ကျမ်းစောင်များမှသင်ခန်းစာများ—ဇေဖနိ ၁:၁–၃:၂၀
ယေဟောဝါအားရှာ၍ နှလုံးအကြွင်းမဲ့ဝတ်ပြုလော့
ဖောက်ပြန်သော ယုဒပြည်ကို ဗာဗုလုန်လူမျိုးမဖျက်ဆီးမီ အနှစ် ၅၀ ခန့်က ယေဟောဝါသည် ပရောဖက်ဇေဖနိမှတစ်ဆင့် ဤသို့ကြေညာတော်မူ၏။ “ပြည်တစ်ပြည်လုံး၌ရှိလေသမျှတို့ကို အကုန်အစင်ငါသုတ်သင်ပယ်ရှင်းမည်။” (၁:၁၊ ၂) သို့သော်လည်း လူမျိုးတော်အား လုံခြုံမှုရှိရာလမ်းကို ဘုရားသခင်ပြသတော်မူ၏။ (၂:၃။ ၃:၉) ဤကိစ္စနှင့်စပ်လျဉ်း၍ ဇေဖနိအနာဂတ္တိကျမ်းစောင်၌ “အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲ” ကို ရင်ဆိုင်နေရကြသောသူအပေါင်းတို့အတွက် အဖိုးမဖြတ်နိုင်သော သင်ခန်းစာများပါရှိသည်။—ဗျာဒိတ် ၁၆:၁၄။
ယေဟောဝါ၏နေ့ကြီးနီးပြီ
ယေဟောဝါ၏နေ့ကြီး ဤမျှနီးနေပြီဖြစ်ရာ ဘုရားသခင်ထံတော်မှဆုတ်ခွာသွားသူ မည်သူမဆို ကိုယ်တော်ထံသို့ အမြန်ဆုံးပြန်လာသင့်ပြီ။ ဘုရားသခင် “သုတ်သင်ပယ်ရှင်း” မည့်သူတို့တွင် “ယေဟောဝါ၏နောက်တော်သို့မလိုက် ဆုတ်သွားသောသူ” များပါဝင်သည်။ သူတို့သည် ကျောခိုင်းထွက်သွားကြပြီး ဘုရားသခင့်အလိုတော်နှင့် လုံးဝပတ်သက်ခြင်းမရှိကြတော့ပေ။ မည်မျှအန္တရာယ်များသောအခြေအနေပါတကား။ ယင်းကိုချက်ချင်းပြုပြင်သင့်သည်။—ဇေဖနိ ၁:၃-၁၁။
ယေဟောဝါ၏နေ့ကြီး၌ ဥစ္စာစည်းစိမ်သည် လုံခြုံမှုမပေးနိုင်ချေ။ ယေဟောဝါအားဝတ်ပြုပါသည်ဟု ဆိုသူအချို့သည် ဥစ္စာပစ္စည်းနောက်တစ်ကောက်ကောက်လိုက်နေကြပြီး စည်းစိမ်ရှိသောရာထူးကို ဖက်တွယ်ထားကြသည်။ မိမိကိုယ်ကို လှည့်စားနေကြသည်တကား။ သူတို့၏ဥစ္စာပစ္စည်းတို့သည် “ထိုနေ့” တွင်လုံခြုံမှုပေးနိုင်မည်မဟုတ်ပေ။—ဇေဖနိ ၁:၁၂-၁၈။
ကယ်တင်ခြင်းမှာ လက်လှမ်းမှီသောအရာဖြစ်သည်
ယေဟောဝါ၏နေ့ကြီးတွင် ပုန်းရှောင်ခွင့်ရရန် ကျမ်းစာပညာအပေါ်ယံ သိရုံမကထို့ထက်လိုအပ်သည်။ “တရားတော်အတိုင်းကျင့်” သော “စိတ်နှိမ့်ချသူများ” အား ‘ယေဟောဝါကိုရှာရန်၊ ဖြောင့်မတ်ခြင်းနှင့်စိတ်နှိမ့်ချခြင်းကိုရှာရန်’ နှိုးဆော်တိုက်တွန်းထားသည်။ “အဆုံးတိုင်အောင်တည်ကြည်” သူများသာကယ်တင်ခြင်းခံရမည်။—ဇေဖနိ ၂:၁-၃။ မဿဲ ၂၄:၁၃။
ယေဟောဝါ၏လူမျိုးတော်ကို ယနေ့ဖိစီးနှိပ်စက်သည့် လူမျိုးများ ဖျက်စီးခြင်းခံရလတံ့။ သူတို့သည် မောဘ၊ အမ္မုန်၊ အာရှုရိနှင့်ယုဒပြည် ပတ်ဝန်းကျင်ရှိ လူမျိုးများကဲ့သို့ တွေ့ကြုံခံစားရမည်။ မဟာဗာဗုလုန်ကိုလည်း ဖျက်ဆီးခြင်းစောင့်ကြိုလျက်ရှိသည်။ (ဗျာဒိတ် ၁၈:၄-၈) ဤအချက်က ဘုရားသခင့်တရားစီရင်ခြင်းအကြောင်း ဆက်၍ကြေညာရန် ကျွန်ုပ်တို့အတွက် အားဆေးတစ်ခွက်ပင်ဖြစ်သည်။—ဇေဖနိ ၂:၄-၁၅။
