Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 October laim. 18-23
  • လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါ

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါ
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • စိတ်ထဲ ရှိသမျှ ယေဟောဝါကို ပြောပြပါ
  • ဆုတောင်းချက်တွေ ပို​လေးနက်​လာ​စေ​ပါ
  • ကျမ်းစာထဲက လှိုက်လှဲ​တဲ့ ဆုတောင်းချက်တွေကို တွေးတောဆင်ခြင်ပါ
  • ယေဟောဝါနဲ့ ဆက်​ရင်းနှီး​နေပါ
  • တခြားသူတွေ​အတွက် သတိတရ ဆုတောင်းပေးကြပါ
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thungetna Tawh Pasian Kiang Nai In
    Nuntak Nuam Nei Den In!—Lai Siangtho Sinkhopna
  • Na Thungetna Khangtosak In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Jehovah In “Lungsim Kitamte Damsak”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 October laim. 18-23

Sin Ding Thu 42

LA 44 နိမ့်ကျသူရဲ့ ဆုတောင်း​စကား

လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါ

“အို ယေဟောဝါ၊ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ခေါ်​နေပါတယ်။ ပြန်ထူး​လှည့်ပါ။”—ဆာ. ၁၁၉:၁၄၅။

အာရုံစိုက်​ရာ

ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ဆုတောင်းချက်တွေကနေ ဘာသင်ယူနိုင်သလဲ။

သင့်​ဆုတောင်းချက်တွေ ထပ်နေ​တယ်၊ သာမန်ကာ​လျှံကာ ဖြစ်နေ​တယ်၊ လုပ်ရိုးလုပ်စဉ်​လိုပဲ တောင်းနေ​မိ​တယ်​လို့ တစ်ခါတလေ ခံစားရ​သလား။ အဲဒီလို​ခံစားရတာ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့​အားလုံး ဗျာများ​လွန်းလို့ တစ်ခါတလေ လိုတိုရှင်း​ပဲ ဆုတောင်း​မိ​သွား​နိုင်​တယ်။ ဒါမှ​မဟုတ် ယေဟောဝါ​ဘုရားနဲ့ တရင်း​တနှီး ပြောဆိုဖို့ မထိုက်တန်ဘူးလို့ တွေးပြီး စိတ်ထဲ ရှိသမျှ မပြောဘဲ နေ​မိ​နိုင်တယ်။

၂ ယေဟောဝါ နားညောင်း​ဖို့ ဖွဲ့ဖွဲ့​နွဲ့နွဲ့ တောင်း​တတ်​စရာ မလိုဘူး၊ ကျိုးနွံမှု​ရှိရှိ စိတ်ရင်းမှန်နဲ့ တောင်းဖို့​ပဲ လိုတယ်လို့ ကျမ်းစာ သွန်သင်တယ်။ “စိတ်နူးညံ့သူတွေ​ရဲ့ တောင်းဆိုချက်” ကို ယေဟောဝါ ကြားတယ်။ (ဆာ. ၁၀:၁၇) ကျွန်တော်တို့ကို တကယ်​စိတ်ဝင်စား​လို့ ဆုတောင်း​စကား အခွန်းတိုင်း​ကို အာရုံစိုက် နားထောင်တယ်။—ဆာ. ၁၃၉:၁-၃။

၃ စိတ်ထဲ ရှိသမျှ ယေဟောဝါကို ဘာကြောင့် ပြောပြ​နိုင်​သလဲ။ ဆုတောင်းချက်တွေ ပို​လေးနက်​လာဖို့ ဘာ​လုပ်​နိုင်​သလဲ။ ကျမ်းစာထဲက ဆုတောင်းချက်တွေကို တွေးတော​ဆင်ခြင်တာက ဆုတောင်းချက်တွေကို ဘယ်လို ပို​လှိုက်လှဲ​လာ​စေ​နိုင်သလဲ။ ကိုယ့်​ခံစားချက်ကို စကားလုံးတွေ​နဲ့ မဖော်ပြနိုင်​တဲ့​အထိ သောက​ရောက်​နေရင်​ကော ဘာ​လုပ်​နိုင်​သလဲ။ ဒီဆောင်းပါးမှာ ဒီ​မေးခွန်းတွေကို ဆွေးနွေးပါမယ်။

