ရိုမေးနီးယား—နိုင်ငံတွင် အချိန်ရာသီများကို ယေဟောဝါပြောင်းလဲစေ
၁၉၈၉ ခုနှစ်တွင် ဥရောပအရှေ့ပိုင်းတစ်လျှောက် အပြောင်းအလဲလေညှင်းများ ဆက်တိုက်တိုက်ခတ်လာသည်။ လအနည်းငယ်အတွင်းပင် တစ်ချိန်က မဖြိုမဖျက်နိုင်ဟန်ရှိသောရဲတိုက်များပမာ အုပ်ချုပ်ရေးများသည် တစ်ခုပြီးတစ်ခု ပြိုလဲကုန်ကြတော့သည်။ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ လူမှုရေး၊ စီးပွားရေးနှင့် ယေဟောဝါသက်သေများအတွက် စိတ်ဝင်စားစရာအဖြစ်ဆုံးဖြစ်သည့် ဘာသာရေးအပြောင်းအလဲများကို တွေ့မြင်ကြရသည်။ တစ်နိုင်ငံပြီးတစ်နိုင်ငံတွင် ယေဟောဝါသက်သေများအား အစိုးရအသိအမှတ်ပြုခြင်းခံခဲ့ရပြီး ဘာသာရေးဆိုင်ရာလုပ်ငန်းကို လွတ်လပ်စွာပြန်ထမ်းဆောင်နိုင်ခွင့် ရရှိလေသည်။
သို့သော် ရိုမေးနီးယားနိုင်ငံတွင် အခြေအနေကား ထိုသို့ဖြစ်လာလိမ့်မည့်ပုံမရှိချေ။ အပြောင်းအလဲလေညှင်းများတိုက်ခတ်မှုသည် ထိရောက်မည့်ပုံမရှိပါ။ အခြားဥရောပအရှေ့ပိုင်းနိုင်ငံများတွင် ဖြစ်ပျက်နေသောအရေးအခင်းများအကြောင်း ယေဟောဝါသက်သေများကြားသိကြသည့်အခါ ‘အာမဂေဒုန်မတိုင်မီ ဒို့လည်း လွတ်လွတ်လပ်လပ်များ ကိုးကွယ်နိုင်မလား’ ဟု သူတို့ကိုယ်ကိုသူတို့မေးခဲ့ကြသည်။ ဝိညာဏညီအစ်ကိုညီအစ်မများနှင့်အတူ ခရစ်ယာန်စည်းဝေးပွဲများတွင် စည်းဝေးနိုင်ရန်၊ သတင်းကောင်းကို လူသိရှင်ကြား ဟောပြောနိုင်ရန်၊ ကျမ်းစာစာပေများကို တစ်ချိန်လုံးဝှက်မနေရဘဲ ပွင့်ပွင့်လင်းလင်းလေ့လာနိုင်ရန် တမ်းတကြပါသည်။ ထိုသို့ဖြစ်နိုင်ရန်ကား အိပ်မက်မျှဖြစ်နေပါသည်။
တစ်နေ့သောအခါ ထိုအိပ်မက်သည် အကောင်အထည်ပေါ်လာသည်တကား။ ၁၉၈၉ ဒီဇင်ဘာတွင်ဖြစ်သည်။ တစ်ညချင်းတွင်ပင် ချောင်စက်စကူးအစိုးရ ကျဆုံးသွားပါသည်။ မမျှော်လင့်ဘဲ ထိုခရစ်ယာန်များ သက်သာရာရတော့သည်။ ၁၉၉၀ ဧပြီ ၉ ရက်နေ့တွင် ရိုမေးနီးယားနိုင်ငံရှိ ယေဟောဝါသက်သေများအား ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်သည်။ တက်ကြွသော သက်သေခံ ၁၇,၀၀၀ အတွက် အချိန်ရာသီများကို ယေဟောဝါပြောင်းလဲစေတော်မူခဲ့သည်။—ဒံယေလ ၂:၂၁ နှိုင်းယှဉ်။
လွန်လေပြီးသောသမိုင်း
