ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ယေရှုထပ်မံ ကိုယ်ယောင်ထင်ရှားပြ
စိတ်ညှိုးငယ်နေကြဆဲ တပည့်တော်များသည် ဗလာကျင်းဖြစ်နေသည့် သင်္ချိုင်းဂူ၏အထူးအဓိပ္ပာယ်ကို မသိကြချေ။ အမျိုးသမီးများ၏ပြောကြားချက်ကိုလည်း သူတို့မယုံနိုင်ကြချေ။ ထို့ကြောင့် တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ကလောဖနှင့်အခြားတပည့်တော်တို့သည် ယေရုရှလင်မြို့နှင့် ခုနစ်မိုင်ခရီးကွာဝေးသော ဧမောက်ရွာသို့သွားကြ၏။
လမ်းခရီး၌ ထိုနေ့ကအဖြစ်အပျက်များကို ဆွေးနွေးပြောဆိုနေကြစဉ်တွင် သူစိမ်းတစ်ယောက် သူတို့နှင့်အတူလိုက်ပါလာသည်။ ထိုသူက “သင်တို့သည် ခရီးသွားလျက် အချင်းချင်းဆွေးနွေးသောစကားကား အဘယ်သို့သောစကားနည်း” ဟုမေး၏။
ထိုတပည့်တော်တို့သည် မျက်နှာညှိုးငယ်စွာနှင့်ရပ်တန့်လျက် ကလောဖက “သင်သည်ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါထိုမြို့၌ဖြစ်ခဲ့ပြီးသောအကြောင်းအရာတို့ကို မသိသလော” ဟုပြန်ဆို၏။
“အဘယ်အကြောင်းအရာနည်း” ဟုထိုသူကမေး၏။
သူတို့က “နာဇရက်မြို့သား ယေရှု၏အကြောင်းအရာပေတည်း။ . . . ထိုသူကိုယဇ်ပုရောဟိတ်အကြီးနှင့်ငါတို့မင်းများသည် အသေသတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာကွပ်မျက်ကြပြီ။ ထိုသူသည် ဣသရေလအမျိုးကို ရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည်အထက်ကမျှော်လင့်ကြပြီ” ဟုဖြေဆိုကြ၏။
ကလောဖနှင့်အဖော်တို့က ထိုနေ့ကဖြစ်ပျက်သည့် မှင်တက်မိအောင်အံ့သြရသောအဖြစ်အပျက်တည်းဟူသော ကောင်းကင်တမန်ကိုထူးဆန်းစွာမြင်ရခြင်းနှင့် ဗလာကျင်းဖြစ်နေသည့် သင်္ချိုင်းဂူအကြောင်းတို့ကိုရှင်းပြသည်။ ထို့နောက် ထိုအရာတို့၏အဓိပ္ပာယ်နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးတွေဝေနေကြောင်း ဝန်ခံကြသည်။ သူစိမ်းက “ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင်ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊ ခရစ်တော်သည် ဤသို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လော” ဟုပြစ်တင်ပြောဆိုတော်မူ၏။ ထို့နောက် ကျမ်းစာတော်များ၌ ခရစ်တော်နှင့်ပတ်သက်သော ကျမ်းပိုဒ်များကို ရှင်းလင်းပြောပြလေ၏။
နောက်ဆုံး၌ ဧမောက်ရွာအနီးသို့ရောက်လျှင် သူစိမ်းဖြစ်သူသည် ရှေ့သို့ခရီးဆက်၍သွားမည့်ဟန်ပြု၏။ တပည့်တော်တို့သည် ပိုမိုကြားလိုသည့်ဆန္ဒကြောင့် “ယခုမိုးချုပ်စပြုပါပြီ။ နေ့အချိန်လည်းကုန်ပါတော့မည်။ သို့ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ တည်းခိုပါ” ဟုဆို၍သွေးဆောင်ကြ၏။ သို့နှင့် ကိုယ်တော်သည် သူတို့နှင့်အစာစားရန်နေရစ်လေသည်။ ကိုယ်တော်သည် ကျေးဇူးတော်ကိုချီးမွမ်းပြီး မုန့်ကိုဖဲ့၍ သူတို့အားပေးတော်မူသောအခါ၌ လူ့ခန္ဓာဖြင့်ထင်ရှားသည့်ယေရှုဖြစ်မှန်း သူတို့သိလာကြသည်။ သို့ရာတွင် ကိုယ်တော်သည် ကွယ်ပျောက်သွားလေသည်။
