ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ မှတ်တမ်း
သစ္စာရှိလူငယ်တစ်ဦးကို ယေဟောဝါဆုကျေးဇူးပေး
သစ္စာရှိလူငယ်များသည် ယေဟောဝါ၏မျက်မှောက်တွင် အဖိုးထိုက်လှပေသည်။ ယေဟောဝါအမှုတော်ဆောင်စဉ် အခြားလူငယ်များလည်း သမာဓိစောင့်သိရန် သစ္စာရှိလူငယ်တစ်ဦး၏ အောက်ပါတွေ့ကြုံမှုသည် များစွာအားရှိစေမည်။
အာဂျင်တီးနားနိုင်ငံတွင် ၁၁ နှစ်သားတစ်ဦးနှင့် သူ၏ညီလေးသည် သူတို့အဖွားနှင့် ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား စာအုပ်ကို လေ့လာကြသည်။ ထိုလူငယ်များ၏မိဘများသည် ချက်ချင်းပင် အတိုက်အခံပြုကြပြီး၊ နိုင်ငံတော်ခန်းမ၌ စည်းဝေးများတက်ခြင်းကို ပိတ်ပင်တားဆီးကြသည်။ စည်းဝေးများတက်ရန် ထိုလူငယ်များသည် အိမ်သာပြတင်းပေါက်မှထွက်ပြီး ကပြင်သို့ခုန်ချ၍ အိမ်နီးချင်း၏ ကပြင်သို့ အုတ်နံရံကျော်ပြီးဆင်းလျက် နိုင်ငံတော်ခန်းမသို့ အတန်ကြာခိုးသွားကြရသည်။ နောက်ပိုင်းတွင် ယေဟောဝါသက်သေများ၏အစည်းအဝေးကို လူငယ်များတက်နေကြောင်း သူတို့မိခင်သိသွားသည့်အခါ သူတို့ကိုရိုက်မည်ဟု ခြိမ်းခြောက်ထားရာ သားငယ်သည် ကြောက်လန့်ပြီး ကျမ်းစာမသင်တော့ပါ။ သို့သော် သားကြီးသည် ဆက်လေ့လာပါသည်။ ထိုနောက်ငါးနှစ်တိုင် မိဘများမသိရှိဘဲ စည်းဝေးများကို တက်နိုင်ခဲ့ရှာသည်။
သားကြီး ၁၆ နှစ်အရွယ်ရောက်သော် သူနေထိုင်ရာမြို့ငယ်တွင်မရှိသောသင်တန်းတစ်ခုကို အထက်တန်းကျောင်း၌ တက်လိုခဲ့သည်။ အိမ်မှဝေးနေမည်ဆိုလျှင် သမ္မာတရားကို ဆက်လေ့လာခွင့်ရမည်ဟု သူယူမှတ်သည်။ မိဘများလည်း သွားခွင့်ပြုရန်သဘောတူညီကြပြီး သုံးလတိုင်အစစအရာရာအဆင်ပြေခဲ့သည်။ သို့သော် သားကြီးသည် နိုင်ငံရေးလှုပ်ရှားမှုများတွင်မပါဝင်ကြောင်း၊ ကျောင်းအုပ်ကသူ့မိဘများအား တိုင်တန်းလေသည်။ ထိုအခါ ကျောင်းအုပ်၊ သူ၏မိဘနှစ်ပါး၊ အတွင်းရေးမှူး၊ ရှေ့နေတစ်ဦးနှင့် ပါမောက္ခဆယ်ဦးအရှေ့တွင် ဤလူငယ်သည် ယင်းအမှုများကို မိမိအဘယ်ကြောင့်မဆောင်ရွက်နိုင်ရကြောင်း ချီးကျူးခံထိုက်အောင် သက်သေတင်ပြနိုင်ခဲ့ပါသည်။ (ထွက်မြောက်ရာ၊ ၂၀:၄၊ ၅) မိဘများလည်း အလွန်အမျက်ထွက်ကြပါသည်။ သို့နှင့် တရားခံဟု မိခင်ဖြစ်သူယူမှတ်သည့် အဖွားဖြစ်သူကိုပစ်ခတ်ရန် ခြောက်လုံးပြူးတစ်လက်ရှာယူထားသော်လည်း ဖွားအေတစ်ဦးတည်းရှိချိန်နှင့် တစ်ခါမျှမကြုံကြိုက်ခဲ့ပါ။
