သတိရဖွယ် နေ့ရက်
“သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီ။”—ယောဟန် ၁၆:၃၃။
၁၊ ၂။ လူ့သမိုင်းတွင် အဘယ်နေ့ရက်တစ်ရက်သည် အခြားနေ့ရက်များထက်ထူးခြားသနည်း။ အဘယ်ကြောင့်နည်း။
ယနေ့ကမ္ဘာသည် ငြိမ်းချမ်းရေးအကြောင်း ပြောဆိုစရာများစွာရှိသည်။ ဒုတိယကမ္ဘာစစ်အဆုံးတွင် ငြိမ်းချမ်းရေးကို ဗွီအီးနေ့၊ ဗွီဂျေနေ့များနှင့် ဆက်စပ်ထားပါသည်။aခရစ္စမတ်အချိန်တွင် ‘ကမ္ဘာပေါ်ငြိမ်သက်ခြင်း’ အကြောင်းလူတို့ နှစ်တိုင်းသတိရလေ့ရှိသည်။ (လုကာ ၂:၁၄) သို့သော်လူ့သမိုင်းတစ်လျှောက် အခြားနေ့ရက်များထက်ထူးခြားသည့် နေ့ရက်တစ်ရက်ရှိပါသည်။ ယင်းက အထက်ပါစကားများကို ယေရှုခရစ်ကိုးကားပြောဆိုခဲ့ချိန်ဖြစ်သည်။ ဤကမ္ဘာပေါ် လူသားရှိခဲ့သည့် ရက်ပေါင်းနှစ်သန်းကျော်ကာလအနက် လူမျိုး၏လမ်းစဉ်ကို ထာဝရအကျိုးပြု၍ လုံးဝပြောင်းလဲစေသော တစ်ခုတည်းသောရက် ဖြစ်ပေသည်။
၂ ထိုထူးခြားစွာအရေးကြီးသောနေ့ရက်ကား ဂျူးပြက္ခဒိန်အရ နိသန် ၁၄ ရက်ဖြစ်သည်။ ကျွန်ုပ်တို့ခေတ်သက္ကရာဇ် ၃၃ ခုနှစ်တွင် နိသန် ၁၄ ရက်သည် ဧပြီ ၁ ရက်နေ့၏ နေဝင်ချိန်တွင် စတင်ခဲ့ပါသည်။ ထိုရာဇဝင်တွင်လောက်သောနေ့ရက်၏ အဖြစ်အပျက်တို့ကို သုံးသပ်ကြည့်စို့။
နိသန်လ ၁၄ရက် ပါတကား
၃။ နောက်ဆုံးအချိန်နာရီများကို ယေရှုမည်သို့အသုံးပြုသနည်း။
၃ နေဝင်ဖျိုးဖျစဉ် ယေဟောဝါသည် အချိန်ကာလတို့ကို သတ်မှတ်တော်မူကြောင်း သတိပေးသည်အနေနှင့် အေးမြသောလပြည့်၏အလင်းရောင်ကို မြင်နေရမည်။ (တမန်တော် ၁:၇) ဂျူးတို့၏နှစ်ပတ်လည်ပသခါပွဲကိုကျင်းပရန် ယေရှုနှင့် ကိုယ်တော်၏တမန်တော် ၁၂ ပါး စုဝေးနေကြသော အထက်ခန်းမ၌ အဘယ်အမှုဖြစ်ပျက်နေပါသနည်း။ ယေရှုသည် ‘ဤလောကမှ ခမည်းတော်ထံသို့ ပြောင်းရသောအချိန်အတွက် ပြင်ဆင်ရာတွင် . . . မိမိလူတို့ကို ချစ်တော်မူကြောင်း အဆုံးတိုင်အောင်’ တင်ပြလျက်ရှိသည်။ (ယောဟန် ၁၃:၁) ယင်းကို ကိုယ်တော်မည်သို့ပြုတော်မူသနည်း။ နှုတ်အားဖြင့်လည်းကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း၊ ယေရှုသည် တပည့်တော်များ ဤလောကကိုအောင်မြင်နိုင်ရန် အကူအညီဖြစ်စေမည့်အရည်အချင်းများကို ဆက်သွန်သင်ပေးတော်မူသည်။
နှိမ့်ချခြင်းနှင့်ချစ်ခြင်းမေတ္တာကို ယူတင်ဝတ်ဆောင်ခြင်း
၄။ (က) အခြေခံအရည်အချင်းတစ်ခုကို တပည့်တော်များအား ယေရှုမည်သို့တင်ပြသနည်း။ (ခ) နှိမ့်ချခြင်းအရည်အချင်း၏ အရေးကြီးမှုကို ပေတရုသဘောပေါက်ကြောင်း မည်သို့သိရှိနိုင်သနည်း။
၄ တမန်တော်များသည် သူထက်ငါသာချင်သည့် သဝန်တိုစိတ်နှင့် မာန်မာနစိတ်ကို ထုတ်ပစ်ရန် လိုနေသေးသည်။ သို့ဖြစ်၍ ပုဝါကိုယူ၍ခါးစည်းပြီး သူတို့ခြေကို ယေရှုစတင်ဆေးကြောပေးလေသည်။ ဤသို့ပြုခြင်းကား ဟန်ဆောင်နှိမ့်ချမှုပြခြင်း လုံးဝမဟုတ်ပါ။ “သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်” မှဖြစ်ပေါ်သော ကိုယ်ကျိုးမရှာခြင်းဖြစ်သည်။ (ဖိလိပ္ပိ ၂:၂-၅) အစအဦးတွင် လိုရင်းချက်ကို ပေတရုသဘောမပေါက်ဘဲ မိမိခြေကို ယေရှုအားဆေးကြောခွင့်မပြုပါ။ ဆုံးမခံရပြီးနောက် မိမိတစ်ကိုယ်လုံးကိုပါ ဆေးကြောပေးပါရန် သူတောင်းဆိုလိုက်သည်။ (ယောဟန် ၁၃:၁-၁၀) မည်သို့ပင်ဆိုစေ သင်ယူရမည့်အချက်ကိုပေတရု နားလည်ခဲ့မည်။ အကြောင်းမှာ နောင်နှစ်အနည်းငယ်အကြာတွင် သူသည် သူတစ်ပါးကို မှန်ကန်စွာဆုံးမပေးခဲ့သည်ကို တွေ့ရှိရသည်။ (၁ ပေတရု ၃:၈၊ ၉၊ ၅:၅) ကျွန်ုပ်တို့အားလုံးလည်း ယနေ့နှိမ့်ချစွာဖြင့် ခရစ်တော်အစေကိုခံကြရန် အလွန်အရေးကြီးသည်တကား။—သု၊ ၂၂:၄။ မဿဲ ၂၃:၈-၁၂ ကိုလည်းရှု။
၅။ သော့ချက်ဖြစ်သည့် အခြားအရည်အချင်းတစ်ခု၏ အရေးကြီးမှုကို ယေရှု၏အဘယ်ပညတ်ချက်က ဖော်ပြသနည်း။
၅ ၁၂ ဦးအနက်တစ်ယောက်သည် ယေရှု၏သြဝါဒမှ အကျိုးမခံစားခဲ့ပါ။ သူကား ယုဒရှကာရုတ်ဖြစ်သည်။ ပသခါစားပွဲကျင်းပနေစဉ် ယေရှုစိတ်မချမ်းမသာဖြစ်လာပြီး ယုဒအား မိမိကိုသစ္စာဖောက်သူအဖြစ်ဖော်ထုတ်ကာ အပြင်သို့စေလွှတ်လိုက်သည်။ ထိုသို့ပြုပြီးနောက်ပိုင်း၌သာ သစ္စာရှိတပည့်တော် ၁၁ ပါးအားယေရှုဤသို့ဆိုသည်။ “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၄၊ ၃၅) ဤကား ယေရှုကိုယ်တော်တိုင်၏ ထူးမြတ်လှသောပုံသက်သေဖြင့်တင်ပြခဲ့သည့် ပညတ်သစ်အမှန်ပင်ဖြစ်သည်။ ယဇ်ကောင်အဖြစ် အသေခံရမည့်အချိန် နီးကပ်လာစဉ် ယေရှုသည် ထူးခြားသောမေတ္တာကိုဖော်ပြပါသည်။ မိနစ်တိုင်းကို အကျိုးရှိရှိအသုံးချကာ တပည့်တော်များကို သွန်သင်အားပေးတော်မူ၏။ မေတ္တာရှိဖို့အရေးကြီးကြောင်းကို ဤသို့အလေးအနက် ဆက်၍ဖော်ပြသည်။ “ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ သင်တို့သည် အချင်းချင်းချစ်ကြလော့။ ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။”—ယောဟန် ၁၅:၁၂၊ ၁၃။
“လမ်းခရီး၊ သမ္မာတရား နှင့် အသက်”
၆။ အကျွမ်းတဝင်ရှိကြသောတပည့်တော်များရှေ့ အဘယ်ပန်းတိုင်ကို ယေရှုထားပေးတော်မူသနည်း။
၆ သစ္စာရှိ ၁၁ ဦးအားယေရှုဤသို့ဆိုသည်။ “သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အားငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။” (ယောဟန် ၁၄:၁၊ ၂) ဤနေရာကား “ကောင်းကင်နိုင်ငံတော်” တွင်ဖြစ်လိမ့်မည်။ (မဿဲ ၇:၂၁) တစ်ဦးနှင့်တစ်ဦး အကျွမ်းတဝင်ဖြစ်သော ဤသမာဓိရှိအဖွဲ့ဝင်တပည့်တော်များသည် သူတို့၏ပန်းတိုင်သို့ မည်သို့ရောက်ရှိနိုင်ကြောင်း ယေရှုတင်ပြပြောဆိုသည်။ ကိုယ်တော်က “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄:၆) ဤစကားများသည် ကမ္ဘာပေါ်ထာဝရအသက်ရမည့် လူသားတို့နှင့်လည်း သက်ဆိုင်ပါသည်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၂၁:၁-၄။
၇-၉။ ကိုယ်တော်တိုင်အား “လမ်းခရီး၊ သမ္မာတရား နှင့် အသက်” အဖြစ် ယေရှုအဘယ်ကြောင့် ဖော်ပြတော်မူသနည်း။