စိတ်ထဲ ရှိသမျှ ယေဟောဝါကို ပြောပြပါ

၄ စိတ်ထဲ ရှိသမျှ ယေဟောဝါကို ပြောပြ​နိုင်​ဖို့ ဘာလုပ်ရမလဲ။ ယေဟောဝါကို ကိုယ့်​အကျိုး လိုလား​တဲ့ မိတ်ဆွေကောင်း​အဖြစ် သဘော​ထားရမယ်။ အဲဒီလို​သဘောထား​ဖို့ ဆာလံ ၁၁၉ ကျမ်း​ရေးသူ ကြိုးစားတယ်။ သူ့​ဘဝမှာ ပြဿနာတွေ မကင်း​ဘူး။ မဟုတ်​မမှန် စွပ်စွဲခံရတယ်။ (ဆာ. ၁၁၉:၂၃၊ ၆၉၊ ၇၈) အားနည်းချက်တွေ ရှိလို့ စိတ်ဓာတ်​ကျ​တယ်။ (ဆာ. ၁၁၉:၆၇) ဒါပေမဲ့ ယေဟောဝါဆီ ရင်ဖွင့်​ဆုတောင်း​ဖို့ မဝံ့မရဲ မဖြစ်​ဘူး။—ဆာလံ ၁၁၉:၁၄၅ ကို ဖတ်ပါ။

၅ ကြီးလေးတဲ့​အပြစ် လုပ်မိ​သူတွေကို​တောင် ယေဟောဝါ ဆု​တောင်းခိုင်းတယ်။ (ဟေရှာ. ၅၅:၆၊ ၇) ဒါကြောင့် ဆုတောင်းဖို့ ဘာ​အကြောင်းကြောင့်​မှ မဝံ့မရဲ မဖြစ်သင့်ဘူး။ ဥပမာ၊ ခရီးသွား​ရင်း လမ်းပျောက်သွား​တယ် ဒါမှ​မဟုတ် လမ်းမှားသွား​တယ် ဆိုပါစို့။ ဒေသခံ​တစ်ယောက်ကို အကူအညီ​တောင်းရင် လမ်းညွှန်ပေး​မယ်​ဆိုတာ သင် သိတယ်။ ဒါပေမဲ့ ရှက်လို့​ဆိုပြီး အကူအညီ​မတောင်းဘဲ နေ​မလား။ နေ​မှာ မဟုတ်ဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ ဘဝမှာ လမ်းပျောက်​နေတဲ့​အခါ၊ အမှား​လုပ်မိတဲ့​အခါ​မှာ​တောင် ယေဟောဝါဆီ ရဲရဲဝံ့ဝံ့ ဆုတောင်းနိုင်တယ်။—ဆာ. ၁၁၉:၂၅၊ ၁၇၆။

ဆုတောင်းချက်တွေ ပို​လေးနက်​လာ​စေ​ပါ

၆ ကိုယ့်​အတွေးတွေ၊ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြ​လေ ယေဟောဝါနဲ့ ပိုရင်းနှီး​ပြီး ဆုတောင်းချက်တွေ ပို​လေးနက်​လေ ဖြစ်လာမယ်။ ဆုတောင်းချက်တွေ ပို​လေးနက်​လာ​စေ​မယ့် အကြံပြုချက်​တချို့ကို သုံးသပ်ကြည့်ပါ။

၇ ယေဟောဝါဟာ ဘယ်လို​ဘုရား​မျိုး​လဲ​ဆိုတာ စဉ်းစားပါ။a ယေဟောဝါရဲ့ အရည်အသွေးတွေကို စဉ်းစားလိုက်တဲ့​အခါ ရင်ဖွင့်ဖို့ ပိုလွယ်လာမယ်။ (ဆာ. ၁၄၅:၈၊ ၉၊ ၁၈) စိတ်ကြမ်း​ကိုယ်ကြမ်း ဖခင်​လက်အောက်မှာ ကြီးပြင်းလာတဲ့ ညီအစ်မ ခရစ္စတင်း​အကြောင်း စဉ်းစားကြည့်ပါ။ “ယေဟောဝါကို ဖခင်​လို သဘောထားပြီး စကား​ပြောဖို့ ကျွန်မအတွက် တော်တော်​ခက်တယ်။ ပြီးတော့ ကျွန်မ​မှာ အပြစ်​အနာအဆာ​တွေ များ​လို့ ယေဟောဝါ စွန့်ပစ်​လိုက်​မလား​ဆိုပြီး ခံစားခဲ့ရတယ်” လို့ ပြောတယ်။ ဒါပေမဲ့ ခရစ္စတင်း ခံစားချက် ပြောင်းသွားတယ်။ ဘာကြောင့်လဲ။ “ခိုင်မြဲတဲ့​မေတ္တာတော်​အကြောင်း စဉ်းစားလိုက်တဲ့အခါ စိတ်ထဲ နွေးထွေး​သွားတယ်။ ယေဟောဝါက ကျွန်မကို ဘယ်တော့မှ လက်လွှတ်​မှာ မဟုတ်ဘူး။ လဲကျ​သွား​ရင်တောင် မေတ္တာနဲ့ ထူမ​ပေးမှာ။ အဲဒီလို​စဉ်းစား​လိုက်တော့ ဝမ်းသာစရာ​ဖြစ်ဖြစ်၊ ဝမ်းနည်းစရာ​ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ပြော​ထွက်လာတယ်” လို့ ပြောတယ်။

