ပြပါသည်။ ခရစ်ယာန်စည်းဝေးများ၏ အရေးကြီးသောလက္ခဏာတစ်ခုမှာ ယေဟောဝါထံ ဆုတောင်းခြင်းဖြစ်သည်။—တမန်တော် ၁၄:၂၇။

ဝတ်ပြုရေးအတွက် ပထမရာစုအသင်းတော်များစည်းဝေးခဲ့သောနေရာများသည် ယနေ့ခရစ်ယာန်ဘောင်ချာ့ချ်အများကဲ့သို့ ထည်ဝါခမ်းနားသောအဆောက်အဦများ မဟုတ်ကြပါ။ အများအားဖြင့်ဆိုလျှင် အစောပိုင်းခရစ်ယာန်များသည် လူနေအိမ်များတွင် စုဝေးခဲ့ကြပါသည်။ (ရောမ ၁၆:၅။ ၁ ကောရိန္သု ၁၆:၁၉။ ကောလောသဲ ၄:၁၅။ ဖိလေမုန် ၂) မကြာခဏဆိုသလို လူနေအိမ်တစ်အိမ်၏ ထပ်ခိုး၊ သို့မဟုတ် အထက်ခန်းတစ်ခန်းကို အသုံးပြုလေ့ရှိသည်။ သခင့်ညစာစားပွဲကို အထက်ခန်းတွင် ကျင်းပခဲ့ပါသည်။ ပင်တေကုတ္တပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တပည့်တော် ၁၂၀ ဘိသိက်ခံခဲ့ရသည့်အရပ်သည်လည်း အထက်ခန်းတစ်ခုဖြစ်သည်။—လုကာ ၂၂:၁၁၊ ၁၂၊ ၁၉၊ ၂၀။ တမန်တော် ၁:၁၃၊ ၁၄၊ ၂:၁-၄၊ ၂၀:၇၊ ၉။

ယနေ့ ယေဟောဝါသက်သေများသည် တမန်တော်များစတင်ခဲ့သည့်ပုံစံကို လိုက်နာပြုမူကြပါသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမများဟု ခေါ်သည့် စည်းဝေးရာအရပ်များကို အသုံးပြုကြပါသည်။ ထိုတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောသူများဖြစ်လာခြင်းငှာ လေ့ကျင့်ပို့ချခံကြပါသည်။ (မဿဲ ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကျမ်းစာကိုလေ့လာကြ၏၊ ဆုတောင်းကြ၏၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် အားပေးတည်ဆောက်ကြပါသည်။ ယင်းက ဟေဗြဲ ၁၀:၂၄၊ ၂၅ ပါကျမ်းစာသြဝါဒနှင့်အညီဖြစ်သည်။ “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့။”

ကျွန်ုပ်တို့၏ဝတ်ပြုရာအရပ်ကို လျော်ကန်စွာအသုံးပြုခြင်း

“ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကိုပြုစုတော်မမူ။ . . . အသင့်အတင့်ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏” နှင့် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်ကြလော့” ဟူသောတမန်တော်ပေါလု၏စကားများကို သတိရပါသလော။ ဤစကားများ၏ ရှေ့နောက်စကားကို သင်သုံးသပ်ကြည့်မည်ဆိုလျှင် ခရစ်ယာန်စည်းဝေးများကို မည်သို့ကျင်းပသင့်ကြောင်း ပေါလုဆွေးနွေးနေသည်ကို တွေ့ရှိရမည်။ တမန်တော်များခေတ်ကကဲ့သို့ပင် ယနေ့ခရစ်ယာန်များသည် အစည်းအဝေးများကို စည်းစနစ်ကျနစွာ ဖွဲ့စည်းကျင်းပကြပါသည်။—၁ ကောရိန္သု ၁၄:၂၆-၄၀။

