ယေဟောဝါကိုရှာရမည့်အချိန်သည် ယခုအချိန်ဖြစ်
“နားလည်သောသူ၊ ထာဝရဘုရား [ ယေဟောဝါ ] ကိုရှာသောသူ တစ်စုံတစ်ယောက်ရှိသည်မရှိသည်ကိုသိမြင်ခြင်းငှာ ထာဝရဘုရား [ ယေဟောဝါ ] သည်ကောင်းကင်ပေါ်ကလူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။” —ဆာလံ ၁၄:၂။NW
၁၊ ၂။ (က) မှန်သောဘုရားသခင်၊ ယေဟောဝါကို လူအများမည်သို့သဘောထားကြသနည်း။ (ခ) လူသားတို့၏လျစ်လျူရှုခြင်းကို ယေဟောဝါသိမြင်တော်မူကြောင်း ကျွန်ုပ်တို့အဘယ်သို့သိသနည်း။
ဒိ ဌိများ၊ ဘုရားသခင်ကိုမသိနိုင်ဟုဆိုသူများ၊ မှောက်မှားသောဘုရားများကို ကိုးကွယ်ကြသူများနှင့် ဘုရားသခင်ကိုယုံကြည်ပါသည်ဟုဆိုသော်လည်း အကျင့်အားဖြင့် ကိုယ်တော်ကိုငြင်းပယ်ကြသော သန်းပေါင်းများစွာသောသူတို့က ယနေ့မှန်သောဘုရားသခင် ယေဟောဝါကို ငြင်းပယ်ထားကြသည်။ (တိတု ၁:၁၆) အများသောသူတို့သည် ၁၉ ရာစုမှဂျာမန်ဒဿနိကဗေဒပညာရှင်နီးဇကီး (Nietzsche) ကဲ့သို့ “ဘုရားသခင်သေပြီ” ဟူ၍ယုံကြည်ကြသည်။ ဤမျှကမ်းကုန်အောင်ထုံထိုင်းသည့် လျစ်လျူရှုခြင်းကို ယေဟောဝါမသိဘဲနေတော်မူသလော။ မသိဘဲမရှိပါ။ အောက်ပါအတိုင်းရေးသားရန် ဒါဝိဒ်အား ကိုယ်တော် ဝိညာဉ်တော်ဖြင့်လှုံ့ဆော်တော်မူသည်။ “‘ထာဝရဘုရား [ယေဟောဝါ၊ NW ] မရှိ’ ဟုမိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သောအမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူ တစ်ယောက်မျှမရှိ။”—ဆာလံ ၁၄:၁။
၂ ဒါဝိဒ်ဤသို့ဆက်လက်ရေးသားခဲ့သည်။ “နားလည်သောသူ၊ ထာဝရဘုရား [ယေဟောဝါ၊ NW ] ကိုရှာသောသူ တစ်စုံတစ်ယောက်ရှိသည်မရှိသည်ကို သိမြင်ခြင်းငှာ ထာဝရဘုရား [ယေဟောဝါ၊ NW ] သည်ကောင်းကင်ပေါ်က လူသားတို့ကိုငုံ့၍ကြည့်ရှုတော်မူ၏။” မှန်ပါသည်၊ အချုပ်အခြာအာဏာပိုင်အရှင်သခင်သည် မိမိအားရှာ၍ ဝတ်ပြုလိုသူတို့ကို ဂရုစိုက်တော်မူ၏။ ယင်းကြောင့် ယခုအချိန် ၌ကိုယ်တော်ကိုစိတ်အားထက်သန်စွာရှာခြင်းသည် အလွန်အရေးကြီးသည်။ ယင်းသည် ထာဝရအသက်ရှင်ခြင်းနှင့် ထာဝရပျက်သုဉ်းခြင်းအတွက် အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။—ဆာလံ ၁၄:၂။ မဿဲ ၂၅:၄၁၊ ၄၆။ ဟေဗြဲ ၁၁:၆။
၃။ အနာဂတ်ကာလအတွက် အဘယ်အလားအလာရှိနေသနည်း။
၃ ထိုကြောင့် ယခုအချိန်၌ ယေဟောဝါကိုရှာရန် သူတစ်ပါးအားကူညီပေးဖို့ အဘယ်ကြောင့် ဤမျှအရေးကြီးသည်ကို နားလည်နိုင်ပေသည်။ ယေဟောဝါသက်သေများကို လုံးဝမတွေ့ဖူးသူများ၊ “နိုင်ငံတော်သတင်းကောင်း” ကိုမကြားဘူးသူများ သန်းပေါင်းများစွာရှိနေသေးသည်။ “ကြီးစွာသောဒုက္ခ” မတိုင်မီ “လူအုပ်ကြီး” အရေအတွက် မည်မျှများပြားလာမည်ကို ကျွန်ုပ်တို့မသိနိုင်။ သို့သော် အချိန်မနှောင်းမီ လက်တစ်လှမ်းအလိုအနာဂတ်ကာလအတွင်း ယေဟောဝါဘုရားသခင်ကိုရှာ၍တွေ့ကြမည့်သူ များစွာရှိနိုင်သေးကြောင်း အလားအလာရှိနေသည်။ ယခုမေးစရာမေးခွန်းမှာ မရေမတွက်နိုင်သောသူများအား ဘုရားသခင်ကိုရှာ၍တွေ့နိုင်အောင် ကျွန်ုပ်တို့မည်သို့ကူညီပေးနိုင်သနည်းဟူ၍ဖြစ်သည်။—မဿဲ ၂၄:၁၄။ ဗျာဒိတ် ၇:၉၊ ၁၄။
၄၊ ၅။ ဘုရားတစ်ဆူကိုရှာကြရာတွင် လူအများဘာကိုပို၍ နှစ်သက်ကြသနည်း။