၈ ဘာ​ထည့်​တောင်း​မလဲ​ဆိုတာ စဉ်းစားထား​ပါ။ ‘လောလောဆယ် ငါ့​မှာ ဘာပြဿနာတွေ ရှိနေသလဲ။ တစ်ယောက်ယောက်ကို ငါ ခွင့်လွှတ်ဖို့ လိုနေ​သလား။ ငါ့​ဘဝမှာ အပြောင်းအလဲ​တစ်ခုခု ဖြစ်သွား​လို့ ယေဟောဝါ ကူညီ​မှ​ပဲ ရမယ့် ကိစ္စ​မျိုး ရှိနေ​သလား’ စသဖြင့် ဆုမတောင်းခင် စဉ်းစားပါ။ (၂ ဘု. ၁၉:၁၅-၁၉) ယေရှုရဲ့ စံပြ​ဆုတောင်းချက်​အတိုင်း ယေဟောဝါရဲ့ နာမတော်၊ နိုင်ငံတော်၊ အလိုတော်​နဲ့ပတ်သက်ပြီး ဘာ​ဆုတောင်း​နိုင်​သလဲ​ဆိုတာ​လည်း စဉ်းစားပါ။—မ. ၆:၉၊ ၁၀။

၉ ညီအစ်မ အလစ်စကာ​အကြောင်း သုံးသပ်ကြည့်ပါ။ ခင်ပွန်း​ဖြစ်သူ ဦးနှောက်​ကင်ဆာ ဖြစ်ပြီး ကြာ​ကြာ​မနေ​ရတော့ဘူး​ဆိုတာ သိလိုက်ရတယ်။ “ရင်ထဲ ဗလောင်ဆူ​နေ​တော့ ဘာ​ဆုတောင်းလို့ တောင်း​ရ​မှန်း​တောင် ကျွန်မ မသိတော့ဘူး” လို့ အလစ်စကာ ပြောတယ်။ ဒါနဲ့ ဘာလုပ်သလဲ။ “ကိုယ့်အတွက်၊ ခင်ပွန်း​အတွက်​ချည်း​ပဲ တောင်းတာ​မျိုး မဖြစ်အောင်​လို့ ဆုမတောင်းခင် အချိန်​နည်းနည်း ယူပြီး စိတ်​စုစည်း​လိုက်တယ်။ ယေဟောဝါကို ဘာတွေ ပြောပြ​မလဲ စဉ်းစားထား​တယ်။ အဲဒီလို​စဉ်းစားထား​တော့ ဆုတောင်းတဲ့​အချိန် စိတ်​က တည်ငြိမ်​နေ​ရော။ ယေဟောဝါကို ပြောပြ​စရာ အများကြီး ထွက်လာ​လို့ ဆုတောင်းတာ ဘောင်​ကျယ်​လာတယ်” လို့ ပြောတယ်။

၁၀ အချိန်ယူပြီး အေးအေးဆေးဆေး ဆုတောင်းပါ။ တိုတိုတုတ်တုတ်​နဲ့​လည်း လေးနက်​အောင် ဆုတောင်းလို့ ရပေမဲ့ အချိန်ယူပြီး ဆုတောင်းတဲ့​အခါ ယေဟောဝါကို ရင်တွင်း​ခံစားချက်တွေ ပို​ပြောပြ​ဖြစ်မယ်။b “တစ်နေ့တည်း​မှာ တိုတိုတုတ်တုတ်​နဲ့ ခဏခဏ ကျွန်တော် ဆုတောင်းတယ်။ ဒါပေမဲ့ အချိန်ယူပြီး အေးအေးဆေးဆေး ဆုတောင်း​တော့ ယေဟောဝါနဲ့ ပိုရင်းနှီး​လာ​သလိုပဲ။ ယေဟောဝါက ကျွန်တော် ဆုတောင်းတာ ဘယ်တော့ ပြီး​မလဲ​ဆိုပြီး စိတ်မရှည်​မဖြစ်​ဘူး။ ဒါကြောင့် အချိန်​ကြိုက်​သလောက် ယူ​လို့​ရတယ်” လို့ အလစ်စကာ​ရဲ့ ခင်ပွန်း အီလိုင်းဂျား ပြောတယ်။ သင်လည်း အနှောင့်အယှက်​ကင်းကင်း အသံထွက် ဆုတောင်းလို့​ရမယ့် အချိန်နဲ့ နေရာကို ရှာကြည့်ပါ။ အချိန်ယူပြီး အေးအေးဆေးဆေး ဆုတောင်းတဲ့​အကျင့် လုပ်ပါ။

