ဘုရားသခင့်နိုင်ငံတော်သည် လူအများအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
ခရစ်တော်ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း မကြာခဏပြောလေ့ရှိသည်။ ဤကိစ္စနှင့်ပတ်သက်၍ သမိုင်းဆရာအိပ်ချ်ဂျီဝဲလ်စ်က “မှတ်သားစရာကား ယေရှုသွန်သင်ပေးသည့် ကောင်းကင်နိုင်ငံတော်ဟုခေါ်သော အလွန်ထူးခြားထင်ပေါ်သည့်သွန်သင်ချက်နှင့်၊ ယင်းကို ခရစ်ယာန်ချာ့ချ်အများစုတို့၏ တော်ရိလျော်ရိနှင့် အရေးတယူမဟုတ်သော လုပ်ပုံကိုင်ပုံနှင့်သွန်သင်မှုများဖြစ်သည်။ ယေရှု၏အဓိကသွန်သင်ချက်ဖြစ်ပြီး ခရစ်ယာန်အယူဝါဒများစွာတို့တွင် မဆိုစလောက်သာပါရှိသော ဤကောင်းကင်နိုင်ငံတော်အယူဝါဒသည် လူ့အတွေးခေါ်ကိုလှုံ့ဆော်ပြောင်းလဲစေသော အခြေအမြစ်ကျကျထူးခြားသည့်အယူဝါဒထဲတွင် တစ်ခုဖြစ်သည်မှာသေချာသည်။”
အဘယ့်ကြောင့်ချာ့ချ်များစွာသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဤမျှအနည်းအကျဉ်းသာပြောဆိုကြသနည်း။ ဖြစ်နိုင်သည့်အကြောင်းတစ်ခုမှ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ သေသေချာချာမသိကြသောကြောင့်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ မည်သို့အမြင်ရှိကြသနည်း။
ဘုရားသခင့်နိုင်ငံတော်မည်သို့ရှုမြင်ခံရပုံ
အချို့က ဘုရားသခင့်နိုင်ငံတော်သည် ကက်သလစ်ချာ့ချ်ဖြစ်သည်ဟု ထပ်တူပြုကြသည်။ စီအီး ၃၂၅ ခုနှစ် နိုင်စီယာကောင်စီတွင် ဘိရှော့များက ဘုရင်ကွန်စတင်တိုင်းကို မိမိတို့၏ခေါင်းဆောင်အဖြစ် လက်ခံလိုက်သည့်အချိန်နောက်ပိုင်းတွင် ချာ့ချ်သည် နိုင်ငံရေးများတွင် ပါဝင်ပတ်သက်လာပြီး ဘုရားသခင့်နိုင်ငံတော်ရောက်ရှိနေပြီဟု လူများအားပြောကြသည်။ Encyclopædia Britannica စွယ်စုံကျမ်းကရှင်းပြသည်မှာ ဩဂတ်စ္စတင်း (စီအီး ၃၅၄–၄၃၀) ၏ဘာသာရေးအယူအဆအရ “ဘုရားသခင့်နိုင်ငံတော်သည် ဤလောကတွင်ချာ့ချ်စတင်တည်ထောင်သည့်အချိန်တွင် အစပြုပြီး၊ ယင်းကို ချာ့ချ်၏ပွဲတော်မင်္ဂလာအားဖြင့် တင်ပြခဲ့ပြီးဖြစ်သည်။”
များစွာသောသူတို့က ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့၏လုပ်ဆောင်အောင်မြင်ရာဟု ယူမှတ်ကြသည်။ အထက်ပါစွယ်စုံကျမ်းကပင် အောက်ပါအတိုင်းပြောပြသည်။ “ပြန်လည်ထူထောင်ရေးချာ့ချ်များသည် . . . အများအကျိုးဆောင်သည့်ဒေသခံချာ့ချ်များဖြစ်လာပြီး” ဘုရားသခင့်နိုင်ငံတော်လာခြင်းနှင့်ပတ်သက်၍ “ဆုံးခန်းချိန်မျှော်လင့်ခြင်းကို ဖုံးဖိနှိပ်ကွပ်ထားသည်။” အိပ်ချ်ဂျီဝဲလ်စ်က “လူများသည် မိမိတို့၏ဘဝအတွက်အကြောင်းပြုသည့်အရာကို ဘုရားသခင့်နိုင်ငံတော်နှင့်ညီအစ်ကိုချင်းကဲ့သို့ဆက်ဆံရေးမှ လက်ရှိရှိနေသော ပြင်သစ်နှင့်အင်္ဂလန်၊ သန့်ရှင်းသောရုရှား၊ စပိန်၊ ပရပ်ရှား စသည်တို့ဘက်သို့ ပြောင်းလိုက်သည်။ . . . ယင်းတို့သည် ဥရောပအတွက် စစ်မှန်၍အသက်ရှင်သောဘုရားများဖြစ်ကြသည်။”