၁၉၁၁ နှစ်တွင် ကာရောလ် စာဘိုနှင့် ယိုစစ်ဖ် ကစ္စတို့သည် အမေရိကန်နိုင်ငံမှ ရိုမေးနီးယားနိုင်ငံသို့ ပြန်လာကြပါသည်။ သူတို့သည် အမေရိကန်နိုင်ငံတွင် သမ္မာတရားကိုသိရှိလာ၍ ယေဟောဝါအလိုတော်ကိုဆောင်ရွက်ခြင်းငှာ သူတို့အသက်တာကို ဆက်ကပ်အပ်နှံခဲ့သည်။ မိမိတို့၏တစ်နိုင်ငံတည်းသားများအား သတင်းကောင်းကြားသိစေလိုကြသည်။ ရိုမေးနီးယားနိုင်ငံသို့ ပြန်ရောက်ကြသည်နှင့် ချက်ချင်းဟောပြောကြလေတော့သည်။ ပထမကမ္ဘာစစ်ဖြစ်သောအခါ သူတို့၏လုပ်ငန်းကြောင့် ဖမ်းဆီးခံခဲ့ကြရသည်။ မည်သို့ဆိုစေ သူတို့ကြဲထားသော ဘုရားသခင့်နိုင်ငံတော်မျိုးစေ့များသည် စတင်ဖြစ်ထွန်းလာပါသည်။ လုပ်ငန်းကိုစည်းစနစ်ကျကျ ပြန်ဖွဲ့စည်းခဲ့သည့် ၁၉၂၀ တိုင်လေသော် ရိုမေးနီးယားနိုင်ငံတွင် ဘုရားသခင်နိုင်ငံတော်ကြေညာသူပေါင်း ၁,၈၀၀ ခန့်ရှိနေပါသည်။
ထိုအချိန်တွင် ဘောလ်ကန်းစ်နယ်တစ်လျှောက် တော်လှန်ရေးစိတ်ဓာတ်သည် ရိုမေးနီးယားနိုင်ငံတွင်လည်း ကူးစက်လာ၍ ဆူပူထကြွမှုများပြားနေပါသည်။ ဤခဲယဉ်းသောကာလအတွင်းပင် ကျွန်ုပ်တို့၏ဝိညာဏညီအစ်ကိုများသည် လုပ်ငန်းကို ဆက်လုပ်ကိုင်ကြပါသည်။ ရိုမေးနီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ဘူလ်ဂေးရီးယားနိုင်ငံ၊ ယူဂိုဆလားဗီးယားပြည်ထောင်စု၊ အယ်လ်ဘေးနီးယားနိုင်ငံတို့တွင် ဆောင်ရွက်သောလုပ်ငန်းကို ကြီးကြပ်ပေးရန် ၁၉၂၄ ခုနှစ်တွင် ကင်းမျှော်စင်အသင်းက ကလုဂျ် နာပိုကာမြို့၊ ၂၆ ရဂျီနာ မာရီအာလမ်းတွင် ရုံးခန်းဖွင့်လိုက်ပါသည်။
နိုင်ငံရေးအခြေအနေသည်လည်း ပိုဆိုးရွားလာ၍ အာဏာစက်များ၏အနှောင့်အယှက်ကို ခံနေကြရစဉ် တစ်ကြိမ်တည်းတွင် အဖွဲ့အစည်းအတွင်း အနှောင့်အယှက်များကြုံတွေ့နေရပါသည်။ 1930 Year Book တွင်ဤသို့ဖတ်ရ၏။ “အသင်းမစေလွှတ်ခဲ့သောသူ၏ သစ္စာမတည်ကြည်မှုကြောင့် မိတ်ဆွေများသည် ကစဉ့်ကလျားဖြစ်၍ သူတို့၏အားထားမှု လျော့နည်းသွားပါသည်။ အသင်းမသည်လည်း ထိုနိုင်ငံတွင် လုပ်ငန်းကိုပြန်နှိုးဆော်ပေးရန် အခွင့်ကောင်းရှာနေသော်လည်း ဒေသခံအရာရှိများက အဘက်ဘက်မှတားဆီးပိတ်ပင်နေသဖြင့် အခွင့်သာသောအချိန်ရောက်လာရန် သခင်အရှင်ကိုသာ စောင့်မျှော်နေကြရတော့မည်။” ထိုနောက် ၁၉၃၀ တွင် ၁၉၂၂ ခုနှစ်ကနှစ်ခြင်းယူခဲ့သော မာတင် မာဂျရိုရှီအမည်ရှိ ရိုမေးနီးယန်းသက်သေခံတစ်ဦးအား ဌာနခွဲအမှုထမ်းအဖြစ်ခန့်အပ်လိုက်၍ ရုံးခန်းတည်စိုက်ရာနေရာကို ဘူခါရက်စ်မြို့၊ ၃၃ ခရစ္စာနာလမ်းသို့ ရွှေ့ပြောင်းခဲ့သည်။ ကြာမြင့်စွာကြိုးပမ်းအားထုတ်ပြီးနောက်တွင် ၁၉၃၃ ခုနှစ်၌ ရိုမေးနီးယားနိုင်ငံတွင် တရားဝင်အဖွဲ့အဖြစ် အသင်းမကို အသိအမှတ်ပြုလေသည်။