ရုပ်ပုံ– ၁။ နေ​မထွက်ခင် ညီအစ်ကို​တစ်ယောက် စားပွဲ​မှာ ထိုင်၊ ကျမ်းစာ​ဖွင့်၊ ကော်ဖီ​သောက်​ရင်း တွေးတော​ဆင်ခြင်​နေ။ ၂။ နေထွက်ချိန်​အထိ သူ စားပွဲ​မှာ ဆက်​ထိုင်ပြီး အကြာကြီး ဆုတောင်းနေ။

အနှောင့်အယှက်​ကင်းကင်း အေးအေးဆေးဆေး ဆုတောင်းလို့​ရမယ့် အချိန်နဲ့ နေရာကို ရှာပါ (စာပိုဒ် ၁၀ ကို ကြည့်ပါ)


ကျမ်းစာထဲက လှိုက်လှဲ​တဲ့ ဆုတောင်းချက်တွေကို တွေးတောဆင်ခြင်ပါ

၁၁ ကျမ်းစာထဲက ဆုတောင်းချက်တွေ၊ ချီးမွမ်း​သီချင်းတွေ၊ ဆာလံ​သီချင်းတွေကို တွေးတော​ဆင်ခြင်​တာ အကျိုးရှိတယ်။ ဘုရားသခင့်​ကျေးကျွန်တွေ ဘယ်လို ရင်ဖွင့်​ဆုတောင်း​သလဲ သုံးသပ်တဲ့အခါ သင်လည်း ရင်ဖွင့်​ဆုတောင်း​တတ်လာမယ်။ ယေဟောဝါကို ဂုဏ်တင်​ချီးမွမ်း​နိုင်​တဲ့ အသုံးအနှုန်း​သစ်တွေ သိလာမယ်။ သင့်​အခြေအနေ၊ သင် တောင်း​ချင်​တာ​နဲ့ ထပ်တူ​ကျတဲ့ ဆုတောင်းချက်တွေ တွေ့​လာမယ်။

သူတို့​လို ခံစားနေရသလား

အခြေအနေ​အမျိုးမျိုး​အောက်မှာ ယေဟောဝါဆီ သစ္စာရှိ ကျေးကျွန်တွေ ရင်ဖွင့်​ဆုတောင်းကြတယ်။ သူတို့​လို သင် ခံစားနေရသလား။

  • ယာကုပ်ဟာ တအား​ကြောက်ပြီး စိုးရိမ်​နေပေမဲ့ ဆုတောင်းချိန်​မှာ မိမိ ဘယ်လောက် ကြောက်နေတယ်​ဆိုတာပဲ မပြောဘူး။ ယေဟောဝါကို ကျေးဇူးတင်ကြောင်း၊ ယုံကြည်​ကိုးစားကြောင်း ထည့်ပြောတယ်။—က. ၃၂:၉-၁၂။

  • ဘုရင်​ရှောလမုန်ဟာ ဘုရားပေး​တာဝန် ထမ်းဆောင်ဖို့ ငယ်​လည်း​ငယ်၊ အတွေ့အကြုံ​လည်း မရှိဘူးလို့ ခံစားရလို့ ယေဟောဝါဆီ အကူအညီ​တောင်းတယ်။—၁ ဘု. ၃:၇-၉။

  • ဒါဝိဒ်ဟာ ဗာသရှေဘ​နဲ့ မှားယွင်း​ပြီးနောက် “စင်ကြယ်တဲ့ စိတ်နှလုံးကို ဖန်ဆင်း​ပေး” ဖို့ ယေဟောဝါဆီ အသနားခံတယ်။—ဆာ. ၅၁:၉-၁၂။

  • မာရိဟာ အထူး​တာဝန် ရလာချိန်မှာ ယေဟောဝါကို ဂုဏ်တင်​ချီးမွမ်းတယ်။—လု. ၁:၄၆-၄၉။

အကြံပြုချက်– ကျမ်းစာ​ဇာတ်ကောင်​တစ်ယောက်ရဲ့ ဆုတောင်းချက်ကို ဖတ်ပြီးနောက် ‘ယေဟောဝါကို သူ့​ခံစားချက် ဘယ်လို ပြောပြ​ထား​သလဲ။ ယေဟောဝါ ဘယ်လို အဖြေပေးသလဲ’ ဆိုပြီး ဆန်းစစ်ပါ။ သက်ဆိုင်တဲ့ သင်ခန်းစာ​တွေ ကောက်နုတ်​ပါ။

၁၂ ကျမ်းစာထဲက ဆုတောင်းချက်​တစ်ချက်​ချက်ကို ဖတ်တဲ့​အခါ ‘ဒါ ဘယ်သူ့ ဆုတောင်း​စကား​လဲ။ ဘယ်လို​အခြေအနေမှာ ဒီလို​ဆုတောင်း​ထားတာ​လဲ။ သူ့လို ငါ ခံစားနေရသလား။ ဒီကနေ ငါ ဘာ​သင်ခန်းစာ ယူနိုင်သလဲ’ လို့ စဉ်းစားကြည့်ပါ။ အဖြေ​ရဖို့ ထပ်ဆင့်​ရှာဖွေ​လေ့လာ​ရနိုင်တယ်။ ဒါပေမဲ့ လေ့လာရကျိုး​နပ်​မှာ​ပါ။ ဆုတောင်းချက်​တချို့ကို နမူနာ​ကြည့်ရအောင်။

