ဂိလျဒ်သာသနာပြုကျောင်းအတွက် တည်နေရာသစ်
၁ ၉၄၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ဥက္ကဌဟောင်း နေသန်အိပ်ချ်နော (Nathan H. Knorr) သည်သင်တန်းကျောင်းတစ်ခု၏ ပထမသင်တန်းစဉ် ဖွင့်ပွဲမိန့်ခွန်းမိန့်ကြားခဲ့သည်။ သင်တန်းသားတစ်ရာအား ပြောကြားရာတွင် “ဤကျောင်း၏ရည်ရွယ်ချက်မှာ သင်တို့အား လက်တင်ဓမ္မအမှုဆောင်ဖြစ်ရေးအတွက် လေ့ကျင့်သင်ကြားပေးရန်မဟုတ်ပါ။ သင်တို့သည် ဓမ္မအမှုဆောင်များဖြစ်နှင့်ပြီး ဓမ္မအမှုကိုနှစ်ပေါင်းများစွာ တက်တက်ကြွကြွထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ . . . ဤသင်ကြားလေ့ကျင့်မှုမှာ . . . သင်တို့အားစွမ်းရည်ပိုမိုပြည့်ဝသော ဓမ္မအမှုဆောင်များဖြစ်စေရန် ပြင်ဆင်ပေးရေးဟူသော သီးသန့်ရည်ရွယ်ချက်အတွက်ဖြစ်သည်။” ယနေ့တိုင်အောင်ဂိလျဒ်ကင်းမျှော်စင်ကျမ်းစာသင်ကျောင်းသည် နိုင်ငံခြားသာသနာပြုလုပ်ငန်းအတွက် ဓမ္မအမှုဆောင်များကိုအဆက်မပြတ် သင်ကြားလေ့ကျင့်လာသည်။
၁၉၄၃ ခုနှစ်က ဂိလျဒ်ကျောင်းသည် နယူးယောက်ပြည်နယ် ဖင်းဂါးလိပ်စ် (Finger Lakes) ဒေသတွင် တည်ရှိခဲ့သည်။ ထိုနေရာတွင် ၁၇ နှစ်ကြာတည်ရှိခဲ့သည်။ ထိုနောက် ၁၉၆၁ ခုနှစ်တွင် ဘရွတ်ကလင်နယ်သို့ပြောင်းရွှေ့ခဲ့သည်။ အဘယ်ရည်ရွယ်ချက်ဖြင့်နည်း။ ဂိလျဒ်ကျောင်း၏ သင်ရိုးညွှန်းတန်းမှာ အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်အညီ အစဉ်ရေးဆွဲပြဌာန်းထားသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ဌာနခွဲအထောက်အကူပြုပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုမိုစည်းစနစ်ကျနရေး လိုအပ်ချက်ကြောင့် သင်တန်းသားများသည် ဘရွတ်ကလင်တွင်တည်ရှိသော ယေဟောဝါသက်သေများ၏ ဌာနချုပ်ရုံးမှအဖွဲ့ဝင်များ၏ ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်သွန်သင်ပေးမှုလိုအပ်လာသည်။ ထို့ကြောင့်ဌာနခွဲဝန်ထမ်းများအား လေ့ကျင့်သင်ကြားခြင်းကို နှစ်အတန်ကြာ အလေးပေးဆောင်ရွက်ခဲ့သည်။ ထိုနောက်ပိုင်း၌ သာသနာပြုလုပ်ငန်းပေါ် တစ်ဖန်အာရုံစိုက်လာပြန်သည်။
