“အထီးကျန် ပုရိသတို့၏ကျွန်း” ပေါ်တွင် လွတ်လပ်ရေးကို တွေ့ရှိခြင်း
နီကိုရာပင်လယ်ကွေ့၏လှိုင်းများကို ခွဲကာခုတ်မောင်းနေသော ရေယာဉ်ပေါ်တွင် ခရီးသည်အပြည့်မပါပေ။ ကမ္ဘာလှည့်ခရီးသည် ရှားပါး၍မဟုတ်ပါ။ ကော့စတာရီကာနိုင်ငံ၏ ပစိဖိတ်ကမ်းခြေဘက်တွင် မိုးသားတိမ်လိပ်ကင်းစင်သောမိုးကောင်းကင်၊ မြစိမ်းရောင်ပင်လယ်ပြင်ကြီး၊ ဖြူဖွေးနေသောသဲသောင်ယံများနှင့် ယိမ်းနွဲ့နေသောအုန်းပင်တို့သည် အပူပိုင်းဒေသမှ စည်းစိမ်ရှိသည့်နေရာကို ရှာဖွေနေသူတို့အား အထူးဆွဲဆောင်နိုင်စွမ်းရှိသည်။ သို့ရာတွင်ကျွန်တော်နှင့်အခြားခရီးသည်တို့သည် အားလပ်ရက်အပျော်ခရီးထွက်နေခြင်းမဟုတ်ပေ။
“အထီးကျန်ပုရိသတို့၏ကျွန်း”
ကျွန်တော်တို့သည် ကော့စတာရီကာ တရားရေးဝန်ကြီးဌာနလက်အောက်ရှိ အလုပ်ကြမ်းအကျဉ်းစခန်းဖြစ်သော ဆန်လုကာကျွန်းသို့ဦးတည်သွားနေကြသည်။ တစ်ချိန်ကဆိုလျှင် ဆန်လုကာကျွန်းသည် လက်တင်အမေရိကဒေသတွင် နာမည်အဆိုးဆုံးအကျဉ်းထောင်ဖြစ်ခဲ့သည်။ ကျွန်းသားအများစုမှာ ရာဇဝင်လူဆိုးများဖြစ်ကြပြီး အသစ်ရောက်လာသူတို့သည် ရှင်သန်ရေးအတွက် ပင်ပန်းဆင်းရဲစွာရုန်းကန်ရသည်ကို မကြာမီပင်သိမြင်လာကြသည်။ အာဏာပိုင်တို့သည် မရှိမဖြစ်သောအရာအနည်းအကျဉ်းသာ ထောက်ပံ့ပေးသော်လည်း အကျဉ်းသားတို့သည်သူတို့၏ ကိုယ်ပိုင်အဆင့်အတန်းသတ်မှတ်ခြင်းစံနစ်ကို ထူထောင်ထားကြပြီးလျှင် ကိုယ်ပိုင်အခြေအနေကိုတိုးတက်အောင်ရုန်းကန်အားထုတ်ကြသည်။ ထွက်ပြေးရန်ကြိုးစားသူတို့သည် မကြာခဏပြင်းထန်သောရေစီးကြောင့် ပင်လယ်အတွင်းမျောပါသွားကြသည်။ သို့မဟုတ်ငါးမန်းစာဖြစ်သွားကြသည်။
၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းကာလတွင် ဆန်လုကာကျွန်းအကျဉ်းထောင်ထွက်တစ်ဦးဖြစ်သူ ဟိုဆေးလီအန်ဆန်ချက်ဇ်သည် ထိုအလုပ်ကြမ်းအကျဉ်းစခန်းတွင်ထောင်ဒဏ်ကျခံခဲ့စဉ်က ကိုယ်တွေ့အဖြစ်အပျက်များအပေါ်အခြေပြု၍ စာအုပ်တစ်အုပ်ရေးသားခဲ့သည်။ ထိုစခန်း၏ရက်စက်ကြမ်းတမ်းမှုများအကြောင်း အရှိကိုအရှိအတိုင်းဘွင်းဘွင်းရေးသားထားသည့် သူ၏ဝတ္ထု La Isla de los Hombres Solos (အထီးကျန်ပုရိသတို့၏ကျွန်း) သည်မကြာမီအတွင်း မက္ကစီကိုနှင့်ဗဟိုအမေရိကနိုင်ငံတို့တွင် အရောင်းရအသွက်ဆုံး