ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၃/၁၅ စာ. ၈-၁၃
  • ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်နှင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်နှင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၌ရှိသည့်လွတ်လပ်မှု
  • လူ့လွတ်လပ်မှု၏အကန့်အသတ်များ
  • အဘယ့်ကြောင့်ချွင်းချက်ရှိလွတ်လပ်မှုဖြစ်ရကြောင်း
  • စစ်မှန်သောလွတ်လပ်မှုကိုရရှိစေ
  • ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကိုလက်မလွတ်
  • သင့်ဘုရားပေးလွတ်လပ်မှုကိုကောင်းစွာအသုံးချပါ
  • လွတ်လပ်မှုရဲ့ ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • လွတ်လပ်သောလူမျိုးဖြစ်သော်လည်း စာရင်းရှင်းရန်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • စစ်မှန်တဲ့ လွတ်လပ်မှု ရနိုင်တဲ့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ယေဟောဝါအား ကိုးကွယ်သူတို့ ခံစားရသော လွတ်လပ်မှု
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၃/၁၅ စာ. ၈-၁၃

ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်နှင့်

“ယေဟောဝါ၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏။”—၂ ကောရိန္သု ၃:၁၇၊ ကဘ ။

၁။ ဟေရှာယ ၆၅:၁၃၊ ၁၄ သည် အဘယ်ကြောင့် ယေဟောဝါသက်သေများတွင် ပြည့်စုံသနည်း။

ယေဟောဝါသည် လွတ်လပ်မှုအရှင်ဘုရားသခင်ဖြစ်တော်မူသည်။ ဘုရားပေးလွတ်လပ်မှုသည် ကောင်းချီးတစ်ရပ်ပါတကား။ ဘုရားသခင့်ဆက်ကပ်အပ်နှံကျေးကျွန်များသည် ထိုလွတ်လပ်မှုမျိုးရှိထားသဖြင့် အထွတ်အမြတ်အရှင်ယေဟောဝါ၏ဤစကားများသည် သူတို့တွင်ပြည့်စုံသည်။ “ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား ရှက်ကြောက်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။”—ဟေရှာယ ၆၅:၁၃၊ ၁၄။

၂။ ယေဟောဝါ၏လူများသည် အဘယ်ကြောင့် ဝိညာဉ်ရေးတွင် ကြွယ်ဝနေကြသနည်း။

၂ ဘုရားသခင့်လူများသည် ကိုယ်တော့်လှုပ်ရှားတတ်သည့်စွမ်းအားဖြစ်သော ဝိညာဉ်တော်အားဖြင့် လမ်းညွှန်ခံရခြင်းကြောင့် ဤဝိညာဏကြွယ်ဝမှုအခြေအနေတွင် စံစားကြရသည်။ တမန်တော်ပေါလုက “ယေဟောဝါသည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ယေဟောဝါ၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏” ဟုပြောခဲ့သည်။ (၂ ကောရိန္သု ၃:၁၇။ ကဘ ) ဘုရားပေးလွတ်လပ်မှု၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းကို အပြည့်အဝအသုံးချနိုင်ရန် ကျွန်ုပ်တို့မည်သည့်အရာလိုအပ်သနည်း။

ဘုရားသခင်၌ရှိသည့်လွတ်လပ်မှု

၃။ ဘုရားသခင်၌မည်သည့်လွတ်လပ်မှုမျိုးရှိသနည်း။ အဘယ်ကြောင့်နည်း။

၃ ယေဟောဝါတစ်ပါးတည်း၌သာလျှင် အကြွင်းမဲ့လွတ်လပ်မှုရှိတော်မူသည်။ ကိုယ်တော်သည် အနန္တတန်ခိုးရှင်နှင့် စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်၏မည်သည့်ဖန်ဆင်းခံမျှ ကိုယ်တော်၏လွတ်လပ်မှုကို မတားဆီးနိုင်ပေ။ သစ္စာရှိယောဘပြောခဲ့သည့်အတိုင်း “ကိုယ်တော်အားအဘယ်သူခုခံနိုင်သနည်း။ ‘သင်ဘာလုပ်နေသနည်း’ဟု ကိုယ်တော်အားမည်သူပြောမည်နည်း။” (ယောဘ ၉:၁၂။ ကဘ) အလားတူစွာပင် ဗာဗုလုန်ရှင်ဘုရင်သည်လည်း ဤသို့ဝန်ခံရန် ဖိအားပေးခံရသည်။ “လက်တော်ကိုအဘယ်သူမျှမဆီးတားနိုင်။ အဘယ်သို့ပြုသနည်းဟုကိုယ်တော်ကိုဆိုနိုင်သောသူမရှိ။”—ဒံယေလ ၄:၃၅။