၄ ယနေ့ကမ္ဘာပေါ်ရှိလူအများတို့သည် စူးစမ်းရှာဖွေနေကြသည်။ သို့သော် ဘာကိုရှာဖွေနေကြသနည်း။ တစ်ဆူတည်းမှန်သောဘုရားသခင် ယေဟောဝါကို တကယ်ရှာနေသူ အနည်းအကျဉ်းမျှသာရှိသည်။ လူအမြောက်အမြားတို့မှာ မိမိတို့၏ဆန္ဒ၊ မိမိတို့၏အစွဲနှင့်ကိုက်ညီသည့်ဘုရားကို ပို၍လိုလားကြသည်။ အမေရိကန်လူထုဆန္ဒကောက်ခံသူ ဂဲလ်လပ်ဂျူနီယာ (George Gallup, Jr.) ထုတ်ဖော်ပြောကြားခဲ့သည့်အတိုင်း “လိမ်လည်လှည့်ဖြားခြင်း၊ အခွန်ပေးဆောင်ရန် ရှောင်တိမ်းခြင်း၊ အသေးအဖွဲခိုးဝှက်ခြင်းကိစ္စတို့၌ ဘုရားကျောင်းတက်သူများနှင့် မတက်သူများကြားတွင် ခြားနားချက်များစွာမတွေ့ရပေ။ ယင်းသို့ဖြစ်ရသည်မှာ လူမှုရေးဘာသာတရားအများအပြားရှိနေခြင်းကြောင့်ဖြစ်သည်။” “လူအများတို့သည် မိမိတို့အတွက် အဆင်ပြေသော၊ မိမိတို့စိတ်သာယာမှုကို လှုံ့ဆော်ပေးသောဘာသာကို အစပ်အဟပ်ညီအောင် စေ့စပ်ဖန်တီးယူကြသည်။ . . . အချို့သူများက ယင်းကိုစားသောက်ဖွယ်စာရင်းမှ စိတ်ကြိုက်မှာစား၍ရသော ဘာသာဟုပင် တင်စားခေါ်ဆိုကြသည်” ဟူ၍ထပ်လောင်းပြောကြားခဲ့သည်။
၅ အခြားသူများက “ကျွန်ုပ်ဘာသာသည် ကျွန်ုပ်အတွက်တော်လောက်ပြီ” ဟုပြောဆိုကြပေမည်။ သို့သော် တကယ်တမ်းမေးသင့်သောမေးခွန်းမှာ “သူတို့၏ဘာသာသည် ဘုရားသခင်အတွက် တော်လောက်ပြီလော” ဟူ၍မေးဖို့ကောင်းသည်။ ခရစ်ယာန်ဘောင်နှင့်ဟိန္ဒူဘာသာမှ အများစုတို့မှာ သူတို့၏ကိုးကွယ်ခြင်း၌ တင်းတိမ်နေကြသည်မှာအမှန်။ ခရစ်ယာန်အမည်ခံအများစုမှာလည်း အမည်နာမမဲ့သော သုံးပါးပေါင်းတစ်ဆူဘုရားနှင့်ပင် ရောင့်ရဲကျေနပ်နေကြသည်။ မူစလင်တို့သည်လည်း တစ်ဆူတည်းသောဘုရား အာလာအရှင်မြတ်ကိုယုံကြည်ကိုးကွယ်နေကြသည်။ အခြားတစ်ဖက်၌ ဘုရားကိုမယုံကြည်သော သန်းပေါင်းများစွာသောသူတို့ကလည်း ဘုရားသခင်မရှိဟုဆိုကြသည်။
အကူအညီလိုအပ်နေသူများ
၆။ ကင်းမျှော်စင် စာဖတ်ပရိသတ်အများ ဘာကိုတွေ့ရှိကြပြီနည်း။
၆ ဤမဂ္ဂဇင်းကိုမှန်မှန်ဖတ်ရှုနေကြသော ကျွန်ုပ်တို့ကော မည်သို့ဆိုမည်နည်း။ မှန်သောဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေခဲ့ကြရုံမျှမက ကိုယ်တော်ကိုလည်းတွေ့ရှိထားကြပြီဖြစ်သည်။ “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဟူသောယာကုပ် ၄:၈ မှစကားမှန်ကန်ကြောင်း ကျွန်ုပ်တို့တွေ့ရှိခဲ့ကြပြီ။ ခရစ်ယာန်အသင်းတော်နှင့် တက်ကြွစွာပေါင်းသင်းခြင်းအားဖြင့် ဘုရားသခင်ထံချဉ်းကပ်ခဲ့ကြပြီးဖြစ်၍ ယေဟောဝါနှင့်မည်မျှနီးကပ်နေကြောင်း မိမိကိုယ်တိုင်တွေ့ကြုံခံစားရကြသည်။—ယောဟန် ၆:၄၄၊ ၆၅။
၇။ သမ္မာတရားဘက်တွင် တက်ကြွလှုပ်ရှားသူဖြစ်လာရန် စိတ်ဝင်စားနေသူအများအပြားရှိနေသေးကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။