စာအုပ်ဖြစ်လာခဲ့သည်။ ကော့စတာရီကာနိုင်ငံတွင်ပြင်းထန်သော လူထုကန့်ကွက်ရှုတ်ချမှု ဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်တွင်အစိုးရသည် အကျဉ်းထောင်ဖွဲ့စည်းအုပ်ချုပ်မှုစနစ်ကို ခေတ်မီအောင်ပြုပြင်နေသည့် ကာလဖြစ်သည်။ အပြစ်ဒဏ်ပေးခြင်းထက် စာရိတ္တပြုပြင်ရေးကို အလေးပေးလာပြီး သေဒဏ်ကိုလည်းပယ်ဖျက်လိုက်သည်။ ဆန်ချက်ဇ်၏စာအုပ်ကြောင့် ဆန်လုကာကျွန်းကို လူထုအာရုံစိုက်လာခြင်းနှင့်အတူ ပြုပြင်ပြောင်းလဲမှုလည်း လိုက်ပါလာသည်။ အကျဉ်းသားများအား ကျွဲနွားဝက်မွေးမြူရေး၊ ငါးဖမ်းခြင်းနှင့် အခြားအတတ်ပညာများကိုသင်ပေးလာသည်။ ဝင်ငွေရနိုင်သောသီးနှံများကိုလည်း စိုက်ပျိုးလာကြပြီး ရလာသောအမြတ်အစွန်းများကို ခွဲဝေခံစားခွင့်ပြုလာသည်။ အိုးအိမ်အဆောက်အဦးများလည်း တိုးတက်ကောင်းမွန်လာသည်။ ၁၉၆၀ ပြည့်လွန်နှစ်အစပိုင်းသို့ရောက်သောအခါ ဆန်လုကာကျွန်းသည် လုံခြုံမှုအနည်းဆုံးချထားရသော စံပြစာရိတ္တပြုပြင်ရေးဗဟိုဌာနဖြစ်လာခဲ့သည်။
ကျွန်တော်ရေယာဉ်မှဆိပ်ကမ်းပေါ်သို့ ခြေချလိုက်သောအခါ ဤကျွန်း၏စက်ဆုပ်ဖွယ်ကောင်းသောသမိုင်းကို ကောင်းစွာမှတ်မိနေဆဲဖြစ်သည်။ ကျွန်တော်ဤနေရာသို့ရောက်လာခြင်းသည် အကျဉ်းသားတစ်ယောက်အနေနှင့်မဟုတ်ဘဲ လုံခြုံရေးအစောင့်တပ်သားအဖြစ် ရောက်လာခြင်းဖြစ်သည်။ ကျွန်တော် ၁၈ နှစ်အရွယ်တွင် အမျိုးသားရဲတပ်ဖွဲ့သို့ဝင်ခဲ့သည်။ ကျွန်တော်၏ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းမှုကြောင့် ဆန်လုကာကျွန်းတွင်လုံခြုံရေးအစောင့်တပ်သားအဖြစ် ပထမဦးဆုံးတာဝန်ပေးခံရသည်။
အကျဉ်းကျနေသော်လည်း လွတ်လပ်၏
ကျွန်တော်သည် ဗရင်ဂျီမယ်သီလများနှင့်ရဟန်းများ၏ ပျိုးထောင်မှုဖြင့်ကြီးပြင်းလာသူဖြစ်ရာ တောက်လောင်နေသောငရဲအကြောင်းတွေးလိုက်တိုင်း ချောက်ချားမိသည်။ ကျွန်တော်.အဖို့ဘဝတွင် အရေးကြီးဆုံးအရာမှာ ငရဲမကျအောင်ရှောင်ရှားခြင်းဖြစ်သည်။ သို့သော်လည်း လူအများတို့သည်ငရဲကိုလုံးဝဂရုမစိုက်သလောက် ဖြစ်နေကြသည်ကိုတွေ့ရ၍ ကျွန်တော်နားမလည်နိုင်အောင်ဖြစ်ရသည်။ အတန်းထဲတွင်ငရဲအကြောင်းကိုဘုန်းကြီးက ဟောပြောကောင်းဟောပြောသော်လည်း အတန်းအပြင်ရောက်သွားသောအခါ ဘာသာရေးအကြောင်း၊ သမ္မာကျမ်းစာအကြောင်း တစ်ယောက်မှမပြောလိုကြချေ။ ငရဲမီးကိုယုံကြည်ပါသည်ဟုသူတို့ဆိုကြသော်လည်း သူတို့၏အကျင့်စာရိတ္တကိုထိန်းသိမ်းရန် အားမထုတ်ကြချေ။
