ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၂/၁၅ စာ. ၄-၆
  • စိတ်နှင့်နှလုံးမှ ညစ်ညမ်းမှုကို အမြစ်လှန်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်နှင့်နှလုံးမှ ညစ်ညမ်းမှုကို အမြစ်လှန်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်အမြင်ကို ခံယူခြင်း
  • ကိုယ်တိုင် ပါဝင်ပတ်သက်သင့်သလော
  • ဝိညာဏရှင်းလင်းမှု
  • လာမည့် စင်ကြယ်သည့်ကမ္ဘာ၌ အားရရွှင်လန်းလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ပရဒိသု သို့မဟုတ် အမှိုက်ပုံ—မည်သည့်အရာကို သင်ပိုနှစ်သက်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • စံပြုထိုက်သောဖြေရှင်းနည်းကို ရှာဖွေခြင်း
    နိုးလော့!—၁၉၉၇
  • သန့်ရှင်းစင်ကြယ်မှု မည်မျှအရေးပါသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၂/၁၅ စာ. ၄-၆

စိတ်နှင့်နှလုံးမှ ညစ်ညမ်းမှုကို အမြစ်လှန်ခြင်း

ယေဟောဝါရှင်သည် လူသားတို့ ၌ အညစ်အကြေး၊ သို့မဟုတ် ဖရိုဖရဲမွှေနှောက်ထားခြင်းကို လိုချင်တမ်းတစိတ် ထည့်သွင်းမထားချေ။ သူတို့စံအိမ်ဂြိုဟ်သည် သန့်ရှင်းသပ်ရပ်၊ လှပတင့်တယ်သော ပရဒိသုဖြစ်နေရန် တီထွင်ထားတော်မူသည်။ ယင်းသည် ရှုမကောင်းသည့် အမှိုက်သရိုက်ပုံကြီးအဖြစ်သို့ ပျက်စီးယိုယွင်းသွားရန် ဘုရားသခင်ရည်ရွယ်တော်မမူပါ။—ကမ္ဘာဦး ၂:၈၊ ၉။

သို့ရာတွင် ဘုရားသခင့်လမ်းပြညွှန်ကြားမှုကို လူတို့ ငြင်းပယ်ပြီးနောက် ကိုယ်ပိုင်ကမ္ဘာ့အစီအစဉ်တစ်မျိုးကို သူတို့စတင်တည်ဆောက်ကြလေသည်။ ဘုရားပေးဉာဏ်ပညာ၏အကျိုးကို မခံစားရသည့်အပြင် အတွေ့အကြုံလည်းနည်းသည့်အတွက် စမ်းသပ်၍ အမှားကိုရှောင်ခြင်းအားဖြင့် သင်ယူလေ့လာကြရသည်။ လူသားသည် ကိုယ့်ကိုယ်ကို အောင်မြင်စွာအစိုးမရဟူသည့် ကျမ်းစာသမ္မာတရားကို လောကသမိုင်းက ထောက်ခံခဲ့ပြီး၊ နှစ်ပေါင်းထောင်ချီ၍ လူတို့သည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ခဲ့ကြပြီ။ (ဒေသနာ ၈:၉။ ယေရမိ ၁၀:၂၃) ယနေ့ ပုံစံအမျိုးမျိုးဖြင့် ညစ်ညမ်းမှုပြဿနာတက်ရသည်မှာ ယင်း၏ အကျိုးဆက်ဖြစ်ပါသည်။