အခက်အခဲများ ဆက်ပေါ်လာ
ရိုမေးနီးယားနိုင်ငံတွင် သက်သေခံများသည် စုံစမ်းခြင်းများကို အပြင်းအထန်ဆက်ခံကြရသည်။ 1936 Year Book ကဤသို့ဆိုသည်။ “ရိုမေးနီးယားနိုင်ငံတွင်ကြုံရသည့်အခက်အခဲတမျှ အခြားမည်သည့်နိုင်ငံ၌မျှ ညီအစ်ကိုများကြုံတွေ့ရလိမ့်မည်မထင်။” ဆန့်ကျင်မှုအမျိုးမျိုးကြား ၁၉၃၇ ခုနှစ်လုပ်ငန်းတော်မှတ်တမ်းက ရိုမေးနီးယားနိုင်ငံတွင် ကြေညာသူ ၈၅၆ ဦးနှင့်အသင်းတော်ပေါင်း ၇၅ ခုရှိကြောင်းတင်ပြသည်။ သတိရအောက်မေ့ပွဲကို တက်ရောက်သူအရေအတွက်မှာ ၂,၆၀၈ ယောက်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်စတင်သည့်အခါ ရိုမေးနီးယားနိုင်ငံတွင်လည်း ဒုက္ခရောက်ကြပါသည်။ ၁၉၄၀ စက်တင်ဘာလတွင် ဗိုလ်ချုပ် ယောန် အန်တိုနစ္စကျူအာဏာသိမ်းပိုက်၍ ဟစ်တလာအစိုးရပုံစံအတိုင်း စိုးမိုးလေသည်။ နေ့စဉ်နေ့တိုင်း ကြမ်းတမ်းရက်စက်မှုများ ဖြစ်ဆဲရှိသည်။ ညီအစ်ကိုရာနှင့်ချီ၍ ဖမ်းဆီး၊ ရိုက်ပုတ်၊ နှိပ်စက်ခံရပါသည်။ ၁၉၄၂ စက်တင်ဘာလတွင် ညီအစ်ကို မာဂျရိုရှီသည် ဖမ်းဆီးခံခဲ့ရသော်လည်း အကျဉ်းထောင်ကျနေစဉ်ပင် ထရန်စီလ်ဗေးနီးယားနယ်အတွက် လုပ်ငန်းကိုညှိနှိုင်းပေးနိုင်ဆဲရှိသည်။
၁၉၄၄ ခုနှစ်တွင် ဟစ်တလာ၏စစ်တပ်သည် တစ်နိုင်ငံလုံးတွင် ရောက်လာလေသော် ညှဉ်းပမ်းနှိပ်စက်မှုဆက်လက်ဖြစ်လာပါသည်။ နာဇီအုပ်စိုးသည့်ကာလအတွင်း အခြေအနေများအကြောင်းကို ဘူခါရက်စ်မြို့မှရသောသတင်းတစ်ရပ်ကတင်ပြပါသည်။ “ဤနိုင်ငံရှိယေဟောဝါသက်သေများသည် အပြင်းအထန်းနှိပ်စက်ညှဉ်းပမ်းခံရကြသည်။ ကွန်မြူနစ်များနှင့်အတူ ချုပ်နှောင်ခံရပြီး ကွန်မြူနစ်များထက်ဆိုးရွားသည်ဟု ဟစ်တလာ၏ဓမ္မဆရာများ၏စွပ်စွဲခြင်းကိုခံရလျက် ကျွန်ုပ်တို့အား ထောင်ဒဏ် ၂၅ နှစ်၊ တစ်သက်တစ်ကျွန်း၊ သေဒဏ် စီရင်ခံရသူများစွာရှိသည်။”
စစ်ပြီးနောက် ၁၉၄၅ ခုနှစ်၊ ဇွန် ၁ ရက်တွင် ဘူခါရက်စ်မြို့ရှိအဖွဲ့အစည်း၏ရုံးခန်းတွင် လုပ်ငန်းပြန်ဆောင်ရွက်ကြသည်။ စက္ကူရရှိရန်အခက်အခဲများရှိငြားလည်း အပ်နှံထားသောလုပ်သားများသည် ရိုမေးနီးယားနှင့်ဟန်ဂေရီဘာသာစကားဖြင့် စာအုပ်ငယ်ပေါင်း ၈၆၀,၀၀၀ နှင့် ကင်းမျှော်စင်စောင်ရေပေါင်း ၈၅,၀၀၀ ကျော်ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြသည်။ သူတို့၏ကြိုးပမ်းမှုကို ယေဟောဝါကြွယ်ဝစွာကောင်းချီးပေးတော်မူသည်။ ၁၉၄၆ ခုနှစ်တိုင်လေသော် လူသစ်ပေါင်း ၁,၆၃၀ ခန့်နှစ်ခြင်းယူပြီးပြီဖြစ်သည်။ ထိုနှစ်၏အဖြစ်အပျက်တစ်ခုကား စက်တင်ဘာ ၂၈ နှင့် ၂၉ ရက်နေ့တွင် ဘူခါရက်စ်မြို့၌ ကျင်းပခဲ့သော ပြည်လုံးကျွတ်စည်းဝေးပွဲပင်ဖြစ်သည်။ ဓမ္မဆရာများသည် ဤစည်းဝေးပွဲကို တားဆီးပိတ်ပင်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း မအောင်မြင်၊ လူထုဟောပြောချက်ကို တက်ရောက်နားထောင်သူ ၁၅,၀၀၀ ခန့်ရှိခဲ့သည်။ ဤသို့သောစည်းဝေးပွဲမျိုးကို ရိုမေးနီးယားနိုင်ငံရှိညီအစ်ကိုများသည် ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
အသင်းမသည် ဆွစ်ဇာလန်ဌာနခွဲမှ ရိုမေးနီးယားနိုင်ငံသို့ ညီအစ်ကို အဲလ်ဖရက်ဒ် ရူးတီမန်အားစေလွှတ်ပါသည်။ ဩဂုတ် ၁၉၄၇ ခုနှစ်တွင် ၁၆ နေရာရှိ ညီအစ်ကို ၄,၅၀၀ ကျော်တို့အား လာလတ္တံ့သောအချိန်အတွက် ကြိုတင်အားပေး တည်ဆောက်ခွင့်ရခဲ့သည်။ မကြာမီပင် သက်သေခံများသည် ဤတစ်ကြိမ်တွင် ကွန်မြူနစ်အစိုးရမှ ဖိစီးမှုအမျိုးမျိုးခံရကြလေတော့သည်။ ၁၉၄၈ ဖေဖော်ဝါရီလတွင် ကျွန်ုပ်တို့၏ပုံနှိပ်ခြင်းနှင့်ဟောပြောခြင်းလုပ်ငန်းတို့ကို အစိုးရကပိတ်ပင်ခဲ့သည်။ ၁၉၄၉ ဩဂုတ်လတွင် ၃၈ အာလရန်လမ်းရှိ ကျွန်ုပ်တို့၏ရုံးကို လာရောက်စစ်ဆေးပြီးနောက် ညီအစ်ကို မာဂျရိုရှီပါအပါအဝင် ညီအစ်ကိုများစွာကို ဖမ်းဆီးသွားပါသည်။ ဤတစ်ကြိမ်တွင် နယ်ချဲ့ဝါဒီများဟုစွပ်စွဲခံရကာ အကျဉ်းထောင်များ၊ သို့မဟုတ် ချွေးတပ်စခန်းများသို့ ပို့ဆောင်ခံကြရသည်။ နှစ်ပေါင်း ၄၀ တိုင် လုပ်ငန်းပိတ်ပင်ခံရ၍ ယေဟောဝါသက်သေများလည်း ဒုက္ခများစွာရောက်ခဲ့ကြရသည်။ အဖွဲ့အစည်းအတွင်း ရန်သူတို့လှုံ့ဆော်သောအနှောင့်အယှက်များကြောင့် အခက်အခဲများတိုးပွားလာသည်။ နောက်ဆုံး ချောင်စက်စကူးအစိုးရ သည် ၁၉၈၉ ခုနှစ်တွင်ကျဆုံးသွား၍ လွတ်လပ်ကြလေသည်။ လွတ်လပ်ခွင့်ကို ယခုသူတို့ မည်သို့အသုံးပြုကြမည်နည်း။
လူသိရှင်ကြား တစ်ဖန်ပြန်ဟောပြော
သက်သေခံများသည် အချိန်မဖြုန်းဘဲ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကို ချက်ချင်းဆောင်ရွက်ကြသည်။ သို့သော် နှစ်ပေါင်းများစွာ လျှိုးဝှက်၍ အလွတ်သဘောသက်သေခံခဲ့သူများအတွက် မလွယ်ကူလှပါ။ လွတ်လပ်စွာဟောပြောခွင့်ရရှိကြသည့်အခါ သူတို့စိုးရိမ်ကြသည်။ အများစုက ယင်းသို့မပြုဖူးကြပါ။ တစ်အိမ်မှတစ်အိမ်သွားရောက် ဟောပြောခဲ့ဖူးသူများသည်လည်း ၁၉၄၀ ပြည့်လွန်နှစ်အကုန်ပိုင်းက ထိုသို့နောက်ဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သူတို့အဘယ်အကျိုးကျေးဇူးများ ခံစားနေကြပါသနည်း။ ကြည့်ကြစို့လေ။
