ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၆ ဧပြီ စာ. ၁၄-၁၉
  • အခက်အခဲတွေအပေါ် အမြင်မှန် ရှိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခက်အခဲတွေအပေါ် အမြင်မှန် ရှိပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲတွေအပေါ် အမြင်မှန်ရှိတယ်ဆိုတာ ဘာလဲ
  • အမြင်မှန်မရှိတာက ဘာကြောင့် အန္တရာယ်ရှိသလဲ
  • အခက်အခဲတွေ ကြုံတဲ့အခါ အမြင်မှန်ရှိအောင် ဘာလုပ်နိုင်သလဲ
  • သင် အခက်အခဲများ ကြုံနေရခြင်းသည် ဘုရားသခင် ဒဏ်ခတ်ခြင်းကြောင့်လော
    နိုးလော့!—၂၀၀၉
  • ယေဟောဝါဟာ “အသက်ရှင်တဲ့ ဘုရားသခင်” ဖြစ်ကြောင်း သတိရပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကူညီပေးပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
က၂၆ ဧပြီ စာ. ၁၄-၁၉

ဇွန် ၁၅-၂၁၊ ၂၀၂၆

သီချင်း ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံရပ်တည်နေကြ

အခက်အခဲတွေအပေါ် အမြင်မှန် ရှိပါ

“အခက်အခဲတွေ၊ ဒုက္ခတွေ ကြုံတွေ့ရပေမဲ့ ပညတ်ချက်တွေကို ကျွန်တော် မြတ်နိုးနေဆဲပါပဲ။”—ဆာ. ၁၁၉:၁၄၃။

အာရုံစိုက်ရာ

အခက်အခဲဒုက္ခတွေအပေါ် အမြင်မှန် ရှိတာက ခံရပ်နိုင်ဖို့၊ ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။

၁-၂။ အခက်အခဲတွေကို ရင်ဆိုင်ခံရပ်နိုင်အောင် ဘာလုပ်ဖို့လိုသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

မတရားမှု၊ မိသားစု ဆန့်ကျင်မှု၊ နှိပ်စက်ညှဉ်းပန်းမှု ကြုံနေရသလား။ ရောဂါဒဏ်ခံနေရသလား ဒါမှမဟုတ် ဇရာထောင်းလာလို့ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေသလား။ ချစ်ရသူတစ်ယောက်ဆုံးပါးသွားလို့ ယူကျုံးမရဖြစ်နေလား။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ကြတဲ့ တခြားသူတွေလိုပဲ သင့်ဘဝမှာ “ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေနဲ့ပဲ ပြည့်နေ” နိုင်တယ်။—ဆာ. ၉၀:၁၀။

၂ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ ကားမောင်းတဲ့အခါ ကားမှန်က ညစ်ပတ်ပေရေပြီး မှုန်ဝါးနေမယ်ဆိုရင် လမ်းပေါ်က အန္တရာယ်တွေကို မမြင်နိုင်တော့ဘူး။ ဒါပေမဲ့ ကားမှန်က ကြည်လင်နေမယ်ဆိုရင် အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်မယ်။ အလားတူပါပဲ၊ အခက်အခဲဒုက္ခတွေနဲ့ပတ်သက်ပြီး အမြင်မှန် ရှိဖို့လိုတယ်။ အမြင်မှန်ရှိမှ အခက်အခဲတွေကို ခံရပ်နိုင်မယ်၊ ယေဟောဝါ ကျွန်တော်တို့ကို တွေးစေချင်သလို တွေးနိုင်မယ်၊ အခက်အခဲတွေကို ခံရပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကို သိနိုင်မယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ (၁) အခက်အခဲတွေအပေါ် အမြင်မှန်ရှိတယ်ဆိုတာ ဘာလဲ၊ (၂) အမြင်မှန်မရှိတာက ဘာကြောင့် အန္တရာယ်ရှိသလဲ၊ (၃) အခက်အခဲတွေ ကြုံတဲ့အခါ အမြင်မှန်ရှိအောင် ဘာလုပ်နိုင်သလဲ ဆိုတာ ဆွေးနွေးကြပါမယ်။

အမျိုးသားတစ်ယောက်မောင်းနေတဲ့ ကားက ကားမှန် ညစ်ပတ်ပေရေနေ။ သူ့ရှေ့တည့်တည့်မှာ လမ်းပိတ်ထားတာကို ရုတ်တရက် တွေ့လိုက်ရလို့ လန့်ဖြန့်သွား။

ကြုံတွေ့နေရတဲ့ အခက်အခဲဒုက္ခတွေကို ယေဟောဝါမြင်သလို မြင်တာက အောင်အောင်မြင်မြင် ရင်ဆိုင်နိုင်ဖို့ ကူညီပေး (စာပိုဒ် ၂ ကို ကြည့်ပါ)