ယခုခေတ်သစ်တွင်လည်း ဘုရားသခင့်နိုင်ငံတော်သည် လောကီမှုပြုခံရသည်။ Encyclopædia Britannica စွယ်စုံကျမ်းက ဤသို့ရှင်းပြသည်။ “ထူးခြားသောဂုဏ်အင်္ဂါရပ်ဟူသည်မှာ လူသားကိုယ်တိုင်သည် ဖွဲ့စည်းတည်ထောင်သည့်ပုံစံဖြင့် စုံလင်သောအနာဂတ်လူ့ဘောင်ကို ပြင်ဆင်ရမည်ဖြစ်ပြီး ‘မျှော်လင့်ခြင်း’ ‘စောင့်ဆိုင်းခြင်း’ တို့ကို လူကစတင်လုပ်ဆောင်ခြင်းနှင့်အစားထိုးရမည်ဟူသော အခြေခံရှုမြင်ချက်ဖြစ်သည်။” “လူမှုရေးပြဿနာများကို ဘာသာရေးမူဝါဒများဖြင့်ဖြေရှင်းသောလှုပ်ရှားမှုအဖွဲ့” နှင့်ပတ်သက်၍ အထက်ပါစွယ်စုံကျမ်းကပင်ဆက်ပြောသည်မှာ “ထိုလှုပ်ရှားမှုအဖွဲ့က ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သောခရစ်ယာန်သတင်းသည် လောကီရေးရာအခြေအနေများကို ဘုရားသခင့်နိုင်ငံတော်ကျင့်ဝတ်နည်းလမ်းဖြင့် ပြန်လည်ဖွဲ့စည်းရန်အတွက် လှုံ့ဆော်မှုတစ်ခုဖြစ်သည်ဟု အဓိကအားဖြင့်ယူမှတ်သည်။”
ဂျူးအများစုကလည်း ဘုရားသခင့်နိုင်ငံတော်ကို လူ့လုပ်ဆောင်အောင်မြင်မှုအဖြစ်ပင် ယူမှတ်ခဲ့သည်။ ၁၉၃၇ ခုနှစ်က အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့ရှိ ပြန်လည်တည်ထောင်ရေးဂျူးအသင်းမှ ရဗ္ဗိများက “ဘုရားသခင့်နိုင်ငံတော်အတွက်၊ မြေကြီးပေါ်တွင် ကမ္ဘာချီညီအစ်ကိုအသင်းအဖွဲ့ဖြစ်ရန်၊ တရားမျှတမှု၊ သမ္မာတရားနှင့် ငြိမ်းချမ်းမှုရှိရန်တို့အတွက် လူသားအားလုံးပူးပေါင်းလုပ်ဆောင်ရမည်မှာ ကျွန်ုပ်တို့၏သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ယူမှတ်သည်။ ယင်းကား ကျွန်ုပ်တို့၏မေရှိယဆိုင်ရာပန်းတိုင်ဖြစ်သည်။”
ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားသော အခြားအယူအဆတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်သည် လူတစ်ဦး၏နှလုံးထဲရှိအခြေအနေဖြစ်သည် ဟူ၍ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် ၁၉၂၅ ခုနှစ်၌တည်ထောင်သော ဆောက်သဲန်ဘက်ပ်တစ္စအသင်းက “ဘုရားသခင့်နိုင်ငံတော်ဆိုသည်မှာ လူ့အပေါင်းအသင်းအဖွဲ့အစည်းတိုင်းရှိ လူတစ်ဦးစီ၏နှလုံးထဲတွင် ဘုရားသခင်အုပ်စိုးခြင်းဖြစ်ပြီး . . . လူသားတို့၏တွေးတောကြံစည်မှုနှင့်ဆန္ဒတို့သည် ခရစ်တော်၏အလိုတော်အောက် ချုပ်ထားခြင်းခံရသည့်အချိန်အခါ ဘုရားသခင့်နိုင်ငံတော် ပြည့်စုံလာမည်ဖြစ်သည်” ဟု ကြေညာခဲ့သည်။
ထို့ကြောင့် ချာ့ချ်သည် ဘုရားသခင့်နိုင်ငံတော်ပင်လော။ ဘုရားသခင့်နိုင်ငံတော်သည် လောကီရေးရာနည်းလမ်းများအားဖြင့် ဖြစ်လာမည်လော။ ယင်းသည် နှလုံးတွင်းရှိအခြေအနေတစ်ခုလော။ ဘုရားသခင့်နိုင်ငံတော်သည် သင့်အတွက် မည်သည့်အရာများလုပ်ပေးမည်နည်း။