ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၄/၁ စာ. ၁၈-၂၄
  • လူမျိုးအပေါင်းတို့အတွက် စင်ကြယ်သောဘာသာစကားတစ်မျိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူမျိုးအပေါင်းတို့အတွက် စင်ကြယ်သောဘာသာစကားတစ်မျိုး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စကားပြောခြင်းဆိုင်ရာ ဆုကျေးဇူး
  • စင်ကြယ်သောဘာသာစကား လိုအပ်ရပုံ
  • စင်ကြယ်သောဘာသာစကားရရှိသူများ
  • ထိုဘာသာစကားကိုသင်ယူရန် ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အပိုင်း
  • စင်ကြယ်သော ဘာသာစကားအားဖြင့် စည်းလုံးလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “စင်ကြယ်သောဘာသာစကား” ကို ကျွမ်းကျင်စွာ သင်ပြောနေပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စင်ကြယ်သောဘာသာစကားကိုပြောဆို၍ အစဉ်အသက်ရှင်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “သန့်ရှင်းသောဘာသာစကား” ပြောခြင်း
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၄/၁ စာ. ၁၈-၂၄

လူမျိုးအပေါင်းတို့အတွက် စင်ကြယ်သောဘာသာစကားတစ်မျိုး

“ထိုအခါ၊ လူမျိုးအပေါင်းတို့သည် အမှုတော်ကိုပခုံးချင်းယှဉ်၍ ထမ်းဆောင်မည်အကြောင်း ယေဟောဝါ၏နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ စင်ကြယ်သောဘာသာစကားကို သူတို့အားငါပေးမည်။”—ဇေဖနိ ၃:၉။ NW

၁၊ ၂။ (က) ဇေဖနိ ၃:၉ ကိုပြည့်စုံစေရာတွင် ကျွန်ုပ်တို့ခေတ်၌ ယေဟောဝါအဘယ်အရာပြုတော်မူနေသနည်း။ (ခ) ကျွန်ုပ်တို့အပေါ် ဇေဖနိပရောဖက်ပြုချက် မည်သို့အကျိုးသက်ရောက်ကြောင်းကိုနားလည်ရန် အဘယ်မေးခွန်းများကိုဖြေဆိုဖို့လိုသနည်း။

ကျွန်ုပ်တို့လက်ထက်၌ ယေဟောဝါဘုရားသခင်သည် အမှန်ပင်အံ့ဖွယ်ကောင်းလှသော အမှုတော်တစ်ရပ်ကို အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နေတော်မူ၏။ ကိုယ်တော်သည်လူမျိုးအပေါင်းတို့ကို စည်းရုံးသိမ်းသွင်းနေတော်မူသည်။ သန့်ရှင်းသောနှုတ်ကပါဌ်တော်တွင် ကြိုတင်မိန့်တော်မူသည်အတိုင်း လူတို့ကိုဘာသာစကားအသစ်သင်ကြားပေးခြင်းအားဖြင့် ထိုသို့ပြုနေတော်မူ၏။—ဇေဖနိ ၃:၉။

၂ ထိုဘာသာစကားမှာအဘယ်နည်း။ ယင်းကိုအဘယ်ကြောင့်လိုအပ်ရသနည်း။ ယင်းဘာသာစကားကိုသင်ကြားရန်အတွက် ကိုယ်တိုင်အနေနှင့် ဘာပြုလုပ်ရန်လိုအပ်သနည်း။

စကားပြောခြင်းဆိုင်ရာ ဆုကျေးဇူး

၃။ (က) အာဒံအား အဘယ်အံ့ဖွယ်ဆုကျေးဇူးနှင့် ဘုရားသခင်ပြည့်စုံစေတော်မူသနည်း။ (ခ) အာဒံပြောဆိုခဲ့သောဘာသာစကားမှာ အဘယ်နည်း။

၃ စကားပြောခြင်းအားဖြင့် ဆက်သွယ်မှုပြုနိုင်သည့်စွမ်းရည်သည် တိရစ္ဆာန်ရှိရှိသမျှနှင့်ကွဲပြားစေသည့် ဘုရားပေးဆုကျေးဇူးတစ်ရပ်ပင်ဖြစ်သည်။ ပထမလူသား၊ အာဒံသည် တွေးတောစဉ်းစားနိုင်သောအစွမ်းရှိသည့်ဦးနှောက်ပါရှိလျက် ဖန်ဆင်းခြင်းခံရသည်။ သူ၌ စကားပြောရာတွင်အသုံးပြုနိုင်သောအသံကြိုး၊ လျှာနှင့်နှုတ်ခမ်းတို့မှစ၍ ဝေါဟာရနှင့်စကားလုံးအသစ်များကို တီထွင်နိုင်သည့်အစွမ်းများပိုင်ဆိုင်ရရှိထားသည်။ အာဒံအနေဖြင့်ယေဟောဝါမိန့်မြွက်သည်ကို နားလည်နိုင်သည့်ပြင် မိမိစိတ်ထဲ၌ရှိသည်ကိုလည်း စကားအဖြစ်ပြန်၍ပြောပြနိုင်သည်။ (ကမ္ဘာဦး ၁:၂၈-၃၀။ ၂:၁၆၊ ၁၇၊ ၁၉-၂၃) အာဒံအားပေးခဲ့သည့်ဘာသာစကားမှာ နောင်တွင်ဟေဗြဲဘာသာစကားအဖြစ် လူသိများလာသောဘာသာစကားဖြစ်သည်မှာ ထင်ရှားသည်။ အကြောင်းမှာလူ့သမိုင်းဦးကာလ အနည်းဆုံးနှစ်ပေါင်း ၁,၇၅၇ နှစ်အတွင်း၌ လူသားအပေါင်းတို့သည် ထိုဘာသာစကားတစ်မျိုးတည်းကို ဆက်တိုက်ပြောဆိုလာခဲ့ကြသည့် လက္ခဏာရှိသောကြောင့်တည်း။—ကမ္ဘာဦး ၁၁:၁။

