ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့”
ယေရှု၏တောင်ပေါ်ဒေသနာတွင် တပည့်တော်များကို ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။” ကိုယ်တော်သည် သူတို့ကို ဆက်ပြီးဤသို့တိုက်တွန်းခဲ့သည်– “ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကိုလင်းစေကြလော့။”—မဿဲ ၅:၁၄-၁၆။
အီတလီတွင် ယေဟောဝါသက်သေတို့၏ အလုပ်မွန်များအတွက် သတိမပြုမိဘဲမရှိခဲ့ပါ။ ဥပမာ၊ အောက်ပါမှတ်တမ်းများက ထောက်ခံထားသည့်အတိုင်း နှစ်ပတ်လည်စည်းဝေးကြီးများကို တက်ရောက်သောသူတို့၏ အမူအကျင့်ကောင်းများသည် ဘုရားသခင်အား ချီးမွမ်းခြင်းဖြစ်စေပါသည်–
▪ အီတလီနိုင်ငံ တာနီမြို့ရှိ အားကစားကွင်းအနီး၌ သမီးဖြစ်သူ၏လက်ဖက်ရည်ဆိုင်တွင် နှစ်အတော်ကြာ ကူညီစီမံပေးသည့် အမျိုးသမီးတစ်ဦးက ဤသို့ပြောပြသည်– “ဘောလုံးပွဲလာသူများနဲ့ ယေဟောဝါသက်သေများရဲ့စည်းဝေးကြီးကို တက်ရောက်ကြတဲ့ ကိုယ်စားလှယ်များအကြား အကြီးအကျယ်ကွာခြားတာကို ကျွန်မသတိပြုမိတယ်။ သက်သေခံတွေရဲ့ ဝတ်စားဆင်ယင်မှုဟာ ပိုပြီးဣန္ဒြေရှိတဲ့အပြင် ရိုးသားမှု၊ ရိုကျိုးမှုလည်းရှိကြတယ်။ လူအမျိုးမျိုးဟာ ဘယ်လိုလုပ်ပြီး အဲဒီလောက်သင့်သင့်မြတ်မြတ်နေနိုင်ကြသလဲဆိုပြီး ကိုယ့်ကိုကိုယ် မကြာခဏမေးလေ့ရှိတယ်။
“တစ်နေ့ သက်သေခံတစ်ယောက်က ဘုရားသခင့်နာမည်သိသလားဆိုပြီး လမ်းပေါ်မှာ ကျွန်မကိုမေးတယ်။ ကျွန်မ မသိပါဘူး၊ ယေဟောဝါသက်သေတွေဟာ လူကောင်းတွေဆိုတာသိထားတဲ့အတွက်ကြောင့် ကျွန်မဆီသူမလာလည်မှာကို သဘောတူလိုက်တယ်။ သေသောသူရဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျွန်မမေးတဲ့မေးခွန်းတွေကို သူမက သမ္မာကျမ်းစာကနေ အဖြေပေးပါတယ်။ တုံ့ဆိုင်းခြင်းမရှိဘဲ ကျမ်းစာသင်အံမှုလက်ခံလိုက်ပြီး နှစ်ပတ်အကြာမှာ အစည်းအဝေးများကို စတက်ခဲ့ပါတယ်။
“သမီးက ပထမတော့ကန့်ကွက်ပေမဲ့ ကျွန်မရဲ့အပြုအမူနဲ့ဆုံးဖြတ်ချက်ကြောင့်သမီးသဘောထားပြောင်းလဲခဲ့ပါတယ်။ လွန်ခဲ့တဲ့ကိုးလက သင်အံမှုစတယ်။ ဒီနေ့ သမီးနဲ့သူမရဲ့ခင်ပွန်းတို့ဟာ သူတို့ရဲ့လက်ဖက်ရည်ဆိုင်မှာ လာသောက်ကြတဲ့သက်သေခံတွေကို ချီးမွမ်းစကားတွေပြောကြတယ်။ ကျွန်မကတော့ ဒီအားကစားကွင်းမှာကျင်းပတဲ့စည်းဝေးကြီးမှာ နှစ်ခြင်းခံခဲ့တယ်။”
