ဘုရားသခင့်နိုင်ငံတော်သည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိနိုင်သနည်း
ခရစ်တော်ယေရှုသည် တပည့်တော်များအား “ကိုယ်တော်၏နိုင်ငံတော်လာပါစေ” ဟုဆုတောင်းရန် သင်ပေးတော်မူခဲ့သည်။ (မဿဲ ၆:၁၀) မိမိတို့ကိုယ်ကို ယေရှု၏နောက်တော်လိုက်ဟုဆိုသူများသည် ထိုစကားများကို ဘုရားသခင်ထံ အကြိမ်ပေါင်းများစွာဆိုပြခဲ့ကြပြီတကား။
သို့ရာတွင် ယေရှုသည် တပည့်တော်များကို ဘုရားသခင့်နိုင်ငံတော်အတွက် ဆုတောင်းရန်သင်ပေးခြင်းထက်မက ပြုတော်မူခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်ကို မိမိ၏ဟောပြောခြင်းလုပ်ငန်းတွင် အဓိကအကြောင်းအရာဖြစ်စေခဲ့သည်။ အမှန်မူ Encyclopædia Britannica စွယ်စုံကျမ်းက ဘုရားသခင့်နိုင်ငံတော်သည် “ယေရှု၏သွန်သင်ခြင်းတွင် အဓိကအကြောင်းကြီးအဖြစ် ယေဘုယျအားဖြင့်ယူမှတ်ခံရသည်” ဟုဆိုသည်။
ခရစ်တော်၏နောက်တော်လိုက်များ ဘုရားသခင့်နိုင်ငံတော်ကိုဆုတောင်းသောအခါ အမှန်အားဖြင့် သူတို့ဘာကိုတောင်းနေကြသနည်း။ ဘုရားသခင့်နိုင်ငံတော်သည် သူတို့အတွက်နှင့်သင့်အတွက် မည်သို့အဓိပ္ပာယ်ရှိနိုင်သနည်း။ ယင်းကိုယေရှုမည်သို့ရှုမြင်ခဲ့သနည်း။
ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သောယေရှု၏အမြင်
ယေရှုက မိမိကိုယ်ကို “လူသား” ဟုမကြာခဏခေါ်ခဲ့သည်။ (မဿဲ ၁၀:၂၃။ ၁၁:၁၉။ ၁၆:၂၈။ ၂၀:၁၈၊ ၂၈) ယင်းက ပရောဖက်ဒံယေလရည်ညွှန်းခဲ့သော “လူသားတစ်ဦး” ကို ကျွန်ုပ်တို့ပြန်သတိရစေသည်။ ကောင်းကင်တွင် အနာဂတ်ဖြစ်ပျက်မည့်ကိစ္စနှင့်ပတ်သက်၍ ဒံယေလက “ထိုညအခါ ငါသည်အာရုံပြု၍ လူသားနှင့်တူသောသူတစ်ဦးသည် မိုးတိမ်ကိုစီးလျက် အသက်ကြီးသောသူ၏အထံတော်သို့ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသောဘာသာစကားကိုပြောသော လူမျိုးတကာတို့ကိုအုပ်ချုပ်စေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏” ဟုဆိုခဲ့သည်။—ဒံယေလ ၇:၁၃၊ ၁၄။
မည်သည့်အချိန်တွင် အုပ်ချုပ်ခွင့်အာဏာကိုရရှိမည်နှင့်ပတ်သက်၍ တမန်တော်များအား ယေရှုဤသို့မိန့်တော်မူခဲ့သည်။ “လူသားသည် ဘုန်းရှိသောပလ္လင်တော်တော်ပေါ်မှာထိုင်တော်မူသောအခါ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တစ်ဆယ့်နှစ်ခုသောပလ္လင်ပေါ်မှာထိုင် . . . ရကြလတ္တံ့။ လူသားသည် . . . ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကိုတခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကိုအသီးအခြားခွဲ၍ . . . ထိုသူတို့ [မဖြောင့်မတ်သူများ] သည် ထာဝရအပြစ်ဒဏ်ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့။”—မဿဲ ၁၉:၂၈။ ၂၅:၃၁၊ ၃၂၊ ၄၆။