၇ သို့ရာတွင် ယေဟောဝါ၏လူမျိုးတော်နှင့် ပေါင်းသင်းရသည်ကို နှစ်သက်ပျော်ရွင်သော်လည်း အပ်နှံခြင်းနှင့်နှစ်ခြင်းခံခြင်းအားဖြင့် ယေဟောဝါထံချဉ်းကပ်ရန် လက်တွေ့လုပ်ဆောင်ခြင်းမပြုရသေးသောသူအများအပြားရှိနေသည်ကို ကျွန်ုပ်တို့သိကြသည်။ မည်သို့သိသနည်း။ ၁၉၉၀ ပြည့်နှစ်တွင် ယေရှု၏သေခြင်းကို အောက်မေ့ရာပွဲတော်သို့ လူပေါင်းဆယ်သန်းနီးပါးတက်ရောက်ခဲ့ကြသည်။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို တက်ကြွစွာကြေညာနေသူ မည်မျှရှိသနည်း။ လေးသန်းကျော်ရုံမျှသာရှိသည်။ သမ္မာတရားနှင့်နီးစပ်ရင်းနှီးသူ ခြောက်သန်းခန့်ရှိနေသည့်သဘောပင်ဖြစ်သည်။ ထိုသူတို့မှာ ကျွန်ုပ်တို့နှင့်တစ်ခါတစ်ရံလာရောက်ပေါင်းသင်းကြသော်လည်း ဘုရားသခင်နိုင်ငံတော်သတင်းကောင်းကိုဟောပြောခြင်းအားဖြင့် သမ္မာတရားဆိုင်ရာ စင်ကြယ်သောဘာသာစကားကိုထောက်ခံရန် မစတင်ရသေးပေ။ ထိုသူတို့အနက် အများတို့မှာ ရံဖန်ရံခါ အခါအားလျော်စွာ ယေဟောဝါနှင့်ဘုရားနိုင်ငံတော်အုပ်စိုးခြင်းအကြောင်းကို ပြောဆိုကြမည်မှာ ယုံမှားဖွယ်မရှိပေ။ သို့သော်လည်း သူတို့သည် မိမိတို့ကိုယ်ကို ယေဟောဝါသက်သေများအဖြစ် အထင်အရှားမပြကြသေးပေ။ ထိုသူတို့ကိုလည်း ကျွန်ုပ်တို့အကူအညီပေးလိုကြသည်။—ဇေဖနိ ၃:၉။ မာကု ၁၃:၁၀။
၈၊ ၉။ (က) ကျွန်ုပ်တို့ဘာပြုလုပ်ရန် ယေဟောဝါတိုက်တွန်းတော်မူသနည်း။ (ခ) ယေဟောဝါ၏သြဝါဒကို ဥပေက္ခာပြုခြင်းသည် အဘယ်ကြောင့်ပညာမဲ့ရာကျသနည်း။
၈ ကမ္ဘာတစ်ဝန်း၌ ဆောင်ရွက်လျက်ရှိသော ဤဧရာမလုပ်ငန်း၏ နောက်ဆုံးအဆင့်တွင် ထိုသူတို့ကိုပျော်ရွှင်တက်ကြွသော ယေဟောဝါသက်သေများဖြစ်လာအောင် ကျွန်ုပ်တို့အားပေးတိုက်တွန်းလိုပါသည်။ သု၊ ၁:၂၃ မှယေဟောဝါ၏မေတ္တာပြည့်ဝသော ဖိတ်ခေါ်မှုကို ကျေးဇူးပြု၍သတိပြုပါ။ “ငါဆုံးမသောစကားကို နားထောင်၍ ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍ ငါ့စကား၏အနက်အဓိပ္ပာယ်ကို နားလည်စေမည်။” (ယောဟန် ၄:၁၄ နှင့်နှိုင်းယှဉ်။) ယေဟောဝါ၏နာမတော်နှင့် ကိုးကွယ်ဝတ်ပြုမှုဘက်တွင် ရပ်တည်ကြောင်း အထင်အရှားပြသရန် လက်တွေ့လုပ်ဆောင်ခြင်းကို ကိုယ်တော်အရေးတယူတုံ့ပြန်တော်မူကြောင်းသိရသည်မှာ မည်မျှအားတက်ဖွယ်ကောင်းပါသည်တကား။ သု၊ ၁:၂၄၊ ၂၅ ၌ဖော်ပြထားသည့် လူစားမျိုးတွင် ကျွန်ုပ်တို့မုချပါဝင်လိုကြမည်မဟုတ်ပေ။ “ငါသည်ခေါ်၍ သင်တို့သည်ငြင်းပယ်သောကြောင့်လည်းကောင်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သောကြောင့်လည်းကောင်း၊ ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍ ငါဆုံးမသောစကားတစ်ခွန်းကိုမျှ နာမခံဘဲနေ” ကြ၏။
၉ တွေ့နိုင်သည့်ကာလ၌ ယေဟောဝါကိုရှာပါဟူသော ကိုယ်တော်၏သြဝါဒကို ဥပေက္ခာပြုသောသူတို့နှင့် ကြီးစွာသောဒုက္ခစတင်သည်ကို မျက်ဝါးထင်ထင်တွေ့ရသည့်အချိန်အထိ ဆုံးဖြတ်ချက်မချဘဲ ရွှေ့ဆိုင်းထားသူတို့သည် သူတို့အလွန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသည်ကိုတွေ့ရကြလတံ့။ ထိုကဲ့သို့သောလုပ်ရပ်သည် ယုံကြည်ခြင်းနှင့်ဉာဏ်ပညာကင်းမဲ့ကြောင်း ပြသသည့်လုပ်ရပ်၊ ယေဟောဝါ၏မခံစားထိုက်သောကျေးဇူးတော်ကို မထီမဲ့မြင်ပြုသည့်လုပ်ရပ်ဖြစ်ပေမည်။—၂ ကောရိန္သု ၆:၁၊ ၂။
၁၀။ အရေးမစိုက်ဂရုမမူဘဲနေခြင်းမှာ အဘယ်ကြောင့်အန္တရာယ်ရှိသနည်း။