အခက်အခဲတွေအပေါ် အမြင်မှန်ရှိတယ်ဆိုတာ ဘာလဲ

၃။ ဒီစနစ်ဆိုးနဲ့ပတ်သက်ပြီး ဘာကို လက်ခံရမလဲ။

၃ စနစ်ဆိုးမှာ အသက်ရှင်နေရတဲ့အတွက် အခက်အခဲတွေကို ရှောင်လွဲလို့ မရနိုင်ဘူး။ ကျွန်တော်တို့ မစုံလင်သေးသရွေ့၊ စာတန့်လောကမှာ အသက်ရှင်နေသေးသရွေ့ အခက်အခဲတွေ ကြုံရမှာပဲ။ ဒီအစီအစဉ်စနစ်ရဲ့ အဆုံးနီးလာလေ သဘာဝဘေးအန္တရာယ်တွေ၊ လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေ ပိုပြီးရင်ဆိုင်ကြုံတွေ့ လာရနိုင်တယ်။ (မ. ၂၄:၈။ ၂ တိ. ၃:၁၃) ဒီပြဿနာတွေကို ယေဟောဝါ လိုက်ဖြေရှင်းပေးမယ်ဆိုရင် လောကကို အုပ်ချုပ်နေတဲ့ စာတန်ကို ကူညီပေးရာရောက်သွားမယ်။ ဒီလောကကို စာတန် အုပ်ချုပ်နေသရွေ့ ‘ဘေးဆိုးတွေ’ ကြုံနေရဦးမှာပဲ။—ဒေ. ၉:၁၂။

၄။ ကျွန်တော်တို့ အခက်အခဲကြုံရတဲ့ နောက်အကြောင်းရင်းတစ်ခုက ဘာလဲ။

၄ ခရစ်ယာန်ဖြစ်လို့ ကြုံရတဲ့ အခက်အခဲတွေလည်း ရှိသေးတယ်။ ကျွန်တော့်နောက်လိုက်ဖြစ်လို့ နှိပ်စက်ညှဉ်းပန်းမှု ကြုံရမယ်ဆိုပြီး တပည့်တွေကို ယေရှုပြောတယ်။ (မ. ၂၄:၉။ ယော. ၁၆:၂) ဒါကြောင့် နှိပ်စက်ညှဉ်းပန်းမှုကြုံရတဲ့အခါ ကျွန်တော်တို့ တုန်လှုပ်မသွားကြဘူး။ ယေရှုနောက်လိုက်ဖြစ်လို့ ကြုံရတာဆိုပြီး ခံရပ်ကြတယ်။ (၁ သက်. ၃:၃၊ ၄) အခက်အခဲတွေ ကြုံရပေမဲ့ သစ္စာရှိရှိရပ်တည်တာက မှန်ရာကို လုပ်နေတာဖြစ်ပြီး အနာဂတ်မှာလည်း ထာဝရအသက်ရမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဆင်းရဲဒုက္ခတွေကြုံရပေမဲ့ ယေဟောဝါကို ဆက်ကိုးကွယ်တာက စာတန်ရဲ့စွပ်စွဲချက်မှားကြောင်း၊ ယေဟောဝါဟာ အကောင်းဆုံးအုပ်စိုးရှင်ဖြစ်ကြောင်း ဖော်ပြရာကျတယ်။ လူသားတွေဟာ ဘုရားကို ချစ်လို့ ကိုးကွယ်တာမဟုတ်ဘဲ အကျိုးရလို့ ကိုးကွယ်တာဆိုပြီး စာတန် စွပ်စွဲထားတယ်။ သူ့စွပ်စွဲချက် မှန်တယ်ဆိုတာ သက်သေပြဖို့ ယေဟောဝါရဲ့ ကျေးကျွန်တွေ ဒုက္ခကြုံရအောင် ပစ်မှတ်ထားတိုက်ခိုက်တယ်။ (ယောဘ ၁:၉-၁၁) ဒုက္ခကြုံရပေမဲ့လည်း ယေဟောဝါကို ချစ်တဲ့စိတ်နဲ့ ခံရပ်တဲ့အခါ ဘုရားစိတ်တော် ရွှင်လန်းတယ်။—ပညာ. ၂၇:၁၁။

၅။ ဒေသနာ ၇:၁၃၊ ၁၄ ကနေ ဘာသင်ယူနိုင်သလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)