၇ ယေရှုသည် “လမ်းခရီး” ဖြစ်၏။ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံချဉ်းကပ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းကား ယေရှုခရစ်မှတစ်ဆင့်သာဖြစ်သည်။ ယေရှု၏နာမဖြင့် မည်သည့်အရာကိုမဆို ခမည်းတော်ထံ တောင်းဆိုလျှင် ရမည်ဟု ယေရှုကိုယ်တော်တိုင် တပည့်တော်များအား စိတ်ချစေသည်။ (ယောဟန် ၁၅:၁၆) အခြားတစ်ပါးအရာများ၊ ပုဂ္ဂိုလ်များမှတစ်ဆင့်ပြုသည့် ဆုတောင်းချက်များကို ခမည်းတော် နားညောင်းမည်မဟုတ်၊ နှစ်သက်တော်မူမည်မဟုတ်ပါ။ (မဿဲ ၆:၅-၈) ထို့ပြင် ယေရှုအကြောင်း တမန်တော် ၄:၁၂ တွင်ဤသို့ဖတ်ရှုရသည်။ “ထိုသခင်၏နာမမှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သောနာမ တစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင်မပေါ်မရှိ။”
၈ ယေရှုသည် “သမ္မာတရား” ဖြစ်၏။ တမန်တော်ယောဟန်က ကိုယ်တော်အကြောင်း ဤသို့ဆိုသည်။ “နှုတ်ကပါဌ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း၊ ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယောဟန် ၁:၁၄) ဟေဗြဲကျမ်းစာစောင်များပါ ရာနှင့်ချီသည့်ပရောဖက်ပြုချက်များကို ပြည့်စုံစေခြင်းအားဖြင့် ယေရှုသည် သမ္မာတရားဖြစ်တော်မူ၏။ (၂ ကောရိန္သု ၁:၂၀။ ဗျာဒိတ် ၁၉:၁၀) တရားနာလိုသော တပည့်တော်များနှင့်လူအုပ်များအား ဟောပြောရာတွင်၊ အရေခြုံဓမ္မဆရာများနှင့် ငြင်းခုံရာတွင်၊ ကိုယ်တော်တိုင်၏ သက်ဝင်သောပုံသက်သေကို တင်ပြရာတွင် သမ္မာတရားကို ထင်ရှားစေတော်မူ၏။
၉ ယေရှုသည် “အသက်” လည်းဖြစ်သည်။ ဘုရားသခင်၏သားတော်ဖြစ်ရာ ယေရှုဤသို့မိန့်တော်မူသည်။ “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်။” (ယောဟန် ၃:၃၆) ယေရှု၏ယဇ်ပူဇော်သက္ကာကို ယုံကြည်ကြောင်းတင်ပြခြင်းသည်ဘိသိက်ခံခရစ်ယာန် “သိုးစုငယ်” အတွက် ကောင်းကင်တွင် မပျက်စီးနိုင်သောအသက်၊ “အခြားသိုး”မှ လူအုပ်ကြီးအတွက် ပရဒိသုကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ခြင်းတည်းဟူသော ထာဝရအသက်သို့ပို့ဆောင်သည်။—လုကာ ၁၂:၃၂။ ၂၃:၄၃။ ယောဟန် ၁၀:၁၆။
ညှဉ်းပန်းနှိပ်စက်ခြင်းကို သည်းခံခြင်း
၁၀။ ‘လောကကိုအောင်မြင်’ ရန်အဘယ်ကြောင့်လိုအပ်သနည်း။ ဤကိစ္စနှင့်စပ်လျဉ်း၍ အဘယ်အားပေးစကားများ ယေရှုမိန့်တော်မူသနည်း။
၁၀ ယေဟောဝါ၏စနစ်သစ်တွင် နေထိုင်ရန် မျှော်လင့်သူများသည် စာတန်မာရ်နတ်၏ “လက်၌ရှိသောလောက” နှင့်ရင်ဆိုင်တိုက်လှန်ရမည်။ (၁ ယောဟန် ၅:၁၉) ထိုကြောင့် ယောဟန် ၁၅:၁၇-၁၉ ပါယေရှု၏စကားများသည် အလွန်ပင်အားရှိစေသည်။ “သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ ဤပညတ်တို့ကို ငါပေး၏။ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကိုသိမှတ်ကြလော့။ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင် လောကီသားတို့သည် မိမိတို့နှင့် ဆက်ဆံသော သင်တို့ကိုချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကို မုန်းကြ၏။” ခရစ်ယာန်စစ်များသည် ဤ ၁၉၉၂ ခုနှစ်အထိ မုန်းတီးခံရပြီဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးတော်၏မစမှုကြောင့် ဆက်၍မြဲမြံတည်ကြည်သူများ၏ ပုံသက်သေကောင်းများအတွက် ကျွန်ုပ်တို့မည်မျှထိတိုင် ဝမ်းမြောက်နိုင်ကြပြီတကား။ (၁ ပေတရု ၅:၆-၁၀) ကိုယ်တော်၏တင်ပြပြောဆိုချက်ကို ဤအားရှိစရာစကားများဖြင့် နိဂုံးချုပ်သော ယေရှုကို ယုံကြည်ကြောင်းတင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့လည်း စုံစမ်းခြင်းများကို ခံရပ်နိုင်ကြမည်။ “သင်တို့သည် လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီ။”—ယောဟန် ၁၆:၃၃။