၁၀ မဆိုင်းမတွ အရေးယူလုပ်ဆောင်ရန် လိုအပ်ပုံကိုထင်ရှားစေသည့် ဥပမာအနေနှင့် သင်သည် အလွန့်အလွန်ဆိုးသောအဆုတ်ရောင်ရောဂါရှိနေပြီဟူ၍ သိရသောအချိန်ကျခါမှ ဆရာဝန်ပေးသည့်အကြံဉာဏ်ကောင်းကို လိုက်နာမည်လော။ သို့တည်းမဟုတ် ရောဂါ၏ကနဦးလက္ခဏာကို သတိပြုမိသည်နှင့် လိုက်နာမည်လော။ သို့ဖြစ်လျှင် မိမိကိုယ်ကို စာတန်၏စက်ဆုပ်ဖွယ်ကောင်းသောလောကမှ သီးခြားခွဲကာ ယေဟောဝါနှင့်ကိုယ်တော့်သက်သေများဘက်ရပ်တည်ရန် အဘယ်ကြောင့်အချိန်ဆွဲနေသနည်း။ အရေးမစိုက်၊ ဂရုမမူ၊ လျစ်လျူရှု၍ ဥပေက္ခာပြုသည့်သဘောမှရရှိမည့် ဆိုးကျိုးများအကြောင်းကို သု၊ ၁:၂၆-၂၉ တွင်ရှင်းလင်းစွာဖော်ပြထားသည်။ “သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သောအမှုရောက်သောအခါ ငါပြက်ရယ်ပြုမည်။ . . . ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော်လည်း ငါမထူး။ ငါ့ကိုကြိုးစား၍ရှာသော်လည်း မတွေ့ရကြ။ အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရား [ယေဟောဝါ၊ NW] ကိုကြောက်ရွံ့သောသဘောကို အလိုမရှိကြ။” အလွန်နောက်ကျသည့်အချိန်ကျမှ ‘ယေဟောဝါကိုရှာ’ သူများမဖြစ်ကြပါစေနှင့်။
၁၁။ ဘုရားသခင်အားဝတ်ပြုရန် ရှာကြံနေသူတို့အဖို့ အဘယ်အကူအညီရှိသနည်း။
၁၁ ဤမဂ္ဂဇင်းကိုဖတ်ရှုနေကြသောသူအချို့တို့မှာ မှန်သောဘုရားသခင်ကို ရှာတုန်းရှာဆဲဖြစ်ကောင်းဖြစ်မည်။ သင်ယခုကဲ့သို့ ဇွဲကောင်းကောင်းနှင့်ရှာနေခြင်းအတွက် ကျွန်ုပ်တို့ဝမ်းမြောက်ပါသည်။ သင့်သမ္မာကျမ်းစာအသိပညာသည် သင့်အားသမ္မာတရားဘက်တွင် မားမားမတ်မတ်ရပ်တည်ရေးအတွက် လက်တွေ့ကျကျထပ်ဆင့်လုပ်ဆောင်ဖို့ စေ့ဆော်ပေးရန် ကျွန်ုပ်တို့ဆုတောင်းပေးပါသည်။ ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုစီအနေဖြင့် သင်၏ရှာဖွေခြင်း၌ သင့်အားလိုအပ်သောအကူအညီပေးရန် အဆင်သင့်ရှိသည်ကိုစိတ်ချယုံကြည်ပါ။—ဖိလိပ္ပိ ၂:၁-၄။
စိတ်အားထက်သန်စွာ ပြုမူဆောင်ရွက်ရမည့်အချိန်
၁၂၊ ၁၃။ မှန်သောကိုးကွယ်မှုနှင့်စပ်လျဉ်း၍ အရေးယူလုပ်ဆောင်ရန် အဘယ်ကြောင့်လိုအပ်သနည်း။
၁၂ ကျွန်ုပ်တို့ရှိသမျှသည် မိမိတို့ကိုယ်ကို ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏မှန်သောကိုးကွယ်မှုနှင့် ခွဲခြားအမှတ်အသားပြရန် အဘယ်ကြောင့်ပြုမူဆောင်ရွက်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့အဖြစ်အပျက်များသည် နိဂုံးအဆုံးသပ်ရာသို့ ဦးတည်သွားနေသောကြောင့်ဖြစ်သည်။ သမိုင်းစာမျက်နှာများသည် လူတို့ဖတ်နိုင်သည့်နှုန်းထက် ပို၍မြန်ဆန်စွာပြောင်းလဲလျက်ရှိသည်။ ယခုအချိန်သည် လှေနံနှစ်ဖက်နင်းနေရမည့်အချိန်၊ မပူမအေးဖြစ်နေရမည့်အချိန်မဟုတ်တော့ပေ။ “ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏” ဟုယေရှုအလွန်ရှင်းလင်းစွာ မိန့်တော်မူခဲ့သည်။ “အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကိုဆောင်လျက် ကြွလာသောအခါ ထိုသူကိုရှက်တော်မူလတံ့။”—မဿဲ ၁၂:၃၀။ လုကာ ၉:၂၆။
၁၃ ယခုအချိန်သည် စိတ်အားထက်သန်စွာ ပြုမူဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။ ကမ္ဘာ့အဖြစ်အပျက်များ မည်သည့်လမ်းကြောင်းအတိုင်း ဦးတည်ရွေ့ရှားနေသည်ကို ကျွန်ုပ်တို့သိသည့်အပြင် အာမဂေဒုန်သည်လည်း မိုးကုတ်စက်ဝိုင်းဆီမှာ ရေးရေးရိပ်ရိပ်ပေါ်လာနေပြီ။ သို့ဖြစ်သောကြောင့် ယေဟောဝါ “အမျက်ထွက်တော်မူသောနေ့” မတိုင်မီ၊ တွေ့နိုင်သည့်ကာလ ယခုအချိန်၌ ကိုယ်တော်ကိုရှာရန်အလွန်အရေးကြီးသည်။ ကြီးစွာသောဒုက္ခကျရောက်ချိန်၌ အလွန်တရာနောက်ကျသွားပေလိမ့်မည်။—ဇေဖနိ ၂:၂၊ ၃။ ရောမ ၁၃:၁၁၊ ၁၂။ ဗျာဒိတ် ၁၆:၁၄၊ ၁၆။