၄။ ယေဟောဝါသည် မိမိ၏လွတ်လပ်မှုကို မည်သို့ထိန်းကွပ်ထားသနည်း။

၄ သို့ရာတွင် ထိုအကြွင်းမဲ့လွတ်လပ်မှုကို ယေဟောဝါ၏ဖြောင့်မတ်သောစည်းမျဉ်းမူများက ထိန်းကွပ်ထားသည်။ သောဒုံမြို့သားများအတွက် အာဗြဟံစိုးရိမ်မှုတင်ပြခဲ့စဉ်က ယင်းအချက်ပေါ်လွင်သည်။ “မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည် တရားသဖြင့်ပြုတော်မူမည်မဟုတ်လော” ဟုအာဗြဟံမေးခဲ့သည်။ ဘုရားသခင့်ဖြေကြားမှုက မှန်ရာကိုလုပ်ရမည့်တာဝန်ကို ကိုယ်တော်အသိအမှတ်ပြုတော်မူကြောင်း တင်ပြသည်။ သောဒုံမြို့တွင်း၌ ဖြောင့်မတ်သူတစ်စုံတစ်ယောက်ကျန်နေလျှင် ဘုရားသခင်ဖျက်ဆီးတော်မူမည်မဟုတ်။ (ကမ္ဘာဦး ၁၈:၂၂-၃၃) ကိုယ်တော့်မေတ္တာတော်နှင့် ဉာဏ်ပညာတော်က ကိုယ်တော်အားအမျက်ထွက်နှေးစေပြီး ချုပ်တည်းမှုကိုကျင့်သုံးစေသဖြင့် ကိုယ်တော်၏လွတ်လပ်မှုကို စည်းမျဉ်းဘောင်များကန့်သတ်ထားတော်မူသည်။—ဟေရှာယ ၄၂:၁၄။

လူ့လွတ်လပ်မှု၏အကန့်အသတ်များ

၅။ လူ့လွတ်လပ်မှုကို ကန့်သတ်ထားသောအရာအချို့ကား အဘယ်နည်း။

၅ ယေဟောဝါ၌ အကြွင်းမဲ့လွတ်လပ်မှုရှိသော်လည်း အခြားသူအားလုံးမူ သဘာဝ၊ အရည်အချင်း၊ သင့်တော်သောနေရာဒေသတို့အပြင် အပြစ်နှင့်ပြည့်ဝသောလူသား၏ အကန့်အသတ်ရှိသက်တမ်းစသည့်အကြောင်းများကြောင့် အကန့်အသတ်အတွင်း လှုပ်ရှားကြရသည်။ ယေဟောဝါကန့်သတ်ထားသောဘောင်အတွင်းစုံလင်သည့်လွတ်လပ်မှုဖြင့်လှုပ်ရှားနိုင်ရန် လူသားများကို ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သည်။ အခြားအကြောင်းများစွာကြောင့်လည်း လူသား၏လွတ်လပ်မှုသည် အကြွင်းမဲ့မဟုတ်ဘဲ အကန့်အသတ်ဖြင့်သာရှိနေသည်။

၆။ ဘုရားသခင်အပေါ်တာဝန်မကင်းခြင်းသည် ကျွန်ုပ်တို့၏လွတ်လပ်မှုနှင့်မည်သို့ဆက်စပ်သနည်း။

၆ ပထမအနေနှင့် လူသား၏လွတ်လပ်မှုသည် အကန့်အသတ်ရှိရခြင်းမှာ လူသည် ဘုရားသခင့်ရည်ရွယ်တော်မူချက်များကို လုပ်ဆောင်ရန် ဘုရားသခင်ဖန်ဆင်းထားတော်မူသောကြောင့် ဖြစ်သည်။ ယေဟောဝါသည် “ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။” (ဗျာဒိတ် ၄:၁၁) ထို့ကြောင့် လူသားများသည် မိမိတို့ကိုအုပ်ထိန်းနိုင်ရန် တော်လျော်သောဥပဒေသများကိုပြုတော်မူသော ဖန်ဆင်းရှင်အပေါ်တာဝန်မကင်းကြပါ။ မောရှေပညတ်အောက်တွင်ရှိခဲ့ကြသော ရှေးဣသရေလလူမျိုးများထဲမှ တစ်ယောက်ယောက်သည် ကိုယ်တော့်နာမတော်ကို မတော်မလျော်ပြောဆိုမည် သို့မဟုတ် ဥပုသ်ပညတ်ကိုချိုးဖောက်မည်ဆိုလျှင် အသေသတ်ခြင်းကိုခံရရန် ဘုရားသခင်တောင်းဆိုတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၂၀:၇။ ၃၁:၁၄၊ ၁၅။ ဝတ်ပြုရာ ၂၄:၁၃-၁၆။ တောလည်ရာ ၁၅:၃၂-၃၆) ကျွန်ုပ်တို့သည် ပညတ်တရားအောက်တွင် မရှိတော့သော်ငြားလည်း ကျွန်ုပ်တို့၏တရားသူကြီး၊ ပညတ်ပေးရှင်နှင့် ဘုရင်ဖြစ်တော်မူသော ယေဟောဝါအပေါ် ကျွန်ုပ်တို့တာဝန်ရှိသည့်အတွက် ကျွန်ုပ်တို့၏လွတ်လပ်မှုသည် အကန့်အသတ်နှင့်ဖြစ်နေသည်။—ဟေရှာယ ၃၃:၂၂။ ရောမ ၁၄:၁၂။

၇၊ ၈။ (က) ရူပနိယာမများသည် လူ့လွတ်လပ်မှုကို မည်သို့ကန့်သတ်ထားသနည်း။ (ခ) အခြားမည်သည့်ဘုရားသခင့်ပညတ်များက လူသားအနေနှင့်ကျွန်ုပ်တို့၏လွတ်လပ်မှုကို ကန့်သတ်ထားသနည်း။