ထိုအချိန်ကျမှ ထိုသူစိမ်းသည် အဘယ်ကြောင့်ဤမျှသိရှိကြောင်းကို သူတို့နားလည်လာကြသည်။ သူတို့က “လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကိုဖွင့်ပြတော်မူသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လော” ဟူ၍အချင်းချင်းမေးခွန်းထုတ်ကြ၏။ သူတို့သည် ချက်ချင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ကြ၏။ ထိုတွင် တမန်တော်တို့နှင့်တကွ အတူစုရုံးနေကြသူများကိုတွေ့ကြ၏။ ကလောဖနှင့်အဖော်တို့က ဘာမျှမပြောနိုင်မီ အခြားသူတို့က “သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ၊ ရှိမုန်အားကိုယ်ကိုပြတော်မူပြီ” ဟုအားရဝမ်းသာစွာပြောပြကြသည်။ ထို့နောက် တပည့်တော်နှစ်ယောက်တို့သည် သူတို့အားလည်း ယေရှုမည်သို့ကိုယ်ထင်ပြကြောင်းကို ပြောကြားကြ၏။ ထိုတစ်နေ့တည်းတွင် သီးခြားတပည့်တော်တို့အား ကိုယ်ထင်ပြသည်မှာ လေးကြိမ်ရှိသွားလေသည်။
တပည့်တော်တို့သည် ယုဒလူတို့ကိုကြောက်သောကြောင့် တံခါးကိုပိတ်ထားကြသော်လည်း ယေရှုသည် ပဉ္စမအကြိမ်အဖြစ် ရုတ်တရက်ကိုယ်ထင်ပြတော်မူ၏။ ကိုယ်တော်သည် သူတို့အလယ်၌ရပ်တော်မူလျက် “သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း” ဟူ၍မိန့်တော်မူ၏။ သူတို့သည် တစ္ဆေကိုမြင်သည်ဟုထင်မှတ်သဖြင့် ထိတ်လန့်တုန်လှုပ်နေကြ၏။ ထို့ကြောင့် ယေရှုက မိမိသည် တစ္ဆေမဟုတ်ကြောင်း ရှင်းပြ၍ “အဘယ်ကြောင့်တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ်ရှိကြသနည်း။ ငါ့လက်ကိုကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့မပြည့်စုံ” ဟုမိန့်တော်မူ၏။ သို့နှင့်ပင် ကိုယ်တော်ပြန်ရှင်လာခြင်းသည် မယုံကြည်နိုင်စရာကောင်းလှသဖြင့် သူတို့သည် မယုံနိုင်ဘဲရှိနေကြသည်။
မိမိသည် အမှန်ပင်ယေရှုဖြစ်ကြောင်း သူတို့သဘောပေါက်စေရန်အတွက် ကိုယ်တော်က “သင်တို့၌ စားစရာတစ်စုံတစ်ခုရှိသလော” ဟုမေးတော်မူ၏။ ငါးကင်တစ်ပိုင်းကိုယူ၍ စားပြီးနောက် သူတို့အားစတင်ဆုံးမသွန်သင်တော်မူ၏။ “မောရှေ၏ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း ငါ့ကိုရည်မှတ်၍ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည်သင်တို့နှင့်အတူရှိစဉ်အခါ [မသေမီက] သင်တို့အားဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်း” ဟူ၍မိန့်တော်မူ၏။
