ဘုရားသခင့်နိုင်ငံတော်သတင်းဖြင့် အောင်မြင်သောလှုပ်ရှားမှု
“ဘဝသည် အဘယ့်ကြောင့် ပြဿနာများနှင့် ဤမျှပြည့်နှက်နေသနည်း။—ဒုက္ခကင်းဝေးသည့် ပရဒိသုတစ်ခု ဖြစ်နိုင်ပါမည်လော။” ယင်းသည် လွန်ခဲ့သောနှစ် ဧပြီနှင့်မေလအတွင်း ဘာသာစကားပေါင်း ၁၃၉ ဘာသာဖြင့် ကမ္ဘာချီဖြန့်ဝေခဲ့သည့် လေးမျက်နှာရှိ ဘုရားသခင့်နိုင်ငံတော်သတင်း နံပါတ် ၃၄ ဝေစာ၏ခေါင်းစဉ်ဖြစ်သည်။ ဂျမေကာသက်သေခံများသည် ဤလုပ်ငန်းတော်ဆိုင်ရာ လှုပ်ရှားမှုကို “ထိုနှစ်၏အမှတ်ထင်ထင်ဖြစ်သောအရာတစ်ခု” ဟုပြောကြသည်။ “ညီအစ်ကိုများအတွက် အကြီးအကျယ်ဝမ်းသာအားရစရာတစ်ခုဖြစ်သည်” ဟုဘယ်လ်ဂျီယံသက်သေခံများက ဆိုသည်။ ယင်းသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဝေငှခြင်း၌ ချက်သမ္မတနိုင်ငံရှိ ယေဟောဝါသက်သေများပါဝင်ခွင့်ရသည့် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ဌာနခွဲက “ဤလှုပ်ရှားမှုသည် ဇွဲလုံ့လနှင့် စိတ်အားတက်ကြွမှုကိုဖြစ်ပွားစေခဲ့သည်” ဟုသတင်းပေးပို့သည်။ အခြားနိုင်ငံအသီးသီးတွင်လည်း ထပ်တူစိတ်ဓာတ်မျိုးရှိခဲ့ကြောင်း ကြားသိရသည်။
ဘုရားသခင့်နိုင်ငံတော်သတင်း နံပါတ် ၃၄ သည် ဘာသာတရားအမည်ဖြင့်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူတို့အတွက် အထူးသတင်းပါရှိသည်။ (ယေဇကျေလ ၉:၄) ယင်းသည် ထိန်းချုပ်၍မရသော ‘နောက်ဆုံးအချိန်၏ခဲယဉ်းသည့်ကာလ’ ကြောင့် ဒုက္ခကြုံတွေ့နေရသူများအတွက် နှစ်သိမ့်မှုဖြစ်စေသည်။ (၂ တိမောသေ ၃:၁) ဘဝပြဿနာများသည် မကြာမီရှိတော့မည်မဟုတ်ကြောင်း ကျမ်းစာ၏အာမခံချက်ကို ဝေစာကညွှန်ပြသည်။ ဒုက္ခကင်းဝေးသောပရဒိသု မုချအမှန်ရှိမည်။ (လုကာ ၂၃:၄၃) ဘုရားသခင့်နိုင်ငံတော်သတင်းကိုဖတ်ရှုခဲ့ကြသူများစွာသည် သတင်းတရားသို့ ဆွဲဆောင်ခံရ၏။ တိုဂိုနိုင်ငံရှိသူတစ်ဦးက “ခင်ဗျားတို့တင်ပြထားတာတွေဟာ အငြင်းပွားစရာမရှိပါဘူး” ဟုသက်သေခံတစ်ဦးကို ပြောဆိုသည်။
ဤဘုရားသခင့်နိုင်ငံတော်သတင်းကို ဝေငှဖြန့်ဖြူးခြင်းသည် အထူးအာရုံစိုက်မှုဖြစ်စေခဲ့ကြောင်း မည်သူမျှမငြင်းဆိုနိုင်ပါ။ ဒိန်းမတ်ရှိ အိမ်ရှင်တစ်ဦးက သက်သေခံတစ်ဦးထံမှဝေစာကို လက်ခံယူပြီး “ကျွန်တော် အမေရိကန်ကပြန်လာခါစပဲရှိသေးတယ်။ အဲ့ဒီက မထွက်ခွာခင်ကလေးမှာပဲ ခင်ဗျားတို့ရဲ့ဝေစာကို လူတစ်ယောက်လာပေးသွားတယ်။ အခု ပြန်ရောက်နေတာ ဘယ်လောက်မှမကြာသေးဘူး။ အဲ့ဒီဝေစာကိုပဲ ဒိန်းမတ်ဘာသာစကားနဲ့ ရပြန်ပြီလေ!” ဟုပြောသည်။