ပဋိညာဉ်သစ်တစ်ခုကို စတင်ပေးခြင်း
၁၁။ ပဋိညာဉ်သစ်တစ်ခုအကြောင်း ယေရမိမည်သို့ပရောဖက်ပြုသနည်း။
၁၁ ထိုညနေချိန်တွင် ပသခါပွဲကျင်းပပြီးနောက် ပဋိညာဉ်သစ်တစ်ခုအကြောင်း ယေရှုမိန့်တော်မူသည်။ ယင်းအကြောင်းကို ရာစုနှစ်များစွာကတည်းက ဤသို့ပရောဖက်ယေရမိကြိုတင်ပြောထားသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသည်ကား၊ ငါသည် . . . ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ . . . ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ . . . ငါသည် သူတို့အပြစ်များကိုသည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်။” (ယေရမိ ၃၁:၃၁-၃၄) စီအီး ၃၃ နိသန် ၁၄ တွင် ဤပဋိညာဉ်သစ်ကို တရားဝင်စေမည့် ယဇ်ကောင်ကိုပူဇော် လိမ့်မည်တည်း။
၁၂။ ပဋိညာဉ်သစ်ကို ယေရှုမည်သို့တရားဝင်စေသနည်း။ ယင်းကား အဘယ်အရာကိုဖြစ်မြောက်စေသနည်း။
၁၂ ဤပသခါပွဲကို တပည့်တော်များနှင့်အတူ အလွန်စားသုံးလိုကြောင်း သစ္စာရှိသူ ၁၁ ပါးအား ယေရှုမိန့်တော်မူသည်။ ထိုနောက် ကိုယ်တော်သည်မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းကာ ဖဲ့ပြီးနောက် သူတို့အားဝေပေးစဉ် ဤသို့မိန့်ဆိုတော်မူသည်။ “ဤမုန့်ကား သင်တို့အဖို့အလိုငှာ စွန့်သောငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။” ထိုနည်းတူ အနီရောင်ရှိ စပျစ်ရည်ကို ဆင့်ကမ်းပေးပြီးနောက် ဤသို့ဆိုသည်။ “ဤခွက်ကား သင်တို့အဖို့အလိုငှာသွန်းသော ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။” (လုကာ ၂၂:၁၅၊ ၁၉၊ ၂၀) ပဋိညာဉ်သစ်သည် ယေရှု၏ “အသွေးတော်မြတ်” ဖြင့် အကြုံးဝင်လာပေသည်။ ယင်းသည် ဣသရေလလူမျိုး၏ပညတ်ပဋိညာဉ်ကို တရားဝင်စေခဲ့သော တိရစ္ဆာန်အသွေးထက် များစွာတန်ဖိုးကြီးမြတ်ပေသည်။ (၁ ပေတရု ၁:၁၉။ ဟေဗြဲ ၉:၁၃၊ ၁၄) ပဋိညာဉ်သစ်အဝင်ဖြစ်သူတို့သည် အပြစ်များ လုံးဝလွတ်ငြိမ်းခွင့်ခံရသည်။ သို့ဖြစ်၍ ဝိညာဏဣသရေလအဖြစ် ထာဝရအမွေခံရမည့် ၁၄၄,၀၀၀ အဝင်ဖြစ်နိုင်ကြမည်။—ဂလာတိ ၆:၁၆။ ဟေဗြဲ ၉:၁၅-၁၈၊ ၁၃:၂၀။ ဗျာဒိတ် ၁၄:၁။
“ငါ့ကိုအောက်မေ့ဖို့ရာ”
၁၃။ (က) သတိရအောက်မေ့ရာအချိန်တွင် အဘယ်အကြောင်းကို ကျွန်ုပ်တို့သုံးသပ်သင့်သနည်း။ (ခ) အထိမ်းအမှတ်များကို မည်သူတို့သာလျှင်သုံးဆောင်နိုင်သနည်း။ အဘယ်ကြောင့်နည်း။