ဤပရောဖက်ပြုချက်တွင်ဖော်ပြထားသော ပလ္လင်များနှင့်လူမျိုးအပေါင်းက ဘုရားသခင့်နိုင်ငံတော်တွင် ယေရှုနှင့်ကိုယ်တော်၏နောက်တော်လိုက်အချို့သည် လူမျိုးအပေါင်းကို အုပ်စိုးမည်ဖြစ်ကြောင်း ညွှန်ပြသည်။ ထိုအုပ်ချုပ်မှုသည် မဖြောင့်မတ်သောသူများကို သေခြင်းအားဖြင့် ဖြတ်တောက်ထားခဲ့နိုင်သည့်တန်ခိုးရှိလိမ့်မည်။ ထိုအုပ်ချုပ်မှုအောက်တွင် ဖြောင့်မတ်စွာကျင့်ကြံသောသူများသည် ထာဝရအသက်ဆုကျေးဇူးကို ခံစားကြရမည်။
ရှင်းနေသည်မှာ ဘုရားသခင့်နိုင်ငံတော်သည် ဘုရားရေးရာအရဖွဲ့စည်းတည်ထောင်ထားသော ကောင်းကင်အုပ်စိုးမှုဖြစ်သည်။ ယင်းသည် ချာ့ချ်မဟုတ်ပါ။ ကျမ်းစာကလည်း ယင်းကို လောကီရှုထောင့်ဖြင့်ရှုမြင်ရန် ခွင့်မပြုပါ။ ထို့အပြင် ဘုရားသခင့်အုပ်ချုပ်မှုသည် လူတစ်ဦး၏နှလုံးထဲရှိ အရာတစ်ခုသက်သက်မျှမဖြစ်နိုင်ပါ။ ဘုရားသခင့်နိုင်ငံတော်သည် အုပ်ချုပ်မှုတစ်ခုဖြစ်သည့်အားလျော်စွာ ကျွန်ုပ်တို့က ခရစ်ယာန်အယူဝါဒကို လက်ခံလိုက်သည်နှင့် ယင်းသည် ကျွန်ုပ်တို့၏နှလုံးထဲတွင် ဖြစ်လာမည့်အရာမဟုတ်ပါ။ သို့သော် ဘုရားသခင့်နိုင်ငံတော်သည် စိတ်နှလုံးပါဝင်ပတ်သက်သောအခြေအနေတစ်ခုဖြစ်သည်ဟု လူအချို့အဘယ်ကြောင့်ထင်ကြသနည်း။
ကျွန်ုပ်တို့အထဲရှိဘုရားသခင့်နိုင်ငံတော်
ဘုရားသခင့်နိုင်ငံတော်သည် ကျွန်ုပ်တို့၏နှလုံးထဲတွင်ရှိသည်ဟု လူအချို့ယူမှတ်ရခြင်းမှာ လုကာ ၁၇:၂၁ ကို ဘာသာပြန်သူအချို့၏ ပြန်ဆိုပုံကြောင့်ဖြစ်သည်။ New International Version ဘာသာပြန်ကျမ်းအရ ထိုတွင်ယေရှုမိန့်တော်မူသည်မှာ “ဘုရားသခင့်နိုင်ငံတော်သည် သင်တို့အထဲမှာရှိသည်” ဟူ၍ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ The Interpreter’s Dictionary of the Bible စာအုပ်က “ယေရှု၏‘နက်နဲသိမ်မွေ့သည့်စိတ်’ ‘အတွင်းစိတ်’ ဆိုင်ရာဥပမာဟု မကြာခဏရည်ညွှန်းသော်လည်း ဤအနက်ဖွင့်ခြင်းသည် ‘သင်’ ဟူ၍ တစ်ဦးတည်းကိုရည်ညွှန်းသည်ဟု ယခုနားလည်ကြသည့် ရှေးဘာသာပြန်ဆိုချက်ဖြစ်သော ‘သင်တို့အထဲတွင်’ နှင့် များစွာဆက်စပ်နေသည်။ . . . ‘သင်’ မှာ . . . အများကိုရည်ညွှန်းပြီး . . . ဘုရားသခင့်နိုင်ငံတော်သည် အတွင်းစိတ်အခြေအနေ၊ သို့မဟုတ် တစ်ဦးစီ၏ကယ်တင်ခြင်းဖြစ်သည်ဟူသောအယူအဆသည် ဤကျမ်းပိုဒ်၏အထက်အောက်စကားများ၊ ဓမ္မသစ်ကျမ်းတစ်ခုလုံးဖော်ပြသည့်သဘောတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။”