ဤလှုပ်ရှားမှုကို အားတက်သရောပါဝင်ထောက်ခံကြ
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ဤဝေစာကိုဝေငှခြင်းလုပ်ငန်း၌ အားတက်သရောပါဝင်ခဲ့ကြသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကိုဝေငှဖြန့်ဖြူးသည့်လများအတွင်း အများဆုံးကြေညာသူနှုန်းသစ်များရရှိခဲ့သော နိုင်ငံအချို့မှာ ဩစတြီးယား၊ အယ်လ်စဗေးဒေါ၊ ဟေတီ၊ ဟန်ဂေရီ၊ အီတလီ၊ နယူးကယ်လီဒိုးနီးယားတို့ဖြစ်သည်။
ဇမ်ဘီယာတွင် တိုက်နယ်ကြီးကြပ်မှူးတစ်ဦးသည် တစ်အိမ်မှတစ်အိမ်သွားချိန်တွင် စာပေများ ကိုဝေငှတတ်ရန် သူ၏သုံးနှစ်သမီး၊ ဒက်ဘရာအား လေ့ကျင့်ပေးထားပါသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းနံပါတ် ၃၄ ကိုဝေငှခြင်းလုပ်ငန်းတွင် ဒက်ဘရာသည် ဝေစာ ၄၅ စောင်မက ဝေနိုင်ခဲ့သည်။ ဒက်ဘရာထံမှ ဘုရားသခင့်နိုင်ငံတော်သတင်းကိုလက်ခံယူသူအချို့နှင့် သူ၏မိခင်သည် ကျမ်းစာသင်အံမှုများ စတင်နိုင်ခဲ့ပါသည်။
တောင်အာဖရိကတွင် ဆယ်ကျော်သက်တစ်ဦးသည် ကျောင်းနေဖက် ကေရှာကို ဝေစာပေးကမ်းခဲ့သည်။ ကေရှာက ဝေစာကိုဖတ်ပြီးနောက် “ပရဒိသုကမ္ဘာပေါ်မှာ ထာဝစဉ်နေနိုင်မယ်ဆိုတာ တကယ်ကောင်းတဲ့သတင်းပဲ! ဒါကို ဘာ့ကြောင့်အရင်က မပြောပြတာလဲ” ဟုမေးသည်။ သို့နှင့် ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ တစ်ပတ်အတွင်း ကေရှာသည် နောက်ဝေစာတစ်စောင်ရပြန်သည်။ ဒုတိယတစ်ခုကို ဆိုက်ပရပ်စ်နိုင်ငံတွင်နေထိုင်သော သူမနှင့်စာရေးအဆက်အသွယ်ရှိသည့် ရိုမင်ကက်သလစ်သူငယ်ချင်းတစ်ဦးထံမှ ရရှိသည်။ ရိုမင်ကက်သလစ်အသင်း၏သွန်သင်ချက်များသည် အဘယ်ကြောင့်မှားနေကြောင်းနှင့် မိမိသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာရန် ရည်ရွယ်ထားကြောင်း ထိုအမျိုးသမီးက ရှင်းပြသည်။ ထို့ကြောင့်လည်း ကေရှာသည် ဆက်ကျမ်းစာလေ့လာရန် ပို၍အားရှိလာသည်မှာ အမှန်ပင်ဖြစ်သည်။