၁၃ ယေရှု၏သေခြင်းကို အောက်မေ့ရာ ၁,၉၆၀ ကြိမ်မြောက်နှစ်ပတ်လည်ပွဲသည် ဧပြီ ၁၇၊ ၁၉၉၂ ခုနှစ်တွင်ကျသည်။ ယေရှု၏စုံလင်သောယဇ်မှ အကျိုးခံစားရလေသမျှကို သုံးသပ်ကြည့်လျှင်ကောင်းပေသည်။ ဤအစီအစဉ်သည် ယေဟောဝါ၏ဉာဏ်ပညာတော်နှင့် လူသားများအပေါ် နက်ရှိုင်းသောမေတ္တာတော်ကို ချီးမြှင့်ပေးပါသည်။ ဝေဒနာပြင်းထန်စွာခံရပြီး သေသည်အထိ ယေရှု၏ အပြစ်ဆိုဖွယ်ရာမရှိသော သမာဓိစောင့်သိမှုသည် ဘုရားသခင်၏ဖန်ဆင်းခံလူသားများအပေါင်း အနာအဆာရှိ၍ စမ်းသပ်ခံရချိန်တွင် သစ္စာဖျက်လိမ့်မည်ဟု စာတန်၏ကဲ့ရဲ့ပြောဆိုခြင်းကို ချေပပေးရာ ယေဟောဝါ၏နာမအပေါ် သင်္ကာယနကင်းရှင်းစေသည်။ (ယောဘ ၁:၈-၁၁။ သု၊ ၂၇:၁၁) ကိုယ်တော်၏ ယဇ်ပူဇော်ရာအသွေးတော်အားဖြင့် ပဋိညာဉ်အသစ်ကို ယေရှုဖျန်ဖြေပေးသည့်အတွက် “ရွေးချယ်တော်မူသောအမျိုး၊ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်း” ကိုယေဟောဝါရွေးထုတ်နိုင်တော်မူသည်။ မြေကြီးပေါ်ရှိစဉ် ဤသူတို့သည် ‘မှောင်မိုက်မှ အံ့ဖွယ်သောအလင်းတော်သို့ သူတို့အားခေါ်သွင်းသည့်’ သူတို့၏ဘုရားသခင်ယေဟောဝါ၏ “ဂုဏ်ကျေးဇူးများကိုဖော်ပြ” ကြသည်။ (၁ ပေတရု ၂:၉။ ထွက်မြောက်ရာ ၁၉:၅၊ ၆ နှင့်နှိုင်းယှဉ်။) သို့နှင့် သင့်တော်လျောက်ပတ်စွာဖြင့် သတိရအောက်မေ့ရာအထိမ်းအမှတ်များကို သူတို့သာလျှင် နှစ်စဉ်သုံးဆောင်ကြသည်။
၁၄။ တက်ရောက်သူ သန်းပေါင်းများစွာတို့သည် မည်သို့အကျိုးရရှိကြသနည်း။
၁၄ လွန်ခဲ့သောနှစ် သတိရအောက်မေ့ရာပွဲတော်တွင်၊ ကမ္ဘာတစ်လွှားတက်ရောက်သူ ၁၀,၆၅၀,၁၅၈ ယောက်ရှိခဲ့သော်လည်း အထိမ်းအမှတ်များကို သုံးဆောင်သူ ၈,၈၅၀ ယောက်သာရှိခဲ့ရာ ၁ ရာခိုင်နှုန်း၏ ဆယ်ပုံတစ်ပုံထက်ပင် လျော့နည်းသေးသည်။ သို့ဖြစ်လျှင် တက်ရောက်သူ သန်းပေါင်းများစွာအတွက် ဤပွဲတော်သည် အဘယ်အကျိုးပြုသနည်း။ ကြီးစွာအကျိုးရှိ၏။ မသုံးဆောင်ကြသော်လည်း ကမ္ဘာတစ်ခွင် ဤကြီးမားသော ညီအစ်ကိုများအသင်းအပင်းနှင့်အတူ ဤသို့ပေါင်းသင်းခြင်းအားဖြင့် ဝိညာဏခွန်အားပြည့်တင်းလာပါသည်။ သားတော်၏ ယဇ်ပူဇော်သက္ကာအားဖြင့် ယေဟောဝါပြုမူဆောင်ရွက်လေသမျှ ကြီးမြတ်သောအရာများကို ဤအချိန်တွင် သူတို့ကြားသိကြရသည်။
၁၅။ ဘိသိက်ခံများအပြင် အခြားသူများသည် ယေရှု၏ယဇ်ပူဇော်သက္ကာမှ မည်သို့အကျိုးခံစားရသနည်း။
၁၅ ထို့ပြင် ၁ ယောဟန် ၂:၁၊ ၂ တွင် တမန်တော်က ဤသို့ပြောဆိုထားသည်။ “ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ်မက လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။” မှန်ပါသည်။ ယေရှု၏ယဇ်ပူဇော်သက္ကာသည် ပဋိညာဉ်သစ်အဝင်ဖြစ်သော ယောဟန်အတန်းစားအတွက် ဦးစွာအကျိုးပြုသည်ဖြစ်ငြား “လောကီသားအပေါင်းတို့၏” အပြစ်ဖြေရာလည်းဖြစ်သည်။ ယေရှုသွန်းတော်မူခဲ့သောအသွေးကို ယုံကြည်ကြောင်းတင်ပြသူများဖြစ်သည့် လောကီသားများ၏အပြစ်အတွက် “အပြစ်ဖြေရာယဇ်” ဖြစ်ပေသည်။ ယင်းအသွေးသည် ပရဒိသုကမ္ဘာပေါ် ထာဝရအသက်ရရန် ရွှင်လန်းအားရဖွယ် မျှော်လင့်ချက်ကို သူတို့အားရရှိစေသည်။—မဿဲ ၂၀:၂၈။
“ငါ့ခမည်းတော်၏နိုင်ငံတော်၌”
၁၆။ (က) ယေရှုနှင့်ကိုယ်တော်၏အမွေခံဖက်များသည် ယခုအဘယ်အရာ၌ အတူတူပါဝင်ခံစားနေကြသနည်း။ (ခ) ယနေ့ ဘိသိက်ခံအကြွင်းအကျန်နှင့် လူအုပ်ကြီးထံမှ အဘယ်အရာတောင်းဆိုသနည်း။