စတင်စစ်ဆေးကြည့်သင့်သည့်နေရာသည် လူဦးရေ ၂.၅ သန်းရှိမြို့တော်ဘူခါရက်စ်ပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်အချိန်က ထိုမြို့တွင် အသင်းတော်လေးခုသာရှိသည်။ ယခုအသင်းတော်ဆယ်ခုရှိနေ၍ ၁၉၉၂ သတိရအောက်မေ့ပွဲသို့ ၂,၁၀၀ ကျော်တက်ရောက်ခဲ့သည်။ တိုးတက်ဖို့အလားလာရှိသော အိမ်တွင်းကျမ်းစာသင်အံမှုများစွာရှိနေသောကြောင့် မကြာမီပင် အသင်းတော်အသစ်များ တည်ထောင်ပေးနိုင်စရာအကြောင်းရှိပါသည်။
ကရေအိုဗာမြို့သည် လူဦးရေ ၃၀၀,၀၀၀ ခန့်ရှိ၍ နိုင်ငံ၏အနောက်တောင်ပိုင်းတွင် တည်ရှိသည်။ ၁၉၉၀ ပြည့်နှစ်အထိ တစ်မြို့လုံးတွင် သက်သေခံ ၈၀ ခန့်သာရှိပါသည်။ ရှေ့ဆောင်စိတ်ဓာတ်ကူးစက်သွားသည်နှင့် လုပ်ငန်းတိုးတက်လာရာ ၁၉၉၂ ခုနှစ်တစ်နှစ်တည်းတွင်ပင် နှစ်ခြင်းခံသူ ၇၄ ဦးနှင့် ကျမ်းစာသင်အံမှုပေါင်း ၁၅၀ ကျော်ရှိလာပါသည်။ ကြေညာသူ ၂၀၀ ကျော်ရှိနေပြီဖြစ်၍ နိုင်ငံတော်ခန်းမအတွက် သင့်တော်သောနေရာတစ်ခုကို သူတို့ရှာဖွေနေကြပါသည်။
တာဂူ-မူရက်စ်မြို့တွင် သက်သေခံညီအစ်မတစ်ဦးနှင့် ညီအစ်ကိုနှစ်ဦးသည် အော်သဒေါက်စ်ဓမ္မဆရာထံသွား၍ သူမ၏အမည်ကို ချာ့ချ်စာရင်းမှထုတ်နှုတ်ပေးရန် တောင်းဆိုပါသည်။ သူတို့ရောက်ရှိလာသည့်အကြောင်းရင်းကိုသိသောအခါ ဓမ္မဆရာသည် အထဲဝင်ရန်ခေါ်ဖိတ်၍ အပြန်အလှန်ဆွေးနွေးခွင့်ပေးခဲ့သည်။ ထိုနောက်ဓမ္မဆရာက “မင်းတို့ကို အားကျတယ်။ မင်းတို့လုပ်နေတဲ့အလုပ်မျိုးကို ဒို့လည်းလုပ်သင့်တယ်။ အော်သဒေါက်စ်အသင်းဟာ မလှုပ်မရှားတဲ့အသင်းကြီးဖြစ်နေတာ ဝမ်းနည်းစရာဘဲ” ဟုဆိုသည်။ Should You Believe in the Trinity? ဘရိုရှာနှင့်ကင်းမျှော်စင်တစ်စောင်ကို သူလက်ခံယူခဲ့ပါသည်။ ညီအစ်မသည်လည်း “မလှုပ်မရှားတဲ့အသင်းကြီး” အဝင်မဟုတ်တော့သည်ကို ဝမ်းမြောက်နေသည်။—ဗျာဒိတ် ၁၈:၄။
ယနေ့သမ္မာတရားကိုလက်ခံသူအများမှာ လူငယ်များဖြစ်နေခြင်းသည် ထူးခြားပါသည်။ အဘယ်ကြောင့်နည်း။ အစိုးရအပြောင်းအလဲဖြစ်လာသည့်အတွက် သူတို့မျှော်လင့်တကြီးဖြစ်ခဲ့ကြသည်။ သို့သော် စိတ်ပျက်သွားကြရရှာသည်။ ထိုကြောင့် ယေဟောဝါ၏နိုင်ငံတော်သာလျှင် ကျွန်ုပ်တို့ပြဿနာများကို အစဉ်အမြဲဖြေရှင်းပေးနိုင်မည့်အကြောင်း သိရှိလာကြသောအခါ ဝမ်းသာအားရကြပါသည်။—ဆာလံ ၁၄၆:၃-၅။