New International Version ကျမ်းစာတွင် လုကာ ၁၇:၂၁ နှင့်ပတ်သက်သော အောက်ခြေမှတ်ချက်၌ ယေရှု၏စကားများကို “ဘုရားသခင့်နိုင်ငံတော်သည် သင်တို့၏အလယ်တွင်ရှိသည်” ဟုပြန်ဆိုသင့်ကြောင်း ဖော်ပြထားသည်။ အခြားဘာသာပြန်ကျမ်းများ၌မူ “ဘုရားသခင့်နိုင်ငံတော်သည် သင်တို့အလယ်တွင်ရှိသည်” သို့မဟုတ် “သင်တို့ကြားတွင်ရှိသည်” ဟုဖတ်ရသည်။ (The New English Bible; The Jerusalem Bible; Revise Standard Version ) New World Translation of the Holy Scripture ဘာသာပြန်ကျမ်းအရ ယေရှုက “ဘုရားသခင့်နိုင်ငံတော်သည် သင်တို့ကြားတွင်ရှိသည်” ဟုမိန့်တော်မူသည်။ ဘုရားသခင့်နိုင်ငံတော်သည် မာနကြီးသောဖာရိရှဲတို့၏နှလုံးထဲတွင်ရှိသည်ဟု ယေရှုမဆိုလိုခဲ့ပါ။ ကြာရှည်စွာစောင့်မျှော်ခဲ့ရသော မေရှိယနှင့်မင်းလောင်းယေရှုသည် သူတို့၏အလယ်တွင်ရှိသည်ဟုဆိုလိုခြင်းဖြစ်သည်။ သို့သော် ဘုရားသခင့်နိုင်ငံတော်လာရန် အချိန်အတိုင်းအတာတစ်ခုကြာဦးမည်ဖြစ်သည်။
မည်သည့်အခါလာမည်နည်း
ကောင်းကင်မေရှိယနိုင်ငံတော်တွင် ယေရှုနှင့်အတူတွဲဖက်အုပ်ချုပ်ရန် ကိုယ်တော့်နောက်တော်လိုက်အချို့ ရွေးချယ်ခံခဲ့ရကြသည်။ ယေရှုကဲ့သို့ပင် သူတို့သည် ဘုရားသခင်အပေါ်သစ္စာရှိစွာသေဆုံးသွားကြပြီး၊ ကောင်းကင်တွင်နေရမည့်နာမ်ဝိညာဉ်အသက်တာဖြင့် ရှင်ပြန်ထမြောက်ခြင်းခံရကြသည်။ (၁ ပေတရု ၃:၁၈) နှိုင်းယှဉ်ကြည့်ပါက အနည်းငယ်မျှသာဖြစ်သော ဘုရင်နှင့်ယဇ်ပုရောဟိတ်များဖြစ်မည့် ၁၄၄,၀၀၀ တို့ကို လူသားများထဲမှ ရွေးနှုတ်သည်။ (ဗျာဒိတ် ၁၄:၁-၄၊ ၂၀:၆) ယေရှုနှင့်တွဲဖက်အုပ်ချုပ်သူများတွင် ကိုယ်တော့်သစ္စာရှိတမန်တော်များလည်းပါဝင်သည်။—လုကာ ၁၂:၃၂။