၄။ နိမ်ရောဒလက်ထက်မှအဖြစ်အပျက်များသည် လူသားတို့၏ဘာသာစကားအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။

၄ ၄င်းနောက်၊ နိမ်ရောဒလက်ထက်၌ လူဆိုးတို့၏အားထုတ်မှုများကို ပျက်ပြားစေရန်အတွက် ယေဟောဝါသည် ဗာဗုလုန်ရဲတိုက်ဆောက်လုပ်ရာတွင် ပါဝင်သူအားလုံးတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ (ကမ္ဘာဦး ၁၁:၃-၉) ယေဟောဝါသည် ယခင်ကသူတို့ပြောဆိုကြသည့် ဘုံဘာသာစကားကိုရှေ့ဦးစွာမေ့ပျောက်စေပြီး သူတို့စိတ်ထဲသို့ အသစ်သောဘာသာစကားများကို ထည့်သွင်းပေးခဲ့ဟန်တူသည်။ ဝေါဟာရအသစ်သာမကဘဲ သဒ္ဒါအသစ်၊ တွေးခေါ်မှုပုံစံအသစ်တို့လည်းပါဝင်ပေသည်။ ဗာဗုလုန်မြို့တွင် ယေဟောဝါအစပြုပေးလိုက်သော ထိုဘာသာစကားများမှတစ်ဆင့် အခြားသောဘာသာစကားများသည် ကျွန်ုပ်တို့ခေတ်တိုင်အောင် တစ်စတစ်စတိုးတက်ဖွံ့ဖြိုးလာခဲ့ရာ ဘာသာစကားအကယ်ဒမီအသင်း၏အဆိုအရ ကမ္ဘာတစ်ဝန်းလုံး၌ ဘာသာစကားသုံးထောင်ခန့်ပြောဆိုကြောင်းသိရသည်။

၅။ “စင်ကြယ်သောဘာသာစကား” ပြောင်းလဲပြောဆိုရာ၌ အဘယ်အရာများပါဝင်ကြောင်း ကျွန်ုပ်တို့အဘယ်သို့ဆုံးဖြတ်နိုင်သနည်း။

၅ ဤဘာသာစကားအားလုံးကို ပြောဆိုနေကြသောသူအနေဖြင့် “စင်ကြယ်သောဘာသာစကား” ကိုပြောင်းလဲပြောဆိုဖို့ရန် မိမိတို့၏တိုင်းရင်းသားဘာသာစကားကိုစွန့်၍ အာဒံအားဘုရားသခင်ပေးတော်မူခဲ့သည့် မူလဘာသာစကားကိုသင်ကြားရန် လိုအပ်ပါသလော။ ထိုပရောဖက်ပြုချက်ကိုပေးခဲ့စဉ် ရှိခဲ့သည့်ပတ်ဝန်းကျင်အခြေအနေများက ဤမေးခွန်းကိုဖြေဆိုရန်အတွက် အထောက်အကူပြုပါလိမ့်မည်။

စင်ကြယ်သောဘာသာစကား လိုအပ်ရပုံ

၆-၈။ (က) ဇေဖနိ ၃:၉ ပါပရောဖက်ပြုချက်ကို ပေးတော်မမူမီ ယုဒနိုင်ငံတွင် မည်သည့်ဘာသာရေးအခြေအနေဖြစ်ပေါ် တိုးတက်ခဲ့သနည်း။ (ခ) ယုဒနိုင်ငံ၏ပတ်ဝန်းကျင်နိုင်ငံများ၌ မည်သည့်စိတ်သဘောထားများ လွှမ်းမိုးခဲ့သနည်း။

၆ မကြာမီနှစ်များအတွင်း ယုဒနိုင်ငံကိုမနာရှေဦးစွာအုပ်ချုပ်ပြီးနောက် အာမုန်ဆက်၍အုပ်ချုပ်ခဲ့သည်။ ထိုမင်းနှစ်ပါးစလုံးသည် ဗာလအတွက် ယဇ်ပလ္လင်များကိုတည်၍ အနာဂတ်ဟောခြင်း၊ နတ်ဝိဇ္ဇာအတတ်ကိုအားပေးခြင်းပြုခဲ့ကြသည်။ (၄ ဓမ္မရာဇဝင် ၂၁:၁-၆။ ၂ ရာဇဝင်ချုပ် ၃၃:၂၁-၂၃) ယင်းအတွက်ကြောင့် အာမုန်၏သားတော်၊ အရိုက်အရာဆက်ခံသူ ယောရှိမင်း အုပ်ချုပ်စဉ်အတောအတွင်း ယေဟောဝါသည် ယုဒပြည်ကို တရားစီရင်တော်မူမည့်အကြောင်း သတိပေးရန် ပရောဖက်ဇေဖနိအား တာဝန်ပေးတော်မူ၏။—ဇေဖနိ ၁:၁၊ ၂။

၇ ယုဒပြည်သူတို့အနေဖြင့် ယေဟောဝါသည် မှန်သောဘုရားသခင်ဖြစ်တော်မူကြောင်းကို မိမိတို့၏သမိုင်းနှင့်မှုတ်သွင်းခံကျမ်းစောင်များမှ သိရှိထားကြသော်လည်း ဗာလကိုးကွယ်မှုနှင့်ဆိုင်သော စာရိတ္တပျက်ပြားသည့် ထုံးတမ်းစဉ်လာအခမ်းအနားများကို လိုက်စားခဲ့ကြသည်။ သူတို့သည် ရာသီခွင်နှင့်ဆိုင်သော နေလဂြိုဟ်ဟ်နက္ခတ်များကို ပျပ်ဝပ်ကိုးကွယ်ကြသည်။ ထိုလုပ်ရပ်သည် ဘုရားသခင့်တရားတော်ကို တိုက်ရိုက်ချိုးဖောက်ခြင်းပင်ဖြစ်သည်။ (တရားဟောရာ ၄:၁၉။ ၄ ဓမ္မရာဇဝင် ၂၃:၅) အဆိုးဆုံးလုပ်ရပ်မှာ ဘာသာတရားအားလုံးသည် အတူတူပင်ဖြစ်သည်ဟူ၍သဘောထားကာ ယေဟောဝါနှင့်မှောက်မှားသောဘုရားမာလခံ၏နာမကိုပါ တိုင်တည်လျက်ကျိန်ဆိုကိုးကွယ်ခြင်းအားဖြင့် ဘာသာရေးရောနှောခြင်းပြုခဲ့ကြသည်။ သူတို့၏သဘောထားမှာ ‘ယေဟောဝါသည် အကောင်းကိုလည်းမပြု၊ အဆိုးကိုလည်းမပြု’ ဟူ၍ဖြစ်သည်။ (ဇေဖနိ ၁:၄-၆၊ ၁၂) ယုဒနိုင်ငံ၏ပတ်ဝန်းကျင်နိုင်ငံရှိသမျှတို့သည် ယေဟောဝါနှင့်ကိုယ်တော့်လူမျိုးတော်ကို ဆန့်ကျင်ခဲ့သည့်မှတ်တမ်းရှိကြသဖြင့် သူတို့လည်းဘုရားသခင်၏တရားစီရင်ခြင်းကို ခံရကြမည်ဖြစ်သည်။—ဇေဖနိ ၂:၄-၁၅။