ဆွစ်ဇာလန်ရှိ ဆယ်နှစ်သားအရွယ်ကောင်လေးတစ်ဦးသည် မိခင်နှင့်အတူ ဝေစာကိုဖြန့်ဖြူးခြင်းလုပ်ငန်း၌ ပါဝင်ခဲ့သည်။ အမျိုးသမီးငယ်တစ်ဦးအား ဝေစာတစ်စောင်ကိုကမ်းလှမ်းကာ အသေအချာဖတ်ကြည့်ရန် တိုက်တွန်းခဲ့သည်။ ထိုအမျိုးသမီးငယ်က ကမ္ဘာမြေကြီးပေါ်မှာ အမြဲအသက်ရှင်နိုင်မည်ဟုဖော်ပြထားသည့်ရုပ်ပုံအတိုင်းဖြစ်လာမည်ကို သူငယ်အမှန်ပင်ယုံသလောဟု မေးသည်။ သူငယ်က မည်သို့ဖြေဆိုသနည်း။ “ကျွန်တော် တကယ်ယုံကြည်တာပေါ့။” ထိုနောက် မိမိ၏ဘာသာတရားတွင် ရှေ့နောက်မညီညွတ်မှု များလွန်းသောကြောင့် မှန်သောဘာသာတရားကို မိမိရှာနေကြောင်း ထိုအမျိုးသမီးက ပြောပြသည်။ ပြန်လည်ပတ်ချိန်တွင် သူမနှင့် ကျမ်းစာသင်အံမှုစတင်လိုက်ပါသည်။
ချက်ချင်းရရှိသော တုံ့ပြန်ပြောင်းလဲမှုများ
တစ်ခါတစ်ရံ ဘုရားသခင့်နိုင်ငံတော်သတင်းကိုဖတ်လိုက်သည်နှင့် ချက်ချင်းတုံ့ပြန်ပြောင်းလဲသူများကို တွေ့ရှိခဲ့ရ၏။ ဝေစာကိုဖတ်ပြီးနောက် ဘယ်လ်ဂျီယံမှ ၁၁ နှစ်သမီးတစ်ယောက်က မိမိသည် ဆိုင်မှအလစ်သုတ်ခဲ့ကြောင်း သက်သေခံတစ်ဦးအား ဝန်ခံသည်။ ကလေးမ၏မိခင်က ယင်းကိုအသိပေးစရာမလိုဟုဆိုသော်လည်း သူငယ်မသည် ဆိုင်မန်နေဂျာထံသွား၍ ဝန်ခံမည်ဟု ဆုံးဖြတ်ချက်ချထား၏။ နောက်ဆုံး မိခင်က သမီးကို သက်သေခံဖြစ်သူနှင့်သွား၍ ဝန်ခံခွင့်ပြုလေသည်။ မန်နေဂျာသည် အလွန်အံ့အားသင့်သွားသည်။ ဤသို့ဖြစ်ရခြင်းသည် ဘုရားသခင့်နိုင်ငံတော်သတင်းကြောင့်ဖြစ်ကြောင်း သူသိရှိသည့်အခါ ဤမျှတန်ခိုးပါသည့်အကြောင်းအရာကို သိရှိလိုသဖြင့် သူကိုယ်တိုင်တစ်စောင်လက်ခံယူခဲ့သည်။ ယခု ဤသူငယ်မလေးသည် ကျမ်းစာလေ့လာနေရာ တိုးတက်နေပါသည်။
ကဲန်မရွန်းရှိ သက်သေခံတစ်ဦးသည် အမျိုးသားတစ်ဦးကို ထိုဘုရားသခင့်နိုင်ငံတော်သတင်းဝေငှခြင်းအကြောင်း ဤသို့ပြောပြသည်– “ကျွန်မတို့ပြန်သွားတဲ့အခါ ဝေစာကို သူမျဉ်းသားထားတာကိုတွေ့ခဲ့ရတယ်။ မေးခွန်းတွေလည်း မေးတယ်။ ရရှိတဲ့အဖြေတွေကို သူကျေနပ်စွာနဲ့ ‘လူတွေစိတ်မချမ်းသာရတာ ဘာသာတရားကြောင့်ဆိုတာ အရမ်းမှန်တယ်။ ဒီဝေစာကြောင့် အတော်မျက်စိပွင့်သွားတယ်။ ဒါပေမဲ့ သိချင်တာတွေရှိသေးတယ်’ လို့ပြောတယ်။” ယခု သူသည် မှန်မှန်ကျမ်းစာလေ့လာနေပါသည်။