တစ်ခါက နောက်တော်လိုက်များနှင့်စကားပြောဆိုနေစဉ်တွင် “လူသားသည် (ဘုရားသခင့်) နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို ဤအရပ်၌ရှိသောသူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြ” ဟုကတိပြုတော်မူခဲ့သည်။ (မဿဲ ၁၆:၂၈) စိတ်ဝင်စားဖွယ်ကောင်းသည်မှာ နောက်အခန်းငယ်တစ်ခုက ယေရှု၏ကတိတော်သည် မကြာမီရက်အနည်းငယ်အတွင်း ပြည့်စုံခဲ့သည်ကိုတွေ့ရသည်။ တပည့်တော်သုံးဦးကို တောင်ပေါ်ခေါ်သွားပြီး ကိုယ်ယောင်ထင်ရှားပြသခဲ့ရာ နိုင်ငံတော်ဘုန်းအသရေဖြင့် ကိုယ်တော်ကိုမြင်ခဲ့ကြရသည်။ (မဿဲ ၁၇:၁-၉) သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်သည် ထိုအချိန်တွင် မတည်ထောင်ခဲ့သေးပါ။ မည်သည့်အခါတည်ထောင်သနည်း။
မိမိသည် မေရှိယဘုရင်အဖြစ် ချက်ချင်းခန့်အပ်ခံရမည်မဟုတ်သေးကြောင်း ယေရှု၏ပုံဥပမာတစ်ခုက ညွှန်ပြသည်။ လုကာ ၁၉:၁၁-၁၅ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်။ “ထိုအခါ ယေရုရှလင်မြို့အနီးသို့ရောက်တော်မူ၍ ဘုရားသခင်၏နိုင်ငံတော်သည် ချက်ခြင်းပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့် ပရိသတ်အလယ်၌ထပ်၍မိန့်တော်မူသောဥပမာကား ‘အမတ်တစ်ယောက်သည် မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ပြန်လာမည်ဟုအကြံရှိလျက် ဝေးသောပြည်သို့သွား၏။ မသွားမီ ငယ်သားတစ်ကျိပ်ကိုခေါ်၍ ငွေတစ်ပိဿာစီအပ်ပေးလျက် ငါပြန်၍မလာမီတိုင်အောင် “ကုန်သွယ်ခြင်းအမှုကိုပြုကြလော့” ဟုမှာထားလေ၏။ . . . ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ပြန်လာတော်မူသောအခါ ငွေခံသောငယ်သားတို့သည် အသီးသီးအဘယ်မျှလောက်အမြတ်ရသည်ကိုသိခြင်းငှာ သူတို့ကိုခေါ်ချေဟုအမိန့်တော်ရှိ၏။’”
ထိုခေတ်က လူတစ်ဦးသည် ဣသရေလပြည်မှရောမသို့သွား၍ ဘုရင့်အာဏာရသည်အထိစောင့်ဆိုင်းပြီးမှ မိမိနေရင်းဒေသသို့ပြန်လာရန်မှာ အချိန်အတော်ကြာသည်။ ယေရှုသည် “မင်းကြီးအရာကိုခံသောသူ” ဖြစ်သည်။ မိမိ၏ကောင်းကင်ခမည်းတော်ထံမှ ဘုရင့်အာဏာကိုရရှိမည်ဖြစ်သော်လည်း မေရှိယဘုရင်အဖြစ် ချက်ခြင်းခန့်အပ်မခံရသေးပေ။ ဘုရင်အနေနှင့်ကိုယ်တော်ပြန်ကြွမလာမီ နောက်တော်လိုက်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာနေကြခြင်းတည်းဟူသော ကုန်သွယ်ခြင်းအမှုကို အချိန်အတန်ကြာပြုလုပ်နေကြမည်ဖြစ်သည်။
ဘုရားသခင့်နိုင်ငံတော်မည်သို့လာမည်နည်း
ဘုရားသခင်ကိုချစ်မြတ်နိုးသူများသည် ကိုယ်တော့်နိုင်ငံတော်လာရန်ဆုတောင်းကြသောအခါ သူတို့ဘာကိုတောင်းလျှောက်နေကြသနည်း။ စစ်မှန်သောငြိမ်သက်မှုနှင့်မျှော်လင့်ချက်ကို တိတိကျကျဖြည့်စွက်ပေးရန် သူတို့တောင်းဆိုနေကြခြင်းဖြစ်သည်။ ပရောဖက်ဒံယေလက ဤအချက်တိုးတက်ဖြစ်ပေါ်မှုနှင့်ပတ်သက်၍ ဤသို့ထောက်ပြသည်။ “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၅) ထိုအချင်းအရာများမည်သည့်အခါဖြစ်မည်နည်း။