၁၃ ၁ ရှမွေလ ၁:၁၀၊ ၁၁ ကို ဖတ်ပါ။ ဟန္န​မှာ ပြဿနာကြီး​နှစ်ခု ရှိနေတယ်။ ပထမ​ပြဿနာက ဟန္န မြုံနေ​တာ။ ဒုတိယ​ပြဿနာက ဟန္န စိတ်ဆင်းရဲအောင် ပြိုင်ဘက်​ဇနီး အမြဲ​လုပ်နေတာ။ (၁ ရှ. ၁:၄-၇) မပြေလည်​နိုင်​တဲ့ ပြဿနာ​တစ်ခုခု သင့်​မှာ ရှိနေရင် ဟန္နရဲ့ ဆုတောင်းချက်​ကနေ ဘာသင်ယူနိုင်သလဲ။ ဟန္န အကြာကြီး ဆုတောင်းလို့၊ ထမ်းထားရတဲ့​ဝန်ကို ယေဟောဝါဆီ ပုံအပ်​လိုက်လို့ စိတ်​ပေါ့​သွားတယ်။ (၁ ရှ. ၁:၁၂၊ ၁၈) သင်လည်း ကြုံနေရတဲ့ ပြဿနာ​ကြောင့် ဘယ်လို ခံစားနေ​ရတယ်​ဆိုတာ သတ်သတ်မှတ်မှတ် ပြောပြပြီး “ထမ်းထားရတဲ့​ဝန်ကို ယေဟောဝါဆီ ပုံအပ်​လိုက်” ရင် စိတ်​ပေါ့​သွားနိုင်တယ်။—ဆာ. ၅၅:၂၂။

ရုပ်ပုံ– ၁။ ပေနိန္န​နဲ့ ရတဲ့ သားသမီးနှစ်ယောက်​နဲ့ ဧလကာန ကစားနေ​စဉ် ဟန္န ကြေကွဲ​စွာ မျက်နှာလွှဲ​နေ။ ၂။ မွေးကင်းစ ရင်သွေးလေး​ကို ချော့မြှူ​ရင်း ပေနိန္န ပြုံး​နေ။ ၃။ ဟန္န ပြင်းပြင်းပြပြ ဆုတောင်းရင်း ငို​နေ။ ၄။ ပုရောဟိတ်မင်း ဧလိ လက်ပိုက်​ပြီး ဟန္န​ကို ကြည့်နေ။

ဟန္နဟာ မြုံနေ​တဲ့​အပြင် ပြိုင်ဘက်​ဇနီးက စိတ်ဆင်းရဲအောင် အမြဲ​လုပ်လို့ ယေဟောဝါဆီ ရင်ဖွင့်​ဆုတောင်း (စာပိုဒ် ၁၃ ကို ကြည့်ပါ)


၁၄ သားလေး​ရှမွေလ မွေးပြီးနောက် နှစ်​အနည်းငယ်​မှာ သားလေး​ကို ပုရောဟိတ်မင်း ဧလိ​ဆီ ဟန္န ခေါ်သွားတယ်။ (၁ ရှ. ၁:၂၄-၂၈) သစ္စာရှိ ကျေးကျွန်တွေကို ကာကွယ်​စောင့်ရှောက်ပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်​ချီးမွမ်းတယ်။c (၁ ရှ. ၂:၁၊ ၈၊ ၉) ဟန္န​မှာ အိမ်တွင်းရေး ပြဿနာ ဆက်​ရှိ​ပုံ​ပါပဲ။ ဒါပေမဲ့ မိမိကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးတယ်​ဆိုတာ​ပဲ အာရုံစိုက်တော့တယ်။ ဘာ​သင်ခန်းစာ ရသလဲ။ ကျွန်တော်တို့လည်း ရှေးသစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ထောက်မပေး​ခဲ့​သလဲ၊ ကိုယ့်ကို အခုချိန်ထိ ဘယ်လို ထောက်မပေး​နေ​သလဲ​ဆိုတာ အာရုံစိုက်​ရင် ပြဿနာ ရှိနေတုန်းပဲ​ဆိုရင်တောင် ခံရပ်နိုင်မယ်။