မထင်ရှားသောနေရာများတွင် ကြီးကျယ်သောအဖြစ်အပျက်များ ဖြစ်ပျက်နေ
အိုကိုလီရှ်သည် ရိုမေးနီးယားနိုင်ငံ၏မြောက်ဘက်ရှိ တောရွာကလေးဖြစ်ပါသည်။ ၁၉၂၀ က ပင်တေအာ မွိုင်ဇီအမည်ရှိသူတစ်ဦးသည် စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်းခံခဲ့ရသော ရုရှားနိုင်ငံ၏ရှေ့တန်းမှ ပြန်လာပါသည်။ တစ်ချိန်က ကက်သလစ်ဖြစ်ခဲ့၍ ပြန်မလာမီကလေးတွင် နှစ်ခြင်းအသင်းဝင်ဖြစ်လာသည်။ နောက်သုံးပတ်အကြာတွင် ကျမ်းစာကျောင်းသားများဟု ထိုစဉ်က အမည်တွင်သော ယေဟောဝါသက်သေအချို့ သူ့ထံရောက်လာသည်။ ထိုသို့လည်ပတ်ခဲ့ပြီးနောက် သူက “အခုငါဘုရားသခင်အကြောင်း အမှန်တရားရပြီဟေ့” ဟုကြွေးကြော်သည်။ ၁၉၂၄ ခုနှစ်တိုင်လေသော် အိုကိုလီရှ်ရွာရှိအုပ်စုမှာ ၃၅ ယောက်အထိတိုးတက်လာသည်။
ယနေ့ ထိုဒေသရှိလူဦးရေ ၄၇၃ ယောက်အနက် ဘုရားသခင်နိုင်ငံတော်ကြေညာသူပေါင်း ၁၇၀ ထိုတွင်ရှိနေပါသည်။ ကြေညာသူတစ်ဦးစီသည် မိမိရပ်ကွက်အဖြစ် နှစ်အိမ်ခန့်အပ်နှင်းထားခံရ၍ ပတ်ဝန်းကျင်ရွာများ၌လည်း အမှုဆောင်ကြပါသည်။ သို့နှင့်ပင် သူတို့တွင် အကောင်းမြင်ဝါဒရှိသည်။ လူ ၄၀၀ ဆံ့ လှပသောနိုင်ငံတော်ခန်းမတစ်ခုကို ဆောက်ပြီးခါစရှိသည်။ ဆောက်လုပ်ရေးကိုလည်း ဒေသခံသက်သေခံများ လုပ်ကိုင်ခဲ့ကြပါသည်။
ဗာလီအာ လာဂါမြို့တွင် ညီအစ်ကို ဇာဘိုနှင့်ကစ္စတို့သည် ၁၉၁၄ ခုနှစ်ကအခြေချခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ယင်း၏လူဦးရေ ၃,၇၀၀ အနက် အသင်းတော်ပေါင်းရှစ်ခုနှင့် ဘုရားသခင့်နိုင်ငံကြေညာသူပေါင်း ၅၈၂ ယောက်ရှိနေပါသည်။ ၁၉၉၂ သတိရအောက်မေ့ပွဲကို ဤချိုင့်ဝှမ်းမှ ၃ ယောက်အနက် ၁ ယောက်နီးပါးဖြစ်သည့် လူဦးရေ ၁,၀၈၂ ယောက်တက်ခဲ့သည်။
အထူးရှေ့ဆောင်များ လမ်းခင်းပေး
လူသူအရောက်နည်းသော အရပ်ဒေသများနေ လူတို့ထံ သတင်းကောင်းရောက်စေရန် အထူးရှေ့ဆောင်များသည် ကြီးမားသောကဏ္ဍမှဆောင်ရွက်နေကြပါသည်။ လွတ်လပ်စွာဟောပြောခွင့်ရသည်နှင့် ရောနဲလ် အာလ်ဘန်သည် မြို့နှစ်မြို့တွင် စတင်အမှုဆောင်ရွက်၍ ပတ်စဉ် အော်ရှိဗာမြို့တွင် နှစ်ရက်နှင့် တာနူ-စက်ဗရင်မြို့တွင် ငါးရက်အမှုဆောင်ပါသည်။