၁၉၆၁ ခုမှ ၁၉၈၈ ခုနှစ်အထိ ၂၇ နှစ်အတွင်း ဂိလျဒ်ကျောင်းသင်တန်းသားများသည် ဘရွတ်ကလင်ရှိဌာနချုပ်ရုံးဝန်ထမ်းများ အလယ်မှာနေထိုင်၍ သင်ကြားဆည်းပူးသည့်အခွင့်အရေး ရရှိကြသည်။ ထိုနေရာတွင် သင်တန်းသားတို့သည် ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်လည်းကောင်း၊ အခြားအတွေ့အကြုံရင့်ကျက်သော ဓမ္မအမှုဆောင်များနှင့်လည်းကောင်း ရင်းရင်းနှီးနှီးပေါင်းသင်းခြင်းမှ အကျိုးကျေးဇူးများစွာရရှိကြသည်။ ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးတစ်ခုလှုပ်ရှားဆောင်ရွက်ပုံကို လေ့လာသင်ကြားရာတွင် ထို့ထက်ကောင်းသောနေရာရှိပါဦးမည်လော။ သင်တန်းသားတို့အနေဖြင့် အတန်းတွင်သင်ကြားလေ့ကျင့်ခြင်းမှသာ အကျိုးခံစားရသည်မကဘဲ ဌာနချုပ်ရုံးဝန်ထမ်းများနေ့စဉ်လုပ်ဆောင်နေသည်ကို လေ့လာခြင်းမှလည်း အကျိုးခံစားရကြသည်။
ဂိလျဒ်ကျောင်းသည် နိုင်ငံတကာဟောပြောခြင်းလုပ်ငန်းအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။ ကမ္ဘာတစ်ဝှမ်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေကြသော ဌာနခွဲကော်မတီညှိနှိုင်းရေးမှူး ၉၃ ဦးအနက် ၇၄ ဦးမှာဂိလျဒ်ကျောင်းဆင်းများဖြစ်ကြသည်။ ဤအချက်က ယခုဘုရားသခင့်လူမျိုးတော်ကို ထိန်းကျောင်းရသည့် ကြီးလေးသောတာဝန်ကို ကိုင်တွယ်ထမ်းဆောင်နိုင်ရန် ဤသူတို့ခံယူရရှိခဲ့သော ထူးကဲသည့်လေ့ကျင့်သင်ကြားမှုကို ဖေါ်ကျူးလျက်ရှိသည်။ ယခုအခါအဖွဲ့စည်း၏ လိုအပ်ချက်များကို ဆောင်ရွက်နေကြသော မရေမတွက်နိုင်သော နယ်လှည့်ကြီးကြပ်မှူးတို့သည်လည်း ဂိလျဒ်ကျောင်းဆင်းများဖြစ်ကြသည်။ ဟုတ်ပါသည်။ ဂိလျဒ်ကျောင်းတွင် လေ့ကျင့်သင်ကြားပေးသည့် အစီအစဉ်သည် အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်အတူ ရင်ပေါင်တန်းလျက်ရှိသည်။
ဂိလျဒ်ကို ဘရွတ်ကလင်မှ ပြောင်းရွှေ့ခြင်း
သို့ရာတွင် ဂိလျဒ်ကျောင်းကို ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်တစ်ဖန်ချရပြန်သည်။ သို့နှင့် ၁၉၈၈ ခုနှစ်ဆောင်းဦးရာသီတွင်ပရိဘောဂများနှင့် ရုံးသုံးပစ္စည်းများ အပြည့်တင်ဆောင်ထားသည့် ထရပ်ခ်ကားကြီးလေးစီးသည် ဂိလျဒ်ကျောင်းတည်ရှိရာ တတိယနေရာသို့ဆိုက်ရောက်လာသည်။ ထိုနေရာကား နယူးယောက်ပြည်နယ်ဝေါလ်ကေးလ် (Wallkill) ဒေသတွင်တည်ရှိသော ကင်းမျှော်စင်ခြံတွင်ဖြစ်သည်။ ကင်းမျှော်စင်ခြံအတွင်းရှိ ထိန်းသိမ်းပြုပြင်ရေးလုပ်သားတို့က ကျောင်းအတွက်ကောင်းမွန်သပ်ရပ်သော စာသင်ခန်းများ၊ စာကြည့်တိုက်တစ်ဆောင်နှင့် ရုံးခန်းတို့ကို နှစ်လအတွင်း ပြုပြင်ပေးခဲ့ကြသည်။ လာမည့်သင်တန်းအချိန်မီ စတင်နိုင်ရေးအတွက် ကျောင်းအထောက်အကူပြုပစ္စည်းများ အသင့်ဖြစ်ရန် အချို့လုပ်သားတို့သည် နေ့ရောညပါ မနားမနေလုပ်ကိုင်ခဲ့ကြသည်။