၁၆ တမန်တော်များကို ဆက်အားပေးရန် ပုံဆောင်ချက်အားဖြင့် ကိုယ်တော့်ခမည်းတော်၏နိုင်ငံတော်၌ တပည့်တော်များနှင့်အတူ စပျစ်ရည်မျိုးအသစ်ကို သောက်မည့်အချိန်အကြောင်း ယေရှုညွှန်ပြခဲ့သည်။ (မဿဲ ၂၆:၂၉) ကိုယ်တော်ဤသို့မိန့်မှာခဲ့သည်။ “ငါသည် စုံစမ်းနှောင့်ယှက်ခြင်းကိုခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကိုပေးတော်မူသည်နှင့်အညီ သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌စားသောက်သောအခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူ တစ်ဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကိုလည်းကောင်း ငါသည်သင်တို့အားပေးမည်။” (လုကာ ၂၂:၂၈-၃၀) ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်ဘုန်းကို ယေရှုခံယူခဲ့သဖြင့် နှစ်ရာစုများတစ်လျှောက် စုသိမ်းခြင်းခံယူခဲ့ရသော ယေရှု၏အမွေခံဖက်အများစုသည် ကိုယ်တော်နှင့်အတူ “ပလ္လင်ပေါ်မှာထိုင်” ခြင်းငှာ ရှင်ပြန်ထမြောက်နှင့်ပြီဖြစ်မည်။ (၁ သက်သာလောနိတ် ၄:၁၅၊ ၁၆) “ကြီးစွာသောဒုက္ခ” ၏ “လေးမျက်နှာမှလေတို့ကို” ကောင်းကင်တမန်များလွှတ်မည့်နေ့ရက်သည် အလျင်အမြန်နီးကပ်လာနေပြီ။ ထိုအခါ ဝိညာဏဣသရေလ ၁၄၄,၀၀၀ ကိုတံဆိပ်ခတ်ခြင်းနှင့် လူအုပ်ကြီးမှ သန်းပေါင်းများစွာသောသူတို့ကို စုသိမ်းခြင်းလုပ်ငန်း ပြီးစီးနေမည်ဖြစ်သည်။ ဤသူအပေါင်းတို့သည် ထာဝရအသက်ဆုကျေးဇူးကို လက်ခံရရှိရန် ယေရှုနည်းတူ သမာဓိစောင့်သိကြရမည်။—ဗျာဒိတ် ၂:၁၀။ ၇:၁-၄၊ ၉။
၁၇ နှင့် လေးထောင့်ကွက်။ (က) ဘိသိက်ခံတစ်ဦးအား သစ္စာမဲ့သူအဖြစ် စွန့်ပယ်ခံရလျှင် သူ့အစားဝင်ရန် မည်သူတို့ဖြစ်ဖွယ်အကြောင်းရှိသနည်း။ (ခ) ၁၉၃၈ ခုနှစ်ထုတ် ကင်းမျှော်စင် ဆောင်းပါးများက ကမ္ဘာပေါ် သီအိုကရက်တစ်အဖွဲ့အစည်း တည်ထောင်၍ နောင်တွင်တိုးချဲ့လာခြင်းနှင့်ပတ်သက်၍ အဘယ်စိတ်ဝင်စားဖွယ်အကြောင်းများ သိနားလည်ခဲ့ရသနည်း။
၁၇ ဘိသိက်ခံရသူအချို့ သမာဓိစောင့်သိသူများ မဖြစ်ခဲ့လျှင်ကော။ ဤအတော်ပင်နောက်ကျလှသည့်အချိန်တွင် ထိုသို့သစ္စာဖျက်သူအရေအတွက်သည် နည်းပါလိမ့်မည်။ အစားဝင်မည့်သူတို့သည် နှစ်ခြင်းခံယူခါစလူသစ်များအထဲမှမဟုတ်ဘဲ နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုဆောင်၍ စုံစမ်းနှောင့်ယှက်ခံရစဉ် ယေရှုကိုမှီဝဲခဲ့သူများမှ ဖြစ်မည်ကားယုတ္တိရှိသည်။ ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ကင်းမျှော်စင် မှတစ်ဆင့်ရရှိသော တောက်ပလှသည့်ဝိညာဏအလင်းအရ ဘိသိက်ခံအကြွင်းအကျန်များကို စုသိမ်းခြင်းသည် ထိုကာလအတွင်း ပြည့်လုနေကြောင်း သိရှိရသည်။ ထိုအချိန်နောက်ပိုင်း “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေသောသူ” များမူကား ခြားနားသောရွှင်လန်းဖွယ်ရာ မျှော်လင့်ချက်ရှိကြသည်။ ခရစ်တော်မှတစ်ဆင့် ပရဒိသုကမ္ဘာမြေကြီးပေါ် “အသက်စမ်းရေတွင်းသို့” ယေဟောဝါ၏ဝိညာဉ်တော်သည် သူတို့အား လမ်းပြပို့ဆောင်ပေးပါသည်။—ဗျာဒိတ် ၇:၁၀၊ ၁၄၊ ၁၇။
ထက်သန်စွာတောင်းသော ဆုပတ္ထနာ
၁၈။ ယောဟန် အခန်းကြီး ၁၇ ပါယေရှု၏ဆုတောင်းချက်မှ အဘယ်တန်ခိုးပါသောသင်ခန်းစာများကို ကျွန်ုပ်သိရှိရသနည်း။