ဘုရားသခင့်အမြင်ကို ခံယူခြင်း

ဘုရားသခင့်အလိုတော်နှင့်တွေ့လိုသူများသည် ဖန်ဆင်းရှင်၏ သန့်ရှင်းမှုစံချိန်အတိုင်း အသက်ရှင်ရန် ကြိုးစားအားထုတ်ကြပါသည်။ ယင်းကြောင့်လည်း ချက်ကိုစလိုဗေးကီးယားနိုင်ငံ၊ ပရာ့ဂ်မြို့တွင် ၁၉၉၁ နှစ်လည်၌ အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲတစ်ခုစီစဉ်ခဲ့သောအခါ ယေဟောဝါသက်သေများသည် ပြဿနာတစ်ခု ကြုံတွေ့ခဲ့ကြသည်။aစတြာဟော့ဖ်အားကစားကွင်း၌ ကောင်းစွာဆန့်နိုင်သည့် ရွှေပွဲလာသူ ၇၅,၀၀၀ ရှိလိမ့်မည်ဖြစ်သည်။ သို့သော် ထိုအားကစားကွင်းကို အသုံးမပြုခဲ့သည်ကား ငါးနှစ်တိုင်ရှိလေပြီ။ ပြုပြင်မွမ်းမံခြင်းမရှိခဲ့၍လည်း လေဒဏ်၊ မိုးဒဏ်ကြောင့် ရှုမကောင်းသည့်တိုင် ပျက်စီးယိုယွင်းနေပါသည်။ သို့ ဖြစ်၍ ယေဟောဝါသက်သေခံပေါင်း ၁,၅၀၀ ခန့်သည် အချိန်နာရီ ၆၅,၀၀၀ ကျော်အကုန်ခံကာ ယင်းကို ပြုပြင်မွမ်းမံ၊ ဆေးသုတ်ခဲ့ကြပါသည်။ စည်းဝေးပွဲကျင်းပချိန်တိုင်လေသော် ဤရှင်းလင်းရေးစီမံကိန်းကြောင့် အားကစားကွင်းသည် စစ်မှန်သောဘုရားသခင် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ထိုက်သောနေရာတစ်ခု ဖြစ်လာပေသည်။

ယေဘုယျအားဖြင့် လောကီသားတို့သည် သပ်ရပ်သန့်ရှင်းမှုကို တန်ဖိုးမထားတတ်ကြသော်လည်း ယေဟောဝါသက်သေများမူ သူတို့ကဲ့သို့မဟုတ်ပဲ ထူးခြားစေသည့်အကြောင်းကား အဘယ်နည်း။ အတ္တဆန်ခြင်း၊ စာနာမှုကင်းမဲ့ခြင်း၊ လောဘကြီးခြင်း၊ မေတ္တာခေါင်းပါးခြင်း အစရှိသည့် အပြုသဘောမပါသောဝသီများကို အမြစ်လှန်ပစ်ရမည်ဟူသော ခရစ်ယာန်များအတွက် ကျမ်းစာသြဝါဒကို သူတို့တန်ဖိုးထားခြင်းဖြစ်သည်။ “လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကို ချွတ်ပယ်” လော့ဟုကျမ်းစာဆိုသည်။ ယင်းအစား “ဖန်ဆင်းတော်မူသောသူ၏ပုံသဏ္ဌာန်နှင့်အညီ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သောလူသစ်ကို ယူတင်ဝတ်ဆောင်” ရမည်ဖြစ်သည်။ သန့်ရှင်းသပ်ရပ်၊ လှပတင့်တယ်ခြင်းတို့ကို မြတ်နိုးတတ်သောဂုဏ်အင်္ဂါရှိသူ၌ ညစ်ညမ်းစေလိုသောစရိုက်များ ရှိမည်မဟုတ်ပါ။—ကောလောသဲ ၃:၉၊ ၁၀။ ၂ ကောရိန္သု ၇:၁။ ဖိလိပ္ပိ ၄:၈။ တိတု ၂:၁၄။

လူသစ်ဖြစ်နေသော ခရစ်ယာန်များအနေနှင့် ညစ်ညမ်းမှုကို ဂရုစိုက်မည်။ ယင်းကြောင့် စည်းကမ်းမဲ့ညစ်ညမ်းစေခြင်း၊ သို့မဟုတ် အစိုးရချမှတ်သည့် ညစ်ညမ်းမှုတားဆီးရေး ဥပဒေများကို မနာခံခြင်းတို့ကို ရှောင်ကြဉ်မည်။ အမှိုက်သရိုက်ပြန့်ကျဲရှုပ်ထွေးစေသည့် ဖြုန်းတီးခြင်း၊ ကိုယ်ကျိုးရှာခြင်း၊ ပျင်းရိခြင်းသဘောများကိုလည်း ရှောင်ကြဉ်ပါမည်။ သူတစ်ပါးဥစ္စာကို တန်ဖိုးထားလေးစားတတ်သောကြောင့် ကုတ်ခြစ်ရေးဆွဲခြင်းသည် မိမိ၏အတွင်းစိတ်ကို ထင်ရှားစေခြင်း၊ အပြစ်မဲ့ပျော်ရွှင်မှုသက်သက်ဖြစ်၍ အနုပညာပုံစံတစ်မျိုးမျှဖြစ်သည်ဟုဆိုကာ ယင်းအမှုပြုလုပ်ခြင်းကို ပယ်ရှားပါမည်။ အိမ်များ၊ ကားများ၊ အဝတ်အစားနှင့် မိမိကိုယ်ခန္ဓာကိုပါ သန့်ရှင်းသပ်ရပ်စွာ ရှိနေစေပါလိမ့်မည်။—ယာကုပ် ၁:၂၁ နှိုင်းယှဉ်။