ဥရုဂွေးတွင် တစ်အိမ်မှတစ်အိမ်သွားနေသော သက်သေခံတစ်ဦးသည် အမျိုးသားတစ်ဦးကို ဝေစာပေးခဲ့သည်။ သက်သေခံဖြစ်သူသည် ထိုရပ်ကွက်တွင် တစ်အိမ်မှတစ်အိမ်ဆက်သွားခဲ့ရာ ထိုအိမ်ရှင်၏ အနောက်ဘက်တံခါးပေါက်သို့ရောက်သွားသောအခါ သူသည် ဝေစာကိုင်လျက် မိမိကိုစောင့်နေသည်ကိုတွေ့ရှိရသဖြင့် အံ့အားသင့်ခဲ့ရသည်။ ယင်းကိုဖတ်ပြီးပြီဖြစ်၍ ထပ်မံသိချင်သောအကြောင်းအရာများရှိနေသည်ဟုဆို၏။ သို့နှင့်ပင် ကျမ်းစာသင်အံမှု စတင်လိုက်လေသည်။
ဝေငှဖြန့်ဖြူးခြင်းတွင် လူထုလည်းပါဝင်
ဂျပန်နိုင်ငံတွင် သက်သေခံငယ်တစ်ဦးသည် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကို ဝေစာကမ်းလှမ်းခဲ့သည်။ ထိုသူက “မျက်မမြင်သူတွေနဲ့တွေ့တဲ့အခါ ဘယ်လိုလုပ်သလဲ” ဟုမေးသည်။ သက်သေခံက မိမိမည်သို့လုပ်ရမည်ကိုမသိကြောင်း ဝန်ခံသည်။ ထိုအခါ သူက ခဏစောင့်ရန်ပြောဆိုပြီး အိမ်ထဲဝင်သွားသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းတစ်ရွက်ကိုကိုင်လာပြီး “ဒီဝေစာကို ကျွန်တော်ရပြီးပြီ။ တကယ်စိတ်ဝင်စားစရာဖြစ်ပြီး အရေးကြီးတဲ့အကြောင်းအရာတွေပါလို့ မျက်မမြင်စာနဲ့ ကူးရေးထားပေးတယ်။ ဒါကို မျက်စိမမြင်တဲ့သူတွေအတွက် ကျေးဇူးပြုပြီး အသုံးပြုပါ” ဟုပြောသည်။ မျက်စိမမြင်သူများပင် ယင်းသတင်းကို မလွတ်သွားစေရန် ထိုသူသည် အချိန်ကုန်ခံ၍ ဘုရားသခင့်နိုင်ငံတော်သတင်းကို မျက်မမြင်စာသို့ ကူးရေးပေးထားသည်။
စလိုဗေးကီးယားတွင် အမျိုးသားတစ်ဦးသည် ယင်းဝေစာကို အလွန်ကြိုက်နှစ်သက်သဖြင့် အဖြူအမည်းမိတ္တူစောင်ရေ ၂၀ ကိုကူးပြီး သူကိုယ်တိုင်ဖြန့်ဖြူးဝေငှပေးခဲ့သည်။ ဆွစ်ဇာလန်ရှိ ကြေညာသူတစ်ဦးက မိသားစုတစ်စုအား ဘုရားသခင့်နိုင်ငံတော်သတင်းကိုဝေငှထားခဲ့ပြီး အပေါ်ထပ်အခန်းများသို့ ဆက်အမှုဆောင်နေသည်။ ပြန်ဆင်းလာသည့်အခါ ထိုမိသားစုအဝင် လူငယ်လေးတစ်ဦးက နောက်ထပ် ၁၉ စောင်ပေးရန် တောင်းဆိုသည်။ ထိုသူငယ်၏ကျောင်းတွင် ကျောင်းသူကျောင်းသားများအား ပြဿနာများနှင့် ယင်း၏ဖြေရှင်းနည်းများအကြောင်း စာစီစာကုံးရေးရန် တာဝန်ပေးထားသည်။ သူ၏အတန်းဖော်တစ်ယောက်စီအတွက် ဘုရားသခင့်နိုင်ငံတော်သတင်းကို သူပေးလို၍ဖြစ်ပါသည်။
မည်သူမျှမကျန်
ဤလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများက ယင်းကိုမည်သူမျှမရဘဲမရှိရန် ကြိုးစားအားထုတ်ခဲ့ကြသည်။ နယူးကယ်လီဒိုးနီးယားရှိ သက်သေခံနှစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်သတင်းကိုဝေငှရန် ရပ်ဝေးတွင်နေထိုင်သူ လူမျိုးစုတစ်စုထံ ခရီးသွားနေစဉ် အသုံးနည်းသောလမ်းတစ်လမ်းကို တွေ့ရှိလိုက်သည်။ ထိုတွင်နေထိုင်သူရှိမရှိ စုံစမ်းမည်ဟု သူတို့ဆုံးဖြတ်ကြသည်။ ကားကို ကားလမ်းပေါ်ထားခဲ့ပြီး လမ်းလျှောက်သွားကြရာ အိမ်တစ်လုံးကိုတွေ့သည်အထိ ချောင်းများကိုကူးခဲ့ရသည်။ ထိုတွင် ယေဟောဝါသက်သေများအကြောင်း လုံးဝမကြားဖူးသော မောင်နှံစုံတစ်စုံ နေထိုင်၍ ဘုရားသခင့်နိုင်ငံတော်သတင်းတစ်စောင်ကို သူတို့က လက်ခံယူခဲ့ကြသည်။ နောင်တွင် ကြေညာသူများက ပြန်လည်ပတ်မှုပြုလုပ်ရန် ရောက်လာကြသောအခါ လမ်းကိုပြင်ထားပြီး အိမ်အထိကားမောင်းဝင်နိုင်ရန် တံတားငယ်များဆောက်ပေးထားကြောင်း တွေ့ရှိသဖြင့် အံ့အားသင့်ခဲ့ကြရသည်။ မှန်မှန်ကျမ်းစာသင်အံမှု စတင်ခဲ့ပါသည်။
ပိုလန်နိုင်ငံတွင် သက်သေခံတစ်ဦးသည် အိမ်ရှင်တစ်ဦးကို ဘုရားသခင့်နိုင်ငံတော်သတင်းဝေငှရန် ဆောက်လုပ်ရေးလုပ်ကွက်တစ်ခုကို ဖြတ်လျှောက်သွားနေစဉ် အလုပ်သမားများက သူ့ကိုသတိပြုမိကြသည်။ နောက်ဆုံးတွင် အလုပ်သမားတစ်ဦးက မိမိတို့ကိုလည်း မေ့မထားရန် ပြောလိုက်ရာ သူတို့ထံသွားပြီး ဝေစာကမ်းလှမ်းရာ အလုပ်ရပ်နား၍ ကောင်းစွာနားထောင်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကိုမက မဂ္ဂဇင်းများကိုပါလက်ခံယူကြပြီး ပြန်လည်ပတ်မှုပြုလုပ်ချိန်တွင် စာအုပ်များကိုပါ ယူခဲ့ကြသည်။
ဘာသာစကားပေါင်းမြောက်မြားစွာဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းနံပါတ် ၃၄ ကိုသန်းပေါင်းများစွာထုတ်ဝေဖြန့်ချိခဲ့ပါသည်။ ၎င်းသတင်းတရားသည် အလွန်တန်ခိုးပါကြောင်း ထင်ရှားပေပြီ။ ဒုက္ခကင်းဝေးသည့်ပရဒိသုတစ်ခု ဖြစ်နိုင်ကြောင်း သိရှိလာသူများစွာရှိပေပြီ။ စိတ်နှလုံးမှန်ကန်သူများသည် ဆက်တုံ့ပြန်နေကြပြီး “ပြည်တော်ကို အပိုင်ရ၍ များပြားသောငြိမ်သက်ခြင်းချမ်းသာ၌ မွေ့ပျော်ကြမည့်” “စိတ်နှိမ့်ချသောသူတို့” အဝင် နောက်ဆုံးဖြစ်လာကြရန် ကျွန်ုပ်တို့ဆုတောင်းပေးပါသည်။—ဆာလံ ၃၇:၁၁၊ ကဘ။
[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]
မဂ္ဂဇင်းများကို ဆက်ဝေငှဖြန့်ချိခြင်း!