၅ ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုထားတယ်။ ယေဟောဝါက ဘယ်တော့မှ မကောင်းတဲ့အရာနဲ့ လူတွေကို မစမ်းသပ်ဘူး။ (ယာ. ၁:၁၃) ဒါဆို ‘ဒုက္ခနေ့ကို ဘုရားသခင် ကျရောက်စေတယ်’ လို့ ရှောလမုန် ဘာကြောင့် ပြောတာလဲ။ (ဒေသနာ ၇:၁၃၊ ၁၄ ကို ဖတ်ပါ။) ယေဟောဝါက ကိစ္စတစ်ခုကို ဖြစ်ခွင့်ပြုတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ မှတ်တမ်းတင်တဲ့အခါ ယေဟောဝါ ဖြစ်ပေါ်စေတယ်လို့ ဖော်ပြလေ့ရှိတယ်။ ရှောလမုန်ရဲ့ စကားကနေ ဘာသင်ယူနိုင်သလဲ။ ပထမ၊ စာတန့်လောကမှာ အသက်ရှင်နေရတဲ့ မစုံလင်သူတွေအနေနဲ့ အဆင်ပြေတဲ့ရက်ရှိသလို ဒုက္ခရောက်တဲ့နေ့လည်း ရှိနိုင်တယ်ဆိုတာ အသိအမှတ်ပြုရမယ်။ အဆင်ပြေနေတယ်ဆိုရင် ယေဟောဝါရဲ့ ကောင်းမြတ်မှုအတွက် ကျေးဇူးတင်ချီးမွမ်းလိုက်ပါ။ ဒုတိယ၊ “အနာဂတ်မှာ ကြုံရမယ့်အရာတွေကို လူတွေ တပ်အပ်မသိနိုင်” တဲ့အတွက် အဆင်ပြေမလား၊ ဒုက္ခကြုံရမလားဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ ဖြောင့်မတ်တဲ့သူကော၊ မဖြောင့်မတ်တဲ့သူပါ မမျှော်လင့်ထားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်။

ရုပ်ပုံများ– အမျိုးသားတစ်ယောက် သူစိုက်ပျိုးထားတဲ့ ဥယျာဉ်မှာ အဆင်ပြေတဲ့နေ့ကော၊ အဆင်မပြေတဲ့နေ့ပါ ကြုံတွေ့ရ။ ၁။ လှိုင်လှိုင်သီးပွင့်နေတဲ့ ဥယျာဉ်ထဲက လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးတွေကို အမျိုးသား ပြုံးရွှင်စွာ ခူးဆွတ်နေ။ ၂။ ညှိုးနွမ်းပြိုပျက်နေတဲ့ ဥယျာဉ်ထဲက ပုပ်နေတဲ့ ခရမ်းချဉ်သီးတွေကို အမျိုးသား စိတ်မကောင်းစွာ ကြည့်နေ။

စာတန့်လောကမှာ အသက်ရှင်နေတဲ့အတွက် အဆင်ပြေတဲ့နေ့ရှိသလို အဆင်မပြေတဲ့နေ့တွေလည်း ရှိနိုင်တယ်ဆိုတာ အသိအမှတ်ပြုဖို့လို (စာပိုဒ် ၅ ကို ကြည့်ပါ)


၆။ အခက်အခဲတွေ ကြုံဖို့ ယေဟောဝါ ခွင့်ပြုတာ ဘာကြောင့်ဖြစ်မလဲ။ (ဟီဘရူး ၁၂:၇၊ ၁၁)

၆ အခက်အခဲတွေက ကိုယ့်ကိုယ်ကိုယ်မဟုတ်ဘဲ ဘုရားကို ပိုအားကိုးတတ်စေတယ်။ ကျွန်တော်တို့ ဘာအခက်အခဲတွေ ကြုံနေရသလဲဆိုတာ ယေဟောဝါ အမြဲသိပြီး ကူညီပေးတယ်။ ကျွန်တော်တို့ကို “မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲ လျှောက်” ဖို့ ယေဟောဝါ ခွင့်ပြုရင်တောင် ဆက်ပြီး လမ်းပြတယ်၊ မေတ္တာပြတယ်၊ ခံရပ်နိုင်ဖို့ ခွန်အားပေးတယ်။ (ဆာ. ၂၃:၄) ကြုံရတဲ့အခက်အခဲတွေကြောင့် ကိုယ်တိုင်ရဲ့အားနည်းချက်တွေကို သိမြင်လာတယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ အရည်အသွေးကောင်းတွေ ပိုရှိလာတယ်။ (ဟီဘရူး ၁၂:၇၊ ၁၁ ကို ဖတ်ပါ။) ဥပမာ၊ ယောဘဆိုရင် နှိမ့်ချမှု အရည်အသွေး အားနည်းနေမှန်း သိခဲ့ရတယ်။ ယောဘကြုံရတဲ့ အခက်အခဲတွေကို ယေဟောဝါ ဖြစ်ပေါ်စေတာ မဟုတ်ဘူး။ ဒါပေမဲ့ ဖြစ်ခွင့်ပြုတဲ့အတွက် ယောဘ အဖိုးတန်သင်ခန်းစာတွေ ရခဲ့တယ်။ (ယောဘ ၄၂:၁-၆) အခက်အခဲတွေကြောင့် နလန်မထူနိုင်တော့တဲ့အထိ ဖြစ်ဖို့ ယေဟောဝါ ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ ယောဘရဲ့ အဖြစ်အပျက်ကနေ သိနိုင်တယ်။ အခက်အခဲတွေကို သစ္စာရှိရှိ ခံရပ်သွားမယ်ဆိုရင် အဆုံးမှာ ဆုချခံရပါလိမ့်မယ်။—ရော. ၈:၃၅-၃၉။