၁၈ တပည့်တော်များနှင့်အတူ တက်ရောက်ခဲ့သော သတိရအောက်မေ့ရာပွဲတော်ကို ယောဟန် ၁၇:၁-၂၆ ပါအလွန်ထက်သန်သောဆုပတ္ထနာနှင့် ယေရှုနိဂုံးချုပ်ခဲ့သည်။ အဆုံးတိုင် မိမိသမာဓိစောင့်သိစဉ် ခမည်းတော်သည် မိမိအားဘုန်းထင်ရှားစေမည်အကြောင်း ဦးစွာဆုပန်ခဲ့သည်။ ဤနည်းအားဖြင့် ယေဟောဝါရှင်လည်း ဘုန်းထင်ရှားမည်ဖြစ်သည်။ အကြောင်းမှာ နာမတော်အား ရိုသေလေးမြတ်ခြင်း၊ ကဲ့ရဲ့ရှုတ်ချမှုဟူသ၍ ကင်းရှင်းခြင်းရှိလာမည်ဖြစ်သည်။ ဘုရားသခင့် ဖန်ဆင်းခံလူသားများသည် အခဲယဉ်းဆုံးစုံစမ်းခြင်းခံရလျက်ပင် အပြစ်ဆိုဖွယ်မရှိ သစ္စာတည်ကြည်နိုင်ကြောင်း စုံလင်သောလူသားယေရှု သက်သေ ထူပြ နိုင်တော်မူခဲ့သည်။ (တရားဟောရာ ၃၂:၄၊ ၅။ ဟေဗြဲ ၄:၁၅) ထို့ပြင်ယေရှု၏ယဇ်ပူဇော်ရာသေခြင်းအားဖြင့် အာဒံ၏သားစဉ်မြေးဆက်အတွက် ထူးမြတ်သောအခွင့်အလမ်း ပွင့်လာပါသည်။ ယေရှုဆိုသည်ကား ဤသို့။ “ထာဝရအသက်ဟူမူကား၊ တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” ယေဟောဝါဘုရားသခင်နှင့်၊ ယေဟောဝါ၏ နာမတော်ထင်ရှားရေး၊ လူသားတို့ ကယ်တင်ခြင်းရရေးအတွက် မိမိအသက်ကိုစွန့်လွှတ်ခဲ့သော ဘုရားသခင့်သိုးသငယ်၊ သားတော်တို့နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာကို ဆည်းပူးခြင်းသည် မည်မျှအရေးကြီးလှသည်တကား။ (ယောဟန် ၁:၂၉။ ၁ ပေတရု ၂:၂၂-၂၅) မွန်မြတ်လှသော လုပ်ငန်းတော်ဆောင်ရွက်ရန် မိမိကိုယ်ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံနိုင်သည်အထိ ထိုမေတ္တာပါယဇ်ပူဇော်သက္ကာကို သင်တန်ဖိုးထားပါသလော။
၁၉။ အကြွင်းအကျန်နှင့်လူအုပ်ကြီးသည် တန်ဖိုးဖြတ်မရစည်းလုံးမှုကို မည်သို့ခံစားနိုင်ပါသနည်း။
၁၉ ထို့ပြင်တပည့်တော်များသည် ဤလောကနှင့်မဆိုင်ကြောင်း၊ သမ္မာတရားအဖြစ် နှုတ်ကပါဌ်တော်မှီဝဲလျက် ခမည်းတော်၊ သားတော်တို့နှင့် တစ်လုံးတစ်ဝတည်းဆက်တည်ရှိနေကြောင်း သက်သေတင်ပြကြရာတွင် တပည့်တော်များကို ကြည့်ရှုစောင့်မတော်မူမည်အကြောင်း မြင့်မြတ်တော်မူသောခမည်းတော်ထံ ယေရှုဆုပတ္ထနာပြုပါသည်။ ဘိသိက်ခံအကြွင်းအကျန်နှင့် လူအုပ်ကြီးသည် လောက၏အဓမ္မမှု၊ ဆိုးသွမ်းမှုတို့တွင်မပါဝင်၊ ဆက်၍ကြားနေကြစဉ် မေတ္တာနှောင်ကြိုးဖြင့် စည်းလုံးနေကြသည့် မျက်မှောက်အချိန်အထိ ထိုဆုတောင်းချက်သည် အံ့ဖွယ်နည်းဖြင့် ပြီးပြည့်နေသည်မဟုတ်ပေလော။ နိဂုံးချုပ်တွင် ခမည်းတော်ထံ ယေရှုမိန့်မြွက်ခဲ့သောစကားများသည်လည်း မည်မျှတန်ဖိုးရှိလှသည်တကား။ “ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်။”—ယောဟန် ၁၇:၁၄၊ ၁၆၊ ၂၆။
၂၀။ စီအီး ၃၃ နိသန် ၁၄ ရက်သည် အမှန်ပင် သတိရဖွယ် နေ့ရက် အဘယ်ကြောင့်ဖြစ်သနည်း။