နောင်တွင် မိသားစုကိုခင်မင်သောမိတ်ဆွေတစ်ဦး အကြံပြုချက်အတိုင်း ကျောင်းအုပ်၏သဘောတူညီချက်အရ သားကြီးကို စိတ္တဇဆေးရုံတွင်တင်ထားရန် စိတ်ဆုံးဖြတ်ကြသည်။ စိတ်ပိုင်းဆိုင်ရာကုသမှု ပြုလုပ်ပေးမည်ဆိုလျှင် သူ၏ယုံကြည်ချက်ကို စွန့်လွှတ်လိမ့်မည်ဟု သူတို့ယူမှတ်ကြသည်။ ဆေးမှူးများသည် လူငယ်ကို မိုင် ၆၀ အဝေးသို့ ကားနှင့်တင်သွားပြီး အင်စူလင်နှင့်အခြားထုံထိုင်းစေသောဆေးဝါးများကို သူမေ့မျောသွားသည်တိုင် ထိုးသွင်းပေးကြသည်။ သတိပြန်ရလာသည့်အခါ လုံးဝမျက်စိလည်ပြီး မည်သူကိုမျှမသိ၊ အနည်းငယ် သတိလစ်သည့်ရောဂါကိုခံစားရသည်။ သူ့ကိုအသေအချာ ဆေးကုစမ်းသပ်ပြီးနောက် ဆရာဝန်များသည် သူ၌စိတ္တဇရောဂါ လုံးဝမတွေ့ရှိပါ။ သို့သော်ဆေးခန်း၌ သူ့အားဆက်ဆေးကုသကြသည်။ သတိရသည့်အခါတိုင်း မိမိအားမစွန့်ပစ်ထားရန် ယေဟောဝါထံ အဆက်မပြတ်ဆုတောင်းပြီး ခံနိုင်ရည်ရှိဖို့လည်း ခွန်အားပေးပါရန် အသနားခံသည်။ လူငယ်ကို ယေဟောဝါအမှန်ကာကွယ်ပေးတော်မူ၍ နောက်ဆုံး ဆေးရုံဆင်းခွင့်ရလေသည်။
တစ်ချိန်တွင် သူ၏ယုံကြည်ချက်ကို စွန့်လွှတ်ဖို့အသင့်ရှိပြီလောဟုကျောင်းအုပ်က လူငယ်အားမေးသောအခါ မစွန့်နိုင်ဟုအဖြေရသဖြင့်၊ ယခင်ကထက် ဦးနှောက်ပျက်နေသေးသည့်အတွက် သူ့အားဆေးရုံပြန်တင်လိုက်ရန် မိဘများအား ကျောင်းအုပ်ကအကြံပြုသည်။ သို့နှင့်မိဘများသည် သားဖြစ်သူကို အဆောင်တစ်ခုတွင်အပ်ပြီး ယေဟောဝါသက်သေတို့၏အစည်းအဝေးများကို မတက်ရန်ကြပ်မတ်ပေးဖို့ အဆောင်မှူးအား မှာကြားခဲ့သည်။ မိဘနှစ်ပါးပြန်သွားပြီးနောက်တွင် သားဖြစ်သူအတွက် မည်မျှအံ့သြဖွယ်ဖြစ်ခဲ့သည်တကား။ ယင်းအဆောင်၏ပိုင်ရှင်များသည် ယေဟောဝါသက်သေများဖြစ်နေကြလေသည်။ နောက်ဆုံးတွင် ဆရာဝန်များသည် မိမိတို့အား မှန်ကန်စွာမပြောမဆိုဟုယူမှတ်ကာ စိတ္တဇကုသမှုကို ရပ်စဲလိုက်လေသည်။ ဤအချိန်အတောအတွင်း ယေဟောဝါသက်သေများ၏ သားသမီးများကို ကျောင်းထုတ်မပစ်နိုင်ဟု အာဂျင်တီးနားတရားရုံးချုပ်က စီရင်ချက်ချလေသည်။
ဤသစ္စာရှိလူငယ်အား ဤစုံစမ်းခြင်းများက အကျိုးပြုပါသလော။ အကျိုးပြုသည်။ သူကိုယ်တိုင် ဤသို့ဆိုသည်။ “ဆရာဝန်များ၊ ပါမောက္ခများ၊ ကျောင်းနေဖက်များ၊ မိဘများနှင့်ဆွေမျိုးများမက တစ်မြို့လုံးကိုပင် အကျယ်တဝင့်သက်သေခံခွင့် ရရှိခဲ့ပါသည်။ ယခုကျွန်တော့်မိဘများ အရင်လောက် အတိုက်အခံမပြုတော့ပါ။ သက်သေခံများကိုလည်း ပိုနားလည်လာပါပြီ။ ယခု ကျွန်တော့်ငယ်စဉ်ဘဝကို ပြန်ပြောင်းကြည့်သည့်အခါ ကိုယ်တော်အားသစ္စာရှိသူကို ကျွန်တော်တို့ဘုရားသခင်သည် အံ့သြစွာကောင်းလောက်အောင် ဂရုစိုက်ကြည့်ရှုတယုတယစောင့်ရှောက်ပေးကြောင်း သိရှိရသည်။ ဆာလံ ၂၇:၁၀ တွင်ဆာလံဆရာဆိုသည်အတိုင်းပင်ဖြစ်သည်။ ‘ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ထာဝရာဘုရား [ယေဟောဝါ၊ ကဘ] သည်အကျွန်ုပ်ကိုချီယူတော်မူမည်။’”
ဤလူငယ်သည် ယခု ၂၃ နှစ်ရှိပြီ။ အိမ်ထောင်ပြုပြီးပြီဖြစ်၍ ယေဟောဝါ၏လုပ်ငန်းတော်၌ အလွန်တက်ကြွစွာပါဝင်သူတစ်ဦးဖြစ်သည်။ ယေဟောဝါ၏ထောက်ပံ့ကူညီမှုသည် အမှန်တကယ် အကန့်အသတ်မရှိပါ။—ဆာလံ ၅၅:၂၂။