၁၉၉၅၊ ဧပြီနှင့်မေလများတွင် ဘုရားသခင့်နိုင်ငံတော်သတင်းနံပါတ် ၃၄ ကိုအလွန်အောင်မြင်စွာဝေငှခဲ့ကြပြီ။ ဤနှစ်လအတွင်း ကင်းမျှော်စင်နှင့် နိုးလော့!တို့ကိုလည်း အထူးထုတ်ဝေနိုင်ခဲ့သည်။ ဥပမာ၊ ချက်သမ္မတနိုင်ငံရှိညီအစ်ကိုတစ်ဦးက ဧပြီလတွင် ဘုရားသခင့်နိုင်ငံတော်သတင်း ၂၅၀ နှင့်မဂ္ဂဇင်းပေါင်း ၇၅၀ ဝေငှနိုင်ခဲ့ကြောင်း မှတ်တမ်းသွင်းသည်။ ဂွာဒါလွတ်တွင် ဧပြီ ၁၅ စနေနေ့ကို အထူးမဂ္ဂဇင်းနေ့အဖြစ်သတ်မှတ်ခဲ့ရာ ထိုနေ့ရက်တွင် တစ်နိုင်ငံလုံးရှိ ကြေညာသူတိုင်းနီးပါး ဓမ္မအမှု၌ပါဝင်ခဲ့သည်! ဧပြီလတွင် စလိုဗေးကီးယား၌ မဂ္ဂဇင်းဝေငှခြင်းနှုန်းသစ်ရရှိခဲ့သည်။ ထပ်တူမှတ်တမ်းများကို အခြားနိုင်ငံမြောက်မြားစွာမှ ရရှိခဲ့သည်။
ထို့ကြောင့် ၁၉၉၆၊ ဧပြီနှင့်မေလတွင် မဂ္ဂဇင်းများကို ထူးခြားစွာဝေငှနိုင်သောလများဖြစ်ရန် ကြိုးစားကြည့်ပါ။ အသင်းတော်များသည် အထူးမဂ္ဂဇင်းနေ့များကို စီစဉ်ပေးနိုင်သည်။ အချို့သူများသည် အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်နိုင်ကြသည်။ ဤနည်းလမ်းနှင့် အခြားနည်းလမ်းများဖြင့် မဂ္ဂဇင်းများများဝေငှရန် ထောက်ခံအားပေးနိုင်သည်။ သို့ပြုခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းနံပါတ် ၃၄ ပါ အရေးကြီးသောသတင်းတရားကို ဆက်ပျံ့နှံ့စေမည်။ ထိုအခါ လွန်ခဲ့သောနှစ်ကဲ့သို့ပင် ယေဟောဝါသည် ကျွန်ုပ်တို့တင်ပြသော ဇွဲလုံ့လကို အမှန်ကောင်းချီးသွန်းလောင်းတော်မူလိမ့်မည်။—၂ တိမောသေ ၄:၂၂။