၁၅ ယေရမိ ၁၂:၁ ကို ဖတ်ပါ။ လူဆိုးတွေ အောင်မြင်​နေတာ ကြည့်ပြီး ပရောဖက် ယေရမိ စိတ်​အနှောင့်အယှက်​ဖြစ်လာတယ်။ အစ္စရေး​အချင်းချင်း ဖြစ်လျက်နဲ့ မိမိကို လှောင်ပြောင်​သရော်​သူ​တွေ​ကြောင့် စိတ်ဓာတ်ကျလာတယ်။ (ယေ. ၂၀:၇၊ ၈) ကျွန်တော်တို့လည်း လှောင်ပြောင်​သရော်​ခံကြရ​လို့၊ လူဆိုးတွေ ကြီးပွား​ကောင်းစား​နေတာ မြင်ကြ​ရလို့ ယေရမိရဲ့ ခံစားချက်ကို နားလည်နိုင်တယ်။ မကျေမနပ် ဖြစ်​မိ​တာ​တွေ ယေရမိ ထုတ်ပြော​ပေမဲ့ ယေဟောဝါ တရား​မမျှတ​ဘူး​လို့​တော့ မပြောဘူး။ ပုန်ကန်​တဲ့​လူမျိုး ပြစ်ဒဏ်​စီရင်ခံရတာ​ကို မြင်တော့ ယေဟောဝါ တရား​မျှတတယ်​ဆိုတာ ပို​စိတ်ချ​သွားမှာပဲ။ (ယေ. ၃၂:၁၉) ကျွန်တော်တို့လည်း မကျေမနပ် ဖြစ်​မိ​တာ​တွေ ယေဟောဝါကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တယ်။ ဒါပေမဲ့ အချိန်တန်တဲ့အခါ ယေဟောဝါ အမျှတ​ဆုံး တရား​စီရင်ပေးမယ်​ဆိုတာ စိတ်ချရမယ်။

၁၆ ဆာလံ ၄၂:၁-၄ ကို ဖတ်ပါ။ ဒီ​ဆာလံ​သီချင်းကို ပြည်နှင်ခံ လေဝိ​အမျိုးသား​တစ်ယောက် ရေးထားတာ။ ယုံကြည်သူချင်းတွေနဲ့​အတူ ဗိမာန်တော်မှာ ဝတ်မပြု​နိုင်​လို့ ဘယ်လို ခံစားရတယ်​ဆိုတာ သူ ရေးတဲ့ ဆာလံ​သီချင်း​က ဖော်ပြနေတယ်။ ကျွန်တော်တို့လည်း အကြောင်းကြောင်းကြောင့် အိမ်မှာ ခြေချုပ်​မိ​နေ​ရင် ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် ထောင်ကျ​နေ​ရင် သူ့​ခံစားချက်ကို နားလည်မှာ​ပါ။ ခဏ​နေ စိတ်အား​တက်​လာ​လိုက်၊ တော်​ကြာ စိတ်ဓာတ်​ကျ​သွား​လိုက်​နဲ့ ရင်ထဲ ယောက်ယက်ခတ်​နေနိုင်တယ်။ ဘယ်လိုပဲ ခံစား​နေရပါစေ ယေဟောဝါကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ယေဟောဝါကို ပြောပြ​ရင်း​နဲ့​မှ ကိုယ့်​ခံစားချက်ကို ပြန်​ဆန်းစစ်​မိ​လာတာ၊ ပိုအရေးကြီးတဲ့​အရာတွေကို အာရုံစိုက်မိ​လာတာ ဖြစ်နိုင်တယ်။ လေဝိ​အမျိုးသား​ဆိုရင်လည်း ယေဟောဝါကို ချီးမွမ်းဖို့ အခွင့်အရေး​တွေ ရှိပါ​သေး​လား​ဆိုပြီး သဘောပေါက်သွားတယ်။ (ဆာ. ၄၂:၅) မိမိကို ယေဟောဝါ ဘယ်လို ဂရုစိုက်​နေသလဲ စဉ်းစားမိ​သွားတယ်။ (ဆာ. ၄၂:၈) မှန်ပါတယ်၊ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းတာက ကိုယ့်​ခံစားချက်ကို ဆန်းစစ်​မိ​စေ​တယ်။ စိတ်​ငြိမ်သက်စေ​တယ်။ ခံနိုင်ရည်​ခွန်အား ရှိစေတယ်။

ရုပ်ပုံ– ၁။ တောထဲမှာ လေဝိ​အမျိုးသား ပြင်းပြင်းပြပြ ဆုတောင်းနေ။ ၂။ ဆေးရုံ​တက်​နေ​ရတဲ့ ညီအစ်ကို​တစ်ယောက် ထိုင်ပြီး ဆုတောင်းနေ။ ပေါင်​ပေါ်မှာ ကျမ်းစာ ဖွင့်ထား။

ဆာလံ ၄၂ ကို ရေးတဲ့ လေဝိ​အမျိုးသား ရင်ဖွင့်​ဆုတောင်းနေ။ ကျွန်တော်တို့လည်း ရင်ဖွင့်​ဆုတောင်းတဲ့အခါ ပိုအရေးကြီးတဲ့အရာတွေကို အာရုံစိုက်မိ​လာနိုင် (စာပိုဒ် ၁၆ ကို ကြည့်ပါ)