၁၉၆၉ အောက်တိုဘာ ၁၅ ကင်းမျှော်စင်တွင် ဤသို့ဆိုထားသည်။ “ဘုရားသခင့်နိုင်ငံတော်ခန်းမရှိ ဝိညာဏအခြေအနေသည် စစ်မှန်၏။ ယင်းသည် စစ်မှန်သောဝတ်ပြုရေးနှင့် ကျမ်းစာသွန်သင်ချက်၌ အမှန်စိတ်ဝင်စားခြင်းမှ ဖြစ်ပွားပါသည်။ ခန်းမ၏ စိတ်ပင်ပန်းမှုမရှိစေသည့် သာမန်အခြေအနေကလည်း တက်ရောက်သူတို့အား ခင်မင်ရင်းနှီးဖော်ရွေပျူငှာစေရန်၊ အဆောင်အယောင်၊ ဆန်းကျယ်သောအခမ်းအနားကြောင့် ချုပ်ထိန်းနေရသည့်ပုံမျိုးမရှိစေရန် ပြုလုပ်ဖန်တီးပေးပါသည်။” တစ်ကြိမ်တည်းတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမအဖြစ်အသုံးပြုချိန်တွင် ရိုသေလေးစားမှုနှင့် ဂုဏ်သိက္ခာရှိခြင်းကိုတင်ပြရန် အမြဲဂရုစိုက်ကြပါသည်။

ဤကဏ္ဍတွင် ခရစ်ယာန်ဘောင်သည် လေးစားမှုကင်းမဲ့ကြောင်း အကြီးအကျယ်တင်ပြခဲ့ကြပြီ။ အချို့ဘာသာရေးအဖွဲ့အစည်းများသည် သူတို့၏ဝတ်ပြုရာအရပ်များကို ရပ်ရွာဧည့်ခံဖျော်ဖြေရာအရပ်အဖြစ် အသုံးပြုနေကြပါသည်။ ဤတွင် ဘာသာရေးဆန်ဆန် ရော့ခ်တေးသံတီးမှုတ်ပြပွဲများ၊ အလေးမ အားကစားခန်းများ၊ ဘီလိယက်ခုံများ၊ ကလေးထိန်းအခန်းများနှင့် ရုပ်ရှင်ပြခန်းများရှိသည်။ ချာ့ချ်တစ်ခုသည် ယင်း၏အစီအစဉ်တွင် နပန်းပွဲ ထည့်သွင်းထားသည်။ ဤမည်သည် တမန်တော်များချမှတ်ခဲ့သောပုံစံနှင့် အဘယ်နည်းဖြင့်မျှ ညီညွတ်နိုင်လိမ့်မည်မဟုတ်ပါ။

မည်သည့်ပထမရာစုအသင်းတော်မဆို မတော်မလျော်ပြုမူမိလျှင် ပဲ့ပြင်ဆုံးမခံရပါသည်။ ဥပမာ၊ ကောရိန္သုမြို့ရှိ ခရစ်ယာန်အသင်းတော်တစ်ခုတွင် အချို့သူများသည် သခင့်ညစာစားပွဲကျင်းပချိန်ကို စားသောက်ပျော်မြူးချိန်အဖြစ်အသုံးပြုနေကြပါသည်။ အစည်းအဝေးမတိုင်မီ၊ သို့မဟုတ် စည်းဝေးအတွင်း စားကြသောက်ကြရန် ညစာကိုယူလာခဲ့ကြရာ၊ အချို့သူများသည် စားကြူးသောက်ကြူးကြသည်အထိ ဖြစ်ခဲ့ကြသည်။ ယင်းကား အမှန်မသင့်တော်ချေ။ သို့ဖြစ်၍ တမန်တော်ပေါလုက “သင်တို့သည် စားသောက်ရာဖို့ ကိုယ်အိမ်မရှိသလော” ဟုစာရေးသတိပေးခဲ့သည်။—၁ ကောရိန္သု ၁၁:၂၀-၂၉။

ပေါလု၏ဆုံးမသြဝါဒနှင့်အညီ ယေဟောဝါသက်သေများသည် ကိုယ်ရေးကိုယ်တာကိစ္စများကို ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်ပြုလုပ်ကြမည့်အစား မိမိအိမ်၊ သို့မဟုတ် အခြားနေရာတစ်နေရာတွင် ပြုလုပ်ဆောင်ရွက်ကြသည်။ မှန်မှန်ကျင်းပသော ကျွန်ုပ်တို့၏အစည်းအဝေးများတွင် မိတ်ဆွေများစွာကို တစ်ကြိမ်တည်းတွေ့ဆုံရန် အလွန်အဆင်ပြေသည်မှန်၏။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမသည် ယေဟောဝါထံအပ်နှံထားသည့်အတွက် ကိုယ်တော်ကိုဝတ်ပြုခြင်းအတွက်သာ ယင်းကိုအသုံးပြုသင့်ပါသည်။ ဤတွင် စီးပွားရေးလုပ်ရန်၊ ကိုယ်ရေးကိုယ်တာ ငွေရေးကြေးရေးကိစ္စကိုဆောင်ရွက်ရန် စည်းဝေးခန်းမကို အခွင့်အရေးယူ ပြုလုပ်မည်မဟုတ်ပါ။