၁၄။ ဘုရားသခင်ကိုရှာရန်အတွက် အဘယ်အကြောင်းများရှိသနည်း။
၁၄ အမှန်ဆိုရလျှင် လူသားအပေါင်းတို့အနေဖြင့် ဘုရားသခင်၏မျက်နှာသာတော်ကို ယခုရှာသင့်ပေသည်။ ဤအကြောင်းကိုတမန်တော်ပေါလုက တမန်တော် ၁၇:၂၆-၂၈ ၌ဤသို့လျောက်ပတ်စွာဖော်ပြထားသည်။ “ဘုရားသခင်သည်မြေတစ်ပြင်လုံး၌ နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ၍ သူတို့အားခွဲဝေစီမံသောအချိန်ကာလကိုလည်းကောင်း၊ သူတို့၏နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏။ အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည်အကြောင်းတည်း။ သို့ဆိုသော်လည်း ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။ ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။” “ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ ဖြစ်လျက်ရှိကြ၏” ဟူသော ဤနောက်ဆုံးဖော်ပြချက်က ဘုရားသခင်ကိုရှာရန်အတွက် လုံလောက်သောအကြောင်းပေးထားပေသည်။ ယေဟောဝါ၏မခံစားထိုက်သောကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့အသက်ရှင်နေရခြင်းဖြစ်သည်။ ယင်းအတွက် စကြဝဠာအာဏာပိုင်အရှင်သခင်၏ကျေးဇူးတော်ကို ချီးမွမ်းရန်မသင့်ပေလော။ ကျေးဇူးတင်ကြောင်း လက်တွေ့ကျကျပြသသင့်သည်မဟုတ်လော။—တမန်တော် ၄:၂၄။
၁၅။ (က) သာ၍အဆင့်မြင့်မားသော ဘာသာတရား၏ရည်ရွယ်ချက်သည် မည်သို့ဖြစ်သည်ဟု သမိုင်းပညာရှင်တွိုင်ဘီကယူဆသနည်း။ (ခ) ဘုရားသခင့်ဘုန်းတော်ကိုချီးမွမ်းနိုင်ရန် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။
၁၅ သမိုင်းပညာရှင် တွိုင်ဘီ (Arnold Toynbee) တစ်ခါကဤသို့ရေးသားခဲ့သည်။ “သာ၍အဆင့်မြင့်မားသောဘာသာတရားတစ်ခု၏ ရည်မှန်းချက်အစစ်အမှန်မှာ မိမိ၏အနှစ်သာရများဖြစ်သော ဝိညာဏသြဝါဒနှင့်သမ္မာတရားတို့ကို လက်လှမ်းမီသမျှ လူတို့ထံပျံ့နှံ့ရောက်ရှိစေရေးဖြစ်သည်။ ဤသို့အားဖြင့် ထိုသူတို့သည် လူ၏စစ်မှန်သောရည်ရွယ်ချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြမည်ဖြစ်သည်။ လူ၏စစ်မှန်သောရည်ရွယ်ချက်ပန်းတိုင်ဆိုသည်မှာ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၌အစဉ်ထာဝရမွေ့လျော်ခြင်းဖြစ်သည်။” (An Historian’s Approach to Religion၊ စာမျက်နှာ ၂၆၈-၉) ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းနိုင်ရေးအတွက် ကိုယ်တော်ကိုဦးစွာရှာဖွေ၍ ကိုယ်တော်၏ရည်ရွယ်ချက်တို့နှင့်ဆိုင်သော တိကျမှန်ကန်သောအသိပညာကို သိအောင်ပြုလုပ်ရပေမည်။ ထို့ကြောင့် ဟေရှာယ၏ဖိတ်ခေါ်ချက်သည် အလွန်တရာလျောက်ပတ်ပေသည်။ “တွေ့နိုင်သည်ကာလတွင် ထာဝရဘုရား [ယေဟောဝါ၊ NW] ကိုရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပတ္ထနာပြုကြလော့။ ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်းစွန့်ပစ်၍ ထာဝရဘုရား [ယေဟောဝါ၊ NW] ထံတော်သို့ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့်အပြစ်ကိုလွှတ်တော်မူလိမ့်မည်။”—ဟေရှာယ ၅၅:၆၊ ၇။