ရောနဲလ်သည် အော်ရှိဗာမြို့သို့စရောက်ချိန်တွင် သက်သေခံများမရှိသေးပါ။ ပထမအပတ်တွင် ၁၄ နှစ်အရွယ်လူငယ်တစ်ဦးနှင့် သူကျမ်းစာသင်အံမှုစတင်ခဲ့သည်။ နှစ်လအတွင်း ထိုလူငယ်သည် အကြီးအကျယ်ပြောင်းလဲသွားသည့်အတွက် သူငယ်ချင်းတစ်ဦးနှင့် အိမ်နီးချင်းတစ်ဦးပါ ကျမ်းစာစလေ့လာလေသည်။ အိမ်နီးချင်းဖြစ်သူ ရိုလန်ဒ်သည် ကက်သလစ်ဖြစ်ပြီး သင်အံမှုတွင် ထူးခြားစွာ တိုးတက်လာပါသည်။ တစ်လခွဲအချိန်အတွင်းပင် သူသည် ရောနဲလ်နှင့်အတူ ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်၍ ငါးလအတွင်း နှစ်ခြင်းယူခဲ့သည်။ ချက်ချင်း အချိန်ပြည့်လုပ်ငန်းကို သူဝင်လုပ်ကိုင်ပါသည်။ သူ၏မိခင်လည်း ကျမ်းစာလေ့လာ၍ ၁၉၉၂ “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲတွင် နှစ်ခြင်းယူခဲ့ပါသည်။ ယခု အော်ရှိဗာမြို့တွင် ကြေညာသူဆယ်ယောက်ရှိပြီး သူတို့သည် အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၃၀ ကျင်းပနေကြပါသည်။
တာနူ-စက်ဗရင်မြို့တွင် သမ္မာတရားကို ပထမဦးဆုံးလက်ခံသူမှာ ရောနဲလ် နေသောတည်းခိုခန်းဧည့်ကြိုဖြစ်သည်။ နှစ်လအကြာတွင် ထိုသူသည် နှစ်ခြင်းမယူရသေးသောကြေညာသူဖြစ်လာ၍ သုံးလအတွင်း နှစ်ခြင်းယူခဲ့ပါသည်။ ယခု အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၈၄ ခုကျင်းပသော ထိုမြို့ရှိကြေညာသူ ၃၂ ယောက်အနက် သူလည်းတစ်ဦးအပါအဝင်ဖြစ်သည်။
အခြားအထူးရှေ့ဆောင်တစ်ဦးမှာ ဂါဘရီအဲလာ ဂျကာဖြစ်၍ လုပ်ငန်းပိတ်ပင်ထားစဉ်ပင် သူမသည် မှန်မှန်ရှေ့ဆောင်ခဲ့ပါသည်။ သူမ၏ဆန္ဒမှာ အကူအညီပိုလိုအပ်သောနေရာတွင် အမှုဆောင်ရန်ဖြစ်သည်။ သို့နှင့် သူမအား ရပ်ကွက်ကြီးတစ်ခုကို အပ်နှင်းခဲ့သည်။ တစ်ခါတစ်ရံ စိတ်ဝင်စားသူများထံလည်ပတ်သွားရန် သူမသည် မိုင် ၆၀ မှ မိုင် ၁၀၀ အထိခရီးသွားရပါသည်။ သူမအမှုဆောင်သောမြို့တစ်မြို့မှာ သက်သေခံလေးဦးသာရှိသော မိုထရူးမြို့ဖြစ်သည်။ “မိုထရူးမြို့မှာ တိုးပြီးအမှုဆောင်တဲ့အတွက် ဓမ္မဆရာများနဲ့ တစ်ခြားဘာသာရေးအုပ်စုများက ကျွန်မတို့ကို အတိုက်အခံလုပ်ကြတယ်” ဟုသူမပြောပြသည်။ “ကျွန်မကို အခန်းငှားပေးတဲ့မိသားစုတွေကို မြို့ဝန်နဲ့ရဲအရာရှိများက အနှောင့်အယှက်ပေးတဲ့အတွက် တစ်လခြားလိုလိုတိုင်း နေဖို့အခန်းအသစ် လိုက်ရှာရတယ်။”