၁၉၈၈ ခုနှစ်အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဂိလျဒ်သင်တန်းစဉ်အမှတ် ၈၆ စတင်ခဲ့သည်။ သင်တန်းစဉ်ပြတ်တောက်ခြင်းမရှိဘဲ ‘အမျိုးသား၊ အမျိုးသမီးများကို စွမ်းရည်ပိုမိုပြည့်ဝသော ဓမ္မအမှုဆောင်များဖြစ်ရန် သင်ကြားလေ့ကျင့်ပေးရေး’ ဟူသော မူလရည်ရွယ်ချက်အတိုင်း ဆက်လက်သင်ကြားခဲ့သည်။ ကင်းမျှော်စင်ခြံအတွင်းရှိ သာယာလှပသော ပတ်ဝန်းကျင်အသစ်တွင် ဖင်းဂါးလိပ်စ် (Finger Lakes) ဒေသ၌ မူလကစတင်ဖွင့်လှစ်ခဲ့သော သင်တန်းကျောင်း၏ အနံ့အသက်တစ်ဖန်သင်းပျံ့လာခဲ့သည်။
အမှတ်စဉ် ၈၆ သင်တန်းဆင်းပွဲ
၁၉၈၉ ခုနှစ်မတ်လ ၅ ရက်နေ့တွင် ဘရွတ်ကလင်နှင့်ကင်းမျှော်စင်ခြံမှ ကင်းမျှော်စင်ဌာနချုပ်ရုံးဝန်ထမ်းအားလုံးသည် ဂျာစီစီတီ (Jersey City) စည်းဝေးခန်းမ၌ စုဝေးကြပြီး အမှတ်စဉ် ၈၆ သင်တန်းဆင်းပွဲတက်ရောက်ကြသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ဒန်နီရယ်စစ်တလိစ် (Daniel Sydlik) က အစီအစဉ်ကို ဆုတောင်းခြင်းဖြင့်ဖွင့်လှစ်လိုက်သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ကာလ်ကလိန်း (Karl Klein) က သဘာပတိအဖြစ်ဆောင်ရွက်သည်။ သူ့ဟောပြောချက်နိဒါန်းတွင် ခရစ်ယာန်ဘောင်မှ နိုင်ငံခြားသာသနာပြုများနှင့် ယေဟောဝါသက်သေများ၏သာသနာပြုများ ခြားနားပုံကို နှိုင်းယှဉ်ပြသည်။ ဂိလျဒ်သင်တန်းဆင်းသာသနာပြုများသည် ဂျပန်ကဲ့သို့သောနိုင်ငံများ၌ ဘုရားသခင့်နှုတ်ကပတ်တော် သမ္မာတရားသင်ကြားပြသရာ၌ မည်မျှအောင်မြင်လှသည်တကား။ ဂျပန်နိုင်ငံတွင် ယခုအခါသက်သေခံ ၁၃၇၉၄၁ သည် လယ်ကွင်းဓမ္မအမှုတွင် တက်ကြွစွာပါဝင်နေကြသည်။
“ကောင်းမှုများသည် သင့်မှတ်ကျောက်ဖြစ်ပါစေ” ဟူသောခေါင်းစဉ်ဖြင့် ဒေါ်နယ်ကရက်စ် (Donald Krebs) က ယေဟောဝါ၏အဖွဲ့အစည်းတော် ကမ္ဘာတစ်ဝှန်းတိုးတက်မှုတွင် ဂိလျဒ်သာသနာပြုများ ထမ်းဆောင်ခဲ့ကြသည့် အရေးပါသောအခန်းကဏ္ဍအကြောင်းကို စီကာပတ်ကုံးပြောကြားသွားသည်။ “ဘုရားသခင့်နှုတ်ကပတ်တရားတော်ကို ပို့ချသောဆရာသမားအနေနှင့် သာသနာပြုနယ်ပယ်တွင် သင်တို့ဆောင်ရွက်သည့် ကောင်းမှုများသည်သင်တို့၏ . . . ထူးခြားထင်ရှားသော ဝိသေသလက္ခဏာပင်ဖြစ်သည်။ ဆက်လက်ကြိုးစားလုပ်ကိုင်ရန် အားပေးပါသည်။ သင်တို့၏ကြိုးပမ်းအားထုတ်မှုကို ယေဟောဝါကြွယ်ဝစွာ ကောင်းချီးပေးတော်မူမည်။”
အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျော့ချ်ဂဲင်းဂါးစ် (George Gangas) က “သမ္မာကျမ်းစာသည် နေအောက်တွင် အရောင်းရသွက်ဆုံးစာအုပ်ဖြစ်သည်” ဟူသောခေါင်းစဉ်ဖြင့် စိတ်အားတက်ကြွဖွယ်ကောင်းသော ဟောပြောချက်ပေးသည်။ သင်တန်းဆင်းတို့အား ဆုံးမသြဝါဒပေးရာတွင် “သမ္မာကျမ်းစာကိုလေ့လာရန် မမေ့ကြပါနှင့်။ သမ္မာကျမ်းစာ၌ အစဉ်တောက်ပ၍ ပြောင်လက်နေသော ဝိညာဏရတနာတို့နှင့် ပြည့်လျှံလျက်ရှိသည်။ ထိုရတနာတို့ကို တန်ဖိုးထားလေးစားသူသည် ယင်းတို့ကိုတစ်စိမ့်စိမ့်ကြည့်၍ မဝဘဲတလက်လက်တဖျပ်ဖျပ် အရောင်လက်နေသည်ကို ကြည့်၍ကြည်နူးနေတတ်သည်” ဟုပြောကြားသွားသည်။
ရစ်ချတ်အဲလ်ဒရက် (Richard Eldred’s) ၏ဟောပြောချက်ခေါင်းစဉ်မှာ “သင်တို့သည် တမူထူးခြားစေနိုင်သည်” ဖြစ်သည်။ သာသနာပြုသစ်လွင်များအနေနှင့် အခြားသူတို့၏ဘဝနှင့် ထိတွေ့လာသည်နှင့်အမျှ သူတစ်ထူး၌ အပြုသဘောဆောင်သည့် တမူထူးခြားမှုကိုဖြစ်စေနိုင်သည်။ ဒါဝိဒ်၊ နေဟမိ၊ ဒေဗောရနှင့်အဘိဂဲလကဲ့သို့သော ရှေးခေတ်က အမျိုးသား၊ အမျိုးသမီးတို့သည် သူတစ်ပါး၏အကျိုးကိုလိုလားခြင်း၊ ရဲရင့်ပြတ်သားသောယုံကြည်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ နူးညံ့သိမ်မွေ့သော ဝိညာဏစိတ်နေစိတ်ထား တင်ပြခြင်းအားဖြင့် အခြားသူတို့အပေါ် အပြုသဘောဆောင်သော ဩဇာသက်ရောက်ခဲ့ကြသည်။
“သင့်ကောင်းချီးများကိုရေတွက်ပါ” ဟူသောစကားသည် သင်တန်းဆင်းတို့အား အုပ်ချုပ်ရေးအဖွဲ့ဝင် လိုင်းမဲင်းဆွင်းဂဲလ် (Lyman Swingle) မှာကြားခဲ့သော စကားဖြစ်သည်။ သမ္မာကျမ်းစာကို ငါးလကြာ အာရုံစိုက်လေ့လာခွင့်ရရှိခြင်း စသောကောင်းချီးမင်္ဂလာအနည်းငယ်တို့ကို ရေတွက်ပြပြီးနောက် သင်တန်းသားတို့အား အောက်ပါအတိုင်းအားပေးခဲ့သည်။ “အဆုံးနီးကပ်လာသည်နှင့်အမျှ ခြေလှမ်းသွက်လာသည်ကိုလည်းကောင်း၊ လမ်းခရီးပို၍ ကြမ်းတမ်းလာသည်ကိုလည်းကောင်း၊ လမ်းလည်းပို၍မတ်စောက်လာသည်ကိုလည်းကောင်း သင်တို့တွေ့ရပေမည်။ သို့သော်ဘယ်တော့မျှ ခြေကုန်လက်ပမ်းမဖြစ်ရအောင် လက်မလျော့ရန် တစ်ဝက်တစ်ပျက်နှင့် နှုတ်ထွက်သွားသူမဖြစ်ရအောင် သတိထားကြပါ။”
သင်တန်းမှူးတစ်ဦးဖြစ်သူ ဂျက်ရက်ဖို့ဒ် (Jack Redford) က “သင့်ခွန်အားကိုမချိနဲ့ပါစေနှင့်” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောသွားသည်။ “လွန်ကျူးစွာမဖြောင့်မတ်နှင့်” ဟူသောရှောလမုန်၏သြဝါဒကို အခြေပြုပြီး ယေဟောဝါကို ကိုးစားမည့်အစားကိုယ်ပိုင်ပစ္စည်းများအပေါ် အလွန်အမင်းအားထားခြင်းမပြုရန် သတိပေးသည်။ (ဒေသနာ ၇:၁၆၊ ၁၇) “အကောင်းလွန်လျှင် အဆိုးဖြစ်တတ်သည်။ ဥပမာအားဖြင့် ဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေးဘက်တွင် အားသန်သူသည် အလွန့်အလွန်တင်းကြပ်ခြင်းတည်းဟူသော အစွန်းဖက်ရောက်တတ်သည်။ သို့ဖြစ်သောကြောင့် သင်တန်းသားတို့အား သူအောက်ပါအတိုင်း ဩဝါဒမြွက်ကြားခဲ့သည်။ “ကျွန်ုပ်တို့အားလုံး၏ အားနည်းချက်ကို သတိထားသင့်သကဲ့သို့ မိမိ၏အားသာချက်ကိုလည်း သတိထားသင့်ပေသည်။ ဖြောင့်မတ်ပါ။ သို့သော်မိမိသာလျှင် မှန်သည်ဟူသော အတွေးအထင်မရှိပါနှင့်။ ယေဟောဝါကိုအားထားပါ။ ယေဟောဝါအားမိမိခွန်အားဖြစ်စေပါ။”
သင်တန်းမှူးနှင့်သင်တန်းကျောင်း မော်ကွန်းထိန်းဖြစ်သူ ယူလီဆက်စ်ဂလပ်စ် (Ulysses Glass) က ယေရှု၏စကား “ငါ့ထမ်းဘိုးကို တင်၍ထမ်းကြလော့” ကိုရှင်းပြ၏။ (မဿဲ ၁၁:၂၉၊ ၃၀) ဤတွင်ယေရှုက တပည့်တော်တို့အား မိမိနှင့်အတူထမ်းဘိုးထမ်းရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်။ သူတို့အား ဝန်မပိစေလိုပါ။ သူတစ်ပါးအကျိုးကို ရှေ့တန်းတင်ဦးစားပေး သယ်ပိုးတော်မူ၏။ စိတ်နှိမ့်ချခြင်းကို ပြသတော်မူ၏။ တပည့်တော်တို့အား ဒဏ်ပေး၍ ဆုံးမခြင်းပြုတော်မမူ။ “ငါ့ထံ၌နည်းခံကြလော့” ဟုဆို၏။ သာသနာပြုတစ်ဦး၌ ခရစ်တော်၏စိတ်သဘောမျိုးရှိရပေမည်။ ဟောပြောသူက သင်တန်းသားတို့၏ ပေးကမ်းစွန့်ကြဲခြင်းစိတ်ဓာတ်ကို ချီးမွမ်းပြီးနောက် နိုင်ငံရပ်ခြားတိုင်းတစ်ပါးတွင် အမှုထမ်းဆောင်ရာတွင်လည်း ထိုစိတ်ဓာတ်ကို ဆက်လက်ပြသကြရန် တိုက်တွန်းအားပေးသွားသည်။
နံနက်ပိုင်းအစီအစဉ် နိဂုံးချုပ်ခါနီးတွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ကာရေးဘာဘာ (Carey Barber) က “ရိတ်သိမ်းရာကာလကား အစီအစဉ်ဆုံးခန်းဖြစ်သည်” ဟူသောအကြောင်းကို တက်ကြွစွာဟောပြောသွားသည်။ ယေရှုဟောကြားတော်မူသည့် ဂျုံနှင့်တောမျိုးစေ့ဆိုင်ရာ ပုံဥပမာ ခေတ်သစ်ကာလ၌ ပြည့်စုံပုံကို သူအာရုံစိုက်စေသည်။ (မဿဲ အခန်းကြီး ၁၃) ပထမဦးစွာ ခရစ်တော်၏ဘိသိက်ခံများကို စုသိမ်းသည်။ ထိုနောက် အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ အခြားသိုးများသည် ‘ရိတ်သိမ်း’ ခံရသူတို့တွင် ပါဝင်လာသည်။ ဂိလျဒ်သင်တန်းကျောင်းသည် ခရစ်တော်၏တပည့်တော်များကို ရိတ်သိမ်းရာတွင် ထူးကဲအောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။
