အင်ဒိုနီးရှားနိုင်ငံ
မိုးပျံဌာနခွဲ
၃၁ လွှာမှာရှိတဲ့ ရုံးခန်းတွေ
၂၀၀၈ ခုနှစ်ရောက်တော့ အင်ဒိုနီးရှားမှာ အများဆုံးကြေညာသူ ၂၁,၆၉၉ ယောက်ရှိနေပြီ။ ဒီတော့ ဌာနခွဲအဆောက်အအုံက နေရာမဆံ့တော့ဘူး။ ပိတ်ပင်ချိန်အတွင်း ဆောက်ခဲ့ရတာဆိုတော့ မြို့နဲ့လည်း ဝေးတယ်။ ဒါကြောင့် ဂျကာတာမြို့နဲ့နီးတဲ့ ပိုကြီးတဲ့ဌာနခွဲ လိုအပ်နေပြီ။
နှစ်နှစ်လောက်ကြာတော့ ဂျကာတာမြို့လယ်နဲ့နီးပြီး ၄၂ ထပ်ပါတဲ့ ခေတ်မီအဆောက်အအုံကြီးရဲ့ ၃၁ လွှာကို တစ်လွှာလုံး ဝယ်လိုက်တယ်။ အဲဒါက အရင်ဌာနခွဲနဲ့ တခြားစီပဲ။ နောက်တော့ ဗေသလအိမ်သား ၈၀ ကျော်နေထိုင်ဖို့ အနီးအနားက တိုက်ခန်းရဲ့ အလွှာပေါင်း ၁၂ လွှာကို ဝယ်လိုက်တယ်။ အိမ်မှုထိန်းသိမ်းရေးဌာနအတွက် ငါးထပ်တိုက်ကိုလည်း ဝယ်လိုက်တယ်။
ဒီတိုက်ရဲ့ အလွှာပေါင်း ၁၂ လွှာမှာ ဗေသလ အိမ်သားတွေနေကြ
နိုင်ငံရပ်ခြားက ဆောက်လုပ်ရေးလုပ်သားတွေနဲ့ ဒေသခံကန်ထရိုက်တာတွေက ရုံးခန်းတွေ၊ လူနေခန်းတွေကို ပုံစံအသစ် ပြန်ဖွဲ့စည်းတယ်။ ဆောက်လုပ်ရေးကြီးကြပ်မှူး ဒါရန် ဘာဂ် အခုလိုပြောတယ်– “အရမ်းခက်ခဲပုံရတဲ့ပြဿနာတွေကို ယေဟောဝါ အကြိမ်ကြိမ် ဖြေရှင်းပေးခဲ့တယ်။ ဥပမာ၊ ကျွန်တော်တို့က ရေဆိုးသန့်စင်စက် တပ်ချင်ပေမဲ့ အာဏာပိုင်တွေက နည်းပညာပိုင်း မကျွမ်းကျင်တော့ ခွင့်မပြုဘူး။ ဒေသခံ အင်ဂျင်နီယာညီအစ်ကိုက ဒီကိစ္စကို အရာရှိကြီးတစ်ယောက်ဆီ တင်ပြတဲ့အခါ သူက ခွင့်ပြုလိုက်တယ်။ ညီအစ်ကိုရဲ့ထောက်ခံချက်ကို သူအပြည့်အဝယုံကြည်တယ်လို့ ပြောတယ်။”
“ပုန်းလျှိုးကွယ်လျှိုးနေစရာ မလိုတော့ဘူး။ ယေဟောဝါသက်သေတွေအကြောင်း လူတွေသိလာကြပြီ။ ကျွန်တော်တို့ ဒီမှာရှိနေတာကို သူတို့တွေ့နေရပြီ”
၂၀၁၅၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ ဌာနခွဲအဆောက်အအုံသစ်ကို ဆက်ကပ်အပ်နှံခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် အန်တိုနီ မောရစ္စ ၃ က အပ်နှံပွဲဟောပြောချက်ပေးတယ်။ ဌာနခွဲကော်မတီဝင် ဗင်းဆင့် ဝေတန်တို အီပီကူဆူမာ အခုလိုပြောတယ်– “အခု ကျွန်တော်တို့က အင်ဒိုနီးရှားရဲ့ နာမည်ကြီးကုမ္ပဏီတချို့ရှိတဲ့ လူကုံထံရပ်ကွက်မှာ နေထိုင်နေပြီ။ ပုန်းလျှိုးကွယ်လျှိုးနေစရာ မလိုတော့ဘူး။ ယေဟောဝါသက်သေတွေအကြောင်း လူတွေသိလာကြပြီ။ ကျွန်တော်တို့ ဒီမှာရှိနေတာကို သူတို့တွေ့နေရပြီ။”
ဌာနခွဲကော်မတီ၊ ဘယ်မှညာ– ဘူဒီ ဆန်တိုဆာ လင်မ်၊ ဗင်းဆင့် ဝေတန်တို အီပီကူဆူမာ၊ လိုတာ မီဟန့်၊ ဟီဒီယူကီ မိုတိုအီ
“ဒီမှာဟောရတာ သိပ်ပျော်စရာကောင်းတာပဲ”