▪ ရိုးဇေတိုး ဒဲလ်ယီ အာဘရွတ်စီမြို့တွင် စည်းဝေးကြီးပြီးနောက် စခန်းမန်နေဂျာတစ်ယောက်က ဤသို့သတိပြုမိသည်– “ယေဟောဝါသက်သေတို့ရဲ့ လုပ်ဆောင်မှုအားလုံးမှာ သိပ်ကိုရိုးသားတယ်ဆိုတာ ကျွန်တော်သတိထားမိတယ်။ လွန်ခဲ့တဲ့အပတ်က ကျွန်တော်ရဲ့စခန်းမှာ သက်သေခံအယောက် ၄၀ လာတည်းတယ်၊ ဘာပြဿနာမှ မပေါ်ခဲ့တဲ့အပြင် သူတိုရဲ့ စခန်းချယာဉ် သို့မဟုတ် ရွက်ဖျင်တဲမှာ လူတစ်ယောက်ပိုနေရင်တောင် လာပြောတာ သူတို့ပဲရှိတယ်။ ကျွန်တော်စဉ်းစားမိသလောက်တော့ သူတို့ဟာ အကောင်းဆုံးဖောက်သည်တွေပါပဲ။”
▪ ထိုစည်းဝေးကြီးပြီးသည့်နောက် ဟိုတယ်မန်နေဂျာတစ်ယောက်က ဤသို့ဆိုသည်– “ယေဟောဝါသက်သေတွေအားလုံး ငြိမ်သက်မှုရှိကြတယ်။ သူတို့ဟာ ရုန်းရင်းခတ်ပြုတတ်သူများမဟုတ်ဘဲ စောစောအိပ်ကြတယ်။ ကြင်နာမှု၊ ရိုးသားမှုတကယ်ရှိပြီး အမူအကျင့်လည်းကောင်းကြတယ်။ တကယ်လို့ လူတိုင်း သူတို့လိုဖြစ်ကြမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ တခြားသူတွေဟာ ပန်းအိုးတွေ၊ ဆေးလိပ်ပြာခွက်တွေအပြင် အိမ်သာသုံးစက္ကူနဲ့ သကြားစတဲ့ ဘယ်အရာကိုမဆို ခိုးကြတယ်! ခင်ဗျားတို့က ဘယ်တော့မှ ဒီလိုမလုပ်ကြဘူး။ ညနေပိုင်းမှာ ခင်ဗျားတို့ရဲ့ကလေးတွေ ရေခဲသေတ္တာထဲက ရေခဲမုန့်ယူကြတဲ့အခါ ဘာယူသွားသလဲဆိုပြီး ဒုက္ခခံသွားစစ်ဆေးစရာမလိုဘူး။ သူတို့ဟာ ငွေတွက်ချက်ပြီး ချက်ချင်းလာပေးပါတယ်။ ကျွန်တော် သူတို့ကို စိတ်အချဆုံးပဲ။ အခြားသူတွေလည်း အဲဒီလိုဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ! ကျွန်တော့်ဧည့်သည်အားလုံး ယေဟောဝါသက်သေတွေဖြစ်ပါစေလို့ ဆန္ဒပြုမိတယ်။”
ကမ္ဘာ့အခြားဒေသများမှာကဲ့သို့ အီတလီတွင်လည်း ယေဟောဝါသက်သေများကို လူသိများလာသည်။ သူတို့သည် ‘လူမျိုးများအကြား သူတို့၏ကောင်းသောအကျင့်များကို ထိန်းသိမ်းထားရာ’ သူတို့ခံယူထားသည့် စစ်မှန်သောဘုရားသခင်၏နာမတော်ကို ချီးမွမ်းခြင်းဖြစ်စေသည်။—၁ ပေတရု ၂:၁၂။