၈ ထိုသို့သောနောက်ခံဖြစ်ရပ်များကိုအကြောင်းပြု၍ “လူမျိုးအပေါင်းတို့သည် အမှုတော်ကိုပခုံးချင်းယှဉ်၍ ထမ်းဆောင်မည်အကြောင်း၊ ယေဟောဝါ၏နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ စင်ကြယ်သောဘာသာစကားကို သူတို့အားငါပေးမည်” ဟူ၍ယေဟောဝါတင်ကူးမိန့်တော်မူခဲ့ခြင်းဖြစ်သည်။ (ဇေဖနိ ၃:၉၊ NW) သို့ဖြစ်လျှင် စင်ကြယ်သောဘာသာစကားဆိုသည်မှာ အဘယ်နည်း။

၉။ (က) စင်ကြယ်သောဘာသာစကားမှာ ဟေဗြဲစကားသို့မဟုတ်ရေးသားထားသော ဘုရားသခင့်နှုတ်ကပါဌ်တော်မျှသာ အဘယ်ကြောင့်မဟုတ်သနည်း။ (ခ) စင်ကြယ်သောဘာသာစကားဆိုသည်မှာ အဘယ်နည်း။ ယင်းသည် စင်ကြယ်သောဘာသာစကားပြောဆိုသူတို့အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။

၉ ဟေဗြဲဘာသာစကားလော။ မဟုတ်ပါ။ ယုဒလူမျိုးတို့သည် ထိုဘာသာစကားကိုပိုင်ဆိုင်နှင့်ပြီးဖြစ်သော်လည်း သူတို့ပြောဆိုပြုမူသမျှတို့မှာ ဘုရားသခင့်မျက်မှောက်တော်တွင် စင်ကြယ်ဖြောင့်မတ်ခြင်းမရှိကြောင်း သိသာလှသည်။ ၄င်းပြင် စင်ကြယ်သောဘာသာစကားဆိုသည်မှာ ရေးသားထားသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်မျှသာလည်းမဟုတ်ပေ။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလည်း သူတို့ရရှိထားပြီးဖြစ်သည်။ သို့သော် သူတို့လိုနေသည့်အရာမှာ ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်များနှင့်ပတ်သက်သော သမ္မာတရားကို မှန်ကန်စွာနားလည်ခြင်း ဖြစ်သည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထိုသို့နားလည်အောင် မစတော်မူနိုင်သည်။ ထိုသန့်ရှင်းသောဘာသာစကားကို သူတို့သင်ယူ၍ ပြောဆိုကြသောအခါ သူတို့၏စဉ်းစား၊ ပြောဆိုကျင့်ကြံမှုမှန်သမျှ ယေဟောဝါသာလျှင် မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်သည်ဟူသောအချက်ကို အသိအမှတ်ပြုခြင်းအပေါ် စူးစိုက်လာပေမည်။ (ဇေဖနိ ၂:၃) သူတို့သည် ကိုယ်တော်ကိုကိုးစား၍ ကိုယ်တော့်အချုပ်အခြာအာဏာတော်ကို အကြွင်းမဲ့ထောက်ခံလာကြပေမည်။ ဤကား ယနေ့ကျွန်ုပ်တို့အတွက် အထူးစိတ်ဝင်စားစရာဖြစ်ပေသည်။ အဘယ်ကြောင့်နည်း။

စင်ကြယ်သောဘာသာစကားရရှိသူများ

၁၀။ ဇေဖနိ ၃:၉ ပါပရောဖက်ပြုချက်သည် မည်သည့်အချိန်ကာလအတွင်း ပြည့်စုံရန်ဖြစ်သနည်း။

၁၀ ထိုပရောဖက်ပြုချက်ပြည့်စုံမည့် အထူးအချိန်ကာလပိုင်းကိုရည်ညွှန်း၍ ဇေဖနိ ၃:၉ ၌ဤသို့ဆို၏။ “ထိုအခါ လူမျိုးအပေါင်းတို့ [အား] . . . စင်ကြယ်သောဘာသာစကားကို . . . ငါပေးမည်။” မည်သည့်အခါနည်း။ ယေဟောဝါသည် ‘လူမျိုးများကိုစုရုံး’ ၍ ‘သူတို့အပေါ်သို့ ဒေါသအရှိန်ကိုသွန်းလောင်း’ တော်မမူမီအချိန်အတောအတွင်း၌ စိတ်နှိမ့်ချသောမြေကြီးသားတို့အား သန့်ရှင်းသောဘာသာစကားကို ကိုယ်တော်ပေးတော်မူမည့်အကြောင်း အခန်းငယ် ၈ ၌အဖြေပေးထားသည်။

၁၁။ (က) ခေတ်သစ်ကာလမတိုင်မီ ဇေဖနိ ၃:၉ သည်အဘယ်ပြည့်စုံချက်နှစ်ကြိမ်ရှိခဲ့သနည်း။ (ခ) ယခုခေတ်ပြည့်စုံချက်သည် အဘယ်သို့ခြားနားသနည်း။