၇ ဒုတိယအနေနှင့် ဘုရားသခင့်ရူပနိယာမများကြောင့် လူသား၏လွတ်လပ်မှုသည် အကန့်အသတ်ဖြစ်နေရခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာ့ဆွဲအားနိယာမကြောင့် လူတစ်ဦးသည် မိမိကိုယ်ကို မထိခိုက်စေဘဲ သို့မဟုတ် မသေစေဘဲ မိုးမျှော်တိုက်အပေါ်မှခုန်ချ၍မရပါ။ ဘုရားသခင့်ရူပနိယာမများသည်၊ လူသားလုပ်သည့်အရာများစွာကို ထိန်းကွပ်ထားသည်မှာ ရှင်းနေပါသည်။

၈ တတိယအနေနှင့် လူ့လွတ်လပ်မှုအကန့်အသတ်ဖြစ်နေရခြင်းမှာ ဘုရားသခင်၏ စာရိတ္တဆိုင်ရာပညတ်များကြောင့်ဖြစ်သည်။ ဂလာတိ ၆:၇၊ ၈ တွင် တမန်တော်ပေါလုရေးသားထားသောအချက်ပြည့်စုံသည်ကို အများအားဖြင့်သင်တွေ့မြင်နေရသည်။ “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။” အလားတူစွာပင် ယေဟောဝါ၏သီလဆိုင်ရာပညတ်များသည် ကျွန်ုပ်တို့၏လွတ်လပ်မှုကို ထိန်းကွပ်ထားသော်လည်း ယင်းတို့ကိုနာခံခြင်းအားဖြင့် အသက်ရနိုင်သည်။

၉။ ကျွန်ုပ်တို့သည် လူ့အသိုင်းအဝိုင်းအဝင်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လွတ်လပ်မှု မည်သို့ထိန်းကွပ်ခံရသနည်း။

၉ စတုတ္ထအနေနှင့် လူ့လွတ်လပ်မှုအကန့်အသတ်ဖြစ်နေရခြင်းမှာ လူသည် လူ့အသိုင်းအဝိုင်းအဝင်တစ်ယောက်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူလူချင်းကို မတရားစွာအနှောင့်အယှက်မဖြစ်စေသည့်အတိုင်းအတာအတွင်း၌သာ လူ့လွတ်လပ်မှုရှိသင့်သည်။ ခရစ်ယာန်များသည် အစိုးရ “အာဏာစက်” ကို ဝန်ခံရမည်။ ဘုရားသခင့်ပညတ်တော်များကို ကျွန်ုပ်တို့ချိုးဖောက်ရန်မတောင်းဆိုမချင်း သူတို့ကိုနာခံရမည်။ (ရောမ ၁၃:၁။ တမန်တော် ၅:၂၉) ဥပမာအားဖြင့် အခွန်ဆောင်ခြင်း၊ ကားမိုင်နှုန်းသတ်မှတ်ချက် စသည့်ဥပဒေများကို ကျွန်ုပ်တို့လိုက်နာသင့်သည်။ ဤကဲ့သို့ “ကဲသာ” ၏ဥပဒေများကို ကျွန်ုပ်တို့လိုက်နာရမည်ဟူသောအချက်က ကျွန်ုပ်တို့၏ဘုရားပေးလွတ်လပ်မှုသည် အကြွင်းမဲ့မဟုတ်ကြောင်း တင်ပြသည်။—မာကု ၁၂:၁၇။ ရောမ ၁၃:၇။

အဘယ့်ကြောင့်ချွင်းချက်ရှိလွတ်လပ်မှုဖြစ်ရကြောင်း

၁၀၊ ၁၁။ ဘုရားသခင်သည် လူသားများအား အဘယ်ကြောင့် ချွင်းချက်ရှိသောလွတ်လပ်မှုကိုပေးသနည်း။

၁၀ ဘုရားသခင်သည် လူကို အဘယ်ကြောင့် ချွင်းချက်ရှိသောလွတ်လပ်မှုကို ပေးရသနည်း။ တစ်ခုအနေနှင့် ဤကမ္ဘာတွင် မိမိတို့၏ကောင်းမွန်သောအလုပ်အကိုင်အကျင့်အကြံအားဖြင့် ဖန်ဆင်းရှင်ကိုချီးမွမ်းဂုဏ်တင်မည့် အသိဉာဏ်ရှိသတ္တဝါများရှိသောကြောင့်ဖြစ်သည်။ ယင်းကို လူသားလုပ်နိုင်သော်လည်း တိရစ္ဆာန်မလုပ်နိုင်ပါ။ ဗီဇအသိဉာဏ်အားဖြင့်သာ ထိန်းကျောင်းခံရသောတိရစ္ဆာန်များသည် စာရိတ္တအကျင့်အကြံအကြောင်း ဘာမျှမသိကြပါ။ ခွေးတစ်ကောင်ကို တစ်စုံတစ်ခုမယူရန် သင်ပေးနိုင်သော်လည်း ခိုးခြင်းသည်မကောင်းကြောင်းကိုမူ သင်ပေး၍မရပေ။ ပေးသွင်းထားသည့်အသိဉာဏ်အချက်အလက်များအရသာ လှုပ်ရှားမှုများကိုပြုလုပ်နိုင်သောတိရစ္ဆာန်များသည် ဘုရားသခင်ကိုချီးမွမ်းခြင်း၊ ဂုဏ်ပြုခြင်းများကို မပြုလုပ်နိုင်ပါ။ လူသားမူ မိမိဖန်ဆင်းရှင်ကို ချစ်ခင်လေးမြတ်မှုနှင့် ဝတ်ပြုရန် လွတ်လပ်စွာရွေးချယ်နိုင်သည်။