ထို့ပြင် ဘုရားသခင့်နိုင်ငံတော်ခန်းမများကို အပန်းဖြေအစီအစဉ်များ၊ ရန်ပုံငွေရှာလုပ်ငန်းများ၊ သို့မဟုတ် ကလေးထိန်း အစရှိသည့် လူမှုရေးလုပ်ငန်းများအတွက် အသုံးမပြုပါ။ ဤကဲ့သို့သော ကိုယ်ရေးကိုယ်တာနှင့် စီးပွားရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်ရန် အခြားနေရာများရှိပါသည်။

အသင်းသားများသည် စည်းဝေးလာသည့်အခါ ချေးငှားခြင်း၊ ချေးငှားထားသည့်ပစ္စည်းများကို ပြန်ပေးခြင်း ပြုလုပ်နေကြကြောင်း ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုရှိအကြီးအကဲများ သတိပြုမိပါသည်။ ထို့ပြင် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဗွီဒီယိုကက်ဆက်ခွေများ လဲလှယ်လေ့ရှိနေကြသည်။ ဤသို့ပြုခြင်းသည် စီးပွားဖြစ်မဟုတ်သော်လည်း ဖြစ်နိုင်သည့်အခါတိုင်း ယင်းကိစ္စများကို အိမ်တွင်ပြုလုပ်ဆောင်ရွက်ခြင်း၏ ဉာဏ်ပညာရှိလမ်းစဉ်ကို အကြီးအကဲများ သဘောပေါက်နားလည်စေခဲ့သည်။

အထင်မှားစေနိုင်သည့်အခြေအနေများကိုရှောင်ကြဉ်ကာ ဘုရားသခင့်နိုင်ငံတော်ခန်းမကို သင့်တော်လျော်ကန်စွာအသုံးပြုနေ၊ မနေကို သေချာစေရန် တစ်ဦးစီအနေနှင့် ကိုယ့်ကိုယ်ကိုမေးမြန်းသင့်သည်ကား၊ ‘အိမ်တွင်ဆောင်ရွက်နိုင်မည့် ကိုယ်ရေးကိုယ်တာကိစ္စများကို ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဆောင်ရွက်နေပါသလော’ ဖြစ်သည်။ ဥပမာ၊ ပျော်ပွဲထွက်ဖို့၊ သို့မဟုတ် အခြားမိတ်ဆုံပွဲများစီစဉ်သည့်အခါ ယင်းတို့ကို အိမ်တွင်ဆွေးနွေးတိုင်ပင်လျှင် ပိုကောင်းမည်မဟုတ်လော။ မိမိအဆက်အသွယ်ပြုလိုသူနှင့် တယ်လီဖုန်းဖြင့်၊ သို့မဟုတ် သူ့ထံလည်ပတ်သွားခြင်းဖြင့် ပြုလုပ်နိုင်မည်လော။ ပေါလု၏စကားများကို အသုံးပြုကာ ကျွန်ုပ်တို့ပြောဆိုနိုင်သည်ကား ‘ဤသို့သောကိစ္စများကိုဆောင်ရွက်ခြင်းငှာ အိမ်များရှိသည်မဟုတ်လော’ ဖြစ်သည်။

ယေဟောဝါကိုကိုးကွယ်ရန် အချိန်နှင့်နေရာ သတ်မှတ်ထား

ဒေသနာ ၃:၁ တွင်သမ္မာကျမ်းစာက “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏” ဟုဆိုပါသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးတက်သည့်အခါ ခရစ်ယာန်ဓမ္မအမှုနှင့်ဆိုင်သော လုပ်ငန်းများတွင် ကိုယ့်ကိုယ်ကိုနစ်မြုပ်စေနိုင်ပါသည်။ ယင်းအချိန်သည် ယေဟောဝါအားဝတ်ပြုရန် သတ်မှတ်ထားချိန်ဖြစ်သည်။