၇။ ယုံကြည်ခြင်းကြောင့် နှိပ်စက်ခံရတဲ့အခါ ဘာကြောင့် ပျော်ရွှင်နိုင်သလဲ။

၇ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာလည်း ပျော်ရွှင်နိုင်ပါတယ်။ ယုံကြည်ခြင်းကြောင့် နှိပ်စက်ခံရတဲ့အခါ ဘုရားရဲ့မျက်နှာသာ ဆုံးရှုံးသွားတာလို့ မယူဆလိုက်ပါနဲ့။ ဘုရားနှစ်သက်တာကို လုပ်နေလို့ နှိပ်စက်ခံရတာ ဖြစ်တဲ့အတွက် ဘုရားကောင်းချီးတောင် ခံစားရမယ်။ (မ. ၅:၁၀-၁၂) အမြင်မှန်ရှိမယ်ဆိုရင် နှိပ်စက်ခံရတဲ့အခါ တမန်တော်တွေလို ဝမ်းမြောက်နိုင်မယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း ရှိမယ်။ (တ. ၅:၄၀-၄၂) တခြားသူတွေ အမှန်တရားသိလာအောင် ကူညီပေးနိုင်တဲ့အပြင် “ဘုရားကို ဂုဏ်တင်” ရာလည်း ရောက်တယ်။ (၁ ပေ. ၂:၁၂) ယောသပ်အကြောင်း စဉ်းစားကြည့်ပါ။ သူ ထောင်က လွတ်မြောက်လာမှ မဟုတ်ဘဲ ထောင်ကျနေစဉ်မှာလည်း ယေဟောဝါ သူ့ကို ကူညီပေးတယ်၊ ကောင်းချီးပေးတယ်။—က. ၉:၃၊ ၂၃။

၈။ အဆုံးတိုင်အောင် ခံရပ်တည်ကြည်နိုင်ဖို့ ဘာက တွန်းအားဖြစ်စေသလဲ။

၈ ဆင်းရဲဒုက္ခတွေ တစ်နေ့ အဆုံးတိုင်မယ်။ ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲပြဿနာတွေ၊ ဆင်းရဲဒုက္ခတွေ တစ်နေ့ အဆုံးတိုင်သွားမယ်ဆိုတာ ယောဘရဲ့ အတွေ့အကြုံကနေ သိရတယ်။ “ယေဟောဝါက ယောဘကို ဘဝရဲ့အစောပိုင်းနှစ်တွေထက် နှောင်းပိုင်းနှစ်တွေမှာ ပိုကောင်းချီးပေး” ခဲ့တယ်။ (ယောဘ ၄၂:၁၂) အလားတူပါပဲ၊ ကျွန်တော်တို့ ဘဝအသက်တာရဲ့ “နှောင်းပိုင်း” ကိုလည်း ကောင်းချီးပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ အခက်အခဲကြုံနေရတဲ့ လက်ရှိအချိန်ဟာ တဒင်္ဂဖြစ်ပြီး ကမ္ဘာသစ်ရောက်လာတဲ့အခါ ထာဝရကောင်းချီးတွေကို ခံစားရမယ်။ ဒါကိုသိရတာက အဆုံးတိုင်အောင် ခံရပ်တည်ကြည်ဖို့ အားဆေးတစ်ခွက်ပါပဲ။—မ. ၂၄:၁၃။

အမြင်မှန်မရှိတာက ဘာကြောင့် အန္တရာယ်ရှိသလဲ

၉။ အခက်အခဲပြဿနာတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ အမြင်မှန်မရှိတာက ဘာအန္တရာယ် ရှိသလဲ။