မကြာသေးခင်နှစ်တွေမှာ ကမ္ဘာအနှံ့အပြားက ညီအစ်ကိုညီအစ်မများစွာဟာ အင်ဒိုနီးရှားကို ပြောင်းရွှေ့လာကြတယ်။ ညီအစ်ကို လိုတာ မီဟန့် အခုလိုပြောတယ်– “ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်သူတွေဟာ ကျွန်တော်တို့ရဲ့ နိုင်ငံလိုမျိုးမှာ အရေးကြီးတဲ့ကဏ္ဍကနေ လုပ်ဆောင်နေတယ်။ သူတို့ရဲ့ အတွေ့အကြုံ၊ ရင့်ကျက်မှုနဲ့ ထက်သန်မှုတွေက အသင်းတော်ကို အကျိုးပြုတယ်။ သူတို့ကြောင့် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းကို ပိုတန်ဖိုးထားလေးမြတ်လာတယ်။” ဒီလိုပြောင်းရွှေ့လာဖို့ သူတို့ကို ဘာက လှုံ့ဆော်ပေးသလဲ။ ဘာတွေ တွေ့ကြုံခံစားရသလဲ။ မှတ်ချက်တချို့ကို နားထောင်ကြည့်ရအောင်။
ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်သူများ
၁။ ဂျနီးန်နဲ့ ဒန် မိုရီ
၂။ မန်ဒီနဲ့ စတူးအဒ် ဝီလျံ
၃။ ကေစီနဲ့ ဂျေစင် ဂစ်ဘ်
၄။ မာရီ (အရှေ့ညာ) နဲ့ တာကာဟီရို အာကီယာမာ (အနောက်ညာ)
အမေရိကန်က ဂျေစင်နဲ့ ကေစီ ဂစ်ဘ် အခုလိုပြောတယ်– “နှစ်ချုပ်စာအုပ်ထဲက လူဦးရေနဲ့ကြေညာသူအချိုးတွေကို လိုက်ကြည့်တဲ့အခါ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အချိုးအများဆုံးထဲက တစ်ခုဆိုတာ တွေ့လိုက်ရတယ်။ ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်နေတဲ့ သူငယ်ချင်းတချို့ကလည်း အင်ဒိုနီးရှားမှာ တိုးတက်ဖို့အလားအလာရှိတယ်လို့ ပြောကြတယ်။ ဒါနဲ့ အင်ဒိုနီးရှားဌာနခွဲကို ဖုန်းဆက်မေးကြည့်တော့ ဘာလီကျွန်းမှာ အမှုဆောင်နိုင်တယ်တဲ့။ အင်ဒိုနီးရှားမှာ အင်္ဂလိပ်စကားနဲ့ ဟောပြောခြင်းလုပ်ငန်း အစပဲရှိသေးတော့ ကျွန်တော်တို့လည်း ချက်ချင်း ထိထိရောက်ရောက် ပါဝင်နိုင်တာပေါ့။ တစ်နှစ်လောက်နေမယ်လို့ စိတ်ကူးထားပေမဲ့ အခုဆို သုံးနှစ်ရှိသွားပြီ။ လူအများစုက ယေဟောဝါသက်သေတွေအကြောင်း မကြားဖူးဘူး။ ဒီမှာအမှုဆောင်ရတာ သိပ်အကျိုးရှိတာပဲ။”
ဩစတြေးလျက လူလတ်ပိုင်းစုံတွဲ စတူးအဒ်နဲ့ မန်ဒီ ဝီလျံ အခုလိုပြောတယ်– “အမှန်တရားကို ဆာငတ်နေသူတွေနဲ့ တွေ့ချင်လို့ အင်ဒိုနီးရှားကို ပြောင်းလာဖို့ ဆုံးဖြတ်လိုက်တာ။ အရှေ့ဂျာဗား၊ မာလမ်မြို့မှာ အင်္ဂလိပ်စကားပြော တက္ကသိုလ်ကျောင်းသား အတော်များများက သတင်းကောင်းကို ကောင်းကောင်းနားထောင်ကြတယ်။ Jw.org ဝက်ဘ်ဆိုက်ကိုလည်း သိပ်ကြိုက်ကြတာ။ ဒီဒေသမှာ ဟောလို့သိပ်ကောင်းတာပဲ။”
ဂျာဗားကျွန်း၊ ယိုဂီယာကာတာမြို့မှာ ရှေ့ဆောင်လုပ်နေတဲ့ တာကာဟီရိုနဲ့ မာရီ အာကီယာမာ အခုလိုပြောတယ်– “ဒီမှာနေရတာ ဂျပန်မှာထက် ပိုလုံခြုံတယ်လို့ ခံစားရတယ်။ လူတွေက ကြင်နာတတ်တယ်၊ ယဉ်ကျေးတယ်။ လူအများစု၊ အထူးသဖြင့် လူငယ်တွေက တခြားဘာသာရေးတွေအကြောင်း သိချင်ကြတယ်။ လူထုရှေ့သက်သေခံတဲ့ တစ်ရက်မှာတော့ ငါးနာရီအတွင်းမှာပဲ မဂ္ဂဇင်း ၂,၆၀၀ လောက် ဝေငှနိုင်ခဲ့တယ်။”
