ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းတွေက ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်မလား
ကမ္ဘာအနှံ့ စစ်မီးတွေ တောက်လောင်နေတယ်။ စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေဆီ ကမ္ဘာ့ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ လွှတ်ပြီး ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းတွေ ကြိုးစားပြုလုပ်ကြတယ်။ အကြမ်းဖက်မှု ထူပြောတဲ့ဒေသတွေကို ထိန်းပေးဖို့ ရည်ရွယ်ချက်နဲ့ပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အခုလို ဆိုတယ်– “ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ဖန်တီးချင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပေးမှာကတော့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ပါပဲ။”
ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းတွေ အထိုက်အလျောက် အောင်မြင်နေတာ တွေ့ရတယ်။ ပြည်သူတွေကို ကာကွယ်ပေးတယ်၊ စစ်ဘေးရှောင်တွေကို နေရင်းနိုင်ငံဆီ လုံလုံခြုံခြုံ ပြန်ပို့ပေးတယ်၊ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ပေးတယ်၊ ပြည်သူလူထုအတွက် အခြေခံဝန်ဆောင်မှုတွေ ပြန်ရရှိအောင် လုပ်ဆောင်ပေးတယ်။ ဒါပေမဲ့ ကြီးမားတဲ့ အဟန့်အတားတွေ ရှိနေလို့ ထင်သလောက် မအောင်မြင်ကြဘူး။ ကမ္ဘာကြီးငြိမ်းချမ်းသွားအောင် စစ်မီးကို အပြီးအပိုင် ငြှိမ်းသတ်နိုင်တဲ့ နည်းလမ်းများ ရှိမလား။ ကျမ်းစာအဆိုက ဘာလဲ။
ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ကျမ်းစာပါ ဖြေရှင်းနည်းများ
အခက်အခဲ– ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း။ နိုင်ငံအမျိုးမျိုးမှာ ရှိတဲ့ စစ်တပ်နဲ့ အဖွဲ့အစည်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ စည်းရုံးရတာ မလွယ်ဘူး။ သဘောထား ကွဲလွဲမှုတွေ၊ ဦးစားပေးရာ မတူညီမှုတွေကြောင့် ပူးပေါင်းလုပ်ဆောင်တဲ့အခါ အခက်တွေ့ကြတယ်။
ကျမ်းစာပါ ဖြေရှင်းနည်း– “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံဟာ . . . နိုင်ငံအားလုံး [လူ့အစိုးရအားလုံး] ကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။”—ဒံယေလ ၂:၄၄။
မကြာခင်မှာ ဘုရားက စစ်မက်ပဋိပက္ခကို အပြီးအပိုင် ချုပ်ငြိမ်းစေမယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းလာအောင် လုပ်ဆောင်ပေးပါတော့မယ်။ (ဆာလံ ၄၆:၈၊ ၉) လူ့အစိုးရအားလုံးကို ဘုရားသခင့်နိုင်ငံတော်နဲ့ အစားထိုးတော့မှာ ဖြစ်တယ်။ ကောင်းကင်မှာ တည်ထောင်ထားတဲ့ ပြည့်ဝစုံလင်တဲ့ အစိုးရက ပဋိပက္ခကင်းစင်တဲ့ ကမ္ဘာမြေကို အုပ်ချုပ်မှာဖြစ်လို့ ငြိမ်းချမ်းရေး ထိန်းသိမ်းပေးတဲ့ အဖွဲ့အစည်းတွေ လိုအပ်တော့မှာ မဟုတ်ဘူး။
အခက်အခဲ– လူအင်အား၊ ငွေအင်အား အကန့်အသတ်ရှိခြင်း။ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် လူအင်အား၊ ငွေအင်အားနဲ့ တခြားအရာတွေ အမြဲမလုံလောက်တဲ့အတွက် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ ဒါ့အပြင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့တွေ အမှုထမ်းရတဲ့ ဒေသတွေလည်း တဖြည်းဖြည်း အန္တရာယ်များလာတယ်၊ အခြေအနေ ပိုပိုရှုပ်ထွေးလာတယ်။
ကျမ်းစာပါ ဖြေရှင်းနည်း– ‘သခင်ယေရှုခရစ်ရဲ့ ဘုရားသခင်က [ယေရှုကို] ကောင်းကင်မှာ၊ ညာဘက်မှာ နေရာပေးထားပြီ။ အဲဒီနေရာဟာ အစိုးရအာဏာစက်၊ တန်ခိုး၊ အုပ်ချုပ်မှုရှိသမျှထက် သာလွန်မြင့်မြတ်တယ်။’—ဧဖက် ၁:၁၇၊ ၂၀၊ ၂၁။