၁၁ လူသားများအတွက် အကျိုးကျေးဇူးနှင့်ပျော်ရွှင်မှုရှိရန် ဤလွတ်လပ်မှုကို ဘုရားသခင်ပေးခြင်းဖြစ်သည်။ သူတို့၏ချွင်းချက်ရှိလွတ်လပ်မှုကို တီထွင်မှု၊ ဖန်တီးမှု၊ ရက်ရောမှု၊ ပူးပေါင်းလုပ်ဆောင်မှုတို့တွင် အသုံးချနိုင်သည်။ အလုပ်အကိုင်၊ နေရာထိုင်ခင်း စသည်တို့နှင့်ပတ်သက်၍လည်း လူသားများရွေးချယ်ပိုင်ခွင့်ရှိသည့်လွတ်လပ်မှုရှိသည်။ ယနေ့ စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေများကြောင့် ထိုရွေးချယ်နိုင်သည့်လွတ်လပ်မှုသည် အကန့်အသတ်ဖြစ်နေသည်။ ယင်းသို့ဖြစ်ရခြင်းမှာ လူကိုဘုရားသခင်မူလဖန်ဆင်းထားပုံကြောင့်မဟုတ်ဘဲ လူတို့၏လောဘဇောကြောင့်ဖြစ်နိုင်သည်။

၁၂။ လူသားအများစုသည် အဘယ်ကြောင့်အနှောင်အဖွဲ့အောက်တွင်ရှိနေကြသနည်း။

၁၂ ဘုရားသခင်သည် လူသားများအား ကြီးမားသောလွတ်လပ်မှုပေးထားသော်လည်း ယနေ့လူအများစုသည် စည်းမျဉ်းဘောင်ကိုချိုးဖောက်နေကြသည်။ ဘာဖြစ်ခဲ့သနည်း။ ကနဦးလူသားမောင်နှံအာဒံနှင့်ဧဝတို့သည် ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်လွတ်ခဲ့ကြရသည်။ သူတို့၏လွတ်လပ်မှုနှင့်ပတ်သက်၍ ဘုရားသခင်ကန့်သတ်ပေးထားသည်ထက်ကျော်လွန်ပြီး ပိုင်သအုပ်စိုးရှင်ယေဟောဝါဘုရားသခင်၏ သူတို့အပေါ်အုပ်ချုပ်ပိုင်ခွင့်ကို စိန်ခေါ်ခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၇။ ယေရမိ ၁၀:၁၀။ ၅၀:၃၁) သူတို့၏လွတ်လပ်မှုကို ဘုရားသခင်အားချီးမွမ်းရန်အသုံးပြုခြင်းဖြင့်မကျေနပ်နိုင်ကြဘဲ အမှားအမှန်ကို လွတ်လပ်စွာဆုံးဖြတ်ရန် တစ်ကိုယ်ကောင်းဆန်ဆန်အသုံးပြုခြင်းဖြင့် ယေဟောဝါကိုပုန်ကန်ခြင်းတွင် စာတန်နှင့်ပူးပေါင်းပါဝင်လာကြသည်။ အပြစ်သားအာဒံနှင့်ဧဝတို့သည် ပိုမိုလွတ်လပ်မှုခံစားရမည့်အစား ဆင်းရဲဒုက္ခအချုပ်အနှောင်အောက်ရောက်ကြရပြီး လွတ်လပ်မှုမှေးမှိန်ပျောက်ကွယ်ကာ နောက်ဆုံးတွင်သေဆုံးသွားကြရသည်။ သူတို့၏သားစဉ်မြေးဆက်သည် ဤလွတ်လပ်မှုဆုံးရှုံးခြင်းကို အမွေရကြသည်။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌အသရေပျက်ကြပြီ။” “အပြစ်တရား၏အခကား သေခြင်းပေတည်း။”—ရောမ ၃:၂၃။ ၅:၁၂။ ၆:၂၃။

၁၃။ စာတန်သည် လူသားများအား အဘယ်ကြောင့်ချုပ်နှောင်နိုင်သနည်း။

၁၃ ဧဒင်တွင်ပုန်ကန်ခဲ့မှုကြောင့် အာဒံနှင့်သူ၏သားစဉ်မြေးဆက်တို့သည် စာတန်၏အချုပ်အနှောင်အောက်ရောက်လာခဲ့ကြသည်။ အကြောင်းမှာ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြ” သည်။ (၁ ယောဟန် ၅:၁၉) အကြောင်းမှာ၊ စာတန်သည် မိမိ၏ကြီးမားသောတန်ခိုးနှင့်စွမ်းရည်ဖြင့် လူသားတစ်ရပ်လုံးကို ဘုရားသခင့်ထံတော်မှ သွေဖည်သွားပြီး၊ ကျွန်ဖြစ်စေနိုင်လောက်အောင် လှည့်ဖြားနိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ လူသားအချင်းချင်းအကျိုးပျက်အောင် အုပ်ချုပ်လာခဲ့ကြပြီ။ (ဒေသနာ ၈:၉) သို့ဖြင့်၊ ယခုလူသားများသည် အပြစ်နှင့်သေခြင်း၊ စာတန်နှင့်သူ၏နတ်ဆိုးများနှင့် လောက၏သားရဲ၊ စီးပွားရေးနှင့်ဘာသာရေးတို့အောက်တွင် အချုပ်အနှောင်ခံနေကြရသည်။

စစ်မှန်သောလွတ်လပ်မှုကိုရရှိစေ

၁၄။ စစ်မှန်သောလွတ်လပ်မှုဆိုင်ရာလူသားတို့၏မျှော်လင့်ချက်သည် မည်သည့်အရာနှင့်ဆက်စပ်နေသနည်း။