ပြန်လည်ရှင်သန်လာသောလူမျိုးတော်
ယေဟောဝါသည် ယခုလူမျိုးတော် ကပ်ကျော်ရေးအတွက် ပြင်ဆင်လျက်နေတော်မူ၏။ သင်သည် ဗာဗုလုန်အယူအဆများကိုစွန့်၍ တန်ဖိုးအနဂ္ဃထိုက်တန်သော ကျမ်းစာသမ္မာတရားဆိုင်ရာ “သန့်ရှင်းသောဘာသာစကား” ကို စတင်ပြောဆိုနေပြီလော။ မိမိကိုယ်ကို ကိုယ်တော်ထံအပ်နှံခြင်းအားဖြင့် ‘ယေဟောဝါ၏နာမတော်ကိုပတ္ထနာပြု’ နေပြီလော။ ‘နာမတော်ကို ဝန်ခံရာ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်း’ ‘ပူဇော်သက္ကာကိုဆောင်’ လာပြီလော။ ကပ်ကျော်ရေးအတွက် သင်သည် ယေဟောဝါ၏သစ္စာနှံ လူမျိုးတော်နှင့်အတူ ‘ပုခုံးချင်းယှဉ်၍’ အမှုတော်ဆောင်ရွက်ကြရမည်။—ဇေဖနိ ၃:၁-၁၀။ ရောမ ၁၀:၁၃-၁၅။ ဟေဗြဲ ၁၃:၁၅။
ကယ်တင်ခြင်းအတွက် ကျွန်ုပ်တို့ ယေဟောဝါကိုရှာ၍ သန့်ရှင်းသောနာမတော်ကို ချီးမြှောက်ကြရမည်။ မောက်မာခြင်း၊ မဖြောင့်မတ်ခြင်းနှင့်လိမ်လည်ခြင်းတို့သည် ဘုရားလူမျိုးတော်ဘောင်တွင် နေရာမရှိပေ။ (ဧဖက် ၄:၂၅-၃၂) ‘စိတ်နှိမ့်ချ၍မာန်မာနကင်းသော’ သူတို့သာလျှင် နာမတော်ကို ကိုယ်တော်သိဒ္ဓိတင်သောအခါ ကယ်တင်ခြင်းခံရကြမည်။—ဇေဖနိ ၃:၁၁-၂၀။
ကျမ်းစောင်များမှသင်ခန်းစာများ—ဟဂ္ဂဲ ၁:၁–၂:၂၃
ဟ ဂ္ဂဲ အနာဂတ္တိကျမ်းစောင်က ကျွန်ုပ်တို့ကို ဘီစီအီး ၅၂၀ခုနှစ်သို့ ပြန်ရောက်သွားစေသည်။ ထိုနှစ်သည် ယေဟောဝါ၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် ယေရုရှလင်မြို့သို့ ယုဒလူမျိုးအကြွင်းအကျန် ပြန်သွားပြီးနောက် ၁၇နှစ်အကြာတွင်ဖြစ်သည်။ (ဟဂ္ဂဲ ၁:၁) ထိုကာလကား ဘုရားအလုပ်ကို လူတိုင်းနှလုံးသွင်းရမည့်အချိန်ဖြစ်သည်။ သို့တစေ ယေဟောဝါသည် မိမိလူမျိုးတော်အား သူတို့တာဝန်ကိုမမေ့လျော့ရန် သတိပေးဖို့ ပရောဖက်ဟဂ္ဂဲကို စေလွှတ်ရန်လိုအပ်ကြောင်း တွေ့မြင်တော်မူ၏။ ၄င်းတွင်ကျွန်ုပ်အတွက်သင်ခန်းစာများပါရှိသလော။
ယေဟောဝါ၏လုပ်ငန်းတော်ကိုဦးထိပ်ထားခြင်း
ဝိညာဉ်ရေးတာဝန်ထက် ရုပ်ဝတ္ထုအကျိုးစီးပွားကို ဘယ်တော့မျှ ဦးစားမထားအပ်။ နေပြည်တော်ပြန်ယုဒအမျိုးသားများအနေဖြင့် စီးပွားရေးမရေရာမှုများ၊ ရန်လိုသောအိမ်နီးချင်းနိုင်ငံများစသည်တို့အတွက် ကြောင့်ကြစရာအကြောင်းရှိခဲ့သည်။ သို့သော်သူတို့၏ စည်းစိမ်ပြည့်စုံသောလူနေမှု