၉ အခက်အခဲပြဿနာတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ အမြင်မှန်မရှိတာက ဖြေရှင်းရ ပိုခက်ခဲသွားစေနိုင်တယ်။ ဘုရားသခင် လုပ်တာများလားလို့ တွေးထင်မိသွားနိုင်တယ်။ အဖြစ်ဆိုးတွေကြုံရတာ ဘုရားသခင်ကြောင့်လို့ အစပိုင်းမှာ ယောဘ ထင်ခဲ့တယ်။ ဒါကြောင့်လည်း “ဘုရားသခင်ထက် ပိုဖြောင့်မှန်တယ်ဆိုတာပြဖို့” ကြိုးစားခဲ့တယ်။ (ယောဘ ၃၂:၂) နောမိလည်း ဒုက္ခကြုံရတာ ဘုရားဒဏ်ခတ်လို့ဆိုပြီး ယေဟောဝါကို အပြစ်တင်ခဲ့တယ်။ (ရု. ၁:၁၃၊ ၂၀၊ ၂၁) ယောဘ၊ နောမိတို့မှာ ဒီအတွေးသာ ဆက်ရှိနေမယ်ဆိုရင် သူတို့နဲ့ ဘုရားကြားက ဆက်ဆံရေး ထိခိုက်သွားနိုင်တယ်။ (ပညာ. ၁၉:၃) ဒါပေမဲ့ သူတို့ကြုံနေရတဲ့ ဒုက္ခတွေကို အမြင်မှန်ရှိလာအောင် ယေဟောဝါ ကူညီပေးခဲ့တယ်။ သူတို့ရဲ့သစ္စာစောင့်သိမှုကို ဆုချခဲ့တယ်။

၁၀။ အခက်အခဲကြုံရတဲ့အခါ ဘယ်လို သံသယဝင်နိုင်သလဲ။

၁၀ ကြုံရတဲ့ အခက်အခဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ပေါ်စေတာ မဟုတ်မှန်း သိရင်တောင် ကိုယ့်ကို ဘုရားဂရုစိုက်ရဲ့လားဆိုပြီး သံသယ စဝင်လာနိုင်တယ်။ အဲဒီလို သံသယဝင်လာရင် ယေဟောဝါအတွက် အမှုဆောင်ရတာ ပိုအခက်တွေ့လာမယ်။ (ပညာ. ၂၄:၁၀) ဘုရင်ဒါဝိဒ်နဲ့ ပရောဖက် ဟဗက္ကုတ်အကြောင်း စဉ်းစားကြည့်ပါ။ ဒုက္ခရောက်ချိန်မှာ သူတို့ရဲ့ အကူအညီတောင်းသံကို ယေဟောဝါ ကြားရဲ့လားလို့ မေးခွန်းထုတ်ခဲ့တယ်။ (ဆာ. ၁၀:၁။ ဟဗ. ၁:၂) ဒါပေမဲ့ ဇွဲမလျှော့တမ်း ဆက်ဆုတောင်းတဲ့အခါ ယေဟောဝါ နားညောင်းပေးပြီး သူတို့လိုအပ်တဲ့ အကူအညီပေးခဲ့တယ်။ အခက်အခဲကြုံရတဲ့အခါ ကျွန်တော်တို့ကိုလည်း ယေဟောဝါ ကူညီပေးမယ်။—ဆာ. ၁၀:၁၇။

၁၁။ အခက်အခဲတွေနဲ့ပတ်သက်ပြီး အမြင်မှန်မရှိရင် ဘာဖြစ်နိုင်သလဲ။

၁၁ အမြင်မှန်မရှိရင် အခက်အခဲ ကြုံရတဲ့အခါ အံ့ဩတုန်လှုပ်ပြီး လက်မခံနိုင် ဖြစ်နေနိုင်တယ်။ (၁ ပေ. ၄:၁၂) ယေရှုရဲ့တပည့်တွေအကြောင်း စဉ်းစားကြည့်ပါ။ မိမိ ညှဉ်းပန်းနှိပ်စက်ခံရပြီး အသတ်ခံရမယ့်အကြောင်း ယေရှု ပြောတဲ့အခါ သူတို့ လက်မခံနိုင်ကြဘူး။ (လု. ၁၈:၃၃၊ ၃၄) ရှေ့မှာကြုံရမယ့် အရာတွေအကြောင်း ယေရှု ရှင်းရှင်းလင်းလင်း အသိပေးပေမဲ့ ဒါမျိုးကြုံရဖို့ ယေဟောဝါ ခွင့်ပြုမှာမဟုတ်ဘူးလို့ ပေတရု ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို အတွေးမျိုးရှိတာက ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ အတားအဆီးဖြစ်မယ်ဆိုတာ ယေရှု သိလို့ ပေတရုကို တည့်မတ်ပေးတယ်။ (မာ. ၈:၃၁-၃၃) ယေရှုသေဆုံးပြီးနောက်မှာတောင် ယေရှုအသတ်ခံရတဲ့ အကြောင်းရင်းကို တပည့်တွေ နားမလည်ကြသေးဘူး။ ယေရှု ဘာလုပ်သလဲ။ တပည့်တွေကို ဆက်ကူညီပေးတယ်။ ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တွေဆီသွားပြီး မိမိဒုက္ခဆင်းရဲခံရတဲ့ အကြောင်းရင်းကို ‘ကျမ်းချက်တွေနဲ့ အသေအချာ ရှင်းပြ’ တယ်။ (လု. ၂၄:၂၅-၂၇၊ ၃၂၊ ၄၄-၄၈) နောက်လိုက်တွေဟာ ယေရှုသွန်သင်ပေးတာတွေကို တွေးတောဆင်ခြင်လို့ သူတို့ ကြုံတွေ့ရတော့မယ့် ဆန့်ကျင်မှုတွေအတွက် အသင့်ဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့လည်း နှိပ်စက်ညှဉ်းပန်းမှု၊ စမ်းသပ်မှုတွေအကြောင်း ကျမ်းစာဖော်ပြထားတာတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် အခက်အခဲတွေ ကြုံလာတဲ့အခါ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။