၁၄ အပြစ်၊ သေခြင်း၊ စာတန်နှင့် သူ၏လောကတို့မှ လွတ်မြောက်မှုရရှိခြင်းသည် မိမိ၏စကြဝဠာပိုင်သအုပ်စိုးခြင်း၏ တော်မှန်မှုနှင့်ပတ်သက်သောပြဿနာကို ဘုရားသခင်ဖြေရှင်းရန်ဆုံးဖြတ်ချက်နှင့် များစွာဆက်စပ်နေသည်။ ဤပြဿနာကိုစာတန်ပေါ်ပေါက်စေသဖြင့် စာတန်ကိုကိုယ်တော်ဆက်လက်ထားရှိခြင်းဖြစ်သည်။ ဖာရောမင်းကို အချိန်တစ်ခုအတွင်းဘုရားသခင်ခွင့်ပြုသကဲ့သို့ပင်ဖြစ်သည်။ ယင်းသို့ခွင့်ပြုရခြင်းမှာ ယေဟောဝါသည် မိမိ၏တန်ခိုးတော်ကို အပြည့်အဝပြသနိုင်ရန်နှင့် နာမတော်ကို မြေတစ်ပြင်လုံး၌ကြေညာရန်အတွက်ဖြစ်သည်။ (ထွက်မြောက်ရာ ၉:၁၅၊ ၁၆) မကြာမီ ဘုရားသခင်သည် စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း သင်္ကာယနကင်းစေပြီး စာတန်၊ အာဒံနှင့်ဧဝတို့၏ပုန်ကန်မှုကြောင့် နာမတော်အပေါ်ကျရောက်ခဲ့သောကဲ့ရဲ့ရှုတ်ချမှုများကို ပယ်ရှားခြင်းအားဖြင့် နာမတော်ကိုသန့်ရှင်းစေတော့မည်ဖြစ်သည်။ သို့ဖြစ်၍ ယေဟောဝါကိုကြောက်ရွံ့သူများသည် အပြစ်နှင့်သေခြင်း၏အနှောင်အဖွဲ့မှလွတ်မြောက်ပြီး ဘုရားပေးလွတ်လပ်မှုတည်ရာကမ္ဘာသစ်သို့ ပို့ဆောင်ခံရကြမည်။—ရောမ ၈:၁၉-၂၃။

၁၅။ လူသားများပြန်လည်လွတ်မြောက်လာရေးအတွက် ယေရှုသည် အဘယ်အခန်းကဏ္ဍမှလုပ်ဆောင်သနည်း။

၁၅ လူသားများအားလွတ်လပ်မှုကိုပြန်လည်ပေးရန် ဘုရားသခင်သည် မိမိ၏သားတော်ကို လူသားအနေနှင့် မြေကြီးပေါ်သို့စေလွှတ်လိုက်သည်။ ဘုရားသခင့်သားတော်ယေရှုခရစ်သည် မိမိ၏စုံလင်သောလူ့အသက်ကို စိတ်လိုကိုယ်လျောက်ပေးဆက်ခြင်းအားဖြင့် လူသားများလွတ်မြောက်ရန်အခြေအမြစ်ဖြစ်သည့် ရွေးဖိုးပူဇော်သက္ကာကို ပေးခဲ့သည်။ (မဿဲ ၂၀:၂၈) လွတ်လပ်မှုသတင်းကိုလည်း ကိုယ်တော်ကြွေးကြော်ခဲ့သည်။ ဓမ္မအမှုထမ်းဆောင်ခြင်းအစတွင် ဤနှုတ်ကပါဌ်စကားများကို ပြည့်စုံစေခဲ့သည်။ “ထာဝရဘုရား [ပိုင်သအုပ်စိုးရှင်ယေဟောဝါ၊ ကဘ] ၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏အနာကိုပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားသောလျက်ရှိသောသူတို့အားလွတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့ အားမျက်စိပြန်မြင်ခြင်းအကြောင်းကိုပြစေခြင်းငှာလည်းကောင်း . . . ငါ့ကိုစေလွှတ်တော်မူပြီ။”—ဟေရှာယ ၆၁:၁။ လုကာ ၄:၁၆-၂၁။

၁၆။ ပထမရာစုဂျူးများသည် စစ်မှန်သောလွတ်လပ်မှုကိုရရှိကြရန် မည်သည့်ခြေလှမ်းများကိုလှမ်းခဲ့ကြရသနည်း။

၁၆ ထိုလွတ်လပ်မှုကို လူများမည်သို့ရရှိကြသနည်း။ ယေရှုက “သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြလိမ့်မည်။ သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည်သင်တို့ကိုလွှတ်လိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ ထို့ကြောင့် ယေရှု၏တပည့်တော်များသည် ဝိညာဏလွတ်လပ်မှုကို တွေ့ကြုံခံစားလာခဲ့ကြရသည်။ (ယောဟန် ၈:၃၁၊ ၃၂၊ ၃၆) “သမ္မာတရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သောသူရှိသမျှတို့သည် ငါ့စကားကိုနားထောင်ကြသည်” ဟု ရောမအာဏာပိုင်ပုန္တိပိလတ်ကို ယေရှုပြောသကဲ့သို့ပင်ဖြစ်သည်။ (ယောဟန် ၁၈:၃၇) ယေရှု၏ဟောပြောခြင်းနှင့်ပုံသက်သေကြောင့် သမ္မာတရားကိုလက်ခံလာသောဂျူးများသည် သူတို့၏အပြစ်များကိုနောင်တယူကြပြီး မှားယွင်းသောလမ်းစဉ်များကိုပြုပြင်ပြောင်းလဲကြကာ မိမိတို့ကိုယ်ကိုယေဟောဝါထံဆက်သပြီး ယေရှုကဲ့သို့နှစ်ခြင်းခံခဲ့ကြသည်။ (မဿဲ ၃:၁၃-၁၇။ တမန်တော် ၃:၁၉) ဤနည်းအားဖြင့် သူတို့သည် ချွင်းချက်ရှိဘုရားပေးလွတ်လပ်မှုကို ရရှိခံစားလာကြရသည်။

