ပရဒိသု သို့မဟုတ် အမှိုက်ပုံ—မည်သည့်အရာကို သင်ပိုနှစ်သက်သနည်း
သူ့အား မည်သူမျှအထင်မှားမည်မဟုတ်။ သူ့ကိုမြင်သည်နှင့် ပရဒိသုကျွန်းတစ်ခုပေါ် နေပူစာလှုံ၍ အပန်းဖြေလိုသည့် ကမ္ဘာလှည့်ခရီးသည် ဥရောပတိုက်သားဖြစ်ကြောင်း ထင်ရှားပါသည်။ ပင်လယ်ကမ်းစပ် ကျယ်ပြောသောသဲသောင်ခုံများကို ဖြတ်သန်းသွားရာတွင် စွန့်ပစ်ထားသောပုလင်းများ၊ ဘူးခွံများ၊ ပလပ်စတစ်အိတ်များ၊ ပီကေနှင့်သကြားလုံးပတ် စက္ကူများ၊ သတင်းစာနှင့်မဂ္ဂဇင်းများ အစရှိသည့်အမှိုက်သရိုက်များကြား ကျော်လွှားရှောင်ဖယ်သွားနေရသည်။ မိမိရောက်လိုခဲ့သည့်ပရဒိသုသည် ဤမျှသာလောဟု တွေးတောနေပုံရှိသူသည် စိတ်တိုနေကြောင်း ထင်ရှားပါသည်။
ထပ်တူအတွေ့အကြုံမျိုးကို သင်ရင်ဆိုင်ဖူးပါသလော။ ပရဒိသုတစ်ခုခု၌ အပန်းဖြေအနားယူရန် စိတ်ကူးယဉ်ကြပြီးနောက် ထိုနေရာမျိုးသို့ရောက်သည့်အခါ ယင်းကို အမှိုက်ပုံကြီးဖြစ်လာစေရန် ပြောင်းလဲလိုက်ဖို့ လူတို့သည် အဘယ်ကြောင့်စိတ်ထင့်ခြင်းမရှိရသနည်း။
“ပရဒိသု” တွင်သာမဟုတ်
ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရောက်ရှိသည့် “ပရဒိသုများ” ၌သာ လှပတင့်တယ်ခြင်း၊ သပ်ရပ်သန့်ရှင်းမှုကို ဤသို့သိသိသာသာဥပေက္ခာပြုသည်မဟုတ်ပါ။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းသည် နေရာတိုင်းလိုလိုတွင် ညစ်ညမ်းမှုဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေကြရသည်။ စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်းများစွာပေါ်ထွက်စေခြင်းအားဖြင့် လုပ်ငန်းမြောက်မြားစွာတို့သည် ညစ်ညမ်းမှုကိုအကြီးအကျယ် တိုးပွားစေပါသည်။ အဆိပ်ဖြစ်စွန့်ပစ်ပစ္စည်းကို လွဲမှားစွာကိုင်တွယ်ခြင်းနှင့် မတော်တဆဖိတ်စဉ်ယိုစိမ့်ဆီကြောင့် ကျွန်ုပ်တို့ကမ္ဘာမြေ အစိတ်အပိုင်းများစွာ ပျက်စီးယိုယွင်းနေပြီး အသက်ဆက်ရှင်ရေးအတွက် စိုးရိမ်နေကြရပါသည်။
စစ်မှုများကလည်း ညစ်ညမ်းမှုဖြစ်စေသည်။ တစ်လောကလုံး အထိတ်တလန့်ရှုစားနေကြစဉ် ၁၉၉၁ ခုနှစ်ပါရှန်ပင်လယ်ကွေ့စစ်ပွဲသည် ရှုထောင့်အသစ်တစ်ခုထပ်ပေါ်စေသည်။ အီရတ်တပ်သားများသည် ရေနံတွင်း ၆၀၀ ခန့်ကို တမင်တကာမီးရှို့လိုက်ရာ ကူဝိတ်နိုင်ငံသည် “အပေါကလစ်ရူပါရုံမှ ငရဲအိုး” အဖြစ်သို့ရောက်သွားသည်ဟူ၍ ဥရောပသတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။ Geo ခေါ် ဂျာမန်မဂ္ဂဇင်းတစ်စောင်က ယင်းမီးလောင်ပြင်ကို “လူ့လက်ဖြစ် အကြီးမားဆုံး ဝန်းကျင်အနိဌာရုံ” ဟူ၍ ခေါ်ဝေါ်ခဲ့သည်။
စစ်ပြီးသည့်အခါ ရှင်းလင်းရေးကို ချက်ချင်းဆောင်ရွက်ခဲ့ကြသည်။ လောင်ကျွမ်းနေသည့် ရေနံတွင်းများကို မီးငြိမ်းရန်အတွက်ပင် လပေါင်းများစွာ ကြိုးစားလုပ်ကိုင်ခဲ့ကြရသည်။ ကူဝိတ်နိုင်ငံတွင် ညစ်ညမ်းမှုတိုးပွားလာသည့်အတွက် လူသေနှုန်း ၁၀ ရာခိုင်နှုန်းတိုးများလာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစီရင်ခံပါသည်။