၁၂။ ကြုံနေရတဲ့ အခက်အခဲအပေါ် အမြင်မှန်မရှိရင် ဘယ်လို ခံစားရနိုင်သလဲ။

၁၂ ကြုံရတဲ့အခက်အခဲအပေါ် အမြင်မှန်မရှိရင် မလိုအပ်ဘဲ စိတ်ဖိစီးလာနိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စပျစ်ခြံလုပ်သားတွေ ပုံဥပမာမှာ ယေရှု သင်ပေးတယ်။ ခြံလုပ်သားတချို့က သူတို့ရတဲ့ လုပ်အားခက မမျှတဘူးလို့ ခံစားရပြီး မကျေမနပ် ဖြစ်ကြတယ်။ ဒါပေမဲ့ ခြံပိုင်ရှင်က “ကျွန်တော် မတရား မလုပ်ဘူး” ဆိုပြီး သူတို့ထဲက တစ်ယောက်ကို ပြောတယ်။ (မ. ၂၀:၁၀-၁၃) အလုပ်သမားတွေ တကယ်တမ်း မတရား ဆက်ဆံခံရတာ မဟုတ်ဘူး၊ သူတို့တွေ မထားသင့်တဲ့ မျှော်လင့်ချက်ထားခဲ့လို့ပါ။ ဒီနေ့အချိန်မှာလည်း ညီအစ်ကို/မတချို့ဟာ မတရားဘူးလို့ ခံစားရနိုင်တယ်။ ဥပမာ၊ လုပ်ငန်းတော်အခွင့်ထူးတစ်ခု မရတာ ဒါမှမဟုတ် လက်လွှတ်လိုက်ရတာကြောင့် ဖြစ်နိုင်တယ်။ ဒါဆိုရင် ကြုံနေရတဲ့အခက်အခဲတွေအပေါ် အမြင်မှန်ရှိဖို့ ကျွန်တော်တို့ ဘက်ကနေ ဘာတွေလုပ်နိုင်သလဲ။

အခက်အခဲတွေ ကြုံတဲ့အခါ အမြင်မှန်ရှိအောင် ဘာလုပ်နိုင်သလဲ

၁၃။ အခက်အခဲ ကြုံရတဲ့အခါ ဘာဖြစ်နိုင်သလဲ။

၁၃ ဆင်းရဲဒုက္ခတွေ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ ကျမ်းစာ အမှန်တရားကို သင် သိထားမယ်။ အခက်အခဲကြုံနေရသူတွေ ခံရပ်နိုင်အောင် ကျမ်းစာနဲ့ အားပေးဖူးတာတောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်တိုင် ကြုံရတဲ့အခါမှာတော့ အမြင်မှန်ဆက်ရှိနေဖို့ ခက်နိုင်တယ်။ တစ်ခုခု အမှားလုပ်မိလို့ ကိုယ့်ကို ယေဟောဝါ ဒဏ်ခတ်တာများလား၊ ကိုယ့်ရဲ့ ဆုတောင်းချက်တွေကို ဘုရား နားမထောင်တော့ဘူးလားလို့ တွေးမိနိုင်တယ်။ အမြင်မှန်ဆက်ရှိနေဖို့ ဘာလုပ်ရမလဲ။

၁၄။ အခက်အခဲတွေ ကြုံရချိန်မှာ ဘာအတွက် ဆုတောင်းနိုင်သလဲ။ (ဖိလိပ္ပိ ၄:၁၃)