ဤလူသစ်ကို ယူတင်ဝတ်ဆောင်လိုစိတ်မရှိသူများနှင့်ပတ်သက်၍မူကား လာလတ္တံ့သော ပရဒိသုတွင် သူတို့အား ဘုရားသခင်အသက်မပေးသည့်အတွက် ကိုယ်တော်ကိုအပြစ်ဆိုနိုင်ပါမည်လော။ မဆိုနိုင်ပါ။ မိမိစိတ်နှင့်နှလုံးထဲတွင် ညစ်ညမ်းစေလိုသောစရိုက်များကို သိုသိပ်ထားသေးသူသည် ပြန်လည်တည်ထောင်ထားသော ပရဒိသုမြေကြီးဂြိုဟ်၏ အလှကျက်သရေကို ဖျက်ဆီးနိုင်မည်ဖြစ်၍ ယင်းအလှကျက်သရေကို တည်တံ့စေလိုသူတို့အတွက် စိတ်ဆင်းရဲစရာဖြစ်ပေလိမ့်မည်။ “မြေကြီးကိုဖျက်ဆီးသူတို့ကို ဖျက်ဆီး” ပစ်ရန် ဘုရားသခင့်ဆုံးဖြတ်စီရင်ချက်သည် ဖြောင့်မတ်ခြင်းတရားနှင့်ညီသည်သာမက မေတ္တာလည်းပါရှိ၏။—ဗျာဒိတ် ၁၁:၁၈။ ၂၁:၈။

ကိုယ်တိုင် ပါဝင်ပတ်သက်သင့်သလော

ယင်းကြောင့် ခရစ်ယာန်များသည် ညစ်ညမ်းမှုကို တားဆီးရေး၊ ရှင်းလင်းရေးတို့ကို ကမကထပြု လှုံ့ဆော်ရမည်ဟု ဆိုလိုပါသလော။

ညစ်ညမ်းမှုသည် ကျန်းမာရေး၊ လူထု၏လုံခြုံရေးကို ထိခိုက်နစ်နာစေသည်ကား အမှန်ပင်။ ဣသရေလလူမျိုးအား ယေဟောဝါပေးတော်မူခဲ့သော ပညတ်ချက်များကိုကြည့်လျှင် ကိုယ်တော်သည် ယင်းကိစ္စကို အတော်အသင့်စိတ်ဝင်စားတော်မူကြောင်း သိရှိရသည်။ (ထွက်မြောက်ရာ ၂၁:၂၈-၃၄။ တရားဟောရာ ၂၂:၈။ ၂၃:၁၂-၁၄) သို့သော် လူထု၏လုံခြုံရေးနှင့်စပ်လျဉ်းသည့်ကိစ္စများကို အခြားလူမျိုးများအား ဝါဒပြောင်းလဲစေရန် တိုက်တွန်းပေးရမည်ဟု ကိုယ်တော် တစ်ခါမျှ မှာကြားတော်မမူ။ ပထမရာစုခရစ်ယာန်များအားလည်း ထိုသို့ ပြုရမည်ဟူ၍ မှာကြားတော်မမူပါ။

ယနေ့ ဝန်းကျင်ဆိုင်ရာအရေးကိစ္စများသည် လွယ်ကူစွာဖြင့် နိုင်ငံရေးပြဿနာများ ဖြစ်သွားနိုင်သည်။ အမှန်မှာ၊ ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းပေးရန် နိုင်ငံရေးအဖွဲ့အစည်းအချို့ တည်ထောင်ထားကြပြီ။ နိုင်ငံရေးအတွေးအခေါ်အရ ခရစ်ယာန်တစ်ဦးသည် ဘက်လိုက်သွားမည်ဆိုလျှင် ကြားနေသူတစ်ဦး အဘယ်နည်းဖြင့်မျှ မဖြစ်နိုင်တော့ချေ။ တပည့်တော်များအတွက် “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြ” ဟူသောစည်းမျဉ်းမူကို ယေရှုချမှတ်ထားတော်မူ၏။ ဤတောင်းဆိုချက်ကို ဥပေက္ခာပြုသောခရစ်ယာန်တစ်ဦးသည် “ပြယ်ပျောက်တတ်သော လောကီမင်းတို့” နှင့်တစ်တန်းတစ်စားတည်း ဖြစ်သွားနိုင်စရာအကြောင်းရှိသည်။—ယောဟန် ၁၇:၁၆။ ၁ ကောရိန္သု ၂:၆။