၁၁ ယောရှိမင်းလက်ထက်၊ တရားစီရင်ရန် ဗာဗုလုန်စစ်တပ်အား ယေဟောဝါအခွင့်ပေးတော်မမူမီ လူအများတို့သည် မှောက်မှားသောကိုးကွယ်မှုကိုစွန့်ပစ်ကာ ယေဟောဝါကိုဝတ်ပြုလာကြသည်။ (၂ ရာဇဝင်ချုပ် ၃၄:၃-၃၃) တစ်ဖန်၊ စီအီးပထမရာစုနှစ်၌လည်း ရောမလူမျိုးလက်ချက်ဖြင့် ယေရုရှလင်မြို့ဖျက်ဆီးမခံရမီက ထောင်ပေါင်းများစွာသောလူတို့သည် ဘုရားသခင်နှင့်ကိုယ်တော့်ရည်ရွယ်တော်မူချက်ဆိုင်ရာ သမ္မာတရားကိုသင်ကြား၍ ကိုယ်တော်အားစည်းလုံးစွာဝတ်ပြုလာကြသည်။ ထိုအချိန်၌ ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို ပြည့်စုံစေရာတွင် ယေရှုခရစ်ပြုတော်မူသည့်အရာများအားဖြင့် သမ္မာတရားဆိုင်ရာဘာသာစကားသည် အထူးကြွယ်ဝပြည့်စုံလာခဲ့သည်။ သို့သော်လည်း ဇေဖနိ၏ပရောဖက်ပြုချက် ကမ္ဘာချီအတိုင်းအတာဖြင့်ပြည့်စုံလာမည့်အချိန်မှာ ကျွန်ုပ်တို့၏ခေတ်ကာလပင်ဖြစ်သည်။ ယခုအခါ လူမျိုးအပေါင်းတို့သည် အာမဂေဒုန်၌ဆင်နွှဲမည့်အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲသို့ စုရုံးခံနေရကြသည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၅) ၁၉၁၄ ခုနှစ်၌ ဘုရားသခင်နိုင်ငံတော်ဖွားမြင်သည့်အချိန်မှစ၍ ထိုစုရုံးခြင်းစတင်လာခဲ့သည်။ ထိုကာလအတွင်း၌ပင် ယေဟောဝါသည် ဤပရောဖက်ပြုချက်ကိုပြည့်စုံစေသည့်အနေနှင့်ကမ္ဘာတစ်ဝန်းရှိလူတို့အား စင်ကြယ်သောဘာသာစကားကိုပေးတော်မူခဲ့၏။ ထိုဘာသာစကားကိုသင်ကြားရန် အထူးပင်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် လာမည့်ကြီးစွာသောဒုက္ခကိုကပ်ကျော်မည့်သူတို့မှာ ထိုစင်ကြယ်သောဘာသာစကားကို မိမိတို့၏ ကိုယ်ပိုင်စကားဖြစ်အောင် အမှန်ပြုလုပ်ကြသူများသာဖြစ်မည်ဖြစ်သောကြောင့်တည်း။—ယောလ ၂:၃၂။

၁၂။ (က) ဟေရှာယ ၆ တွင်မှတ်တမ်းတင်ထားသောရူပါရုံသည် စင်ကြယ်သောဘာသာစကားနှင့်ပတ်သက်သောပရောဖက်ပြုချက်နှင့် မည်သို့သက်ဆိုင်သနည်း။ (ခ) ဘိသိက်ခံအကြွင်းအကျန်တို့အနေဖြင့် ယေဟောဝါအားဝတ်ပြုရာတွင် လက်ခံဖွယ်အခြေအနေ၌ ဆက်လက်တည်ရှိနေလိုပါက အဘယ်ကြောင့်အကူအညီလိုအပ်သနည်း။

၁၂ ဤအချက်နှင့်အညီ ပထမကမ္ဘာစစ်ပြီးခေတ်အဦးပိုင်းတွင် ယေဟောဝါသည် ဟေရှာယအခန်းကြီး ၆ တွင်မှတ်တမ်းတင်ထားသည့် အံ့သြဖွယ်ရူပါရုံကိုမြင်နိုင်အောင် မိမိ၏ဘိသိက်ခံအစေခံများ၏ ဉာဏ်မျက်စိကိုစတင်ဖွင့်ပေးတော်မူခဲ့၏။ (အခန်းငယ် ၁-၄) ယေဟောဝါလက်ခံတော်မူသည့်နည်းဖြင့် ဝတ်ပြုနိုင်ရန်အတွက် သန့်ရှင်းသောနှုတ်ခမ်းရှိဖို့အရေးကြီးကြောင်း ဤရူပါရုံက အလေးအနက်တင်ပြသည်။ ယေဟောဝါသည် သန့်ရှင်းမြင့်မြတ်တော်မူကြောင်း ပြဆိုထားသည်။ ကိုယ်တော့်အစေခံများအနေဖြင့်လည်း ထိုအရည်အချင်းကို ထင်ဟပ်စေရပေမည်။ (၁ ပေတရု ၁:၁၅၊ ၁၆) သို့ရာတွင် ဘိသိက်ခံအကြွင်းအကျန်တို့သည် ဤကိစ္စ၌ အကူအညီလိုအပ်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း သူတို့သည် လောကီရေးရာများတွင် အတိုင်းအတာတစ်စုံတရာအထိ ပါဝင်ငြိစွန်းခဲ့ကြသည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW] ကိုကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်း” သော်လည်း သူတို့သည်လူနှင့်လူ့အဖွဲ့အစည်းကို ကြောက်ရွံ့ခဲ့ခြင်းကြောင့် သူတို့၏နှုတ်ခမ်းထိခိုက်စေပြီး ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ကြွေးကြော်ခြင်းဘက်တွင် အကြီးအကျယ်တိတ်ဆိတ်သွားခဲ့သည်။ (ဆာလံ ၁၉:၉) ခရစ်ယာန်ဘောင်နှင့်ကင်းကင်းရှင်းရှင်းမရှိသဖြင့် အကြွင်းအကျန်တို့သည် ခရစ်ယာန်ဘောင်၏ထုံးတမ်းစဉ်လာအကျင့်အကြံအချို့ကြောင့် စွန်းထင်းလျက်ပင်ရှိနေသေးသည်။

