ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ယခင်ရန်သူများ ယေဟောဝါအား စည်းလုံးစွာဝတ်ပြုနေကြ
“ယေဟောဝါသက်သေများအကြောင်း ပထမဦးဆုံးအကြိမ်ကြားစဉ်က ကျွန်တော်သည် ဘော့စနီးယားနိုင်ငံတွင် လက်နက်ကိုင်တပ်သားတစ်ဦးအဖြစ် အမှုထမ်းနေသည်” ဟုဘရန်ကိုက ရှင်းပြသည်။a
ဘရန်ကိုသည် ဒဏ်ရာရသူများကို ကုသပေးသောဆေးရုံတစ်ရုံတွင် အစောင့်တာဝန်ကျနေချိန်ဖြစ်သည်။ ဆရာဝန်တစ်ဦးသည် သက်သေခံများနှင့် ကျမ်းစာလေ့လာနေသဖြင့် ညဘက်တာဝန်ကျချိန်တွင် သူက ကျမ်းစာမှသိရှိထားသောအကြောင်းအရာများကို ဘရန်ကိုအား ရှင်းပြခဲ့သည်။
ထိုညက ဘရန်ကိုကြားသောအကြောင်းအရာများသည် သူ့အတွက် အလွန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ရာ လက်နက်ကို ချက်ချင်းစွန့်ပစ်လေသည်။ ပိုမိုသိရှိလိုသဖြင့် သက်သေခံများကို အဆက်အသွယ်ပြုလေသည်။ ဥရောပနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ပြီး မကြာမီလေးတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမကိုလိုက်လံရှာဖွေ၍ ယေဟောဝါသက်သေများ၏ ယူဂိုဆလားဗီးယားအသင်းတော်တစ်ခုတွင် စည်းဝေးသွားတက်လေသည်။ ထိုတွင် ဘရန်ကိုသည် စလိုဘိုဒန်နှင့် တွေ့ဆုံခဲ့သည်။
စလိုဘိုဒန်သည်လည်း ဘော့စနီးယားနိုင်ငံမှလာသူဖြစ်ပြီး ဘရန်ကိုနည်းတူ စစ်မှုထမ်းတစ်ဦးပင်ဖြစ်ခဲ့သည်။ သို့သော် သူသည် ရန်သူဘက်မှဖြစ်၏။ စလိုဘိုဒန်သည် ဆာ့ဘ်တို့အတွက် ခရိုအက်များကို စစ်တိုက်ပေးခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦး တွေ့ဆုံချိန်တွင်မူ စလိုဘိုဒန်သည် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံပြီးဖြစ်သည်။ သူသည် ယခင်ကရန်သူဖြစ်သူ ဘရန်ကိုအား ကျမ်းစာသင်ပေးရန် ကမ်းလှမ်းလေသည်။ သင်အံမှုကို အတန်ကြာပြုလုပ်ပြီးသောအခါ ဘရန်ကိုသည် ယေဟောဝါအကြောင်း ပိုမိုသိရှိလာပြီး ဘုရားသခင်ကိုချစ်မြတ်နိုးစိတ် တိုးပွားလာလေသည်။ ယင်းကြောင့် ဘရန်ကိုသည် ဖန်ဆင်းရှင်အား သူ၏အသက်တာဘဝကို ဆက်ကပ်အပ်နှံလိုက်လေသည်။ ၁၉၉၃ အောက်တိုဘာလ၌ ရေတွင်နှစ်ခြင်းယူခြင်းအားဖြင့် သူ၏ဆက်ကပ်အပ်နှံခြင်းကို တင်ပြခဲ့လေသည်။
စလိုဘိုဒန်သည် အဘယ်နည်းဖြင့် ယေဟောဝါသက်သေတစ်ဦးဖြစ်လာခဲ့သနည်း။ ဘော့စနီးယားစစ်နယ်မြေကို ဘရန်ကိုထက် အချိန်အနည်းငယ်စော၍ သူစွန့်ခွာလာခဲ့ခြင်းဖြစ်သည်။ သက်သေခံများ၏စာပေအချို့ကို သူဖတ်ခဲ့ဖူးသော်လည်း ၁၉၉၂ ခုနှစ်အစောပိုင်းအချိန်တွင် သူ၏အိမ်သို့ သက်သေခံနှစ်ဦး ရောက်လာသည့်အခါကျမှသာ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို သူပိုမိုစိတ်ဝင်စားလာခဲ့သည်။ စလိုဘိုဒန်ထံ မည်သူရောက်လာ၍ ကျမ်းစာသင်အံမှု ကမ်းလှမ်းခဲ့သနည်း။ ဘော့စနီးယားနိုင်ငံမှဖြစ်သူ မူယိုဖြစ်သည်။ ဤသူသည် မွတ်စလင်တစ်ဦးအဖြစ် ကြီးပြင်းလာသူဖြစ်သည်။ ကျမ်းစာသင်အံမှုကို အတန်ကြာပြုလုပ်ပြီးနောက် တစ်ချိန်က ရန်သူများဖြစ်ခဲ့ကြသော မူယိုနှင့် စလိုဘိုဒန်တို့သည် နေ့တိုင်းတွေ့ဆုံပြီး အချင်းချင်း တစ်ဦးကိုတစ်ဦး ယုံကြည်ခြင်းတည်ဆောက်ပေးခဲ့ကြသည်။
ယခင်ယူဂိုဆလားဗီးယားပြည်တွင်းစစ်ကြောင့် ထောင်ပေါင်းများစွာသောသူတို့သည် သေဆုံးခဲ့ကြပြီ။ သို့သော် ဘရန်ကို၊ စလိုဘိုဒန်နှင့် မူယိုတို့သည် ယခု ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုတည်းတွင် သတင်းကောင်းကို အချိန်ပြည့်ဟောပြောသူများအဖြစ် အမှုတော်ဆောင်နေကြပေသည်။ သူတို့သည် လူမျိုးစုနှင့် လူမျိုးရေးပဋိပက္ခများကိုကျော်လွှားပြီး ဖန်ဆင်းရှင် ယေဟောဝါအားလက်အောက်ခံလျက် ယခုသူတို့သည် ငြိမ်သက်ခြင်းကို ကြိုးစားရှာဖွေနေကြပေသည်။
သို့သော် ထိုပြောင်းလဲမှုများကို အဘယ်အရာကဖြစ်ပေါ်စေခဲ့သနည်း။ ယေဟောဝါအားချစ်ခြင်း၊ သမ္မာကျမ်းစာကို တန်ဖိုးထားလေးမြတ်ခြင်းနှင့် ကျမ်းစာသမ္မာတရားကို သူတို့ဘဝအသက်တာတွင် ကျင့်သုံးလိုသောစိတ်ရှိခြင်းတို့ကြောင့်ဖြစ်သည်။ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း . . . နှင့်ပြည့်စုံသည်။ . . . စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏” ဟူ၍ သမ္မာကျမ်းစာဆိုသကဲ့သို့ပင်တည်း။—ဟေဗြဲ ၄:၁၂။
[အောက်ခြေမှတ်ချက်]
a အမည်ဝှက်များအသုံးပြုထားသည်။