ဆန်လုကာကျွန်းပေါ်မှ အခြေအနေမှာလည်း သိပ်မထူးခြားလှပေ။ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် အကျဉ်းသားများမှာ ဘာသာရေးယုံကြည်ချက်တူသည်ဟုဆိုကြသော်လည်း ထိုယုံကြည်ချက်သည်သူတို့အပေါ် ဩဇာသက်ရောက်မှုနည်းပါးလှသည်။ ညစ်ညမ်းသောစကားနှင့် မစင်ကြယ်သောအကျင့်များကို နေရာတကာတွင် ကြားနေရ၊ မြင်နေရသည်။ တစ်ခါက လုံခြုံရေးတပ်သားတစ်ဦးသည် ကျွန်းပေါ်သို့ဆေးခြောက်မှောင်ခိုသွင်းရာ မိသွားသဖြင့် သူကိုယ်တိုင် အကျဉ်းသားဖြစ်ခဲ့ရသည်။ ကျွန်တော်.အထက်အရာရှိတစ်ဦးသည် ကြောက်စရာကောင်းအောင် စိတ်ကြမ်းတမ်းသည်။ ပုန်ကန်သည့်အကျဉ်းသားတို့ကို လက်သီးချင်းထိုးရန် နှစ်ကြိမ်စိန်ခေါ်ခဲ့သည်။ ကျွန်တော်သည် အချိန်များစွာရသဖြင့် ကျွန်းပေါ်တွင် တွေ့မြင်သမျှကို အလေးအနက်တွေးတောလေ့ရှိသည်။ အတွေ့အကြုံနည်းသည့် လူရွယ်တစ်ယောက်အနေနှင့် ကျွန်တော်သည် နားမလည်နိုင်အောင်ရှုပ်ထွေးခဲ့ရသည်။
တစ်နေ့သောညနေခင်းတွင် ဖရန့်ကလင်အမည်ရှိသော ယုံကြည်စိတ်ချရသည့် အကျဉ်းသားတစ်ဦးက ကျွန်တော်.ကို သမ္မာကျမ်းစာဆွေးနွေးပွဲ နားထောင်ရန် ခေါ်ဖိတ်သည်။ ကျွန်တော်သိပ်စိတ်မပါသော်လည်း အပြန်အလှန်စကားပြောဆိုဖြစ်ခဲ့သည်။
“အကျဉ်းသားဖြစ်ပြီး ကျမ်းစာလေ့လာရတာ လွယ်မှာမဟုတ်ဘူးနော်” ဟုကျွန်တော်မှတ်ချက်ချ၏။ ဖရန့်ကလင်၏ အဖြေကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူး။
သူက “ကာယရေးအရ ကျွန်တော်ဟာ အကျဉ်းသားဖြစ်နေပေမဲ့ ဝိညာဉ်ရေးအရ ကျွန်တော်ဟာလူလွတ်ပါ” ဟုဆို၏။
ထိုသို့သောလွတ်လပ်မှုမျိုးကို ကျွန်တော်နားလည်ချင်လှသည်။
ဆန်လုကာကျွန်းပေါ်ရှိ သက်သေခံများ
