‘ဘုရားသခင်နှင့်ယေရှုဆိုင်ရာ အသိပညာကို ဆည်းပူးခြင်း’
“ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း၊ သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ကိုယ်တော်၏ကောင်းကင်ခမည်းတော်ထံ ဆုတောင်းရာတွင် ယေရှုထိုသို့ဆိုခဲ့သည်။ ဤနည်းဖြင့် ထာဝရအသက်ရရှိရန် အရေးပါ၍ရှေးဦးလိုအပ်ချက်တစ်ခုကို ကိုယ်တော်ဖော်ပြပါသည်။ သို့သော် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကဤအခန်းငယ်ကို ဘာသာပြန်အများကဲ့သို့ “ဘုရားသခင်ကို . . . သိကျွမ်းခြင်း” အစား “ဘုရားသခင်၏ . . . အသိပညာကိုဆည်းပူးခြင်း” ဟုအဘယ်ကြောင့် ပြန်ဆိုရပါသနည်း။—ယောဟန် ၁၇:၃ ၏အောက်ခြေမှတ်ချက်ကိုလည်းကြည့်ပါ။
‘အသိပညာကိုဆည်းပူးခြင်း’ သို့မဟုတ် “သိကျွမ်းခြင်း” ဟုပြန်ဆိုသည့် ဂရိစကားလုံးမှာ ကြိယာဖြစ်သည့် ဂီနိုစကို ၏ပုံစံခွဲဖြစ်သည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း သည် ထိုစကားလုံး၏အဓိပ္ပာယ်အပြည့်အစုံကို အတတ်နိုင်ဆုံးဖော်ထုတ်ရန် ပြန်ဆိုထားပါသည်။ ဂီနိုစကို ၏အဓိကအဓိပ္ပာယ်မှာ “သိကျွမ်းခြင်း” ဖြစ်သော်လည်း ဂရိစကားလုံးတွင် အနည်းငယ်ကွဲပြားခြားနားခြင်းများရှိသည်။ အောက်ပါ လိုရင်းအဓိပ္ပာယ်ဖော်ပြချက်အချို့ကို သတိပြုပါ။
“ဂီနိုစကို (γινώσκω) သည် အသိပညာယူနေခြင်း၊ သိလာရခြင်း၊ အသိအမှတ်ပြုခြင်း၊ နားလည်ခြင်း၊ သို့မဟုတ် အပြည့်အစုံနားလည်ခြင်း” တို့ကိုဆိုလိုပါသည်။—ဒဘလျူအီးဗိုင်း၏ Expository Dictionary of New Testament Words. သို့ဖြစ်၍ ‘အသိပညာကိုဆည်းပူးခြင်း’ ဟု ဂီနိုစကို ကိုဘာသာပြန်ခြင်းသည် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကိုရှုတ်ချသူများဆိုသကဲ့သို့ ‘သမ္မာကျမ်းစာကို ပြုပြင်ပြောင်းလဲခြင်း’ မဟုတ်ပါ။ ထိုစကားလုံး၌ပါဝင်နိုင်သည့် အနည်းငယ်ကွဲပြားသော အဓိပ္ပာယ်တို့ကို ဆွေးနွေးရာတွင် နာမည်ကျော် အဘိဓာန်ပြုစုသူ ဂျိမ်းစ် ဟိုပ် မိုလ်တင် ဤသို့ဆိုသည်။ “လက်ရှိရိုးရှင်းသောစကားလုံး၊ γινώσκειν သည်အချိန်ကြာမြင့်စွာဖြစ်ရာ ‘‘အသိပညာကိုဆည်းပူးနေခြင်း’ သဘောရှိသည်။”—A Grammar of New Testament Greek.
A Grammatical Analysis of the Greek New Testament က ယောဟန် ၁၇:၃ တွင်ဂီနိုစကို ပါသည်အတိုင်းဆိုလျှင် “အစဉ်အဆက်ပြုရခြင်းသဘော သက်ရောက်သည်” ဟုဆိုသည်။ ဤဂရိစကားလုံးအကြောင်း ထပ်ဆင့်မှတ်ချက်ချသည့်စကားကို မာဗင် အာရ် ဗင်စင့်တ်ရေးသော Studies in the New Testament စာအုပ်တွင်ပါသည်။ ယင်းကဤသို့ဆိုသည်။ “ထာဝရအသက်ရရေးသည် အသိပညာ၌တည်၏။ သို့တည်းမဟုတ် အသိပညာကိုအမီလိုက်ခြင်း ၌တည်၏။ အကြောင်းမှာ ပစ္စုပ္ပန်ကာလသည် ဆက်ပြုလုပ်ခြင်း၊ တိုးတက်ဆဲ သဘောကိုသတ်မှတ်ပေးသည်။” [စာလုံးစောင်းမှာ သူ၏အရေးသား။] အေတီရောဗတ်စင်၏ Word Pictures in the New Testament တွင် ထိုစကားလုံးကို “ဆက်၍သိကျွမ်းသင့်သည်” ဟုပြန်ဆိုရန် အကြံပြုပါသည်။
ထိုကြောင့် မူရင်းဂရိတွင် ယောဟန် ၁၇:၃ ပါယေရှု၏စကားများသည် စစ်မှန်သောဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်ကို သိကျွမ်းရန် ဆက်၍ကြိုးစားနေသင့်သည့်သဘော တင်ပြပါသည်။ ယင်းသဘောထားကို ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၏ပြန်ဆိုပုံက ကောင်းစွာပေါ်လွင်စေသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဝီရိယစိုက်ထုတ် လေ့လာခြင်းအားဖြင့်လည်းကောင်း၊ ယင်း၏စံချိန်များနှင့်အညီ နာခံမှုရှိစွာ လိုက်နာခြင်းဖြင့်လည်းကောင်း၊ ဤအသိပညာကို ရရှိနိုင်ပါသည်။ (ဟောရှေ ၄:၁၊ ၂။ ၈:၂။ ၂ တိမောသေ ၃:၁၆၊ ၁၇ နှင့်နှိုင်းယှဉ်။) ဘုရားသခင်နှင့်သားတော်၏ စိတ်သဘောတော်တို့ကိုသိကျွမ်းလာရန် ကြိုးစားပြီး၊ သူတို့ကိုအတုယူသူများအတွက် အဘယ်မွန်မြတ်သောဆုကျေးဇူး ရှိသနည်း။ ထာဝရအသက် ပါတကား။