အသက် ၆၀ နီးပါးရှိတဲ့ ဒန်နဲ့ ဂျနီးန် မိုရီ အခုလိုပြောတယ်– “အမှုဆောင်သွားတော့ ကျွန်တော်တို့နားကို လူတွေဝိုင်းအုံလာတယ်။ သူတို့ကိုပြုံးပြတော့ ပြန်ပြုံးပြတယ်။ ပထမတော့ စူးစမ်းရုံပဲ၊ နောက်တော့ စိတ်ဝင်စားလာပြီး ပိုသိချင်လာကြတယ်။ ကျမ်းစာထဲကနေ တစ်ခုခုပြတဲ့အခါ တချို့က ‘မှတ်ထားလို့ ရမလား’ လို့ပြောတယ်။ ကျမ်းစာမှာပါတဲ့ ပညာရှိစကားတွေ ကြားရတဲ့အခါ သိပ်အံ့သြကြတယ်။ ဒီကိုရောက်နေတာ တစ်နှစ်လောက်ရှိပြီ။ တကယ်ဆို ဒီထက်စောစောလာခဲ့ရမှာ။ ကျွန်တော်တို့က သတင်းကောင်းမရောက်သေးတဲ့ဒေသကို ရှာနေတာ။ အခုတော့ တွေ့သွားပြီ။”
မီရှာနဲ့ ခရစ္စတီးနား ဘီရန်စ် တို့ဟာ ၂၀၀၉ ခုနှစ်မှာ သာသနာပြုတွေအနေနဲ့ ရောက်လာပြီး အခု တိုက်နယ်လုပ်ငန်းမှာ ပါဝင်နေကြတယ်။ သူတို့ ဒီလိုပြောတယ်– “အင်ဒိုနီးရှားမှာ ရှေးရိုးစွဲမွတ်စလင် အများဆုံးရှိရာဒေသတစ်ခုဖြစ်တဲ့ အရှေ့ဂျာဗား၊ မာဒူရာကျွန်းမှာတောင် ဟောပြောခြင်းလုပ်ငန်း အောင်မြင်နေတယ်။ လူတွေက ကားကိုရပ်ပြီး မဂ္ဂဇင်းတွေ တောင်းကြတယ်။ ‘ကျွန်တော်က မွတ်စလင်ပါ။ ဒါပေမဲ့ ဒီမဂ္ဂဇင်းတွေ ဖတ်ရတာ အရမ်းကြိုက်တယ်။ ကျွန်တော့်မိတ်ဆွေတွေအတွက်ကော ယူသွားလို့ရမလား’ လို့ ပြောတတ်ကြတယ်။ ဒီမှာဟောရတာ သိပ်ပျော်စရာကောင်းတာပဲ။”
ရိတ်စရာစပါးတွေ မှည့်ဝင်းနေ
၁၉၃၁ ခုနှစ်မှာ ဂျကာတာမြို့ကို ညီအစ်ကိုဖရန့် ရိုက်စ် ရောက်လာတုန်းက အင်ဒိုနီးရှားမှာ လူဦးရေ ၆၀,၀၀၀,၀၀၀ ပဲရှိသေးတာ။ အခုတော့ ၂၆၀,၀၀၀,၀၀၀ နီးပါး ရှိတော့မယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံပါ။
အဲဒီအတောအတွင်း အင်ဒိုနီးရှားက ယေဟောဝါသက်သေတွေလည်း ထူးထူးခြားခြား တိုးတက်လာတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်မှာ သစ္စာရှိကြေညာသူ ၁၀ ယောက်ပဲရှိတာ။ အခုတော့ ကြေညာသူ ၂၆,၀၀၀ ကျော်သွားတာကိုကြည့်ရင် ယေဟောဝါ ကောင်းချီးပေးနေမှန်း ထင်ရှားပါတယ်။ ၂၀၁၅ ခုနှစ် အောက်မေ့ရာပွဲကို ၅၅,၈၆၄ ယောက် တက်ရောက်ခဲ့တာကြောင့် အနာဂတ်မှာ တိုးတက်ဖို့အလားအလာ အများကြီးရှိသေးတယ်။
ယေရှုက “စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံ တောင်းဆိုကြလော့” လို့ပြောခဲ့တယ်။ (မ. ၉:၃၇၊ ၃၈) အင်ဒိုနီးရှားမှာရှိတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေလည်း အဲဒီစကားကို အထပ်ထပ်ပြောနေကြတယ်။ ဒီကျွန်းနိုင်ငံမှာ ယေဟောဝါရဲ့ကြီးမြတ်တဲ့နာမည် သန့်ရှင်းမြင့်မြတ်စေဖို့ ဆက်ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားကြတယ်။—ဟေရှာ. ၂၄:၁၅။