၁၄ အကူအညီရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကိုယ်ဘာကြုံနေရတယ်၊ ဘယ်လို ခံစားနေရတယ်ဆိုတာ ယေဟောဝါကို ရင်ဖွင့်ပြောပြပါ။ ဘယ်လို ကူညီပေးစေချင်တယ်ဆိုတာ သတ်သတ်မှတ်မှတ် ပြောပါ။ သန့်ရှင်းသောစွမ်းအားတော် ပေးဖို့လည်း တောင်းခံနိုင်တယ်။ စွမ်းအားတော်က ခံရပ်နိုင်ဖို့ လိုအပ်တဲ့ ခွန်အားပေးမယ်။ ဆုံးဖြတ်ချက်ကောင်းတွေချနိုင်ဖို့ ဉာဏ်ပညာပေးမယ်။ ဆုတောင်းချက်ကို သင်မျှော်လင့်မထားတဲ့ နည်းလမ်းနဲ့ ယေဟောဝါ အဖြေပေးနိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။ (ဧ. ၃:၂၀) ကောင်းကင်တမန်တွေ၊ ညီအစ်ကို/မတွေကတစ်ဆင့်လည်း သင့်ကို ထောက်မပေးနိုင်တယ်။ (ဆာ. ၃၄:၇) ယေဟောဝါ ကူညီပေးလာတဲ့ ဘယ်နည်းလမ်းကိုမဆို လိုလိုလားလား လက်ခံပါ။ စွမ်းအားတော်ကို ရက်ရက်ရောရော ပေးမှာဖြစ်လို့ ဘာအခက်အခဲပဲ ကြုံရပါစေ ခံရပ်နိုင်မယ်ဆိုတာ ယုံကြည်စိတ်ချပါ။—ဖိလိပ္ပိ ၄:၁၃ ကို ဖတ်ပါ။

၁၅။ အခက်အခဲကြုံချိန်မှာ ခံရပ်နိုင်ဖို့ ဘာက ကူညီပေးသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေမှာ အလုပ်များနေပါ။ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကို အရင်ကလောက် မလုပ်နိုင်တော့ရင်တောင် လုပ်နိုင်တာလေးတွေကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပါ။ ဘာကြောင့်လဲဆိုတော့ “အခက်အခဲတွေ၊ ဒုက္ခတွေ ကြုံတွေ့ရ” ချိန်မှာ ဘုရားတွေးသလို တွေးတတ်ဖို့ ပိုလိုအပ်လို့ပါ။ (ဆာ. ၁၁၉:၁၄၃) ကျမ်းစာကို ဖတ်ရှုလေ့လာတာ၊ တွေးတောဆင်ခြင်တာတွေကို မပျက်မကွက် ဆက်လုပ်နေပါ။ အမှုဆောင်လုပ်ငန်းမှာ တတ်နိုင်သလောက် ပါဝင်ပါ။ အစည်းအဝေးတွေ တက်ပါ၊ မှတ်ချက်တွေပေးပါ။ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းပါ။ တစ်ယောက်ထဲနေချင်တဲ့အခါတွေ ရှိနိုင်ပေမဲ့ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ အကြာကြီးမနေပါနဲ့။—ပညာ. ၁၈:၁။

ဆေးရုံ ကုတင်ပေါ်မှာ ညီအစ်ကိုတစ်ယောက် “ကင်းမျှော်စင်” လေ့လာမှုကို ဗီဒီယိုချိတ်ဆက်မှုကတစ်ဆင့် တက်ရောက်နေ။ “ကင်းမျှော်စင်” မဂ္ဂဇင်းနဲ့ ကျမ်းစာကို ဖွင့်ပြီး အာရုံစိုက်နားထောင်နေ။

ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာ အတတ်နိုင်ဆုံး ပါဝင်ပါ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


၁၆။ အခက်အခဲကြုံရတဲ့အခါ ဘယ်သံသယစိတ်တွေ ဝင်လာနိုင်သလဲ။ ဘယ်လို ချေဖျက်နိုင်သလဲ။ (၂ ကောရိန္သု ၁၀:၄၊ ၅)