၁၃၊ ၁၄။ (က) အကြွင်းအကျန်များသည် မှန်သောစိတ်သဘောထားမည်သို့ပြခဲ့ကြသနည်း။ သူတို့အကျိုးအတွက် ယေဟောဝါအဘယ်သို့လုပ်ဆောင်တော်မူခဲ့သနည်း။ (ခ) အကြွင်းအကျန်တို့အား စင်ကြယ်သောဘာသာစကားကို ယေဟောဝါအဘယ်နည်းဖြင့်ပေးတော်မူခဲ့သနည်း။

၁၃ မိမိတို့၏အခြေအနေမှန်ကိုသိရှိသဖြင့် အကြွင်းအကျန်တို့သည် ပရောဖက်ဟေရှာယကဲ့သို့ အောက်ပါအတိုင်းပြောဆိုကြသည်။ “ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းရှိပြီ။ အကြောင်းမူကား၊ ငါသည်ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသောလူမျိုးတွင် နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် [ယေဟောဝါ၊ NW ] တည်းဟူသောရှင်ဘုရင်ကို ကိုယ်မျက်စိနှင့်မြင်လေပြီတကား။” (ဟေရှာယ ၆:၅) မိမိတို့၏အခြေအနေမှာ လက်ခံတော်မူဖွယ်ရာမဟုတ်ကြောင်း သူတို့အသိအမှတ်ပြုကြသည်။ သူတို့သည် မိမိတို့၏မှားသောလမ်း၌ မိုက်မဲစွာဇွတ်တရွတ်မလိုက်ဘဲနေခဲ့သကဲ့သို့ ယေဟောဝါ၏ဆုံးမခြင်းကိုလည်း ခေါင်းမာမာနှင့်မငြင်းပယ်ကြချေ။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များမူ ဘုရားသခင်ကိုနှုတ်ဖြင့်သာချီးမွမ်း၍ ဘုရားနိုင်ငံတော်အစား သူတို့ထောက်ခံအားပေးရာများကို ဤသူတို့ပူးပေါင်းပါဝင်ခြင်းမပြုကြချေ။

၁၄ စိတ်နှိမ့်ချသောအကြွင်းအကျန်တို့၏ နောင်တရသောစိတ်သဘောကြောင့် ယေဟောဝါသည် မခံစားထိုက်သောကရုဏာဖြင့် သူတို့၏နှုတ်ခမ်းကိုသန့်ရှင်းအောင် ပြုလုပ်ပေးတော်မူ၏။ ဟေရှာယ ၆:၆၊ ၇ ကဤသို့ဆို၏။ “ထိုအခါ ကောင်းကင်တမန်သရပ်တစ်ပါးသည် ယဇ်ပလ္လင်ပေါ်ကမီးညှပ်ဖြင့်ယူသော မီးခဲတစ်ခဲကို လက်နှင့်ကိုင်လျက် ငါရှိရာသို့ပျံလာ၍ ငါ့နှုတ်ကိုတို့ပြီးလျှင် ‘ဤမီးခဲသည် သင်၏နှုတ်ခမ်းကိုတွေ့ပြီ။ သင်၏ဒုစရိုက်ကိုသုတ်သင်ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီ’ ဟုဆို၏။” ရိုးရာထုံးတမ်းနှင့်လူ့အယူများကို မီးကဲ့သို့ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့်အရာမှာ ဘုရားသခင်နှုတ်ကပါဌ်တော်မှ စင်ကြယ်စေနိုင်စွမ်းရှိသော သတင်းတရားပင်ဖြစ်သည်။ ယင်းသည်သူတို့၏နှလုံးအတွင်းမှ လူကိုကြောက်ရွံ့ခြင်းကိုဖယ်ရှားပစ်ပြီး ယေဟောဝါကိုချီးမွမ်းရာတွင် သူတို့၏နှုတ်ခမ်းကိုအသုံးပြုစေခြင်းငှာ ထက်သန်သောဇွဲကိုထည့်သွင်းပေးခဲ့သည်။ ဤသို့ဖြင့် “ယေဟောဝါနာမတော်ကို ပတ္ထနာပြုစေခြင်းငှာ၊ စင်ကြယ်သောဘာသာစကားမူရင်းစာသားအရ၊ သန့်စင်သောနှုတ်ခမ်းကို သူတို့အားငါပေးမည်” ဟူသောကတိတော်ကို ယေဟောဝါပြည့်စုံစေတော်မူ၏။—ဇေဖနိ ၃:၉၊ NW။

၁၅။ အကြွင်းအကျန်တို့၏ တုံ့ပြန်ပုံသည် သူတို့အားစင်ကြယ်သောဘာသာစကားကို ယေဟောဝါပေးရသည့်အကြောင်းနှင့် မည်သို့ညီညွတ်သနည်း။

၁၅ ထို့ကြောင့် “ငါသည်အဘယ်သူကိုစေလွှတ်ရမည်နည်း။ ငါတို့အဖို့အဘယ်သူသွားမည်နည်း” ဟူ၍ဟေရှာယ ၆:၈ ၌မှတ်တမ်းတင်ထားသော ယေဟောဝါမေးတော်မူသံကို ခေတ်သစ်ဟေရှာယအတန်းစားကြားသောအခါ သူတို့က “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟုဝမ်းမြောက်စွာဖြေကြားခဲ့သည်။ လူထုဓမ္မအမှုတော်ဆောင်ခြင်းကိုစတင်ရန် သူတို့အားလုံးအဖို့လွယ်ကူခဲ့သည်ကားမဟုတ်ပေ။ သို့သော်သူတို့သည် ဘုရားသခင့်နာမတော်အားဖြင့် သမှုတ်ခံရသောလူမျိုးတော်အဖြစ် အသုံးတော်ခံလိုကြသည်။ ကိုယ်တော့်ဝိညာဉ်တော်သည် သူတို့ကိုခွန်အားပေးခဲ့သည်။ သို့နှင့်သူတို့၏အရေအတွက် တိုးပွားလာခဲ့သည်။