ဂါဘရီအဲလာသည် အော်ရှိဗာမြို့ရှိ ဘာသာရေးနှင့် ကျမ်းစာကိုပါ စိတ်မဝင်စားပါဟုဆိုသော ဘုရားရှိသည်ကို မယုံကြည်သူတစ်ဦးနှင့် ကျမ်းစာစလေ့လာခဲ့ပါသည်။ သို့သော် ကျမ်းစာလေ့လာချိန်လေးလအတွင်းပင် ထိုအမျိုးသမီးသည် ကျမ်းစာကို ထောက်ခံပြောဆိုနေပါသည်။ သူမ၏ခင်ပွန်းသည် ညအခါတွင် သူမအား အိမ်ထဲမဝင်နိုင်စေရန် သော့ခတ်ထား၍ သူမအား ကွာရှင်းမည်၊ သို့မဟုတ် သတ်ပစ်မည်ဟု ကြိမ်းမောင်းသော်လည်း သစ္စာတည်ကြည်နေပါသည်။ သူမနှစ်ခြင်းမယူမီပင် ကျမ်းစာသင်အံမှုပေါင်း ဆယ်ခုရှိနေပါသည်။
အံ့ချီးဖွယ်အလားအလာများရှိနေသေး
၁၉၉၂ ဩဂုတ်လတွင် ရိုမေးနီးယားနိုင်ငံတွင် အသင်းတော်ပေါင်း ၂၈၆ ခုအတွင်း အများဆုံးကြေညာသူ ၂၄,၇၅၂ ယောက်အထိ တိုးတက်လာပါသည်။ သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်မှာ ၆၆,၀၀၀ ကျော်ဖြစ်သည်။ ဘူခါရက်စ်မြို့ရှိ ဌာနခွဲငယ်တွင် အမှုထမ်း ၁၇ ဦးသည် ညီအစ်ကိုများ၏ဝိညာဏလိုအပ်ရာများကို အတတ်နိုင်ဆုံးဖြည့်စွက်ပေးနေကြပါသည်။ များမကြာမီ သာ၍ကြီးသောဌာနခွဲတစ်ခု စဆောက်လုပ်ဖို့ရန် သူတို့စောင့်မျှော်နေကြသည်။
ရိုမေးနီးယားနိုင်ငံရှိ ယေဟောဝါသက်သေများသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အလျင်အမြန်အပြောင်းအလဲများကြောင့် မအံ့သြဘဲမနေနိုင်ကြပါ။ ယေဟောဝါဘုရားသခင်၏နာမတော်ကိုခံယူထားသည့် ကိုယ်တော်နှင့် ကိုယ်တော်၏မပြောင်းမလဲနိုင်သော ရည်ရွယ်ချက်များဆိုင်ရာ မှန်ကန်သောအသိပညာကိုရရှိခြင်းငှာ လူတို့အားကူညီပေးနေသည့် အပြည်ပြည်ဆိုင်ရာအသင်းတော်အဝင်ဖြစ်ကြရသည့်အတွက် သူတို့သည် ကိုယ်တော်အားကျေးဇူးတင်မဆုံးပါ။ အခက်အခဲဒုက္ခနှင့်နှိပ်စက်ကလူပြုမှုကို နှစ်ချီခံခဲ့ကြရပြီးနောက် ရိုမေးနီးယားနိုင်ငံတွင် အချိန်ရာသီများကို ယေဟောဝါပြောင်းလဲစေတော်မူခဲ့သည့်အတွက် အလွန်ကျေးဇူးတင်နေကြပါသည်။
[စာမျက်နှာ ၂၃ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဟန်ဂေရီ
ရိုမေးနီးယား
ဘူခါရက်စ်မြို့
ကလုဂျ် နာပိုကာမြို့
ကရေအိုဗာမြို့
တာဂူ-မူရက်စ်မြို့
အော်ရှိဗာမြို့
တာနူ-စက်ဗရင်မြို့
မိုထရူးမြို့
တာဒါမြို့
ဘူလ်ဂေးရီးယား
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]
၁။ ၁၉၄၇ ခုနှစ်တွင် သက်သေခံ ၇၀၀ ခန့်သည် တောတွင်စုဝေးခဲ့
၂။ ၁၉၄၆ တွင်လူထုဟောပြောချက်အတွက် ဝေစာ
၃။ ရိုမေးနီးယားတွင် မကြာမှီကစည်းဝေးပွဲတစ်ခု
၄။ ကလုဂျ် နာပိုကာမြို့တွင် ယနေ့သက်သေခံခြင်း
၅။ တာဒါမြို့အနီး ဘုရားသခင့်နိုင်ငံတော်ခန်းမ
၆။ ဘူခါရက်စ်မြို့ရှိ ဗေသလမိသားစု