ယေရှုသည် မိမိခေတ်ရှိ လူမှုရေးပြဿနာများကို ကြိုးစားဖြေရှင်းပေးတော်မမူခဲ့ပါ။ တပည့်တော်တို့အားလည်း ထိုသို့ ပြုရန် မှာကြားတော်မမူ။ သူတို့အား ကိုယ်တော်မိန့်မှာတော်မူသည်ကား၊ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့” ဟူ၍ဖြစ်သည်။ ဝန်းကျင်ဆိုင်ရာစီမံချက်များအကြောင်း ကိုယ်တော်မိန့်မှာတော်မမူခဲ့ပါ။—မဿဲ ၂၈:၁၉၊ ၂၀။

ခရစ်ယာန်တစ်ဦး၏အသက်တာတွင် အဘယ်အရာကိုဦးစားထားသင့်ကြောင်း ရှင်းပြရာ၌ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ ဦးစွာရှာကြလော့” ဟုခရစ်တော် မိန့်တော်မူသည်။ (မဿဲ ၆:၃၃) မေရှိယ၏နိုင်ငံတော်အားဖြင့် ကမ္ဘာတစ်ဝန်း ဖြောင့်မတ်သောမူများအတိုင်း ယေဟောဝါစီရင်တော်မူသည့်အခါ လူအပေါင်း စိတ်ကျေနပ်နိုင်သည်အထိ ဝန်းကျင်ပြဿနာများ ထာဝစဉ်ပြေလည်သွားမည်ဖြစ်သည်။

ထိုကြောင့် ယေဟောဝါသက်သေများသည် မျှတသောအနေအထားမျိုးရှိကြပါသည်။ ရောမ ၁၃:၁-၇ အရ ဝန်းကျင်ဆိုင်ရာအစိုးရဥပဒေများကို သူတို့တာဝန်သိရှိစွာ လိုက်နာကြရမည်ဖြစ်သည်။ ထို့ ပြင် ကိုယ်နှင့်နီးစပ်သူကို ဘုရားဝတ်နှင့်အညီ ချစ်မြတ်နိုးခြင်းက သူတစ်ပါး၏—ပြည်သူလူထု၊ သို့မဟုတ် တစ်ဦးတစ်ယောက်—ဥစ္စာကို လေးစားကြောင်းတင်ပြရန် ယင်းတို့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေခြင်း၊ စည်းမဲ့ကမ်းမဲ့ အမှိုက်သရိုက်များစွန့်ပစ်ခြင်းအမှုများကိုမပြုရန် လှုံ့ဆော်ပေးသည်။ သို့သော် ကမ္ဘာ့ရှင်းလင်းရေးစီမံကိန်းများတွင် ဦးစီးဦးဆောင်ခြင်းငှာ မှာကြားမထားကြောင်း ရှင်းလင်းပြတ်သားပါသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းကို ထိုက်သင့်လျော်ကန်စွာ သူတို့ရှေးဦးထားကြပါသည်။ ယင်းသာ တည်မြဲသောအကျိုးပြုရာ နည်းလမ်းဖြစ်ကြောင်းကို အသိအမှတ်ပြုကြပါသည်။

ဝိညာဏရှင်းလင်းမှု

သွေးသွန်းခြင်း၊ စာရိတ္တပျက်ပြားခြင်း၊ မြင့်မြတ်သောအရာများကို မလေးမခန့်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးကို ညစ်ညမ်းစေမည်ဆိုလျှင် အဘယ်အကျိုးဆက်များခံစားရမည့်အကြောင်း ရှေးဣသရေလလူမျိုးသည် ကြိမ်ဖန်များစွာ သတိပေးခံခဲ့ရသည်။ (တောလည်ရာ ၃၅:၃၃။ ယေရမိ ၃:၁၊ ၂။ မာလခိ ၁:၇၊ ၈) ပကတိညစ်ညမ်းမှုများကို ပြုကောင်းပြုခဲ့ကြမည်ဖြစ်သော်လည်း ယင်းတို့အတွက်မဟုတ်ဘဲ အဆိုပါဝိညာဏညစ်ညမ်းမှုများအတွက် သူတို့အပြစ်စီရင်ခြင်းခံခဲ့ကြရခြင်းသည် စဉ်းစားစရာပင်ဖြစ်သည်။b

