စစ်မဲ့ကမ္ဘာ ရှိနိုင်မည်လော
အမှန်တကယ်ထိတ်လန့်ဖွယ် စစ်မက်နှင့် ၎င်းနောက် ကျန်ရစ်သည့်ဒဏ်ကို မည်သည့်အခါမျှ တစ်ဖန်မတွေ့ ကြုံရတော့သည့်အဖြစ်မျိုးကို တွေးကြည့်လိုက်ပါ။ သေနတ်သံ၊ ဗုံးသံများကို မည်သည့်အခါမျှ မကြားရတော့၊ မဝရေစာစားရသောဒုက္ခသည် အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြခြင်းကို မည်သည့်အခါမျှ မမြင်ရတော့သည့်အချိန်၊ အသင်သော်လည်းကောင်း၊ သင်ချစ်မြတ်နိုးရသူတစ်ဦးသော်လည်းကောင်း ရက်စက်ကြမ်းတမ်း၊ အဓိပ္ပာယ်မရှိသောတိုက်ပွဲတစ်ခုခုတွင် သေဆုံးသွားမည်လောဟု မည်သည့်အခါမျှ စဉ်းစားစရာမလိုတော့သည့်အချိန်အခါကို တွေးကြည့်ပါလေ။ စစ်မက်ကင်းသောကမ္ဘာတွင် နေထိုင်ရပါက အလွန်ဝမ်းသာစရာပါတကား!
‘ဖြစ်နိုင်မှာ မဟုတ်ပါဘူး’ ဟုသင်ပြောဆိုပေမည်။ သို့တိုင် လွန်ခဲ့သောနှစ်အနည်းငယ်လောက်က ငြိမ်းချမ်းသောကမ္ဘာ့စိတ်ကူးစိတ်သန်းသည် တောက်ပခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၁ ခုနှစ်၌ တိုင်းနိုင်ငံများသည် လုံခြုံရေးနှင့် ပူးပေါင်းလုပ်ဆောင်ရေး ခေတ်သစ်၏အဝင်ဝသို့ ရောက်ရှိနေကြောင်း လူအများကဆိုသည်။ အမေရိကန်သမ္မတဂျော့ဂ်ျဘုရှ်သည် ထိုစဉ်က ခေတ်စားခဲ့သောစိတ်သဘောထားကို ပြန်သုံးသပ်လျက် အကောင်အထည်ဖော်နေသည့် “ကမ္ဘာသစ်အစီအစဉ်” တစ်ခုအကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပါသည်။
အကောင်းမြင်ဝါဒ အဘယ်ကြောင့်ရှိရသနည်း။ စစ်အေးတိုက်ပွဲ အဆုံးတိုင်လာပေပြီ။ အနှစ် ၄၀ ကျော်မက လူသားတို့အပေါ် အပ်ချည်တစ်မျှင်ဖြင့် ဓားတစ်ချောင်းကို တွဲလဲဆွဲခဲ့သကဲ့သို့ ခြိမ်းခြောက်နေသော နျူကလီးယားမီးလောင်တိုက်သွင်းမှုခံရမည့်ကိန်းသည် ကွန်မြူနစ်ဝါဒကျဆုံးကာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသည့်နောက် စိုးရိမ်စရာမရှိတော့ပေ။ သို့ဖြစ်၍ ဤလောကသည် အသက်ရှူချောင်လေတော့သည်။
လူတို့သည် အနာဂတ်ကို ယခုထိ စိတ်ချလက်ချမျှော်ကိုးနေကြရသည့် အခြားအကြောင်းတစ်ခုရှိပါသေးသည်။ အနှစ်လေးဆယ်တိုင် အရှေ့နှင့်အနောက်အုပ်စုတို့၏ပြိုင်ဆိုင်မှုသည် ယူအဲန်ကို စကားရည်လုပွဲများကျင်းပရာအဖွဲ့မျှဖြစ်စေခဲ့ပြီ။ သို့သော် စစ်အေးတိုက်ပွဲငြိမ်းခြင်းက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမှု၊ လုံခြုံမှုအတွက် ယူအဲန်ကိုဖွဲ့စည်းထားရခြင်းရည်ရွယ်ချက်အတိုင်း လုပ်ဆောင်ရန် အခွင့်အရေးပေးသည်။
ယူအဲန်သည် များမကြာမီနှစ်အနည်းငယ်အတွင်း စစ်မဖြစ်ရန် အားကြိုးမာန်တက်ကြိုးစားခဲ့ပေပြီ။ အဖွဲ့ဝင်နိုင်ငံများမှတပ်ဖွဲ့တို့နှင့်အတူ ယူအဲန်သည် လွန်ခဲ့သော ၄၄ နှစ်ထက် ၁၉၉၄ ခုနှစ်မတိုင်မီ ၄ နှစ်အတွင်း၌ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆောင်ရွက်ချက် ပိုမိုများပြားစွာ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် အရပ်သားနှင့် စစ်ဘက်ဆိုင်ရာဝန်ထမ်း ၇၀,၀၀၀ ခန့်သည် ဆောင်ရွက်မှု ၁၇ ခုတွင်ပါဝင်ခဲ့ကြ၏။ ၁၉၉၄ ခုနှစ်ရောက်လေသော် နှစ်နှစ်တည်းအတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှုကုန်ကျစရိတ်များသည် ယခင်ကထက်နှစ်ဆကျော်ဖြစ်သည့် ဒေါ်လာသန်းပေါင်း ၃.၃ ဘီလီယံအထိ တက်သွားသည်။
ယူအဲန်အတွင်းရေးမှူးချုပ်၊ ဘူထရို့စ် ဘူထရို့စ်-ဂါလီသည် မကြာမီက ဤသို့ရေးသားခဲ့သည်– လွန်ခဲ့သောနှစ်ပေါင်း ၅၀ “[ယူအဲန်ကိုတည်ထောင်ခဲ့ချိန်] နီးပါးက ဆန်ဖရန်စစ္စကိုတွင် တည်ထောင်ခဲ့သည့် တစ်စုတစ်စည်းလုံခြုံမှုစနစ်သည် ယခုမှ မျှော်မှန်းခဲ့သည့်အတိုင်း ဖြစ်မြောက်လုသည့်ပုံရှိသည်။ . . . ဖြစ်မြောက်အောင်မြင်မည့် အပြည်ပြည်ဆိုင်ရာစနစ် ပေါ်ပေါက်လုပြီ။” ဤသို့ဖြစ်ပျက်လာဦးတော့ ကမ္ဘာသစ်အစီအစဉ် စိတ်ကူးစိတ်သန်းသည် အလျင်အမြန်ပျောက်လွင့်သွားသည်။ စစ်မဲ့ကမ္ဘာရှိရန်မျှော်လင့်ချက်များမှေးမှိန်သွားဖို့ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ ကမ္ဘာ့ငြိမ်းချမ်းရေးကို တွေ့ရလိမ့်မည်ဟု ယုံနိုင်ဖွယ်ရာအကြောင်းရှိပါသလော။ နောက်ဆောင်းပါးများက ဤမေးခွန်းများကို သုံးသပ်ပါလိမ့်မည်။
[Picture Credit Lines on page 3]
စစ်လေယာဉ်များ– USAF photo
လေယာဉ်ပစ်အမြောက်များ– U.S. National Archives photo