အခြေအနေကိုထောက်ရှုကြည့်လျှင် ထိုအရာများသည် သူတို့၏လစ်ဟင်းပေါ့လျော့မှုအတွက် ဆင်ခြေများမဟုတ်ပေ။ ဟဂ္ဂဲ၏နှိုးဆော်ခြင်းခံရပြီးနောက်၌သာ သူတို့သည် ဗိမာန်တော်လုပ်ငန်းကို ပြန်လည်စတင်ခဲ့ကြခြင်းဖြစ်သည်။ ထို့နည်းတူ ယနေ့၌လည်း ကျွန်ုပ်တို့သည် ‘ကိုယ်ကျင့်သောအကျင့်တို့ကို နှလုံးသွင်းဆင်ခြင်၍’ ဘုရားသခင့်လုပ်ငန်းတော်ကို အစွမ်းကုန် အပြည့်အဝထောက်ခံအားပေးသင့်ပေသည်။—ဟဂ္ဂဲ ၁:၂-၁၅။
လုပ်ငန်းတော်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်သူတို့၏ ကြိုးပမ်းမှုများကို ယေဟောဝါကောင်းချီးပေးတော်မူ၏။ ဗိမာန်တော်ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးရေးအတွက် ဇေရုဗဗေလနှင့်အခြားယုဒအမျိုးသားများ၏ လုပ်ဆောင်မှုကို ဘုရားသခင်ကောင်းချီးပေးတော်မူမည်။ ယင်းဗိမာန်တော်၏ဘုန်းရောင်သည်လည်း အရင်တည်သောအိမ်တော်၏ ဘုန်းရောင်ထက်သာလွန်ပေမည်။ နိုင်ငံတော်သတင်းကို ယနေ့ “လူအုပ်ကြီး” နားထောင်လာခြင်းနှင့်အတူ “လူမျိုးအပေါင်းတို့နှစ်သက်ဖွယ်သောအရာများ” သည်ယေဟောဝါ၏ဝိညာဏဗိမာန်တော်သို့ ရောက်လာကြပြီးလျှင် “အိမ်တော်ကိုဘုန်းနှင့်ပြည့်စုံစေ” ၏။—ဟဂ္ဂဲ ၂:၁-၉။ ဗျာဒိတ် ၇:၉။
စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ရန်လိုအပ်
ကျွန်ုပ်တို့သည်သန့်ရှင်း၍ စိတ်စေတနာစင်ကြယ်ပြီး စုံလင်သောနှလုံးဖြင့် ယေဟောဝါကိုဝတ်ပြုကြပါမှ ကျွန်ုပ်တို့၏ကိုးကွယ်မှုသည်တန်ဖိုးရှိမည်။ ဘုရားသခင့်အိမ်တော်ကို လျစ်လျူရှုခြင်းကြောင့် ယုဒအမျိုးသားများ မသန့်ဖြစ်သွားသော်လည်း ဗိမာန်တော်လုပ်ငန်း စတင်သည်နှင့် သူတို့အား ကိုယ်တော်ကောင်းချီးပေးတော်မူမည်။ ထို့ကြောင့် ယေဟောဝါ၏ကောင်းကြီးမင်္ဂလာခံစားလိုပါက လိုအပ်သောပြုပြင်မှုများကို ပြုပြင်ပြီး လုပ်ငန်းတော်ကို နှလုံးသွင်းရကြမည်။ (တောလည်ရာ ၁၉:၁၁-၁၃နှင့်နှိုင်းယှဉ်ပါ) ကောင်းကင်နှင့်မြေကြီးကို ဘုရားသခင်လှုပ်၍ တိုင်းနိုင်ငံများကို မှောက်လှန်ဖြိုဖျက်မည့်အချိန်ကို စောင့်မျှော်နေယင်း ဥပမေယျဇေရုဗဗေလတည်းဟူသော ယေရှုခရစ်တော်၏နောက်တော်သို့လိုက်၍ ယေဟောဝါ၏လုပ်ငန်းတော်တွင် စိတ်နှလုံးအကြွင်းမဲ့ဆောင်ရွက်ကြပါစို့။—ဟဂ္ဂဲ ၂:၁၀-၂၃။
[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]
ကျမ်းပိုဒ်များကိုသုံးသပ်ခြင်း