ယင်းကြောင့် ဝိညာဏ ညစ်ညမ်းမှု၊ သို့မဟုတ် မသန့်ရှင်းမှုကို ယနေ့ခရစ်ယာန်တစ်ဦးသည် ဦးစားပေး၍ ရှောင်ကြဉ်ရန် ကြိုးစားပါသည်။ စိတ်နှင့်နှလုံးမှ ညစ်ညမ်းစေလိုသောစရိုက်များကို အမြစ်လှန်သည့် “လူသစ်” ကိုယူတင်ဝတ်ဆောင်ခြင်းအားဖြင့် ထိုသို့ ပြုမူပါသည်။ ဤဝိညာဏသန့်ရှင်းခြင်းအစီအစဉ်မှ ယေဟောဝါသက်သေလေးသန်းကျော်တို့သည် အကျိုးခံစားနေကြရာ ဘာသာရေးနှင့်စာရိတ္တရေးဘက် သူတို့သန့်ရှင်းလာသည့်အပြင် ကာယရေးဘက်လည်း ထူးခြားစွာသန့်ရှင်းစင်ကြယ်လာကြပါသည်။—ဧဖက် ၄:၂၂-၂၄။

ဝိညာဏရှင်းလင်းရေးအစီအစဉ်ကိုပြုလုပ်ရမည့်အချိန်ကား ယခုပင်ဖြစ်သည်။ အချိန်တန်သည့်အခါ ကမ္ဘာတစ်ဝန်း မြေမျက်နှာပြင်သန့်ရှင်းစင်ကြယ်ရေး အလိုအလျောက်ဖြစ်လာပါမည်။ ထိုအခါ ကမ္ဘာပေါ်ရှိသင့်ရှိထိုက်သည့် ညစ်ညမ်းမှုကင်းရှင်းခြင်းအားဖြင့် ကျွန်ုပ်တို့နေအိမ် ဤကမ္ဘာမြေကြီးသည် ကမ္ဘာချီအမှိုက်ပုံအဖြစ်သို့ ရောက်သွားခြင်းအဖြစ်ဆိုးမှ ကယ်ဆယ်ခံရပါလိမ့်မည်။—ဒေသနာ ၃:၁။

[အောက်ခြေမှတ်ချက်များ]

a  အရှေ့ ဥရောပ၌ကျင်းပခဲ့သော စည်းဝေးပွဲအသီးအသီးနှင့်စပ်လျဉ်းသည့် အသေးစိတ်ဖော်ပြချက်များကို Awake! of December 22, 1991 ကိုရှု။

b  ဣသရေလလူမျိုးသည် သတ္တုအရည်ကျိုခြင်းကိစ္စကို ကောင်းစွာသိရှိကြသည်။ ထိုလူမျိုး၏ ရှေးဟောင်းကြေးနီတွင်းအချို့ကို တွေ့ရှိခဲ့၍ ဗိမာန်တော်အသုံးအဆောင်များအတွက် သူတို့ကြေးနီကျိုလေ့ရှိကြသည်။ (၃ ဓမ္မရာဇဝင် ၇:၁၄-၄၆ နှိုင်းယှဉ်။) ဤကဲ့သို့သတ္တုကျိုသည့်အခါ အခိုးအငွေ့၊ အညစ်အကြေး၊ ချော်ခဲချော်တုံးများအပြင် အခြားညစ်ညမ်းမှုများ အနည်းအကျဉ်းရှိခဲ့ရလိမ့်မည်။ သို့သော် ဤလူဦးရေနည်းသည့် သီးခြားနယ်မြေ၌ မသန့်ရှင်းညစ်ညမ်းမှု အနည်းအကျဉ်းပေါ်ရှိခြင်းကို ယေဟောဝါခွင့်ပြုတော်မူခဲ့ပုံရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