၁၆။ (က) အကြွင်းအကျန်တို့၏ ဟောပြောခြင်းလုပ်ငန်းမှ အဘယ်မျှော်လင့်မထားသောအကျိုး ဖြစ်ထွန်းခဲ့သနည်း။ (ခ) လူအုပ်ကြီးအနေဖြင့် မိမိတို့လည်း ယခုစင်ကြယ်သောဘာသာစကားကိုပြောနေကြောင်း မည်သို့သာဓကတင်ပြကြသနည်း။

၁၆ အချိန်တန်သောအခါသူတို့၏ ဟောပြောခြင်းလုပ်ငန်းသည် မျှော်လင့်မထားသောအကျိုးများထွက်ပေါ်လာခဲ့သည်။ သူတို့အားဖြင့်ယေဟောဝါသည် အခြားအုပ်စုတစ်စုအား စင်ကြယ်သောဘာသာစကားသင်ယူရန် ကူညီမစတော်မူသည်။ (ဟေရှာယ ၅၅:၅) ထိုသူတို့သည် ကောင်းကင်အသက်တာ မျှော်လင့်ချက်ရှိသူများမဟုတ်ကြသော်လည်း ဘုရားသခင်နိုင်ငံတော်အမွေခံအကြွင်းအကျန်များနှင့် ပေါင်းသင်းရခြင်း၊ ဘုရားသခင်နိုင်ငံတော်အကြောင်းကြွေးကြော်သူများအဖြစ် သူတို့နှင့်အတူ ပခုံးချင်းယှဉ်၍ အမှုတော်ထမ်းဆောင်ရခြင်းကို အခွင့်အရေးတစ်ရပ်အဖြစ် သူတို့ယူမှတ်ကြသည်။ တစ်စတစ်စနှင့်ထိုသူတို့သည် “အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့” အထဲကထွက်လာကြပြီး ယခုသန်းပေါင်းများစွာရှိသည့် “လူအုပ်ကြီး” ဖြစ်လာသည်။ သူတို့နှုတ်မှထွက်သည့်စကားများသည် သူတို့အားဤကွဲပြားသည့် လောက၏အစိတ်အပိုင်းဝင်မဟုတ်ကြောင်း ထင်ရှားစေသည်။ သူတို့သည် လူ သို့မဟုတ် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ မျှော်လင့်အားထားခြင်းမပြုဘဲ “ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း” ဟုကြီးသောအသံနှင့်ကြွေးကြော်ကြ၏။—ဗျာဒိတ် ၇:၉၊ ၁၀။

ထိုဘာသာစကားကိုသင်ယူရန် ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အပိုင်း

၁၇။ စင်ကြယ်သောဘာသာစကားကို ကောင်းစွာသင်ကြား၍ ယင်းကိုကျွမ်းကျင်စွာအသုံးပြုနိုင်သည့်အစွမ်းကိုတိုးတက်စေရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၇ ယေဟောဝါ၏အဖွဲ့အစည်းတော်နှင့် ကျွန်ုပ်တို့မည်မျှကြာကြာ ပေါင်းသင်းနေခဲ့စေကာမူ စင်ကြယ်သောဘာသာစကားအသိပညာကိုလည်းကောင်း၊ ယင်းကိုကောင်းမွန်စွာအသုံးပြုနိုင်စွမ်းကိုလည်းကောင်းတိုးတက်စေရန် ကျွန်ုပ်တို့ပြုလုပ်နိုင်သည့်အပိုင်းများစွာရှိသည်။ ထိုသို့ပြုရာတွင် ကြိုးကုတ်အားထုတ်ဖို့အရေးကြီးသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုသို့ပြုခြင်းသည် လူတစ်ဦးသမ္မာတရားကိုချစ်ကြောင်းပြသသည့် သင်္ကေတတစ်ရပ်ဖြစ်သောကြောင့်တည်း။

၁၈၊ ၁၉။ (က) အစကတည်းက သမ္မာတရားကိုချစ်သော ခိုင်မြဲသည့်မေတ္တာကို ပြုစုပျိုးထောင်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ထိုမေတ္တာကို ဆက်လက်ပြုစုရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၈ အစပိုင်း၌ ထိုသို့သောမေတ္တာသည် တစ်ဦး၏စိတ်နှင့်နှလုံးကိုဖွင့်ပေးခြင်းအားဖြင့် ထိုသူသည် သင်ပြသည့်ကျမ်းချက်များကို နားလည်လာနိုင်မည်ဖြစ်သည့်ပြင် ယေဟောဝါထံချဉ်းကပ်ရန်နှင့် ကိုယ်တော့်အဖွဲ့အစည်းတော်ကို တန်ဖိုးထားလေးမြတ်ရန် စေ့ဆော်ပေးလိမ့်မည်ဖြစ်သည်။ သို့ဖြစ်သောကြောင့် သမ္မာတရားကိုချစ်ခြင်းသည် မှောက်မှားသောဘာသာ၏အချုပ်အနှောင်မှလွတ်မြောက်ရန်အတွက် အဓိကကျသောသော့ချက်ဖြစ်သည်။ အချို့သူတို့က သမ္မာကျမ်းစာသတင်းတရားကို စိတ်ဝင်စားသည်ဟုဆိုသော်လည်း မှောက်မှားသောဘာသာ၏အစွယ်အပွားမှန်သမျှနှင့် ယင်း၏ပေါက်လွှတ်ပဲစားဘဝလမ်းစဉ်တို့ကို တကယ်တမ်းမစွန့်လွှတ်လိုကြချေ။ အဘယ်ကြောင့်မစွန့်လွှတ်သနည်း။ ၂ သက်သာလောနိတ် ၂:၁၀ ၌ရှင်းပြသည့်အတိုင်း သူတို့သည် “ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား၌မွေ့လျော်သောစိတ် ကို မခံမယူကြ” ၍ဖြစ်သည်။