အန္တရာယ်လျော့နည်းသော်လည်း အလွန်စိတ်တိုစရာ
ထင်ရှားကျော်ကြား၊ ဆိုးရွားသော ဝန်းကျင်ညစ်ညမ်းမှု အကြီးအကျယ်ဖြစ်သည့် ဥပမာတိုင်းအတွက် အသေးစားဥပမာ ထောင်ပေါင်းများစွာကို တင်ပြနိုင်ပါသည်။ အမှိုက်ချသူများ၊ ကုတ်ခြစ်ရေးဆွဲသည့် “ပန်းချီဆရာများ” သည် ညစ်ညမ်းမှုအန္တရာယ် ကြီးကြီးမားမားမဖြစ်စေကာမူ ကမ္ဘာဂြိုဟ်ပေါ် ပရဒိသုဖြစ်လာရေးကို ဟန့်တားစေသည်ကား အမှန်ပင်။
အချို့နေရာများတွင် ကုတ်ခြစ်ရေးဆွဲပုံများသည် အထူးအဆန်းမဟုတ်တော့သဖြင့် ပြည်သူများအနေနှင့် “ကုတ်ခြစ်ရေးဆွဲပုံများကိုမမြင်” သတိမပြုမိပဲ ဖြစ်သွားချေပြီ။ ယင်းတို့ကို မြေအောက်ရထားတွဲများ၊ နံရံများ၊ တယ်လီဖုန်းရုံများပေါ် တွေ့ရှိကြရသည်။ ထိုကုတ်ခြစ်ရေးဆွဲပုံများသည် လူထုသုံး အိမ်သာနံရံပေါ်၌သာ မဟုတ်တော့ချေ။
အချို့ မြို့များ၌ ပျက်စီးယိုယွင်းပြီး လူမနေသည့်တိုက်အိမ်များစွာရှိပါသည်။ လူနေထိုင်ရာအရပ်များစွာတို့သည် သပ်ရပ်တင့်တယ်မှုမရှိသောအိမ်နှင့်ခြံဝင်းများကြောင့် ကျက်သရေကင်းမဲ့နေသည်။ ရှုချင်စဖွယ် သာယာသောခြံဝင်းများဖြစ်မည့်အစား ကားပျက်များ၊ စွန့်ပစ်ထားသည့် စက်ကိရိယာများ၊ အမှိုက်သရိုက်များ စုပုံနေသည်ကို တွေ့ရှိနေရသည်။
အချို့သောနယ်ပယ်များတွင် ညစ်ပတ်နံစော်၍ သပ်ရပ်မှုမရှိခြင်းကို လူတို့မမှုပုံပေါက်ကြသည်။ ကပိုကရိုဝတ်စားဆင်ယင်ခြင်းကို လက်သင့်ခံကြသည်သာမက ခေတ်ဆန်သည်ဟူ၍ပင် ယူမှတ်ကောင်းယူမှတ်ကြမည်။ သန့်ရှင်းသပ်ရပ်မှုကိုတန်ဖိုးထားသူများကို ခေတ်နောက်ကျသည်ဟူ၍ပင် ယူမှတ်ကြမည်။
ကြီးမားလှသောလုပ်ငန်းပါတကား
မြို့ ကြီးမြို့ငယ်၊ ခြံဝင်းများအပြင် လူများကိုပင် ပြုပြင်ပြောင်းလဲပေးစရာကို မဆိုထားနှင့်—ကျွန်ုပ်တို့ကမ္ဘာ့စံအိမ်၏ ကမ်းခြေများ၊ သစ်တောများနှင့် တောတောင်အရပ်တို့ကို ကမ္ဘာလှည့်ခရီးသည်များအတွက်ဖြစ်သည့် ချောမွေ့ပြောင်လက်သော မဂ္ဂဇင်းမျက်နှာဖုံးများပါ ပရဒိသုရုပ်ပုံများအတိုင်း ဖြစ်လာစေရန် အကြီးအကျယ်ရှင်းလင်းပေးစရာ လိုမည်ပါတကား။
အထက်တွင်ဖော်ပြခဲ့သော ကမ္ဘာလှည့်ခရီးသည်,သည် ထိုနေ့ရက်အတွင်း ကြီးမားသောအပိုင်းအစတို့ကို သန့်ရှင်းရေးအဖွဲ့က သယ်ဆောင်သွားသည်ကိုတွေ့ရှိခဲ့ရ၍ ဝမ်းသာမိသည်။ သို့ရာတွင် ဖန်ကွဲစများ၊ ပုလင်းဖုံးများ၊ သံဘူးစ ပြားများအပြင် ဆေးလိပ်တိုဆေးလိပ်စ မြောက်မြားစွာတို့ကိုမူ ချန်ခြွင်းထားခဲ့သည်။ ထိုကြောင့် ရှင်းလင်းပြီးနောက်တွင်ပင် မြေမျက်နှာပြင်သည် ပရဒိသုအစား အမှိုက်ပုံနှင့် ပိုတူပုံရှိသည့်သာဓက အမြောက်အမြားကျန်ကြွင်းနေဆဲပင်ဖြစ်သည်။
ကမ္ဘာဂြိုဟ်ကို ကမ္ဘာချီအမှိုက်ပုံကြီး ဖြစ်မသွားစေရန် ကမ္ဘာချီရှင်းလင်းရေးပြုလုပ်ဖို့အတွက် ပျက်စီးရာအကြောင်းရင်းရှိရှိသမျှတို့ကို ရှင်းလင်းရန်လိုအပ်ပါသည်။ ဤသို့သောရှင်းလင်းရေး ဖြစ်နိုင်စရာအကြောင်း ရှိပါသလော။ ရှိမည်ဆိုလျှင် မည်သို့အားဖြင့်နည်း။ မည်သူ ဆောင်ရွက်ပေးမည်နည်း။ အဘယ်အချိန်တွင်နည်း။