၁၆ သံသယစိတ်တွေကို ချေဖျက်ပါ။ အခက်အခဲကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်လာနိုင်တယ်။ ယေဟောဝါအပေါ် သံသယစိတ်တွေ ဝင်လာနိုင်တယ်။ (၂ ကောရိန္သု ၁၀:၄၊ ၅ ကို ဖတ်ပါ။) အဲဒီအခါ ယေဟောဝါတွေးသလို တွေးတတ်ဖို့ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာအုပ်စာပေတွေမှာ ရှာဖွေလေ့လာပါ။ ဒါဆိုရင် “ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ” ရလာပြီး ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ မြင်သလို မြင်လာမယ်။ ယေဟောဝါအပေါ် ဝင်နေတဲ့ သံသယစိတ်တွေကိုလည်း ချေဖျက်နိုင်မယ်။ ဥပမာ၊ ကိုယ့်ကို ယေဟောဝါ နှစ်သက်လက်ခံသေးရဲ့လားဆိုပြီး သံသယဝင်နေသလား။ ပေါလုအကြောင်း လေ့လာကြည့်ပါ။ သူ့ရဲ့ အမှုဆောင်လုပ်ငန်းတစ်လျှောက် ဆိုးရွားတဲ့ အခက်အခဲတွေ ကြုံရတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကြောင့် ပေါလု သံသယမဝင်တဲ့အပြင် ခရစ်တော်နှစ်သက်လက်ခံတဲ့ အမှုတော်ဆောင်တစ်ယောက်ဖြစ်မှန်း ပိုတောင် ယုံကြည်စိတ်ချသွားသေးတယ်။ (၂ ကော. ၁၁:၂၃-၂၇) အရင်ကလုပ်ခဲ့တဲ့ အမှားတွေကို ယေဟောဝါ တကယ်ခွင့်လွှတ်ပေးသလားဆိုပြီး သံသယဝင်နေသလား။ ဒါဆိုရင် ယေဟောဝါရဲ့ခွင့်လွှတ်မှုအကြောင်း ဖော်ပြထားတဲ့ ကျမ်းချက်တွေကို စာရင်းပြုစုပါ။ (ဟေရှာ. ၄၃:၂၅) ပြီးတော့ အဲဒီကျမ်းချက်တွေကို ဖတ်ရှုပါ၊ တွေးတောဆင်ခြင်ပါ။ (ဆာ. ၁၁၉:၉၇) အဖြစ်ဆိုးတစ်ခုခုကြုံနေရလို့ သစ္စာရှိကျေးကျွန်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့ ဘုရားရဲ့ကတိကို သံသယဝင်နေသလား။ ဒါဆိုရင် ဆင်းရဲဒုက္ခတွေကို ဘုရားခွင့်ပြုရတဲ့ အကြောင်းရင်းကို လေ့လာပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဝတ်ပြုရေးပိုင်း ထိခိုက်မသွားအောင် ကာကွယ်ပေးတယ်ဆိုတာ ဆန်းစစ်ပါ။ (ဆာ. ၉၁:၉-၁၂) အဖြစ်ဆိုးကြုံတွေ့ရပေမဲ့ အောင်အောင်မြင်မြင် ခံရပ်နိုင်ခဲ့ကြတဲ့ ညီအစ်ကို/မတွေအကြောင်းကိုလည်း ဖတ်ကြည့်ပါ။a

၁၇။ အခက်အခဲကြုံရတဲ့အခါ ဘာလုပ်ရမလဲ။

၁၇ အခုလောလောဆယ် သင် ဘာအခက်အခဲမှ မရှိဘဲ “အရာရာ အဆင်ပြေ” နေသလား။ ဒါဆိုရင် ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းလိုက်ပါ။ ဘုရားရဲ့ကောင်းမြတ်မှုကို ကျေးဇူးတင်ကြောင်းပြနိုင်ဖို့ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပါ။ (ဒေ. ၇:၁၄) ဒါပေမဲ့ အခက်အခဲတွေ ကြုံရရင်တော့ အမြင်မှန်ဆက်ရှိနေဖို့ ကြိုးစားပါ။ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားနေပါ။ ဒီလိုလုပ်သွားရင် ယေဟောဝါဘုရားက “ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်။” (၁ ကော. ၁၀:၁၃) ကျွန်တော်တို့သိပ်ချစ်ရတဲ့ ညီအစ်ကို/မတွေ အခက်အခဲတွေ ကြုံရတဲ့အခါမှာကော။ သူတို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • အခက်အခဲဒုက္ခတွေအပေါ် အမြင်မှန်ရှိဖို့ ဘာလုပ်ရမလဲ။

  • အခက်အခဲအပေါ် အမြင်မှန်မရှိရင် ဘယ်လို အန္တရာယ်ရှိသလဲ။

  • အခက်အခဲဒုက္ခ ကြုံရချိန်မှာ ဘာလုပ်ရမလဲ။

သီချင်း ၁၅၀ ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ

a ဥပမာ၊ သားဖြစ်သူ ဆုံးပါးသွားတဲ့ ကြေကွဲဝမ်းနည်းမှုကို ညီအစ်ကို ဒေးဗစ် မာဇာနဲ့ သူ့မိသားစု ဘယ်လိုခံရပ်ခဲ့သလဲဆိုတာ သိနိုင်ဖို့ jw.org ဝက်ဘ်ဆိုက်က “ပြိုကွဲသွားတဲ့ ပျော်စရာ မိသားစုဘဝကို ပြန်တည်ဆောက်” ဆိုတဲ့ ဘဝအတ္ထုပ္ပတ္တိ ဆောင်းပါးကို လေ့လာပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