၁၇ ယောန ၂:၁၊ ၂ ကို ဖတ်ပါ။ ငါး​ရဲ့ ဝမ်းဗိုက်​ထဲကနေ ပရောဖက် ယောန ဆုတောင်းနေတာ။ ယေဟောဝါ​စကား နားမထောင်​မိ​ခဲ့​ပေမဲ့ မိမိ​ခေါ်သံ​ကို ယေဟောဝါ ကြား​မယ်​ဆိုတာ စိတ်ချတယ်။ အသနားခံ​ဆုတောင်းချက်​မှာ ဆာလံ​ကျမ်း​ထဲက အသုံးအနှုန်း တော်တော်များများ ထည့်​သုံး​သွားတယ်။d ဆာလံ​ကျမ်းကို အကျွမ်းတဝင် ရှိတာ ထင်ရှားတယ်။ ကျမ်းစကားတွေကို ပြန်​စဉ်းစားလိုက်တဲ့​အခါ မိမိကို ယေဟောဝါ ကူညီပေးမယ်​ဆိုတာ ယောန စိတ်ချသွားတယ်။ ကျွန်တော်တို့လည်း ကျမ်းပိုဒ်​တချို့ အလွတ်​ရအောင် လုပ်​ထားမယ်​ဆိုရင် အခက်အခဲ ကြုံ​လို့ ဆုတောင်းတဲ့အခါ အဲဒီ​ကျမ်းပိုဒ်တွေ ပြန်​မှတ်မိ​လာပြီး နှစ်သိမ့်မှု ရလာမယ်။

ယေဟောဝါနဲ့ ဆက်​ရင်းနှီး​နေပါ

၁၈ ရောမ ၈:၂၆၊ ၂၇ ကို ဖတ်ပါ။ ကိုယ့်​ခံစားချက်ကို စကားလုံးတွေ​နဲ့ မဖော်ပြနိုင်​တဲ့​အထိ ကျွန်တော်တို့ တစ်ခါတလေ သောက​ရောက်​နေနိုင်တယ်။ ဒါပေမဲ့ အဲဒီလို​အချိန်မှာ “စွမ်းအားတော်​ကိုယ်တိုင် ကျွန်တော်တို့အတွက် အသနားခံ​ပေးတယ်။” ဘာကို ဆိုလိုသလဲ။ ကျွန်တော်တို့လို ထပ်တူ​အခြေအနေ ကြုံခဲ့​သူ​တွေ​ရဲ့ ဆုတောင်းချက်​များစွာ​ကို မှတ်တမ်း​တင်ဖို့ ကျမ်း​ရေးသူတွေကို စွမ်းအားတော်နဲ့ ယေဟောဝါ လမ်းညွှန်တယ်။ ဒါကြောင့် ကိုယ့်​ခံစားချက်ကို ဘယ်လို ဖော်ပြ​ရ​မှန်း​မသိ ဖြစ်နေတဲ့အခါ အဲဒီ​ဆုတောင်း​စကားတွေကို ကျွန်တော်တို့ရဲ့ ဆုတောင်း​စကားတွေ​အဖြစ် ယေဟောဝါ လက်ခံပြီး ဖြေကြား​ပေးနိုင်တယ်။

၁၉ ရုရှား​ညီအစ်မ ယေလီနာ​အကြောင်း စဉ်းစားကြည့်ပါ။ ဆုတောင်းလို့၊ ကျမ်းစာ​ဖတ်​လို့ အဖမ်းခံရတယ်။ “သောက​ဖိစီး​လွန်းလို့ ဆု​တောင် မတောင်း​နိုင်​ဘူး။ ဒါနဲ့ ကျမ်းစာထဲက ဘုရား​ကျေးကျွန်တွေရဲ့ ဆုတောင်း​စကားတွေကို ဖတ်တယ်။ အဲဒီစကားတွေကို ကျွန်မရဲ့ ဆုတောင်းချက်​အဖြစ် ယေဟောဝါ လက်ခံ​ပေးမယ်​ဆိုတာ သိလို့​ပါ။ . . . ဒီနည်းနဲ့ မခံမရပ်​နိုင်အောင် သောက​များတဲ့​အချိန်မှာ နှစ်သိမ့်မှု အတော်လေး ရခဲ့တယ်” လို့ ပြောတယ်။