အဘယ်လက်တွေ့ကျသောအကူအညီကို ကျွန်ုပ်တို့ပေးနိုင်သနည်း
၁၆။ (က) အဘယ်စိန်ခေါ်ချက်ကို ခရစ်ယာန်အသင်းတော်ရင်ဆိုင်နေရသနည်း။ (ခ) အခြားသူတို့အား ယေဟောဝါကိုဝတ်ပြုလာအောင် အဘယ်လက်တွေ့ကျသောနည်းဖြင့် ကူညီပေးနိုင်သနည်း။
၁၆ လှုပ်ရှားသောကြေညာသူဖြစ်မလာကြသေးသည့် ဤစိတ်ဝင်စားသော လူသန်းပေါင်းများစွာတို့သည် ကျွန်ုပ်တို့အားလုံးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေသည်။ အကြီးအကဲ၊ ဓမ္မအမှုထမ်း၊ ရှေ့ဆောင်နှင့်ကြေညာသူများအနေဖြင့် သမ္မာတရားနှင့်ရင်းနှီးကျွမ်းဝင်ကြသော ဤသူတို့အား ကျွန်ုပ်တို့နှင့်အတူ မှန်သောကိုးကွယ်မှု၌ တက်ကြွလှုပ်ရှားစွာပါဝင်သူများဖြစ်လာအောင် ကူညီပေးရာတွင် အဘယ်လက်တွေ့ကျသောနည်းလမ်းဖြင့် ဆောင်ရွက်နေကြသနည်း။ လက်တွေ့ကျသောအကူအညီပေးနိုင်သည့် နည်းတစ်နည်းမှာ သူတို့အိမ်ကိုသွားလည်ပြီး သူတို့ကိုနိုင်ငံတော်ခန်းမ၌ ကျင်းပသည့်စည်းဝေးများသို့ခေါ်ဆောင်သွားခြင်းဖြင့်ဖြစ်သည်။ သို့မှသာ သူတို့လည်း ယေဟောဝါ၏ဝိညာဉ်တော်မှသက်ရောက်သောအကျိုးကျေးဇူးများကို မှန်မှန်ခံစားနိုင်ကြမည်ဖြစ်သည်။ ဟေဗြဲအခန်းကြီး ၁၀ အခန်းငယ် ၂၄ နှင့် ၂၅ ၌ဟေဗြဲလူတို့အားပေးခဲ့သည့် ဩဝါဒစကားသည် ထိုစဉ်အခါကအရေးကြီးခဲ့သကဲ့သို့ ယနေ့လည်းအရေးကြီးပေသည်။ “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကိုမရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့။” ယေဟောဝါ၏စိတ်ကောင်းစေတနာတော်ကို ခံစားလိုသူအပေါင်းတို့အား ဒေသန္တရနိုင်ငံတော်ခန်းမ၌ ယေဟောဝါသက်သေများနှင့်ပေါင်းသင်းကြပါရန် ကျွန်ုပ်တို့အားပေးလိုပါသည်။
၁၇။ ကျမ်းစာသင်သားများအား ယေဟောဝါကိုရှာရာတွင် တိုးတက်အောင်ကူညီပေးလိုပါက အဘယ်မေးခွန်းများကို ဖြေဆိုစရာလိုသနည်း။
၁၇ စည်းဝေးမှန်မှန်တက်နေသည့် သူတစ်ယောက်ယောက်နှင့် ကျွန်ုပ်တို့ကျမ်းစာသင်ပေးနေသည်ဆိုလျှင် ထိုသူအားသတင်းကောင်းဟောပြောသည့် ကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်ဝလာအောင် ကူညီပေးနိုင်မည်လော။ (မိမိတို့ဓမ္မအမှုကို ကျေပွန်ရန် အဖွဲ့အစည်း စာမျက်နှာ ၁၂၂ မှ ၁၂၅ ကိုရှု။) ထိုသူသည်နှစ်ခြင်းမခံရသေးသည့် ကြေညာသူဖြစ်လာသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့နှင့်အတူ လူထုဟောပြောခြင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ရန်၊ ကျွန်ုပ်တို့၏သင်အံမှုနှင့်ပြန်လည်ပတ်မှုအချို့သို့လိုက်ပါရန် သူတို့ကိုခေါ်ဖိတ်သလော။ (၁၉၉၀ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၈ ရှု။) တစ်နည်းအားဖြင့် ထိုသို့သောလူသစ်များ အရည်အချင်းရှိလာသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်း၏တကယ့်အကျိုးရလဒ်အချို့ကို ဦးစွာတွေ့မြင်စေခြင်းအားဖြင့် သူတို့ကိုကျွန်ုပ်တို့အားပေးနေသလော။—မဿဲ ၂၈:၁၉၊ ၂၀။
ရှာဖွေထိုက်သောယေဟောဝါ
၁၈။ လူသားများအား ယေဟောဝါအဘယ်သို့ကရုဏာပြသတော်မူသနည်း။
