NASA Photo
သတိနဲ့ စောင့်နေကြပါ
ကမ္ဘာမြေတစ်ခုလုံးကို အုပ်ချုပ်နိုင်တဲ့ တည်မြဲတဲ့အစိုးရ ရှိသလား—ကျမ်းစာအဆိုက ဘာလဲ
ကမ္ဘာတစ်ဝန်းက အစိုးရတွေဟာ တည်ငြိမ်မှုမရှိဘဲ ဝရုန်းသုန်းကား ဖြစ်နေတယ်။ တည်ငြိမ်တယ်လို့ ထင်ရတဲ့ နိုင်ငံတွေမှာတောင် အစိုးရတွေဟာ နောက်ကွယ်က မကောင်းသတင်း ပေါ်လာတာတွေ၊ ရွေးကောက်ပွဲမှာ ကပ်ပြီးအနိုင်ရမှုတွေ၊ နိုင်ငံရေး အမြင်သဘောထား ကွဲပြားမှုတွေ၊ ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် လှုပ်ခတ်နေတယ်။
သမ္မာကျမ်းစာမှာတော့ တည်မြဲတဲ့ အစိုးရတစ်ခု ရှိတယ်လို့ ဖော်ပြထားတယ်။ အဲဒီအစိုးရအကြောင်း ကြားကောင်း ကြားဖူးနိုင်တယ်။ ယေရှုခရစ် သင်ပေးခဲ့တဲ့ စံပြဆုတောင်းချက်ထဲမှာ ဖော်ပြထားတဲ့ အစိုးရပါပဲ။
“ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်- ‘ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။’”—မဿဲ ၆:၉၊ ၁၀။
ဘုရားနိုင်ငံတော်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။
ဘုရားသခင့် နိုင်ငံတော်—တည်မြဲတဲ့ အစိုးရ
ဘုရားနိုင်ငံတော်က ကောင်းကင်ကနေ အုပ်ချုပ်မယ်။
အဲဒီအစိုးရကို ယေရှုက “ကောင်းကင်နိုင်ငံ” လို့ ခေါ်ခဲ့တယ်။ (မဿဲ ၄:၁၇။ ၅:၃၊ ၁၀၊ ၁၉၊ ၂၀) ဒါကြောင့်လည်း “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး” လို့ ယေရှု ပြောခဲ့တာပါ။—ယောဟန် ၁၈:၃၆။
လူ့အစိုးရတွေနေရာမှာ ဘုရားနိုင်ငံတော် အစားထိုးမယ်။
“အဲဒီနိုင်ငံဟာ . . . အထက်မှာပြောခဲ့တဲ့ နိုင်ငံ [လူ့အစိုးရ] အားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။”—ဒံယေလ ၂:၄၄။
ဘုရင် ယေရှုခရစ် အုပ်ချုပ်မယ့် ဘုရားသခင့် နိုင်ငံတော်ဟာ ဘယ်တော့မှ ပျက်စီးမှာမဟုတ်။
“သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ မကွယ်ပျောက်ဘဲ ထာဝစဉ် တည်တံ့လိမ့်မယ်။ သူ့နိုင်ငံဟာ ပျက်စီးမှာ မဟုတ်ဘူး” လို့ ကျမ်းစာ ဆိုတယ်။—ဒံယေလ ၇:၁၃၊ ၁၄။
ဘုရားနိုင်ငံတော်က ကမ္ဘာမြေကို ငြိမ်သက်အေးချမ်း၊ ဘေးကင်းလုံခြုံစေမယ်။
“လူတိုင်းပင် မိမိတို့၏ စပျစ်ဥယျာဉ်၊ မိမိတို့၏ သဖန်းခြံထဲ၌ မကြောက်လန့်ရဘဲ၊ အေးချမ်းသာယာစွာ နေထိုင်ရလိမ့်မည်။”—မိက္ခာ ၄:၄၊ ခေတ်သုံးမြန်မာသမ္မာကျမ်း။
ဘုရားနိုင်ငံတော်အကြောင်း ထပ်လေ့လာပါ
ယေရှု ကမ္ဘာပေါ်ရှိတုန်းက “နိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်းလုပ်ငန်းမှာ အချိန်နှစ်မြှုပ်ထားခဲ့တယ်။ (မဿဲ ၉:၃၅) ဒီလိုလည်း ကြိုပြောခဲ့တယ်–
“လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်။”—မဿဲ ၂၄:၁၄။
အခုအချိန်မှာ ဘုရားနိုင်ငံတော် သတင်းကောင်းကို နိုင်ငံနဲ့ နယ်မြေ ၂၄၀ မှာ ဟောပြောနေကြပါတယ်။ ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအကြောင်း၊ ဒီအုပ်ချုပ်မှုကနေ အကျိုးခံစားနိုင်ပုံအကြောင်း ထပ်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။