၂၀ ဂေသရှေမန်ဥယျာဉ်သို့ထွက်၍ တပည့်တော်များနှင့်အတူ တည်ဆောက်မှုပေးခြင်းငှာ တစ်ခဏပေါင်းသင်းပါသေးသည်။ ထိုနောက် ကိုယ်တော့်ရန်သူများ အထံတော်သို့ရောက်လာကြသည်။ ယေရှု၏ကာယဒုက္ခဝေဒနာများ၊ ယေဟောဝါအပေါ်ကျရောက်သည့် ကဲ့ရဲ့ရှုတ်ချမှုကြောင့် ကိုယ်တော်၏ ကြေကွဲဝမ်းနည်းသောနှလုံး၊ တစ်ချိန်လုံးတွင်ပင် ကိုယ်တော်၏တုပလောက်သောသစ္စာသမာဓိအကြောင်းများကို ဖော်ပြပြောဆိုရန် စကားများမလုံလောက်နိုင်ပါ။ ယေရှုသည် တစ်ညလုံး၊ ထိုနေ့၏နေ့တာတစ်လျှောက်လုံးနီးနီး အဆုံးတိုင်အောင် ခံရပ်တည်ကြည်တော်မူခဲ့သည်။ ကိုယ်တော်တိုင်၏နိုင်ငံတော်သည် ဤလောကနှင့်မစပ်ဆိုင်ကြောင်း ရှင်းလင်းပြတ်သားစွာ သက်သေထူတော်မူသည်။ အသက်ထွက်ချိန်နောက်ဆုံးလေသံဖြင့် ကိုယ်တော်မြွက်ဆိုသည်ကား၊ “အမှုပြီးပြီ” ဟုဖြစ်သည်။ (ယောဟန် ၁၈:၃၆၊ ၃၇၊ ၁၉:၃၀) လောကကို ကိုယ်တော်ပြီးပြည့်စုံလင်စွာ အောင်မြင်လေပြီ။ စီအီး ၃၃ နိသန် ၁၄ ရက်သည် အမှန်ပင် သတိရဖွယ် နေ့ရက် ဖြစ်ပါသည်တကား။
[အောက်ခြေမှတ်ချက်များ]
a ဥရောပကိုအောင်ပွဲခံနေ့ နှင့် ဂျပန်ပြည်ကို အောင်ပွဲခံနေ့ဖြစ်သည်။
သင်မည်သို့ဖြေဆိုမည်နည်း
▫ စိတ်နှိမ့်ချခြင်းနှင့်မေတ္တာအကြောင်း ယေရှုအဘယ်အရာကို သွန်သင်ပေးတော်မူသနည်း။
▫ ယေရှုသည် “လမ်းခရီး၊ သမ္မာတရား နှင့် အသက်” မည်သို့ဖြစ်လာသနည်း။
▫ ပဋိညာဉ်သစ်၏ ရည်ရွယ်ချက်ကား အဘယ်နည်း။
▫ ဘိသိက်ခံအကြွင်းအကျန်နှင့် လူအုပ်ကြီးတို့စပ်ကြား အဘယ်စည်းလုံးမှုနှင့် မေတ္တာနှောင်ကြိုးရှိသနည်း။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သာ၍ကြီးမြတ်တော်မူသောရှောလမုန်၏ ဉာဏ်ပညာတော်
၁၉၃၈၊ ဇွန် ၁ နှင့် ဇွန် ၁၅ ကင်းမျှော်စင် စာစောင်များပါ “အဖွဲ့အစည်း” ဟူသောဆောင်းပါးများသည် ယနေ့ထိတိုင် ယေဟောဝါသက်သေများလိုက်လျှောက်သည့် အခြေခံသီအိုကရက်တစ်အစီအစဉ်များကို အတည်ပြုထားပါသည်။ ယင်းတို့သည် ၁၉၁၉ ခုမှစတင်ခဲ့သော ယုံကြည်ချက်များဆိုင်ရာ၊ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၏ ထူးခြားသောကာလ ပြီးဆုံးသည့်အချိန်ဖြစ်ပါသည်။ (ဟေရှာယ ၆၀:၁၇) ထိုအနှစ် ၂၀ ကာလကို ရှောလမုန် ဗိမာန်တော်နှင့် ယေရုရှလင်မြို့ရှိ နန်းတော်တည်ဆောက်ချိန် နှစ်ပေါင်း ၂၀ ကာလနှင့်နှိုင်းယှဉ်ရာတွင် ကင်းမျှော်စင် ကဤသို့ဆိုသည်။ “နှစ်ပေါင်းနှစ်ဆယ် ရှောလမုန်၏ဆောက်လုပ်ရေးအစီအစဉ်ပြီးနောက် . . . တစ်နိုင်ငံလုံးကို ပြန်လည်ပြုပြင် တည်ဆောက်ပေးရန်အစီအစဉ် စတင်ခဲ့ကြောင်း ကျမ်းစာကတင်ပြသည်။ (၃ ဓမ္မရာဇဝင် ၉:၁၀၊ ၁၇-၂၃။ ၂ ရာဇဝင်ချုပ် ၈:၁-၁၀) ထိုနောက် ရှေဘမိဖုရားသည် ‘ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှလာသည်။’ (မဿဲ ၁၂:၄၂။ ၃ ဓမ္မရာဇဝင် ၁၀:၁-၁၀။ ၂ ရာဇဝင်ချုပ် ၉:၁-၉၊ ၁၂) ယင်းက ဤမေးခွန်းကိုပေါ်ပေါက်စေသည်။ ကမ္ဘာပေါ်ရှိ ယေဟောဝါလူများအတွက် အနီးကပ်အနာဂတ်တွင် အဘယ်အရာဖြစ်ဖို့ရှိသနည်း။ စိတ်ချယုံကြည်စွာဖြင့် ကျွန်ုပ်တို့စောင့်ကြည့်ကြမည်။” ထိုအားထားမှုသည် မလွဲမမှားခဲ့ပါ။ သီအိုကရက်တစ်ဖွဲ့စည်းစီမံမှုအောက်တွင် ကမ္ဘာချီကြီးမားသော ဝိညာဏဆောက်လုပ်ရေးအစီအစဉ်ကြောင့် လူအုပ်ကြီးအဝင် လေးသန်းကျော်သောသူတို့ကို စုသိမ်းခဲ့ပြီ။ ရှေဘမိဖုရားနည်းတူပင် ဤသူတို့သည် “သစ္စာသမာဓိရှိကျေးကျွန်” မှတစ်ဆင့် သာ၍ကြီးမြတ်တော်မူသည့်ရှောလမုန်၊ ခရစ်တော်ယေရှု၏ ဉာဏ်ပညာစကားများကို ကြားနာလို၍ မြေကြီးစွန်းတို့မှ ရောက်ရှိလာကြပါသည်။—မဿဲ ၂၄:၄၅-၄၇။