၁၈ အကယ်၍ကျွန်ုပ်တို့နောင်တယူ၍ ယုံကြည်ခြင်းတင်ပြကြမည်ဆိုလျှင် ယေဟောဝါသည် ခရစ်တော်ယေရှု၏ ရွေးနှုတ်ဖိုးပူဇော်သက္ကာအတွက်ကြောင့် ကျွန်ုပ်တို့၏အတိတ်မှအပြစ်များနှင့် ပေါ့လျော့မှုတို့ကို မှတ်တော်မမူဘဲနေမည်။ ဒါဝိဒ်၏အောက်ပါစကားများကို ဂရုပြုပါ။ “ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း ထာဝရဘုရား [ယေဟောဝါ၊ NW] ကိုကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။ အဘသည် သားတို့ကိုသနားစုံမက်သည်နည်းတူ ထာဝရဘုရား [ယေဟောဝါ၊ NW] သည်ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။”—ဆာလံ ၁၀၃:၁၀-၁၄။ ဟေဗြဲ ၁၀:၁၀၊ ၁၂-၁၄။
၁၉။ သမ္မာတရားမှဝေးကွာသွားသူတို့အဖို့ အဘယ်အားတက်ဖွယ်ရာအချက်ရှိသနည်း။
၁၉ ယေဟောဝါသည် အမှန်ပင်စေတနာနှင့်ကရုဏာပြည့်ဝသော ဘုရားသခင်ဖြစ်တော်မူ၏။ အကယ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ နှိမ့်ချသောစိတ်၊ နောင်တရသောစိတ်နှင့်ချဉ်းကပ်မည်ဆိုပါက လွန်ခဲ့ပြီးသောနာကြည်းစရာအကြောင်းများကို ကိုယ်တော်မေ့ထားတော်မူမည်။ ကိုယ်တော်သည် အပြစ်၏အကျိုးဆက်အဖြစ် ထာဝရငရဲမီး၌ ညှဉ်းဆဲခြင်းအားဖြင့် ထာဝစဉ်အခဲမကျေဘဲနေတော်မမူပေ။ ပရောဖက်တစ်ပါးဆိုသည့်အတိုင်းပင်ဖြစ်သည်။ “ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့် သင်၏အပြစ်တို့ကိုဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။” ဤစကားသည် သမ္မာတရားမှဝေးကွာသွား၍ ယေဟောဝါနှင့်ဆက်ဆံရေးကိုလျစ်လျူရှုခဲ့သော မည်သည့်ပုဂ္ဂိုလ်အတွက်မဆို အားတက်စရာပါတကား။ ထိုသူတို့အားလည်း ယခုအချိန်၌ ယေဟောဝါကိုရှာ၍ ကိုယ်တော့်နာမတော်ဖြင့် သမုတ်ခံရသောလူမျိုးတော်နှင့်အတူ တက်ကြွစွာပြန်လည်ပေါင်းသင်းကြပါရန် အားပေးလိုပါသည်။—ဟေရှာယ ၄၃:၂၅။
၂၀၊ ၂၁။ (က) ရှေးယုဒနိုင်ငံမှ အဘယ်အားတက်ဖွယ်စံနမူနာရှိသနည်း။ (ခ) ယုဒပြည်သူများအနေဖြင့် ယေဟောဝါ၏ကောင်းချီးမင်္ဂလာရရှိရေးအတွက် ဘာလုပ်ခဲ့ရကြသနည်း။
၂၀ ဤအကြောင်းနှင့်စပ်လျဉ်း၍ ရှေးခေတ်ယုဒနိုင်ငံရှင်ဘုရင် အာသမင်း၏အဖြစ်မှ အားတက်ဖွယ်စံနမူနာတစ်ရပ်ကိုတွေ့ရသည်။ သူသည် မှောက်မှားသောကိုးကွယ်မှုကို နိုင်ငံတော်မှအမြစ်လှန်ဖယ်ရှားခဲ့သော်လည်း ဒိဌိကိုးကွယ်မှု၏အစအနများကား ကျန်ကြွင်းနေခဲ့သည်။ ၂ ရာဇဝင်ချုပ် ၁၅ အခန်းငယ် ၂ မှ ၄ ပါမှတ်တမ်း၌ ပရောဖက်အာဇရိက သတိပေးချက်အဖြစ် အာသမင်းအားပြောကြားခဲ့ရာများကို ရှင်းပြထားသည်။ “သင်တို့သည် ထာဝရဘုရား [ယေဟောဝါ၊ NW] ဘက်နေလျှင်၊ နေစဉ်ကာလ ထာဝရဘုရား [ယေဟောဝါ၊ NW] သည်သင်တို့နှင့်အတူရှိတော်မူမည်။ ထာဝရဘုရား [ယေဟောဝါ၊ NW] ကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်။ ကြာမြင့်သောကာလပတ်လုံး၊ ဣသရေအမျိုး၌ မှန်သောဘုရားမရှိ။ . . . ဘေးရောက်သဖြင့် သူတို့သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ NW] ထံတော်သို့ပြန်လာ၍ ကိုယ်တော် အားရှာကြသောအခါ အတွေ့ခံတော်မူ၏။”
