mustafahacalaki/DigitalVision Vectors via Getty Images
သတိနဲ့ စောင့်နေကြပါ
ဉာဏ်ရည်တု နည်းပညာဟာ ကောင်းချီးလား၊ ကျိန်စာလား—ကျမ်းစာအဆိုက ဘာလဲ
မကြာသေးခင်က ကမ္ဘာ့ခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ နည်းပညာရှင်တွေက ဉာဏ်ရည်တု နည်းပညာ (AI) ရဲ့ အသုံးဝင်မှုကို သာမက ဒီနည်းပညာကို အလွဲသုံးလို့ ဖြစ်လာမယ့် အန္တရာယ်တွေကိုလည်း သုံးသပ်ပြောဆိုလာကြတယ်။
“ဉာဏ်ရည်တု နည်းပညာ (AI) ဟာ လက်ရှိမှာ အဆင့်မြင့်ဆုံးနည်းပညာ တစ်ခုပါ။ AI က လူတွေရဲ့ဘဝ တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးနိုင်စွမ်းရှိပေမဲ့ . . . တစ်ချိန်တည်းမှာ AI ကြောင့် လုံခြုံရေး ခြိမ်းခြောက်မှုတွေ သိသိသာသာ တိုးများလာနိုင်တယ်၊ လူ့အခွင့်အရေးနဲ့ ကိုယ်ရေးလုံခြုံမှု၊ ဒီမိုကရေစီအစိုးရအပေါ်ထားတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုလည်း ထိခိုက်လာနိုင်တယ်။”—ကာမလာ ဟားရစ်၊ အမေရိကန်ပြည်ထောင်စု ဒုသမ္မတ၊ မေ ၄၊ ၂၀၂၃။
“ဉာဏ်ရည်တု နည်းပညာ (AI) ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဘက် တိုးတက်တာတွေ ရှိလာသလို လူတွေရဲ့ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေး ထိခိုက်တာတွေလည်း ရှိလာတယ်” ဆိုပြီး ဒေါက်တာ ဖရက်ဒရစ် ဖက်ဒါစပယ်က ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်ထုတ် ဂျာနယ်တစ်ခု (BMJ Global Healtha) ရဲ့ဆောင်းပါးမှာ ရေးသားဖော်ပြခဲ့တယ်။
“လူတွေက သတင်းအမှားတွေဖြန့်ဖို့ ဉာဏ်ရည်တု နည်းပညာ (AI) ကို အသုံးချနေကြတယ်။ မကြာခင်မှာ AI ကြောင့် အလုပ်အကိုင် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ အနာဂတ်မှာ AI ကြောင့် လူသားမျိုးနွယ်တစ်ခုလုံး ဒုက္ခရောက်နိုင်တယ်ဆိုပြီး နည်းပညာရှင်တွေ စိုးရိမ်နေကြတယ်။”—၂၀၂၃ ခုနှစ်၊ မေ ၁ ရက်ထုတ် နယူးယောက်တိုင်းမ် သတင်းစာ။
ဉာဏ်ရည်တု နည်းပညာကြောင့် ဘယ်လောက်အတိုင်းအတာထိ ကောင်းကျိုး၊ ဆိုးကျိုးရှိလာမယ်ဆိုတာကို အချိန်က အဖြေပေးပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။
လူ့ကြိုးပမ်းအားထုတ်မှုတွေက ဘာကြောင့် မသေချာမရေရာမှုတွေ ဖြစ်စေတာလဲ
တိုးတက်လာတဲ့နည်းပညာကို ကောင်းတဲ့ဘက်မှာပဲ အသုံးချကြမယ်ဆိုပြီး လူတွေ ဘာကြောင့် တထစ်ချ အာမမခံနိုင်တာလဲ။ အကြောင်းရင်းကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။
၁။ စိတ်ကောင်းရှိတဲ့လူတွေတောင် ကိုယ့်လုပ်ရပ်ကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေကို ကြိုမမြင်နိုင်ဘူး။
“လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့ နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၁၂။
၂။ တခြားသူတွေကို ထိန်းချုပ်နိုင်စွမ်း မရှိလို့ ကိုယ်လုပ်ထားတာတွေဟာ အကောင်းဘက်မှာဖြစ်ဖြစ်၊ အဆိုးဘက်မှာဖြစ်ဖြစ် အသုံးချခံရနိုင်တယ်။
“နေအောက်မှာ ငါကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သမျှ နောက်လူအတွက် ချန်ထားခဲ့ရမှာဖြစ်လို့ အဲဒီအလုပ်တွေကို ငါမုန်းလာတယ်။ အဲဒီလူက ဉာဏ်ပညာရှိမလား၊ ဉာဏ်တိမ်မလား ဘယ်သူသိလို့လဲ။ နေအောက်မှာ ငါ ရေကုန်ရေခန်း ကြိုးစားပြီး၊ ဉာဏ်ပညာသုံးပြီး ရယူခဲ့ရာအားလုံးကို သူ ထိန်းချုပ်လိမ့်မယ်။ ဒါလည်း အချည်းနှီးပါပဲ။”—ဒေသနာ ၂:၁၈၊ ၁၉။
ဒီလိုမသေချာမရေရာမှုတွေကြောင့် လူသားတွေဟာ ဖန်ဆင်းရှင်ရဲ့လမ်းပြမှုကို လိုအပ်တယ်။
ယုံကြည်စိတ်ချနိုင်တဲ့ လမ်းညွှန်
လူသားတွေကြောင့်ပဲဖြစ်ဖြစ်၊ လူတွေတီထွင်တဲ့ နည်းပညာကြောင့်ပဲဖြစ်ဖြစ် ကမ္ဘာမြေကြီးနဲ့ လူသားမျိုးနွယ် လုံးဝဥဿုံ ပျက်စီးသွားတဲ့အဖြစ်မျိုးရောက်အောင် ဖန်ဆင်းရှင်က ခွင့်ပြုမှာမဟုတ်ဘူး။ ဘုရားသခင် အခုလို ကတိပြုထားတယ်–
“ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။”—ဒေသနာ ၁:၄။
“ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉။
ဖန်ဆင်းရှင်က ကျွန်တော်တို့ဘဝ လုံခြုံငြိမ်းချမ်းစေဖို့ ကျမ်းစာသုံးပြီး လမ်းညွှန်ပေးနေတယ်။ ကျမ်းစာအဆိုကို ပိုသိချင်ရင် “လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် လမ်းညွှန် ရှိသလား” ဆောင်းပါးနဲ့ “စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်” ဆောင်းပါးကို ဖတ်ပါ။
a ဖရက်ဒရစ် ဖက်ဒါစပယ်၊ ရုသ် မစ်ချယ်၊ အာရှာ အာရှိုကန်၊ ကားလို့စ် အူမာနာနဲ့ ဒေးဗစ် မက်ကွိုင်တို့ ရေးသားတဲ့ “ဉာဏ်ရည်တု နည်းပညာကြောင့် လူသားတွေရဲ့ ကျန်းမာရေး၊ လူသားတွေရဲ့ တည်ရှိမှု ခြိမ်းခြောက်ခံနေရ” ဆောင်းပါးမှ။