သင်တန်းသားတို့အား ဒီပလိုမာများပေးအပ်ပြီးနောက် သင်တန်းဆင်းတစ်ဦးက သင်တန်းနှင့်ပတ်သက်၍လည်းကောင်း၊ သင်တန်းမှူးများနှင့်တကွ ဗေသလအိမ်သားများ၏ အရေးတယူဂရုစိုက်မှုများနှင့် ပတ်သက်၍လည်းကောင်း သူတို့၏ခံစားမှုကို ဖေါ်ပြထားသည့် စာကိုဖတ်ကြားသည်။ ထိုစာ၏တစ်နေရာတွင် ဤသို့ဆို၏။ “ကျွန်ုပ်တို့ကို ဂိလျဒ်သင်တန်းသားများအဖြစ်သာမက ပုဂ္ဂိုလ်တစ်ဦးချင်းအဖြစ် အရေးတယူဂရုစိုက်ခြင်းကို ကျွန်ုပ်တို့တစ်သက် မမေ့နိုင်အောင် ဖြစ်ရပါသည်။ ထိုမျှမက အတုယူထိုက်သော လမ်းစဉ်လည်းဖြစ်သည်။ ဝမ်းနည်းဝမ်းသာမှုနှင့်အတူ ခွဲခွာရကြတော့မည်။ သင်တို့နှင့်ခွဲခွာရတော့မှာမို့ ဝမ်းနည်းသော်လည်း တာဝန်အသစ်ခန့်အပ်မှုအတွက် ဝမ်းသာကြည်နူးမိပါသည်။”
မွန်းလွဲပိုင်းအစီအစဉ်တွင် သင်တန်းဆင်းများသည် ရဲလ်ဖ်ဝေါလ်စ် (Ralph Walls) ဦးစီးသည့် ကင်းမျှော်စင် သင်တန်းတွင်ပါဝင်ကြသည်။ ထိုနောက်သင်တန်းသားတို့က ကင်းမျှော်စင်ခြံတွင် နေထိုင်စဉ်အတောအတွင်း လယ်ကွင်းဓမ္မအမှုဆောင်တွင် ကြုံတွေ့ခဲ့ရသော တွေ့ကြုံမှုများမှ ထင်ပေါ်သောအချက်တို့ကို လက်တွေ့တင်ပြကြသည်။ အုပ်ချုပ်ရေးအဖွဲ့မှ သင်ကြားပို့ချမှုကော်မတီက “အာဏာကိုလေးစားခြင်းသည် စည်းလုံးမှုကို တိုးပွားစေသည်” ဟူသောခေါင်းစဉ်ဖြင့် အစီအစဉ်တစ်ရပ်နှင့် လွန်ခဲ့သောနှစ်များအတွင်း တိုင်းပြည်များစွာ၌ သာသနာပြုများခံစားခဲ့ကြသော ဝမ်းမြောက်မှုကို သရုပ်ဖေါ်သည့် ရုပ်သေပြပွဲ တစ်ရပ်တို့ကို တင်ဆက်ပြသခဲ့သည်။ အစီအစဉ်ကို ဂိလျဒ်ကင်းမျှော်စင်သမ္မာကျမ်းစာအသင်း၏ အသက် ၉၆ နှစ်ရှိဥက္ကဌ ဖရက်ဒရစ်ခ်ဖရန့်စ် (Frederick Franz) ၏လှိုက်လှဲသော ဆုတောင်းချက်ဖြင့် နိဂုံးချုပ်လိုက်သည်။
တက်ရောက်သူတို့သည် အစီအစဉ်ကို အားတက်သရောတုံ့ပြန်ကြခြင်းအားဖြင့် သာသနာပြုလောင်းများကို ထောက်ခံကြောင်း၊ အစီအစဉ်ကိုတန်ဖိုးထားကြောင်းပြသကြသည်။ အမှတ်စဉ် ၈၆ ဂိလျဒ်သင်တန်းဆင်း ၂၄ ဦးအနေဖြင့် သာသနာပြုနယ်ပယ်တွင် တာဝန်ခန့်အပ်ခံရသော ဒေသသို့ထွက်ခွာသွားရာတွင် ယေဟောဝါအားမိမိတို့၏ ခွန်အားဖြစ်စေမည်ဟူ၍ သန္နိဌာန်ချထားကြမည်မှာ ယုံမှားဖွယ်ရာမရှိပေ။
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]
သင်တန်းသားတို့၏အတ္ထုပ္ပတ္တိအကျဉ်း
အိမ်ထောင်သည်စုံတွဲဦးရေ—၁၂ တွဲ
သင်တန်းသားဦးရေ—၂၄ ဦး
သင်တန်းသားတို့၏တိုင်းပြည်ဦးရေ—၆ ပြည်
တာဝန်ခန့်အပ်ခံရသည့်တိုင်းပြည်ဦးရေ—၁၂ ပြည်
ပျမ်းမျှအသက်—၃၂.၃ နှစ်
အလင်းတရားသက်တမ်း—၁၄.၁ နှစ်
အချိန်ပြည့်ဓမ္မအမှုဆောင်သက်တမ်း—၉.၁ နှစ်