စင်စစ်အားဖြင့် သူတို့နှင့်အတူ ကျမ်းစာသင်ကြားနေသကဲ့သို့ ယေရှုသည် အောက်ပါအတိုင်းဆက်၍သွန်သင်တော်မူ၏။ “ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည် အသေခံ၍သုံးရက်မြောက်သောနေ့၌ သေခြင်းမှထမြောက်ရမည်။ ခရစ်တော်၏အခွင့်အားဖြင့် နောင်တတရားနှင့်အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အားဟောပြောရမည်။”
အကြောင်းတစ်ခုခုကြောင့် သောမသည်အရေးကြီးသောဤတနင်္ဂနွေနေ့ညနေစည်းဝေးကို မတက်ရောက်နိုင်ချေ။ ထို့ကြောင့် နောက်တစ်နေ့တွင် အခြားသူတို့က သူ့အား “အကျွန်ုပ်တို့သည် သခင်ကိုမြင်ရကြပြီ” ဟုဝမ်းမြောက်စွာပြောပြကြ၏။
သောမက “လက်တော်၌သံရိုက်ရာကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံ” ဟုအတိအလင်းဆိုသည်။
ထိုနောက် ရှစ်ရက်မျှကြာသော် တပည့်တော်တို့သည် အိမ်အတွင်းမှာစုဝေးကြပြန်၏။ ဤတစ်ကြိမ်တွင် သောမလည်း သူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိသော်လည်း ယေရှုသည် သူတို့အလယ်တွင် တစ်ဖန်ရပ်ပြန်လျက် “သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်း” ဟုမိန့်တော်မူ၏။ ထိုနောက် သောမဘက်သို့လှည့်၍ “သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကိုစမ်းလော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့” ဟုမိန့်တော်မူ၏။
သောမကလည်း “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကား” ဟုရုတ်တရက်ဆိုလိုက်သည်။
ယေရှုကလည်း “သင်သည် ငါ့ကိုမြင်ရ၍ ယုံကြည်ပါသလော။ ငါ့ကိုမမြင်ရဘဲ ယုံကြည်သူတို့သည် မင်္ဂလာရှိကြ၏” ဟုမိန့်တော်မူ၏။ လုကာ ၂၄:၁၁၊ ၁၃–၄၈။ ယောဟန် ၂၀:၁၉–၂၉။
◆ ဧမောက်ရွာသို့သွားရာလမ်းတွင် တပည့်တော်နှစ်ယောက်အား သူစိမ်းတစ်ဦးက အဘယ်အကြောင်းစုံစမ်းမေးမြန်းသနည်း။
◆ တပည့်တော်တို့၏စိတ်နှလုံးယိုဖိတ်မတတ်ဖြစ်စေသည့် အဘယ်အကြောင်းကို ထိုသူစိမ်းကပြောပြခဲ့သနည်း။
◆ ထိုသူစိမ်းမှာ ယေရှုဖြစ်ကြောင်း တပည့်တော်များ မည်သို့သိမြင်လာသနည်း။
◆ ကလောဖနှင့်သူ၏အဖော်တို့သည် ယေရုရှလင်မြို့သို့ပြန်ရောက်သောအခါ အဘယ်စိတ်တက်ကြွဖွယ်သတင်းကို ကြားရကြသနည်း။
◆ တပည့်တော်တို့အား ယေရှုသည် မည်သည့်ပဉ္စမအကြိမ် ကိုယ်ထင်ပြတော်မူသနည်း။ ထိုအချိန်အတွင်း ဘာဖြစ်ပျက်သနည်း။
◆ ပဉ္စမအကြိမ်ကိုယ်ထင်ပြပြီးနောက် ရှစ်ရက်အကြာတွင် ဘာဖြစ်ပျက်သနည်း။ ယေရှုအသက်ရှင်နေတော်မူကြောင်း သောမနောက်ဆုံးတွင် မည်သို့ယုံကြည်သွားသနည်း။