ဖရန့်ကလင်သည် ယေဟောဝါသက်သေတို့နှင့် သမ္မာကျမ်းစာလေ့လာနေသူဖြစ်သည်။ တနင်္ဂနွေနေ့များတွင် ဆွေမျိုးမိတ်သင်္ဂဟများကို ကျွန်းပေါ်သို့လာခွင့်ပြုထားသည်။ မကြာခဏ သက်သေခံအများဆုံး ၃၀ အထိတင်ဆောင်သည့် စက်လှေနှစ်စင်း၊ သုံးစင်းသည် ပွန်တာရင်နာ အသင်းမှ ပင်လယ်ကွေ့ကိုဖြတ်ကူး၍ ရောက်လာတတ်သည်။ ကျွန်တော်သည် လူသစ်ဖြစ်သဖြင့် အရာရှိတို့သည် လူတိုင်းကို သေသေချာချာရှာဖွေသော်လည်း သက်သေခံတို့ကိုမူကား လက်ဝှေ့ရမ်းပြီး စစ်ဆေးရေးဌာနကို ဖြတ်ခွင့်ပြုသည်ကို တွေ့ရသဖြင့် အံ့သြခဲ့ရသည်။ ပို၍အံ့သြသည်မှာ သက်သေခံတို့သည် အကျဉ်းသားနှင့်လုံခြုံရေးအစောင့်များအားလုံးကို တန်းတူထား၍ လေးစားစွာဆက်ဆံပြီး အားလုံးကို သမ္မာကျမ်းစာအခြေခံသတင်းတရားကို ပြောပြကြခြင်းဖြစ်သည်။
အကျဉ်းသားအနည်းငယ်တို့သည် တနင်္ဂနွေနေ့များတွင် သက်သေခံတို့နှင့် မှန်မှန်ကျမ်းစာလေ့လာသင်ကြားကြသည်။ ဖရန့်ကလင်လည်းတစ်ယောက်အပါအဝင်ဖြစ်သည်။ သူ့အကြောင်းမမေ့နိုင်သောအချက်တစ်ချို့ရှိသည်။ ဖရန့်ကလင်သည် စီးပွားရေးပြိုင်ဖက်တစ်ယောက်ကို သတ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူဖြစ်ကြောင်းသိလာသည်။ အကျဉ်းထောင်တွင် စာရင်းကိုင်ပညာရပ်ကို စာပေးစာယူဖြင့်သင်ကြားခဲ့သည်။ သူသည် အရက်မသောက်၊ ဆေးလိပ်မသောက်၊ မူးယစ်ဆေးမသုံးသဖြင့် အကျဉ်းထောင်စာကြည့်တိုက်ကို တာဝန်ယူရသည်။ နောက်ပိုင်းတွင် ကိုယ်ပိုင်အခန်းလေးနှင့် ပို၍များပြားသောတာဝန်များရရှိခဲ့သည်။
ဖရန့်ကလင်သည် ကျောင်းနေစဉ် ယေဟောဝါသက်သေသူငယ်ချင်းအချို့ရှိခဲ့သည်။ ထိုသူငယ်ချင်းတို့သည် နောက်ပြောင်ခြင်းခံရစေကာမူ ခိုက်ရန်ဖြစ်ပွားခြင်း၊ ထိုးကြိတ်ခြင်း၌ လုံးဝပါဝင်ခြင်းမရှိကြကြောင်း သူသတိထားမိသည်။ သူသည်ဘာသာတရားကို အလေးအနက်မထားခဲ့သော်လည်း သက်သေခံတို့သည် အေးချမ်း၍ စာရိတ္တကောင်းမွန်သူများဖြစ်ကြောင်းသူသိသည်။ ထို့ကြောင့်အကျဉ်းသားများတွင် အတာလာယာ (“ကင်းမျှော်စင်” ယေဟောဝါသက်သေများကို အချို့ဤသို့ခေါ်ကြသည်) တစ်ယောက်ရှိကြောင်းကြားရသောအခါ သူ့အတွက်ထူးဆန်းနေသည်။
တစ်နေ့သောအခါ နေ့လည်စာမစားမီ ဖရန့်ကလင်သည် ထမင်းစားခန်းအပြင်ဖက်တွင် တစ်ယောက်တည်းထိုင်နေသော အကျဉ်းသားတစ်ယောက်ကိုတွေ့ရသည်။ ထိုသူ၏သေသပ်သော အသွင်အပြင်ကိုကြည့်ပြီး ဖရန့်ကလင်က အတာလာယာ ဟုတ်မဟုတ်မေးမြန်း စုံစမ်းကြည့်ရာ ထိုသူကဟုတ်ကြောင်းဖြေဆိုသည်ကို ကြားရသောအခါ “ဘာအတွက်ဒီကိုရောက်နေရတာလဲ” ဟူ၍ မမေးဘဲမနေနိုင်အောင်ဖြစ်သွားသည်။ ထိုသူက သူသည်ဦးဆုံးမြို့တော်ဆန်ဟိုဆေးတွင်ရှိသော ဗဟိုထောင်ကြီးသို့ပို့ခံရကြောင်း၊ ထိုတွင်ရှိနေစဉ် ယေဟောဝါသက်သေတို့နှင့် သမ္မာကျမ်းစာစတင်လေ့လာကြောင်း၊ ဆန်လုကာကျွန်းသို့ပြောင်းရွှေ့ခံရပြီးနောက် ပွန်တာရင်နာမြို့မှ သက်သေခံတစ်ယောက်နှင့်ဆက်၍လေ့လာကြောင်း၊ နောက်ဆုံး၌ဆန်လုကာကျွန်းပေါ်ရှိ ကိုကိုးကမ်းခြေတွင်ပင်နှစ်ခြင်းခံခဲ့ကြောင်းရှင်းပြသည်။
ထိုတွေ့ဆုံမှုသည် ဖရန့်ကလင်၏ဘဝတွင် အလှည့်အပြောင်းခရီးတကွေ့ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည်သက်သေခံများ လာတိုင်းလာတိုင်း စိတ်ပါလက်ပါတက်ကြွစွာ ဆွေးနွေးပြောဆိုသည်။ အခြားအကျဉ်းသားများနှင့် လုံခြုံရေးအစောင့်များကိုလည်း သူလေ့လာသိရှိသောအကြောင်းများကို စ၍ပြောပြသည်။ သူ၏အကျင့်စာရိတ္တ၊ အဝတ်အစားနှင့်ဖီးလိမ်းပုံတို့သည် တိုးတက်ကောင်းမွန်လာသည်။ သူနှင့်နှစ်ခြင်းခံပြီးသောအပေါင်းအဖေါ်တို့သည် လူတိုင်း၏လေးစားခြင်းခံရကြသည်။
နောက်ဆုံးတွင် ဖရန့်ကလင်၏ထောင်ဒဏ် ၁၂ နှစ်ကို ၃နှစ်နှင့်၄လသို့လျှော့ချလိုက်သည်။ သူနှင့်အပေါင်းအဖေါ်တို့သည် သမ္မာကျမ်းစာကိုဆက်လက်၍ လေ့လာကြသည်။ အကျဉ်းထောင်၏ဆိုးရွားသော အခြေအနေများကြားတွင် သူတို့သည်ရွှင်လန်းကြသည်။ သူတို့မျက်နှာအမူအရာက ဖေါ်ပြသည်။ ကျွန်တော်သည် ညစ်ညမ်းသောဟာသများနှင့် ညစ်ညမ်းသောနောက်ပြောင်မှုများ မပြုလုပ်သောကြောင့် အခြားအစောင့်တို့နှင့်ကွာခြားကြောင်း သူတို့သတိထားမိကြသည်မှာသိသာသည်။ သို့နှင့်သူတို့အခန်းကလေးများသို့ ကျမ်းစာဆွေးနွေးရန် ကျွန်တော်.ကိုဖိတ်ခေါ်ကြသည်။ သူတို့နှင့်သက်သေခံဧည့်သည်များထံမှ ကြားရသောအကြောင်းများသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။ အထူးသဖြင့် သေလွန်သူတို့၏ အခြေအနေအကြောင်းနှင့် လောင်မြိုက်နေသောငရဲ စင်စစ်မရှိခြင်းအကြောင်းများဖြစ်သည်။ ကျွန်တော်.ကို ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား စာအုပ်ပေးသဖြင့် ကျွန်တော်စ၍ဖတ်သည်။ ထိုစဉ်ကကျွန်တော်သတိမထားမိသော်လည်း နောင်တွင်သီးပွင့်ဝေဆာလာမည့်သမ္မာတရားမျိုးစေ့သည် ကျွန်တော်နှလုံးသားတွင် စိုက်ပျိုးလျက်ရှိခဲ့လေပြီ။
