မင်္ဂလာဧည့်ခံပွဲအချိန်အခါကို အသုံးချပြီး စည်းဝေးပွဲတွေကျင်းပ
အင်ဒိုနီးရှားနိုင်ငံ
အတူတကွစည်းဝေးခြင်းကို လျစ်လျူမရှုကြ
ပိတ်ပင်ချိန်အတွင်း အသင်းတော်အများစုက အိမ်တွေမှာ စည်းဝေးလုပ်ကြတယ်။ သူများတွေ အာရုံစိုက်မိမှာစိုးလို့ နိုင်ငံတော်သီချင်း မဆိုကြဘူး။ စည်းဝေးလုပ်တဲ့နေရာတချို့ကို အာဏာပိုင်တွေက ရုတ်တရက် ဝင်စစ်ဆေးတတ်ပေမဲ့ အများအားဖြင့် ညီအစ်ကိုတွေဟာ အနှောင့်အယှက်ကင်းကင်းနဲ့ စည်းဝေးလုပ်နိုင်ခဲ့တယ်။
ညီအစ်ကိုတွေဟာ မိသားစုတွေ့ဆုံပွဲ ဒါမှမဟုတ် မင်္ဂလာဧည့်ခံပွဲအချိန်အခါကို အသုံးချပြီး စည်းဝေးပွဲတွေ ကျင်းပတယ်။ ညီအစ်ကို တာဂေါ ဟူတစွတ် အခုလိုရှင်းပြတယ်– “စုံတွဲတွေဟာ လက်ထပ်မှတ်ပုံတင်ပြီးနောက် မင်္ဂလာဧည့်ခံပွဲကြီးလုပ်ဖို့ ရဲတွေဆီက ခွင့်ပြုချက်ယူကြတယ်။ ဧည့်ခံပွဲအတွင်း သတို့သား သတို့သမီးတွေက စင်မြင့်ပေါ်မှာထိုင်ပြီး ညီအစ်ကိုတွေက ကျမ်းစာဟောပြောချက်တွေကို တင်ဆက်တယ်။”
စည်းဝေးပွဲတစ်ခုမှာ ရဲတစ်ယောက်က ညီအစ်ကို တာဂေါနားလာပြီး
“မင်္ဂလာပွဲအတော်များများက အလွန်ဆုံး နှစ်နာရီ၊ သုံးနာရီပဲ ကြာတာပါ။ ခင်ဗျားတို့ရဲ့ မင်္ဂလာပွဲတွေကျတော့ ဘာလို့ မနက်ကနေ ညနေအထိကြာရတာလဲ” လို့မေးတယ်။
“သတို့သား သတို့သမီးတချို့က ပြဿနာသိပ်များတော့ ကျမ်းစာထဲကသွန်သင်ချက်တွေ အများကြီးပေးရတာပေါ့” လို့ တာဂေါ ပြန်ဖြေတယ်။
ရဲက ခေါင်းတညိတ်ညိတ်နဲ့ “ဒါလည်း ဟုတ်တာပဲ” လို့ပြောတယ်။
ဂျကာတာမြို့ အားကစားကွင်းကြီးမှာကျင်းပတဲ့ စုံတွဲတွေ စုပေါင်းလက်ထပ်ပွဲမှာ ၁၉၈၃ ခုနှစ်၊ “နိုင်ငံတော်စည်းလုံးမှု” ခရိုင်စည်းဝေးကြီးအပိုင်းတချို့ကို တင်ဆက်ခဲ့တယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ စိတ်ဝင်စားသူ ၄,၀၀၀ နီးပါး တက်ရောက်ပြီး လူပေါင်း ၁၂၅ ယောက်က အစီအစဉ်မတိုင်ခင်ကတည်းက နှစ်ခြင်းခံခဲ့ကြတယ်။ နောက်ပိုင်း ပိတ်ပင်မှုတွေ သိပ်မတင်းကျပ်တော့တဲ့အခါ ပိုကြီးတဲ့စည်းဝေးကြီးတွေကိုတောင် ကျင်းပခဲ့ပြီး စည်းဝေးကြီးတစ်ခုမှာဆိုရင် လူပေါင်း ၁၅,၀၀၀ ကျော် တက်ရောက်ခဲ့တယ်။