၁၉ သမ္မာတရားကို ယုံကြည်လက်ခံသည်နှင့်တစ်ပြိုင်နက် ထိုမေတ္တာကိုပြုစုပျိုးထောင်ခြင်းသည် ကျွန်ုပ်တို့၏ဝိညာဏတိုးတက်မှုအတွက် အရေးပါသောအချက်ဖြစ်ပေသည်။ သမ္မာတရားကို “ဘာသာစကား” တစ်မျိုးအဖြစ် ယေဟောဝါရည်ညွှန်းတော်မူကြောင်းကို မှတ်သားပါလေ။ ဘာသာစကားအသစ်တစ်မျိုးကိုသင်ယူရာတွင် လူတစ်ဦးသည် မိမိ၏ဝေါဟာရကိုတည်ဆောက်ရန်၊ အသံထွက်မှန်ကန်ရန်၊ သဒ္ဒါနှင့်ဆိုင်သောအချက်အလက်အသေးစိတ်ကိုသင်ယူရန် စသောအရာများအတွက် ကြိုးစားအားထုတ်ရသည်။ ထိုဘာသာစကားအသစ်နှင့် ယင်းကိုပြောဆိုသည့်လူများကိုချစ်သည့်စိတ်က ဆက်လက်တိုးတက်ရန် သူ့အားအထောက်အကူပြုပေလိမ့်မည်။ သူသည် လအနည်းငယ်အတွင်း ထိုဘာသာစကားကို အတော်အတန်ပြောတတ်လာမည်ဖြစ်သော်လည်း တိုင်းရင်းသားတစ်ယောက်ကဲ့သို့ ပြောဆိုနိုင်ဖို့ နှစ်နှင့်ချီ၍အားထုတ်ကြိုးပမ်းရန်လိုအပ်သည်။ စင်ကြယ်သောဘာသာစကားကို ပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းရန်အတွက်လည်း အလားတူအားထုတ်မှုမျိုး လိုအပ်ပေသည်။

၂၀။ (က) စင်ကြယ်သောဘာသာစကားကို တကယ်စင်ကြယ်စေသည့်အရာကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့တစ်ဦးချင်းအနေဖြင့် အဘယ်ကြောင့်အထူးဂရုစိုက်ဖို့လိုအပ်သနည်း။

၂၀ ဘုရားသခင့်အစေခံများအားပေးတော်မူသည့်ဘာသာစကားကို စင်ကြယ်သောဘာသာစကားဖြစ်သည်ဟုဆိုထားသည့်အချက်သည် အထူးမှတ်သားဖွယ်ဖြစ်သည်။ သဒ္ဒါတည်ဆောက်ပုံကြောင့်မဟုတ်ဘဲ စာရိတ္တနှင့်ဝိညာဏစင်ကြယ်မှုပေးစွမ်းနိုင်ခြင်းကြောင့် စင်ကြယ်ခြင်းပင်ဖြစ်သည်။ ဤဘာသာစကားတွင် လိမ်လည်ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ လှည့်စားပြောဆိုခြင်းတို့အတွက် နေရာမရှိပေ။ ဤဘာသာစကားကိုပြောဆိုသောသူတို့သည် အမှန်တရားကို အစဉ်သဖြင့်ပြောရပေမည်။ (ဇေဖနိ ၃:၁၃။ ဧဖက် ၄:၂၅) သူတို့၏အပြောအဆို၌ လိင်ဆိုင်ရာစာရိတ္တနှင့်ပတ်သက်သော ယေဟောဝါ၏မြင့်မားသည့်စံချိန်များကိုလည်း ထင်ဟပ်စေရပေမည်။ (ဧဖက် ၅:၃၊ ၄) မှောက်မှားသောဘာသာရေးကမ္ဘာ့အင်ပါယာဖြစ်သော မဟာဗာဗုလုန်နှင့်ဆက်နွယ်ပတ်သက်သမျှအရာများသည် မစင်ကြယ်ကြောင်းကိုလည်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုသဘောပေါက်စေသည်။ (ဗျာဒိတ် ၁၈:၂-၄) ယင်း၏ဘုရားပုံများကို ‘မစင်ကြယ်သောရုပ်တုများ’ ဟုခေါ်ထားသည်။ (ယေရမိ ၅၀:၂) ထို့ကြောင့် စင်ကြယ်သောဘာသာစကားကို သင်ကြားသောသူတို့အနေဖြင့် မှောက်မှားသောကိုးကွယ်မှု၏ ရုပ်ပိုင်းဆိုင်ရာအစွယ်အပွားများကိုဖယ်ရှား၍ ယင်း၏အယူများကို ပစ်ပယ်ရမည့်အပြင် ယင်း၏ပွဲနေ့များကိုစွန့်ပစ်၍ ယင်း၏မှားယွင်းသောအတွေးအခေါ်ကိုထင်ဟပ်စေသည့် အပြောအဆိုအသုံးအနှုန်းများကိုပါ ပယ်ရှားပစ်ရမည်မှာ ဆီလျော်လှပေသည်။ ၄င်းပြင် ဗျာဒိတ် ၁၆:၁၃-၁၆ ၌ဘုရားသခင့်နိုင်ငံတော်ကိုအတိုက်အခံပြုရန် တိုင်းနိုင်ငံတို့ကို စည်းရုံးနေသည့်ဝါဒဖြန့်မှုမှာလည်း နတ်ဆိုးများ၏ထွင်လုံးများဖြစ်သဖြင့် မစင်ကြယ်ကြောင်း ကျွန်ုပ်တို့အားသတိရစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အပြောအဆိုကို ဤမစင်ကြယ်သောအရာများမထိပါးရအောင် နိုးကြားလျက်ရှိဖို့လိုအပ်သည်။