နောက်ဆုံးတွင်စစ်မှန်သော လွတ်လပ်ရေးရရှိ
အမျိုးသားရဲတပ်ဖွဲ့မှထွက်ပြီးနောက် ဖလော်ရီဒါပြည်နယ်မိုင်ယာမီမြို့တွင် ကျွန်တော်ခေတ္တနေထိုင်သည်။ တစ်နေ့သောအခါ အလုပ်ဖေါ်တစ်ဦးက ကျမ်းစာအကြောင်းပြောလာသည်။ သူ့အပြောအဆို၊ အဝတ်အစား၊ ဖီးလိမ်းပုံတို့ကိုကြည့်ခြင်းအားဖြင့် ယေဟောဝါသက်သေများနှင့် ပြန်ဆုံရပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်သည်။ ဆန်လုကာကျွန်းမှ အဖြစ်အပျက်များကို ပြန်၍သတိရလာသည်။ လူတို့ဘာသာတရားအကြောင်း အဘယ်ကြောင့်ဆွေးနွေးပြောဆိုလိုစိတ် မရှိရသနည်းဟု ကျွန်တော်မေးသည်။ သူကတိုတိုတုတ်တုတ်အဖြေပေးပြီးနောက် ကျွန်တော်.အိမ်တွင်ဆွေးနွေးရန် အကြံပြုသည်။ သို့နှင့်မှန်မှန်ကျမ်းစာသင်အံပြီးနောက် ကျွန်တော်အပ်နှံ၍နှစ်ခြင်းခံယူလိုက်သည်။
၁၉၇၅ ခုနှစ်တွင်ကော့စတာရီကာနိုင်ငံသို့ပြန်သွားပြီး ဆန်ဟိုဆေးမြို့တွင် ခရိုင်စည်းဝေးပွဲကြီးကို တက်ရောက်သည်။ ဖရန့်ကလင်နှင့်ကျွန်တော် မမျှော်လင့်ဘဲစည်းဝေးကြီးတွင် ဆုံတွေ့ကြသောအခါ နှစ်ဦးသားအံ့သြမှင်သက်ဖြစ်မိကြသည်။ သူသည်ယခုအခါကာယရေးအရ လွတ်လပ်သွားသည်သာမက နှစ်ခြင်းပင်ခံပြီးလေပြီ။ ကျွန်တော်ဆန်လုကာကျွန်းမှ ထွက်ခွာခဲ့ချိန်တွင် ကျမ်းစာကိုကျွန်တော်မည်မျှစိတ်ဝင်စားကြောင်း ဖရန့်ကလင်အသေအချာမသိခဲ့ရသော်လည်း ယခုကျွန်တော်တို့နှစ်ဦး ထောင်ထွက်နှင့်လုံခြုံရေးအစောင့်အငြိမ်းစားတို့သည် မှန်သောဘုရားယေဟောဝါအား ကိုးကွယ်ခြင်းမှ ခံစားရသောလွတ်လပ်ရေး၌ အလွန်စည်းလုံးနေကြပြီ။
အချို့သူများအဖို့ “အထီးကျန်ပုရိသတို့၏ကျွန်း” အလုပ်ကြမ်းအကျဉ်းစခန်းမှာ အိပ်မက်ဆိုးများသာဖြစ်ပေသည်။ ကျွန်တော်.အဖို့ဆိုလျှင် ဝိညာဏလွတ်လပ်ရေး ရောင်ခြည်အစဖြစ်သည်။ ယခုတွင်ကျွန်တော်သည် ခရစ်ယာန်အကြီးအကဲတစ်ဦးအနေနှင့် တစ်ချိန်ကကျွန်တော်စောင့်ကြပ်ခဲ့ရသည့် သူများကဲ့သို့ မိမိကိုယ်ကိုလွတ်လပ်သည်ဟုအထင်ရှိသော်လည်း စင်စစ်အားဖြင့်ထောင်ကျနေကြသော သူတို့အားလွတ်မြောက်ရေး ဆောင်ကြဉ်းပေးရာတွင် တစ်တပ်တစ်အားပါဝင်လျက်နေပါသည်။—ဒေးဗစ်ရော်ဘင်ဆင် (David Robinson) ပြောပြသည်။