○ ဇေဖနိ ၁:၅—မာလခံမှာမိလကုံ၊ မောလုတ်နှင့်အတူတူပင်ဖြစ်ဖွယ်ရှိပြီး အမ္မုန်လူမျိုး၏ အကြီးဆုံးနတ်ဘုရားဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၁:၅၊ ၇) မောလုတ်ကို ကိုးကွယ်ရာတွင် ရွံရှာဖွယ်ကောင်းသော သားသမီးပူဇော်ခြင်းပါဝင်ပြီး ယင်းလုပ်ရပ်ကို ပညတ်တရားကရှုတ်ချထားသည်။—ဝတ်ပြုရာ ၂၀:၂-၅။ တမန်တော် ၇:၄၂၊ ၄၃။
○ ဇေဖနိ ၂:၁၄—တင်ကူးဟောပြောထားသည့်အတိုင်းပင် ဖျက်ဆီးခံရသောနိနေဝေမြို့၏ ပြိုလဲနေသောတိုင်လုံးကြီးများနှင့် တိုင်ထိပ်တို့သည် ငှက်တို့နှင့်သားရိုင်းတိရစ္ဆာန်တို့၏ ကျက်စားရာ စားကျက်ဖြစ်သွားလေသည်။ ငှက်များနှင့်လေသည် ပျက်စီးနေသောပြတင်းပေါက်တွင် ‘မြည်’ ကြသည်။ တံခါးပေါက်များနှင့်နန်းတော်အကာအရံတို့မှာလည်း ပျက်စီးလေသည်။
○ ဇေဖနိ ၃:၉—အများသုံးဘုံစကားသည် စည်းလုံးမှုအတွက် အာမခံချက်မဟုတ်ပေ။ ဘာသာစကားတစ်မျိုးတည်းပြောဆိုသော လူမျိုးအချင်းချင်းတိုက်ခိုက်သောစစ်ပွဲများက ဤအတွက်သာဓကပင်ဖြစ်သည်။ “သန့်ရှင်းသောဘာသာစကား” ဟူသည်မှာ ဝိညာဏသမ္မာတရား “ကျန်းခံ့ရေးတရားပုံစံ” ဖြစ်သည်။ (၂ တိမောသေ ၁:၁၃) ယင်းသည် မာန်မာနကို ချိုးနှိမ်ပြီး ဘုရားသခင်ကို ဂုဏ်တင်၍ ပြောဆိုသူအပေါင်းကိုလည်းစည်းလုံးစေသည်။
○ ဟဂ္ဂဲ ၁:၆—ယုဒအမျိုးသားတို့သည် ယေဟောဝါ၏ဗိမာန်တော်ကို လျစ်လျူရှုထားသဖြင့် ကိုယ်တော်၏ကောင်းကြီးမင်္ဂလာကို မခံရကြ။ ထို့ကြောင့်များစွာကြဲသော်လည်း သီးနှံအနည်းငယ်သာရ၍ ဝဝလင်လင်မစားသောက်ရကြ။ အဝတ်လောက်လောက်ငငနွေးနွေးထွေးထွေးမရှိ။ အခစားအလုပ်သမားတို့သည်လည်း ရသောငွေများကို အပေါက်နှင့်ပြည့်နေသော အိတ်ထဲထည့်ရသည်နှင့်တူ၏။ ထိုယုဒအမျိုးသားများကဲ့သို့ မဟုတ်ဘဲ ကျွန်ုပ်တို့သည် မြင့်မြတ်သောအကျိုးစီးပွားများကို ဘယ်တော့မျှ လျစ်လျူမရှုဘဲနေကြစို့။—သု၊ ၁၀:၂၂။ နေဟမိ ၁၀:၃၉။
○ ဟဂ္ဂဲ ၂:၉—ရှောလမုန် “အရင်တည်သော” ဗိမာန်တော်သည် နှစ်ပေါင်း ၄၂၀ တည်တံ့ခဲ့သော်လည်း “နောက်တည်သောအိမ်တော်” သည် နှစ်ပေါင်း ၅၈၄နှစ်ကြာ အသုံးတော်ခံခဲ့သည်။ (ဘီစီအီး ၅၁၅-စီအီး ၇၀) ထို့ကြောင့်ဒုတိယဗိမာန်တော်သည် ပို၍ ကြာရှည်စွာတည်ရှိခဲ့သည်။ ယုဒပြည် အပြင်ဖက်နိုင်ငံများမှ ယုဒအမျိုးသားများနှင့် ဘာသာဝင်များစုဝေးခဲ့သည့် စီအီး ၃၃ခုနှစ် ပင်တေကုတ္တေပွဲနေ့မျိုး၌ကဲ့သို့ ပို၍များပြားသော ကိုးကွယ်ဝတ်ပြုသူများ စုဝေးရောက်ရှိခဲ့ကြသည်။ ထိုမျှမက မေရှိယ ယေရှုခရစ်သည် “နောက်တည်သောအိမ်တော်” တွင် သွန်သင်ဆုံးမတော်မူခဲ့သည်။ ဤအချက်က သာ၍ကြီးမြတ်သော ဘာသာရေးဂုဏ်ရောင်ဆောင်လေသည်။