၂၀ ဖိစီး​နေတဲ့အခါ ဆု​သာ တောင်း​ပေမဲ့ စိတ်ပျံ့လွင့်​နေနိုင်တယ်။ ဒါကြောင့် စိတ်​ပြင်ဆင်တဲ့အနေနဲ့ ဆာလံ​ကျမ်း​အသံဖိုင် နားထောင်နိုင်တယ်။ ဘုရင်​ဒါဝိဒ်လို ခံစားချက်တွေ ချရေးနိုင်တယ်။ (ဆာ. ၁၈။ ၃၄။ ၁၄၂။ ထိပ်စီး​စာသား​များ) ဆုမတောင်းခင် ဘယ်လို စိတ်​ပြင်ဆင်​သင့်​တယ်​ဆိုပြီး စည်းမျဉ်း​ရယ်​လို့ မရှိပါဘူး။ (ဆာ. ၁၄၁:၂) ကိုယ့်အတွက် အကျိုး​အရှိဆုံး ဖြစ်မယ့်​အရာကို​သာ လုပ်ပါ။

၂၁ ကျွန်တော်တို့ စကား​တစ်ခွန်း​မှ မဟ​ခင်ကတည်းက ကျွန်တော်တို့ရဲ့ ခံစားချက်ကို ယေဟောဝါ သိနှင့်နေတယ်။ (ဆာ. ၁၃၉:၄) ဒါပေမဲ့ ကျွန်တော်တို့ ယုံယုံကြည်ကြည် ပြောပြ​လာတာကို ကြားချင်တယ်။ ဒါကြောင့် ရင်ဖွင့်​ဆုတောင်းဖို့ မဝံ့မရဲ မဖြစ်ပါနဲ့။ ကျမ်းစာမှာ မှတ်တမ်း​တင်ထားတဲ့ ဆုတောင်းချက်တွေ​ကနေ သင်ယူပါ။ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါ။ ဝမ်းသာစရာ​ဖြစ်ဖြစ်၊ ဝမ်းနည်းစရာ​ဖြစ်ဖြစ် ပြောပြပါ။ သင့်ကို မိတ်ဆွေစစ် ယေဟောဝါ အမြဲ​ကူညီပေးမယ်။

NANGH BANGCI DAWNG DING?

  • စိတ်ထဲ ရှိသမျှ ယေဟောဝါကို ပြောပြနိုင်ဖို့ ဘာလုပ်ရမလဲ။

  • ဆုတောင်းချက်တွေ ပို​လေးနက်​လာဖို့ ဘာလုပ်ရမလဲ။

  • ကျမ်းစာထဲက ဆုတောင်းချက်တွေကို တွေးတော​ဆင်ခြင်​တဲ့အခါ ဘယ်လို အကျိုးရသလဲ။

LA 45 ကျွန်တော့်​နှလုံး​အကြံအစည်

a ခရစ်ယာန် အသက်တာ​အတွက် ကျမ်းပိုဒ်​များ စာအုပ်မှာ ပါတဲ့ “ယေဟောဝါ” ဆိုတဲ့ ခေါင်းစဉ်​အောက်​က “ယေဟောဝါရဲ့ ထူးခြားတဲ့ အရည်အသွေး​တချို့” ကို လေ့လာကြည့်ပါ။

b အသင်းတော်​ကိုယ်စား အများရှေ့ ဆုတောင်းချက်တွေ​ကတော့ တိုတုတ်​လေ့ရှိ​ပါတယ်။

c ဟန္နရဲ့ ဆုတောင်းချက်​ထဲက အသုံးအနှုန်းတွေ​ဟာ မောရှေ ရေးသားခဲ့တဲ့ ကျမ်းတွေ​ထဲက အသုံးအနှုန်းတွေ​နဲ့ ဆင်တူတယ်။ ကျမ်းစာကို ဟန္န အချိန်ယူ တွေးတော​တာ ထင်ရှားတယ်။ (တရား. ၄:၃၅။ ၈:၁၈။ ၃၂:၄၊ ၃၉။ ၁ ရှ. ၂:၂၊ ၆၊ ၇) ရာစုနှစ်​များစွာ​အကြာ ယေရှုရဲ့​မိခင် မာရိ ဆုတောင်းချိန်​မှာ ယေဟောဝါကို ဂုဏ်တင်​ချီးမွမ်း​တဲ့ စကားလုံးတွေ​ဟာ ဟန္နရဲ့ ဆုတောင်းချက်​မှာ ပါတာ​နဲ့ တော်တော်လေး ဆင်တူတယ်။—လု. ၁:၄၆-၅၅။

d ဥပမာ၊ ယောန ၂:၃-၉ ကို ဆာလံ ၆၉:၁။ ၁၆:၁၀။ ၃၀:၃။ ၁၄၂:၂၊ ၃။ ၁၄၃:၄၊ ၅။ ၁၈:၆။ ၃:၈ တို့နဲ့ နှိုင်း​ယှဉ်ကြည့်ပါ။ ယောနရဲ့ ဆုတောင်းချက်​အတိုင်း ကျမ်းပိုဒ်တွေ​ကို စီ​ထားတာ​ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