လူ့ရေးရာများတွင် ထူးခြားသောအပြောင်းအလဲများကို တွေ့မြင်သောလူမျိုးတစ်ဆက်အတွင်း ဖြစ်မည်ဟု ယေရှုကြိုတင်ပြောခဲ့သည်။ မိမိ၏ “ရောက်ရှိခြင်း” နှင့်ပတ်သက်၍ တစ်ခါမျှမဖြစ်ခဲ့ဖူးသောစစ်ပွဲများ၊ မြေငလျင်များ၊ ငတ်မွတ်ခေါင်းပါးမှုများ၊ အနာရောဂါများပါဝင်သည့် စုပေါင်း “နိမိတ်” တစ်ခုကို ယေရှုပေးခဲ့သည်။ မှန်ပါသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာချီကြေညာခြင်းလည်းပါဝင်ပါသည်။—မဿဲ၊ အခန်းကြီး ၂၄။ ၂၅။ မာကု၊ အခန်းကြီး ၁၃။ လုကာ၊ အခန်းကြီး ၂၁။
ယေရှု၏ပရောဖက်ပြုချက်တွင် ဤနှစ်ဆယ်ရာစုအတွင်းဖြစ်ပျက်နေသော အဖြစ်အပျက်များလည်း ပါဝင်သည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်သည် လူသားများအတွက် ကောင်းချီးများဆောင်ကြဉ်းပေးမည့်အချိန်သည် မဝေးတော့ပါ။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု၏ အကျိုးကျေးဇူးများကို ခံစားရသူများတွင် သင်လည်းပါဝင်နိုင်သည်။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်သည် သင်နှင့်သင်ချစ်မြတ်နိုးသူများအတွက် မည်သို့အဓိပ္ပာယ်ရှိနိုင်သနည်း။
ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများ
ကမ္ဘာအနှံ့ပျော်ရွှင်မှုလွှမ်းမိုးမည်။ “ကောင်းကင်သစ်” တည်းဟူသော ကောင်းကင်နိုင်ငံတော်အောက်တွင် နာခံမှုရှိသောလက်အောက်ခံသူများ၏ ကမ္ဘာချီအဖွဲ့အစည်းဖြစ်သည့် “မြေကြီးသစ်” တည်ရှိမည်။ တမန်တော်ယောဟန်က “ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ” မည်ဟုပြောသည်။ ဆက်၍ “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။” ပျော်ရွှင်မှုမှလွဲလျှင်အခြားအကြောင်းများမရှိတော့ပါ။ အကြောင်းမှာ “စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိ” တော့ပါ။—ဗျာဒိတ် ၂၁:၁-၄။
သေခြင်းမရှိတော့။ ဤကြောက်မက်ဖွယ်ဝမ်းနည်းစေသည့်အကြောင်းရင်းသည် ကျွန်ုပ်တို့၏မိတ်ဆွေများနှင့် ချစ်ခင်သူများကို အဓမ္မခေါ်သွားမည်မဟုတ်တော့ပါ။ “နောက်ဆုံးသောရန်သူတည်းဟူသောသေမင်းသည်လည်း ဆုံးရှုံးခြင်းသို့ရောက်လတ္တံ့။” (၁ ကောရိန္သု ၁၅:၂၆) ဘုရားသခင်သတိရခြင်းခံရသူများရှင်ပြန်ထမြောက်ခြင်းသည် သေခြင်းကိုနေရာယူသွားမည်မှာ မည်မျှရွှင်လန်းဖွယ်ပါတကား။—ယောဟန် ၅:၂၈-၂၉။