ခရစ်ယာန်အသင်းတော်အတွင်း မျက်နှာလိုက်ခြင်းမရှိကြရန် ယေရှု၏မိတူဖကွဲညီဖြစ်သူ ယာကုပ်မှာကြားထားပါသည်။ (ယာကုပ် ၂:၁-၉) ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဤသြဝါဒကို မည်သို့ကျင့်သုံးနိုင်မည်နည်း။ မိတ်ဆုံပွဲများအတွက် ဖိတ်စာများ အထင်အရှားကမ်းလှမ်းခြင်းအားဖြင့် မျက်နှာလိုက်ပုံပေါက်စေမည်။ အသင်းတော်တစ်ခုတွင် တက်ရောက်သူများ၏ လွယ်အိတ်၊ သို့မဟုတ် ကျမ်းစာထဲသို့ ဤဖိတ်စာများထည့်ပေးသည့်ထုံးစံရှိပါသည်။ ယင်းသို့ပြုခြင်းသည် စာတိုက်မှပို့ခြင်း၊ အိမ်တိုင်ရာရောက် လိုက်ပို့ပေးခြင်းထက် ပိုအဆင်ပြေသည်မှန်၏။ သို့ရာတွင် ဖိတ်စာကမ်းလှမ်းခြင်းကို တွေ့မြင်သည့် ဖိတ်စာမရသူသည် မည်သို့ခံစားရမည်နည်း။ ယင်းသို့ပြုခြင်းသည် မျက်နှာလိုက်ပုံ သက်ရောက်နေမည်လော။

ဤသို့ဆိုသည့်အတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် မည်သူမျှ သတင်းမပါးရ၊ သို့မဟုတ် အထုပ်များ မပေးကမ်းရဟူ၍ ကြပ်မတ်သောစည်းကမ်းထုတ်စရာမလိုပါ။ တစ်နေ့တာလုပ်ငန်းများ၊ အဖြစ်အပျက်များအကြောင်း ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ပြောဆိုခြင်း၊ သင့်အိမ်သို့ တစ်ဦးတစ်ယောက်အား ဖိတ်ခေါ်ခြင်း၊ အပန်းဖြေမှုတစ်ခုတွင် ပါဝင်ရန် တစ်ဦးတစ်ယောက်အား ဖိတ်ခေါ်ခြင်းသည် မမှားပါ။ သို့သော် ယင်းတို့ကို ကြုံကြိုက်၍ပြုခြင်း၊ မသိမသာ မထင်မရှားပြုခြင်း ဖြစ်သင့်ပါသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌စည်းဝေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဝိညာဉ်ရေးဘက် တည်ဆောက်မှုခံယူခြင်းဖြစ်ပါသည်။ ကိုယ်ရေးကိုယ်တာအစီအစဉ်များကြောင့် ယင်းကို မပျောက်လွင့်စေသင့်ပါ။—မဿဲ ၆:၃၃။ ဖိလိပ္ပိ ၁:၁၀။

ပုံသက်သေတင်ပြသော အမျိုးသားများ

အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမကို တန်ဖိုးထားလေးစားကြောင်း ဇွဲရှိရှိ ပုံသက်သေကောင်းတင်ပြကြ၏။ အများအားဖြင့်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်ခန်းမပြုပြင်ထိန်းသိမ်းရေးအတွက် အကြီးအကဲတစ်ဦးနှစ်ဦးနှင့် ဓမ္မအမှုထမ်းများက တာဝန်ယူညှိနှိုင်းကြပါသည်။ ခန်းမတစ်ခုတည်းကို အသင်းတော်တစ်ခုထက်မကအသုံးပြုသည့်အခါ ကော်မတီဝင် အကြီးအကဲများက ယင်းကိစ္စများကို ကွပ်ကဲပေးပါသည်။

ဤတာဝန်များကို ဆောင်ရွက်ရန် တာဝန်အပ်နှံခံရသူ အတိအကျရှိသည်မှန်သော်လည်း ဓမ္မအမှုထမ်းနှင့်အကြီးအကဲအားလုံးသည် ခန်းမကို တကယ်စိတ်ဝင်စားသင့်ပါသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမကို ယေဟောဝါအားဝတ်ပြုရန်အတွက် အပ်နှံထားသည်ကို သူတို့အသိအမှတ်ပြုသည်။