၂၁ ယေဟောဝါသည် အာသမင်းအားကွေ့လည်ကြောင်ပတ် ရှောင်ရှားတော်မမူဘဲ “အတွေ့ခံတော်မူ၏။” ၄င်းသတင်းစကားကို အာသမင်း မည်သို့တုံ့ပြန်ခဲ့သနည်း။ ထိုအခန်းကြီး၌ပင် အခန်းငယ် ၈ မှ ၁၂ ၌ဤသို့အဖြေပေးထားသည်။ “ထိုစကား . . . ကိုအာသမင်းသည်ကြားသောအခါ ရဲရင့်ခြင်းသို့ရောက်၍ . . . စက်ဆုပ်ဖွယ်သောအရာရှိသမျှတို့ကို [ပြည်တော်တစ်ခွင်မှ၊ NW] ပယ်ရှား၍ ဗိမာန်တော်ဦးရှေ့တွင်ရှိသော ထာဝရဘုရား [ယေဟောဝါ၊ NW] ကိုစိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ၍” ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။ မှန်ပေသည်။ သူတို့သည် ယေဟောဝါကို “စိတ်နှလုံးအကြွင်းမဲ့” ရှာခဲ့ကြသည်။ တစ်မျိုးသားလုံးအနေနှင့် အဘယ်အကျိုးကျေးဇူးရရှိခဲ့ကြသနည်း။ အခန်းငယ် ၁၅ ကဤသို့ဆို၏။ “ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကိုပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို၍ အလိုဆန္ဒအားကြီးသည်နှင့် ကိုယ်တော် ကိုရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ ငြိမ်သက်ခြင်းအခွင့်ကို ထာဝရဘုရား [ယေဟောဝါ၊ NW] ပေးတော်မူ၏။”
၂၂။ ယခုအချိန်၌ ယေဟောဝါ၏အမှုတော်ဘက်တွင် တက်ကြွလှုပ်ရှားနေအောင် ဘာကအားပေးသနည်း။
၂၂ ထို့ကြောင့်၊ ဤအချက်သည် ယေဟောဝါ၏စင်ကြယ်သောကိုးကွယ်မှုနှင့်စပ်လျဉ်း၍ လက်တွေ့ကျကျလုပ်ဆောင်ရန် ကျွန်ုပ်တို့အားလုံးအတွက် အားဆေးတစ်ခွက်မဟုတ်ပါလော။ ယေဟောဝါကိုချီးမွမ်းမည့်သူ သန်းပေါင်းများစွာရှိနေသေးသည်ကို ကျွန်ုပ်တို့သိသည်။ ထိုသူတို့အနက်မှ များစွာသောသူတို့သည် ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်ရန် လိုအပ်သောကျမ်းစာတောင်းဆိုချက်များ ပြည့်မီရေးအတွက် မိမိတို့၏အသက်တာကိုပြုပြင်ပြောင်းလဲနေကြသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ အခြားသောသူတို့သည် ထိုးထွင်းဉာဏ်နှင့်ယုံကြည်ခြင်းဘက်တွင် တိုးတက်နေကြသည်၊ ယေဟောဝါကိုရှာနေကြသည်၊ များမကြာမီ သူတစ်ပါးအား ယေဟောဝါနှင့်ကိုယ်တော့်နိုင်ငံတော်ရည်ရွယ်ချက်များအကြောင်းနှင့်ပတ်သက်၍ နှိုက်နှိုက်နှဲနှဲသိရှိထားသည့် အမှန်တရားကို ကြားသိစေခြင်းအားဖြင့် စင်ကြယ်သောဘာသာစကားကို ဝေမျှရန် စေ့ဆော်ခံရတော့မည်။ တွေ့နိုင်သည့်ကာလဖြစ်သော ယခုအချိန်၌ ယေဟောဝါကိုရှာရန် အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း။ အကြောင်းမှာ ကိုယ်တော်ကတိထားရာ ကမ္ဘာသစ်သည် လက်တစ်ကမ်းအကွာတွင်ရောက်နေပြီဖြစ်သောကြောင့်တည်း။—ဟေရှာယ ၆၅:၁၇-၂၅။ လုကာ ၂၁:၂၉-၃၃။ ရောမ ၁၀:၁၃-၁၅။
သင်မှတ်မိသလော
▫ မှန်သောဘုရားသခင်၊ ယေဟောဝါအား မည်သူတို့အလေးဂရုမပြုဘဲနေကြသနည်း။
▫ ဘာသာတရားသည် အကျင့်စာရိတ္တအပေါ် မည်သည့်အတိုင်းအတာအထိ အကျိုးသက်ရောက်လေ့ရှိသနည်း။
▫ လှုပ်ရှားတက်ကြွသည့် သက်သေခံတိုးပွားမည့်အရေး အဘယ်အလားအလာရှိသနည်း။
▫ ယခုအချိန်သည် အဘယ်ကြောင့်စိတ်အားထက်သန်စွာလုပ်ဆောင်ရမည့်အချိန် ဖြစ်သနည်း။
▫ ယေဟောဝါသည် ရှာဖွေထိုက်သောအရှင် အဘယ်ကြောင့်ဖြစ်တော်မူသနည်း။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
သတိရအောက်မေ့ပွဲတက်ရောက်ကြသော ယေဟောဝါသက်များ၏မိတ်ဆွေအများမှာ ဘုရားသခင်၏အစေခံများဖြစ်လာကြဖွယ်ရှိသူများ ဖြစ်ကြသည်
၁၉၉၀ ခုနှစ်သတိရအောက်မေ့ပွဲတက်ရောက်သူဦးရေ ၉,၉၅၀,၀၅၈
၁၉၉၀ ခုနှစ် အများဆုံးကြေညာသူ ၄,၀၁၇,၂၁၃