၁၇။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား အဘယ်ကြောင့်လွတ်လပ်မှုကိုပေးသနည်း။

၁၇ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များအား လွတ်လပ်မှုကိုပေးခဲ့ခြင်းသည် အဓိကအားဖြင့် ကိုယ်တော့်ပိုင်သအုပ်စိုးမှုသင်္ကာယနကင်းရေးအတွက်နှင့် သူတို့အကျိုးအတွက်ပါ ဖြစ်သည်။ ဣသရေလလူမျိုးကို အီဂျစ်အချုပ်အနှောင်အောက်မှ ဘုရားသခင်လွတ်မြောက်စေခဲ့ခြင်းသည် ကိုယ်တော့်ယဇ်ပုရောဟိတ်မျိုး၊ ကိုယ်တော့်သက်သေများအဖြစ် ကိုယ်တော့်ဘုန်းထင်ရှားစေရန်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆။ ဟေရှာယ ၄၃:၁၀-၁၂) အလားတူစွာပင် ဗာဗုလုန်သုံ့ပန်းဘဝမှ မိမိလူမျိုးတော်ကို ယေဟောဝါလွတ်မြောက်စေခဲ့ခြင်းသည် အဓိကအားဖြင့် ဗိမာန်တော်ပြန်လည်တည်ဆောက်ပြီး စစ်မှန်သောဝတ်ပြုရေးကိုပြန်လည်တည်ထောင်ရန်ဖြစ်သည်။ (ဧဇရ ၁:၂-၄) တိုင်းတစ်ပါးရောက်သူများသည် မိမိတို့၏ရုပ်ပိုင်းဆိုင်ရာကြွယ်ဝမှုကိုသာ အာရုံစိုက်နေချိန်တွင် ယေဟောဝါသည် ပရောဖက်ဟဂ္ဂဲနှင့်ဇာခရိတို့ကို သူတို့ထံစေလွှတ်ပြီး ဘုရားသခင်အပေါ်သူတို့၏တာဝန်ကို သတိပေးစေခဲ့သည်။ ဘုရားပေးလွတ်လပ်မှုကို အမြင်မှန်ရှိခြင်းအားဖြင့် ဗိမာန်တော်ကိုပြီးအောင်ဆောက်လုပ်နိုင်ခြင်း၊ ဘုရားဘုန်းတော်ထင်ရှားခြင်းနှင့် ကိုယ်တော့်လူမျိုးတော်လည်း အဆင်ပြေပြေရှိခဲ့သည်။

ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကိုလက်မလွတ်

၁၈။ ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များသည် ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်ကြောင်း အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၈ ဘုရားသခင့်မျက်မှောက်ခေတ်ကျေးကျွန်များကော မည်သို့နည်း။ အဖွဲ့အစည်းအနေနှင့် သူတို့၏ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်ကြပါ။ ၁၈၇၀ ပြည့်လွန်နှစ်များအတွင်းက သူတို့သည် ဗာဗုလုန်၏မှောက်မှားမှုများမှ စတင်လွတ်မြောက်လာကြပြီး ခရစ်ယာန်လွတ်လပ်မှုကို တိုးပွားခံစားလာခဲ့ရကြသည်။ ယင်းကို သု၊ ၄:၁၈ တွင် ဤသို့ဖော်ပြထားသည်။ “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင်တိုးပွားထွန်းလင်းတတ်၏။” သို့သော် ရှေးဘုရားသခင့်လူမျိုးတော်သည် အချိန်အတိုင်းအတာတစ်ခုအထိ ဗာဗုလုန်သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရသကဲ့သို့ပင် ၁၉၁၈ ခုနှစ်ရောက်သောအခါ ယေဟောဝါ၏ကျေးကျွန်များသည် မဟာဗာဗုလုန်အနှောင်အဖွဲ့အောက်သို့ တစ်စိတ်တစ်ဒေသရောက်ရှိခဲ့သည်။ (ဗျာဒိတ် ၁၇:၁၊ ၂၊ ၅) မဟာဗာဗုလုန်ဘာသာဝင်များသည် ပုံဆောင် “သက်သေ” နှစ်ဦးဝိညာဉ်ရေးအရသေဆုံးသောအခါ အလွန်ဝမ်းမြောက်ခဲ့ကြသည်။ သို့သော် ဘုရားသခင့်မခံစားထိုက်သောကရုဏာတော်အားဖြင့် ၁၉၁၉ ခုနှစ်ရောက်သောအခါ ကိုယ်တော့်ဘိသိက်ခံကျေးကျွန်များသည် ပြန်လည်နိုးထလာကြပြီး ဝိညာဉ်ရေးအရလွတ်မြောက်လာကြသည်။ (ဗျာဒိတ် ၁၁:၃၊ ၇-၁၁) ဘုရားပေးလွတ်လပ်မှုကိုအသုံးချခြင်းအားဖြင့် သူတို့သည် အနန္တတန်ခိုးရှင်၏ဇွဲရှိသောသက်သေများဖြစ်လာကြသည်။ ထို့ကြောင့် ၁၉၃၁ ခုနှစ်ရောက်သောအခါ သူတို့သည် ယေဟောဝါသက်သေဟူသောအမည်ကို ရွှင်လန်းစွာခံယူလိုက်ခြင်းသည် မည်မျှသင့်တော်လိုက်လေခြင်း။ (ဟေရှာယ ၄၃:၁၀-၁၂) အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ ဘိသိက်ခံသက်သေများကို မြေကြီးပေါ် ထာဝရအသက်မျှော်လင့်ကြသော “လူအုပ်ကြီး” က ပေါင်းသင်းလာသည်။ သူတို့လည်း မိမိတို့၏ဘုရားပေးလွတ်လပ်မှုရည်ရွယ်ချက်ကို လက်မလွတ်ကြချေ။—ဗျာဒိတ် ၇:၉-၁၇။