ပြုပြင်စရာလိုအပ်နေမည်ဆိုလျှင် အကြီးအကဲများသည် နေ့ရွှေ့ရက်ရွှေ့ပြုလုပ်မနေသင့်ပါ။ (၂ ရာဇဝင်ချုပ် ၂၄:၅၊ ၁၃၊ ၂၉:၃။ ၃၄:၈။ နေဟမိ ၁၀:၃၉။ ၁၃:၁၁) အချို့အသင်းတော်များတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမကို မှန်မှန်စစ်ဆေးပြီး ပြုပြင်မွမ်းမံစရာများရှိပါက ချက်ချင်းပြုလုပ်ကြပါသည်။ လိုအပ်သောပစ္စည်းများရှိမရှိ အသေအချာသိရှိနိုင်ရန် ပစ္စည်းစာရင်းများယူထားပါသည်။ ကိရိယာများနှင့်သန့်ရှင်းရေးအသုံးအဆောင်များကိုပစ္စည်းသိုလှောင်သိမ်းဆည်းရန် သတ်မှတ်ထားရာနေရာတစ်ခုရှိမည်ဆိုလျှင် အကြီးအကဲများနှင့်ဓမ္မအမှုထမ်းအားလုံးက ထိုနေရာကို သန့်ရှင်းသပ်ရပ်စွာထားရှိရန် စိတ်ဝင်စားသင့်သည်။ စာအုပ်စာတမ်းနှင့်မဂ္ဂဇင်းဌာနတွင် အမှုထမ်းသောသူများကလည်း ခန်းမတွင် ဗူးခွံအလွတ်များကြောင့် အမှိုက်သရိုက်မဖြစ်စေရန် ချက်ချင်းဂရုစိုက်သင့်သည်။

အသင်းသူအသင်းသားအားလုံး ဘုရားသခင့်နိုင်ငံတော်ခန်းမအတွက် ဇွဲလုံ့လစိုက်ထုတ်ကြရန် အကြီးအကဲနှင့်ဓမ္မအမှုထမ်းများသည် ပုံသက်သေကောင်းတင်ပြနိုင်ပါသည်။ (ဟေဗြဲ ၁၃:၇) ခန်းမသန့်ရှင်းရေး၌ပါဝင်ခြင်း၊ ခန်းမ လှပတင့်တယ်ရေး၌ အမှန်စိတ်ဝင်စားမှုတင်ပြခြင်းအားဖြင့် သင့်တော်လျောက်ပတ်စွာ လေးစားမှုတင်ပြနိုင်ကြပါမည်။

မဿဲ ၁၈:၂၀ တွင်ယေရှုက “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်” ဟုမိန့်တော်မူပါသည်။ မှန်သည်။ ယေဟောဝါအားဝတ်ပြုခြင်းငှာ ကျွန်ုပ်တို့စည်းဝေးခြင်းကို ယေရှုစိတ်ဝင်စားပါသည်။ လူနေအိမ်များတွင်ကျင်းပသော အစည်းအဝေးများကိုလည်းကောင်း၊ ခရိုင်နှင့်တိုက်နယ်အစည်းအဝေးများကဲ့သို့သော စည်းဝေးပွဲကြီးများကိုလည်းကောင်း ကိုယ်တော်စိတ်ဝင်စားတော်မူ၏။

သန်းပေါင်းများစွာသောယေဟောဝါသက်သေများအတွက် သူတို့မှန်မှန်စည်းဝေးဝတ်ပြုရာအရပ်ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ခန်းမထက် အခြားမြတ်နိုးတန်ဖိုးထားရာနေရာမရှိပါ။ ထိုနေရာကို သင့်တော်လျောက်ပတ်စွာ လေးစားတန်ဖိုးထားသည်။ ယင်းကိုပြုပြင်ထိန်းသိမ်းပေးရန် ဝီရိယစိုက်ထုတ်ကြ၍ ယင်းကိုလျော်ကန်စွာ အသုံးပြုကြပါသည်။ အသင်လည်း ယေဟောဝါကိုယ်တော်တိုင်မှာကြားသောသြဝါဒကို လိုက်နာနိုင်ပါစေ။ “ဘုရားသခင့်အိမ်တော်ကိုသွားသောအခါ သင့်ခြေတို့ကို စောင့်လော့။”—ဒေသနာ ၅:၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