၂၁။ စင်ကြယ်သောဘာသာစကား၌ ပြောဆိုသည့်စကားလုံးများအပြင် အဘယ်အရာလိုအပ်သေးသနည်း။

၂၁ ကျွန်ုပ်တို့သင်ကြားနေသောအရာကို ဘာသာစကားဟုခေါ်ထားသည်။ ဤသို့ခေါ်ရာမှာလည်း လျောက်ပတ်ပေသည်။ သို့သော် ဤစကားကိုပြောသောသူတို့သည် ယေဟောဝါသက်သေများသုံးလေ့ရှိသောအသုံးအနှုန်းများကို သင်ကြားရုံသက်သက်မျှသာမဆိုလိုပါ။ လေယူလေသိမ်း၊ မျက်နှာနေမျက်နှာထားနှင့် ကိုယ်ဟန်အမူအရာတို့လည်း အရေးကြီးသည်။ ဤအရာတို့သည် စကားလုံးသက်သက်ဖြင့်မဖော်ပြနိုင်သည့်အကြောင်းအရာတို့ကို ဖော်ပြနိုင်သည့်ပြင် ရင်ထဲ၌အမှန်ရှိသည်တို့ကိုလည်း မကြာခဏထင်ဟပ်စေနိုင်သည်။ ဇာတိအကျင့်များဖြစ်သော မနာလိုခြင်း၊ ငြင်းခုံခြင်းနှင့်အမျက်ထွက်ခြင်းတို့ကို ကျွန်ုပ်တို့အမြစ်ပါနှုတ်ပစ်လိုက်ခြင်းရှိမရှိကိုလည်း ပေါ်လွင်စေနိုင်သည်။ ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင့်ဝိညာဉ်တော်လွတ်လပ်စွာသက်ရောက်လာသောအခါ သူတစ်ပါးနှင့်ဆက်သွယ်ပြောဆိုပုံ၌ ဝိညာဉ်တော်အသီးများပေါ်လွင်ထင်ရှားလာပေမည်။—ဂလာတိ ၅:၁၉-၂၃။ ဧဖက် ၄:၃၁၊ ၃၂။

၂၂။ စင်ကြယ်သောဘာသာစကားကို ကောင်းစွာတတ်ကျွမ်းလာသောအခါ ယင်းသည် ကျွန်ုပ်တို့ချမှတ်သည့် ဆုံးဖြတ်ချက်အပေါ် မည်သို့အကျိုးသက်ရောက်မည်နည်း။

၂၂ ဘာသာစကားအသစ်တစ်မျိုးကို သင်ကြားသူမည်သူမဆိုသည် တိုင်းရင်းဘာသာစကားမှတစ်ဆင့် ဘာသာပြန်နေရမည့်အစား မိမိသင်ကြားနေသောဘာသာစကားအသစ်ဖြင့် တကယ်တမ်းစဉ်းစားတွေးခေါ်လာနိုင်ပြီဆိုလျှင် မိမိသည် တကယ့်ပန်းတိုင်တစ်ခုသို့ ရောက်ရှိပြီဖြစ်ကြောင်းသိကြသည်။ ထိုနည်းတူ၊ သမ္မာတရားကိုလေ့လာသင်ကြားသည့်အခါ၌လည်း ယင်းကိုအသက်တာတွင်လက်တွေ့ကျင့်သုံးရန်အားထုတ်ပြီး သူတစ်ပါးအားမှန်မှန်ဝေမျှပေးမည်ဆိုပါက မိမိသည် သမ္မာတရားစည်းကမ်းချက်နှင့်အညီ စဉ်းစားတွေးတောနေကြောင်း တစ်စတစ်စတွေ့လာပေမည်။ ကျွန်ုပ်တို့သည် ဘာသာစကားအသစ်နှင့်အဟောင်းတို့ကို အစဉ်သဖြင့်နှိုင်းယှဉ်၍ရွေးချယ်ရန် အားစိုက်လုံးပန်းနေမည်မဟုတ်တော့ပေ။ အသေးအဖွဲကိစ္စများ၌ပင် သမ္မာကျမ်းစာမူများသည် လိုအပ်သောညွှန်ကြားမှုပေးရန် စိတ်ထဲ၌ပေါ်လာပေမည်။—သု၊ ၄:၁-၁၂။

၂၃။ မည်သည့်တိုင်းရင်းဘာသာစကားကို ပြောနေစေကာမူ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေအားလုံးတို့သည် စင်ကြယ်သောဘာသာစကားကို ပြောနေကြောင်း မည်သည့်အချက်ကထင်ရှားစေသနည်း။

၂၃ လူသားများပြောဆိုသုံးစွဲနေသည့် ဘာသာစကားထောင်ပေါင်းများစွာရှိသည်မှန်သော်လည်း ထိုဘာသာစကားအားလုံးတွင် စင်ကြယ်သောဘာသာစကားကိုပြော၍ရနိုင်သည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် မေတ္တာရှင်ဘုရားသခင်ယေဟောဝါအတွက် ဂုဏ်ရောင်ထွန်းပြောင်စေသည့် လူထုသက်သေခံလုပ်ငန်းတွင် ပခုံးချင်းယှဉ်၍အမှုတော်ထမ်းဆောင်ရာ၌ စင်ကြယ်သောဘာသာစကားကို စည်းလုံးညီညွတ်စွာအကျိုးရှိရှိ အသုံးပြုနေကြပေသည်။

ပြန်လည်စစ်ဆေးရန်မေးခွန်းများ

▫ စကားပြောခြင်းဆိုင်ရာဆုကျေးဇူးတွင် အဘယ်အရာပါဝင်သနည်း။

▫ စင်ကြယ်သောဘာသာစကားမှာ အဘယ်နည်း။

▫ ဇေဖနိ ၃:၉ သည် မည်သူတို့အပေါ်၌ ပြည့်စုံခဲ့သနည်း။

▫ စင်ကြယ်သောဘာသာစကားကို တကယ်ချစ်မြတ်နိုးကြောင်း ကျွန်ုပ်တို့မည်သို့သက်သေပြနိုင်သနည်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

မွေးရပ်စကား မည်သို့ပင်ဖြစ်စေကာမူ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ စင်ကြယ်သောဘာသာစကားကိုပြောဆို

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