၁၉၊ ၂၀။ (က) ယေဟောဝါ၏လူများသည် မိမိတို့၏ဘုရားပေးလွတ်လပ်မှုကို ကောင်းစွာအသုံးချသည့် ထင်ရှားသောနည်းတစ်ခုကား အဘယ်နည်း။ (ခ) ယေဟောဝါ၏လူများသည် မိမိတို့၏ဘုရားပေးလွတ်လပ်မှုကို ကောင်းစွာအသုံးချသည့် ထင်ရှားသောအခြားနည်းကားအဘယ်နည်း။

၁၉ ယေဟောဝါ၏လူများသည် မိမိတို့၏ဘုရားပေးလွတ်လပ်မှုကို ထူးခြားထင်ရှားသောနည်းလမ်းနှစ်ခုဖြင့် ကောင်းစွာအသုံးပြုနေကြသည်။ တစ်ခုမှာ ဖြောင့်မတ်သောလမ်းစဉ်ကိုဆည်းပူးရန် ယင်းကိုသူတို့အသုံးပြုကြသည်။ (၁ ပေတရု ၂:၁၆) သူတို့မည်မျှဂုဏ်သတင်းမွှေးလှပါတကား။ ဥပမာအနေနှင့် ဆွစ်ဇလန်နိုင်ငံ၊ ဇူးရစ်မြို့ရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ လူတစ်ဦးဝင်လာပြီး ယေဟောဝါသက်သေတစ်ဦးဖြစ်လိုကြောင်းပြောသည်။ အဘယ်ကြောင့်နည်းဟုအမေးခံရသောအခါ ထိုလူက သူ၏ညီမသည် သက်သေခံတစ်ဦးဖြစ်ခဲ့ပြီး စာရိတ္တပျက်ပြားမှုကြောင့်နှင်ထုတ်ခံခဲ့ရကြောင်းပြောပြသည်။ ထိုလူက “ဒီအဖွဲ့ဟာ အကျင့်ဆိုးတွေကိုသည်းမခံတဲ့အဖွဲ့— ကျွန်တော်ပေါင်းသင်းချင်တဲ့အဖွဲ့အစည်းပဲ” ဟုပြောခဲ့သည်။ New Catholic Encyclopedia က ယေဟောဝါသက်သေများကို “ကမ္ဘာတွင် အကောင်းဆုံးပြုမူကျင့်ကြံသည့်အဖွဲ့တစ်ဖွဲ့” ဟူသောနာမည်ကောင်းရထားသူများဟု လျောက်ပတ်စွာရှုမြင်သုံးသပ်ထားသည်။

၂၀ ယေဟောဝါသက်သေများသည် ယေရှုကဲ့သို့ပင် ဘုရားနိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းတာဝန်ကိုကျေပွန်ရန်အတွက် မိမိတို့၏ဘုရားပေးလွတ်လပ်မှုကို အသုံးချကြသည်။ (မဿဲ ၄:၁၇) ဟောပြောခြင်းနှင့်ပုံနှိပ်စာပေများအားဖြင့်သော်လည်းကောင်း၊ ပုံမှန်အခြေအနေ၌ဖြစ်စေ၊ ပိတ်ပင်ခံရသည့်အခါ၌ဖြစ်စေ ယေဟောဝါ၏နိုင်ငံတော်ကို သူတို့ကြေညာနေကြသည်။ ဤသို့ပြုကြခြင်းအားဖြင့် သူတို့၏ယုံကြည်ခြင်းပိုမိုခိုင်မာလာပြီး မျှော်လင့်ချက်ပိုမိုတောက်ပလာသည့်အကျိုးကျေးဇူးကို ခံစားကြရသည်။ ထို့အပြင် ဤလုပ်ရပ်သည် သူတို့နှင့် သူတို့ကိုနားထောင်မည့်သူနှစ်ဦးနှစ်ဘက်လုံးကို ကယ်တင်ခြင်းရစေသည်။ (၁ တိမောသေ ၄:၁၆) Dynamic Religious Movement စာအုပ်က “သက်သေခံများကဲ့သို့ မိမိတို့ဘာသာအတွက် အလွန်ကြိုးစားလုပ်ဆောင်သောအခြားအဖွဲ့ကိုတွေ့ရှိရန် ခက်ခဲပေလိမ့်မည်” ဟုဖော်ပြထားသည်။