အနန္တတန်ခိုးရှင် ယေဟောဝါaက ယေရှုကို ဘုရားနိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ခန့်အပ်ထားတယ်။ အကောင်းဆုံး အုပ်ချုပ်နိုင်ဖို့လည်း လိုအပ်ရာမှန်သမျှ ထောက်မပေးထားတယ်။ (ဒံယေလ ၇:၁၃၊ ၁၄b) လူ့အစိုးရနဲ့ အဖွဲ့အစည်းမှန်သမျှထက် သာလွန်တဲ့ တန်ခိုးအာဏာ၊ ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်နိုင်စွမ်း ပေးအပ်ထားတယ်။ (ဟေရှာယ ၁၁:၂) ယေရှု လိုသလို အမိန့်ပေးနိုင်တဲ့ တန်ခိုးကြီး ကောင်းကင်တမန်တပ်မဟာကြီးလည်း ပေးထားတယ်။ (ဗျာဒိတ် ၁၉:၁၄) ယေရှု မဖြေရှင်းနိုင်လောက်အောင် ရှုပ်ထွေးလွန်းတဲ့ ပြဿနာဆိုတာ မရှိဘူး။
ယေရှုက ဘုရားပေး တန်ခိုးအာဏာ၊ စွမ်းရည်တွေကို သုံးပြီး စစ်မှုကို ချုပ်ငြိမ်းပေးရုံလောက်ပဲ လုပ်ဆောင်မှာ မဟုတ်ဘူး။ ဘုရားနိုင်ငံတော်အောက် နေထိုင်သူအားလုံးအတွက် စစ်မှန်တဲ့ ငြိမ်သက်အေးချမ်းမှုနဲ့ လုံခြုံမှု ရရှိအောင်လည်း လုပ်ဆောင်ပေးသွားပါမယ်။—ဟေရှာယ ၃၂:၁၇၊ ၁၈။
အခက်အခဲ– တရားရေး ကန့်သတ်ချက်များ။ ဥပဒေ ကန့်သတ်ချက်တွေ၊ မရှင်းမလင်းဖြစ်မှုတွေကြောင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဝန်ထမ်းတွေ အပြည့်အဝ လုပ်ပိုင်ခွင့် မရတဲ့အခါတွေ ရှိတယ်။ ဒါကြောင့် တခြားသူတွေကို ထိထိရောက်ရောက် မကာကွယ်ပေးနိုင်ဘူး၊ ရည်ရွယ်ချက် အထမြောက်အောင် အကောင်အထည်မဖော်နိုင်ကြဘူး။
ကျမ်းစာပါ ဖြေရှင်းနည်း– “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှကို ကျွန်တော့် [ယေရှု] ကို ပေးထားပြီ။”—မဿဲ ၂၈:၁၈။
ဘုရားသခင်က ယေရှုကို ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ကြဉ်းဖို့ ရှင်းရှင်းလင်းလင်း မိန့်မှာထားတယ်။ ဒါကို အကောင်အထည်ဖော်ဖို့လည်း အခွင့်အာဏာ အပြည့်အဝ ပေးထားတယ်။ (ယောဟန် ၅:၂၂) ယေရှုက ဘယ်တော့မှ မတရားတာ မလုပ်ဘူး၊ အကျင့်ပျက်ခြစားမှာ မဟုတ်ဘူး။ ဒါကြောင့် ကျမ်းစာမှာ ယေရှုကို ‘တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်း’ နဲ့ အုပ်ချုပ်မယ့် “ငြိမ်းချမ်းရေးမင်းသား” လို့ ခေါ်ဆိုရတာပါ။
ငြိမ်းချမ်းရေး အစစ်အမှန် ဆောင်ကြဉ်းပေးမယ့် ဘုရားသခင့်နိုင်ငံတော်
လူသားတွေရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့က အတိုင်းအတာတစ်ခုထိ ငြိမ်သက်မှုရအောင် လုပ်ဆောင်ပေးနိုင်တယ်၊ ဒေသတစ်ခုရဲ့ လက်နက်ကိုင်ပဋိပက္ခကိုတောင် ရပ်စဲစေနိုင်တယ်။ ဒါပေမဲ့ အကြမ်းဖက်မှုရဲ့ ရင်းမြစ်ကို မဖယ်ရှားပေးနိုင်ဘူး၊ လူတွေရဲ့ စိတ်နှလုံးထဲမှာ အမြစ်တွယ်နေတဲ့ အမုန်းတရား ပပျောက်အောင် မလုပ်ပေးနိုင်ဘူး။
“အကြီးမားဆုံး ပြဿနာက ထိန်းသိမ်းစရာ ငြိမ်းချမ်းရေးကို မရှိတာ။”—ဒဲနစ် ဂျက်၊ အမေရိကန် သံတမန်ဟောင်း။
ဘုရားသခင့်နိုင်ငံတော်ကတော့ လူသားတွေရဲ့ စိတ်နှလုံးထဲက အမုန်းတရားကို အမြစ်ပါမကျန် ဖယ်ရှားပေးနိုင်တဲ့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိတယ်။ ယေရှု ကမ္ဘာမြေပေါ် ရှိတုန်းက လူသားချင်း သင့်မြတ်ဖို့၊ မေတ္တာပြဖို့ အပြောနဲ့ရော လုပ်ရပ်နဲ့ပါ ပုံနမူနာပြခဲ့တာကို သာဓကအနေနဲ့ သုံးသပ်ကြည့်ပါ–
ဘုရားသခင့် နိုင်ငံတော်အောက် နေထိုင်မယ့်သူတွေဟာ အချင်းချင်း ချစ်ခင်ကြလိမ့်မယ်လို့လည်း ယေရှု ပြောတယ်။ ဘုရားသခင့်နိုင်ငံတော်မှာ လူလူချင်း မုန်းတဲ့သူတွေအတွက် နေရာမရှိဘူးဆိုတာ ကျမ်းစာမှာ အခုလို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်–
ကမ္ဘာ့ငြိမ်းချမ်းရေး ရနိုင်တဲ့ အကောင်းဆုံးနဲ့ တစ်ခုတည်းသော နည်းလမ်းကို လူသားတွေရဲ့ ဖန်ဆင်းရှင် ယေဟောဝါသာ အသိဆုံးပါ။ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ ကြိုးစားဖြေရှင်းလို့မရတာတွေကို ဘုရားနိုင်ငံတော်က အပြီးအပိုင် ဖြေရှင်းပေးပါမယ်။
a ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။
b ဒံယေလ ၇:၁၃၊ ၁၄ မှာ ဖော်ပြထားတဲ့ “လူသား” ဟာ ယေရှုခရစ်ကို ရည်ညွှန်းတယ်။—မဿဲ ၂၅:၃၁။ ၂၆:၆၃၊ ၆၄။