စုံလင်သည့်ကျန်းမာမှုသည် ဖျားနာမှုနှင့်ချို့တဲ့မှုများကို နေရာယူမည်။ ကာယနှင့်စိတ္တဖျားနာသူများကြောင့် ဆေးရုံကုတင်များပြည့်နေခြင်းရှိတော့မည်မဟုတ်။ မဟာသမားတော်ကြီးယေရှုခရစ်သည် “လူအမျိုးမျိုးတို့၏အနာရောဂါငြိမ်း” ပေးရန် မိမိ၏ရွေးဖိုးပူဇော်သက္ကာ၏တန်ဖိုးကို အသုံးပြုတော်မူလိမ့်မည်။ (ဗျာဒိတ် ၂၂:၁၊ ၂။ မဿဲ ၂၀:၂၈။ ၁ ယောဟန် ၂:၁၊ ၂) မြေကြီးပေါ်တွင် ကိုယ်တော်ရှိခဲ့စဉ် ကုသပေးမှုများသည် ဘုရားသခင့်နိုင်ငံတော်တွင် ပြုလုပ်ပေးမည့်အရာအတွက် နမူနာသာလျှင်ဖြစ်သည်။—ဟေရှာယ ၃၃:၂၄။ မဿဲ ၁၄:၁၄ တို့နှင့်နှိုင်းယှဉ်။
စားနပ်ရိက္ခာအလျှံပယ်ရှိမည်။ ဆာလံဆရာပြောသကဲ့သို့ပင် “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။” (ဆာလံ ၇၂:၁၆) ဟေရှာယပရောဖက်ပြုချက်က ဤသို့ဆက်ပြောသည်။ “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား (ယေဟောဝါ၊ ကဘ) သည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာစီရင်တော်မူလိမ့်မည်။” (ဟေရှာယ ၂၅:၆) သေချာပါသည်၊ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ရေးအောက်တွင် ငတ်မွတ်ခေါင်းပါးမှုသည် ကမ္ဘာသားတို့၏အသက်တာကို ထိခိုက်ခြင်းရှိတော့မည်မဟုတ်ပါ။
ကမ္ဘာတစ်ခွင်လုံးပရဒိသုဖြစ်လာမည်။ ယင်းက နောင်တရသောလူဆိုးအား ယေရှုပေးခဲ့သည့် “သင်သည် ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိလိမ့်မည်” ဟူသောကတိတော်ကို ပြည့်စုံစေမည်။ (လုကာ ၂၃:၄၃) ဆိုးသွမ်းမှုများကိုသုတ်သင်ပြီး၍ ပျော်မွေ့ဖွယ်ကောင်းသောအခြေအနေသို့ပြောင်းလဲထားသော ဥယျာဉ်ခြံမြေနှင့်တူသည့်ဤကမ္ဘာတွင် သင်လည်းထာဝရအသက်ကို ခံစားနိုင်ပါသည်။—ယောဟန် ၁၇:၃။
ဤအံ့ချီးဖွယ်မျှော်လင့်ချက်များကို နာခံမှုရှိလူသားအားလုံးအတွက် ပြင်ဆင်ပေးထားသည်။ ယေဟောဝါ၏ မှုတ်သွင်းခံနှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာက ဤကောင်းချီးများကို အာမခံထားသည်။ ဤအရာအားလုံးသည် ဘုရားသခင့်နိုင်ငံတော်က သင့်အားလုပ်ပေးမည့်အရာများဖြစ်သည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ ယေရှုပြောသည့်အရာများကို သင်ယုံကြည်သလော