၂၁။ မိမိလူများ၏အမှုဆောင်ခြင်းကို ယေဟောဝါကောင်းချီးပေးနေကြောင်း မည်သည့်အထောက်အထားရှိသနည်း။

၂၁ ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ပြည့်စုံစေခြင်းကြောင့် ယေဟောဝါကျွန်ုပ်တို့အား မည်မျှကောင်းချီးပေးနေတော်မူသည်တကား။ ယင်းကို၊ လွန်ခဲ့သောနှစ် လယ်ကွင်းလုပ်ငန်းမှတ်တမ်းအားဖြင့်သိရှိနိုင်သည်။ အများဆုံးကြေညာသူလေးသန်းကျော်နှင့် ယေရှုသေခြင်းသတိရအောက်မေ့ပွဲတက်ရောက်သူဆယ်သန်းကျော်ရှိခဲ့သည်။ လေ့လာသိရှိချက်အရ လစဉ်ဆက်တိုက်အများဆုံးကြေညာသူအရေအတွက်ကို အိုင်ယာလန်နိုင်ငံတွင် ၂၉ ကြိမ်၊ မက္ကဆီကိုတွင် လပေါင်း ၈၀ အတွင်း ၇၈ ကြိမ်၊ ဂျပန်တွင် ၁၅၃ ကြိမ်အသီးသီးရရှိခဲ့ကြသည်။

သင့်ဘုရားပေးလွတ်လပ်မှုကိုကောင်းစွာအသုံးချပါ

၂၂။ ကျွန်ုပ်တို့စဉ်းစားရန်လှုံ့ဆော်သော မည်သည့်မေးခွန်းများကို မိမိကိုယ်ကိုမေးသင့်သနည်း။

၂၂ သင်သည် ယေဟောဝါထံဆက်ကပ်အပ်နှံထားသည့်သက်သေတစ်ဦးဖြစ်ပါက ဘုရားသခင်ပေးထားသည့်လွတ်လပ်မှုကို သင်ကောင်းစွာအသုံးချနေပါသလော။ ကျွန်ုပ်တို့ယောက်စီကိုယ်ကိုကိုယ်မေးသင့်သည်မှာ ‘ကျွန်ုပ်တို့၏မှားယွင်းသောအပြုအမူကြောင့် အခြားသူများကိုထိမိ၍မလဲစေရန် ဘုရားပေးလွတ်လပ်မှုကိုဂရုတစိုက်အသုံးပြုနေပါသလော။ ကျွန်ုပ်တို့သည် ဘုရားသခင့်ပညတ်များကိုဦးစားထားသော်လည်း ကဲသာ၏ပညတ်များကို စိတ်လိုကိုယ်လျောက်နာခံနေပါသလော။ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲများနှင့် အပြည့်အဝပူးပေါင်းလုပ်ဆောင်မှုရှိသလော။ ကျွန်ုပ်သည် ဘုရားပေးလွတ်လပ်မှုကို သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် အပြည့်အဝအသုံးချနေပါသလော။ ကျွန်ုပ်သည်အစဉ်အမြဲ “သခင်အရှင်၏လုပ်ငန်းတွင်အလုပ်များ” နေသလော။ ကျွန်ုပ်သည် ဓမ္မအမှုကိုတိုးချဲ့ခြင်း၊ အသင်းတော်တွင် ပိုမိုကြီးလေးသောတာဝန်များကို လက်လှမ်းခြင်း သို့မဟုတ် အချိန်ပြည့်လုပ်ငန်းတွင်ပါဝင်ခြင်းအားဖြင့် ဘုရားပေးလွတ်လပ်မှုကိုကောင်းစွာအသုံးချနိုင်လျက်နှင့် လောကီရေးရာလုပ်ငန်းများကို တစ်စိုက်မတ်မတ်လိုက်လုပ်နေသလော’ စသည်တို့ဖြစ်သည်။—၁ ကောရိန္သု ၁၅:၅၈။

၂၃။ ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်ရန် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။

၂၃ ကျွန်ုပ်တို့အားလုံး “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြ” စို့။ (ဆာလံ ၃၄:၈) ကိုယ်တော်အားယုံကြည်ကိုးစားပြီး ပညတ်တော်များကိုလိုက်နာကာ ဘုရားသခင့်နိုင်ငံတော်သတင်းကိုဇွဲရှိရှိကြေညာခြင်းအားဖြင့် သန့်ရှင်းသောနာမတော်ကိုဂုဏ်တင်ကြစို့။ ‘များများကြဲသောသူသည် များများရိတ်ရမည်’ ကိုလည်းသတိရပါ။ (၂ ကောရိန္သု ၉:၆) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါအား နှလုံးအကြွင်းမဲ့ဝတ်ပြုပြီး ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကိုလက်မလွတ်ကြောင်းတင်ပြကြစို့လေ။

သင်မည်သို့ဖြေမည်နည်း

▫ ဘုရားသခင်၌ မည်သို့သောလွတ်လပ်မှုမျိုးရှိသနည်း။

▫ လူ့လွတ်လပ်မှုတွင် မည်သည့်အကန့်အသတ်များရှိသနည်း။

▫ စစ်မှန်သောလွတ်လပ်မှုသည် မည်သို့ဖြစ်နိုင်မည်နည်း။

▫ ကျွန်ုပ်တို့သည် ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကိုလက်မလွတ်သွားရန် ဘာလုပ်ရမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