ပိတ်ပင်ချိန်အတွင်း ဌာနခွဲရုံးဆောက်လုပ်
၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ဌာနခွဲရုံးက ပိတ်ပင်မှုကို ရုပ်သိမ်းပေးဖို့ အစိုးရဆီ အကြိမ်ကြိမ် အသနားခံခဲ့တယ်။ နိုင်ငံရပ်ခြားက ညီအစ်ကိုတွေကလည်း အင်ဒိုနီးရှားအစိုးရနဲ့ သံအမတ်တွေဆီ စာရေးပြီး အင်ဒိုနီးရှားမှာ ယေဟောဝါသက်သေတွေကို ဘာကြောင့်ပိတ်ပင်ထားတာလဲလို့ မေးကြတယ်။ အရာရှိအတော်များများက ပိတ်ပင်မှုကို ရုပ်သိမ်းပေးချင်ပေမဲ့ ဩဇာအာဏာရှိတဲ့ ခရစ်ယာန်အသင်းအဖွဲ့များ ဦးစီးဌာနက အကြိမ်ကြိမ်ပယ်ချခဲ့တယ်။
၁၉၉၀ ပြည့်နှစ်မှာ ဌာနခွဲရုံးသစ်ကို ချောင်ကျတဲ့နေရာမှာ ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီနှစ်မှာ ဂျကာတာမြို့တောင်ပိုင်း၊ ၂၅ မိုင်လောက်ဝေးတဲ့ ဘိုဂေါမြို့ငယ်နားက မြေကွက်ကိုဝယ်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးကျွမ်းကျင်တဲ့ ဒေသခံညီအစ်ကို နည်းနည်းပဲရှိတာဆိုတော့ အဆောက်အအုံသစ်ကို ဘယ်လိုဆောက်လုပ်ကြမလဲ။
ကမ္ဘာချီညီအစ်ကိုအသင်းအပင်းက ကူညီပေးတာပေါ့။ ဘရွတ်ကလင်က ဆောက်လုပ်ရေးရုံးနဲ့ ဩစတြေးလျမှာရှိတဲ့ ဒေသကြီးဆိုင်ရာအင်ဂျင်နီယာရုံးက ဒီဇိုင်းဆွဲတာ၊ တခြားလိုအပ်တာတွေကို ပြင်ဆင်ပေးတယ်။ ပြည်ပက ကျွမ်းကျင်စေတနာ့ဝန်ထမ်း ညီအစ်ကို ၁၀၀ နီးပါးကလည်း နှစ်နှစ်ကြာစီမံကိန်းမှာ ကူညီပေးခဲ့ကြတယ်။
အစိုးရအရာရှိတွေနဲ့ ဆက်သွယ်ရတဲ့ အင်ဒိုနီးရှားညီအစ်ကို ဟိုစီးယာ မန်ဇူး အခုလိုပြောပြတယ်– “ဦးထုပ်မာပေါ်က ကျွန်တော့်နာမည်အတိုကောက် H.M. ကို မွတ်စလင်အရာရှိတွေမြင်တော့ H ဆိုတာ‘ဟာဂျီ’ ရဲ့ အတိုကောက်လို့ ထင်သွားကြတယ်။ မက္ကာသွားပြီး ပြန်လာတဲ့သူကိုပဲ အဲဒီမြင့်မြတ်တဲ့ဘွဲ့ ပေးတာလေ။ ဒါကြောင့် ကျွန်တော့်ကို လေးလေးစားစား ဆက်ဆံကြတယ်။ အဲဒီလိုနားလည်မှုလွဲသွားလို့ လုပ်ငန်းအဆင်ပြေသွားတယ်။”
ပိတ်ပင်ချိန်အတွင်း ဆောက်လုပ်ခဲ့တဲ့ ဌာနခွဲရုံး
၁၉၉၆၊ ဇူလိုင် ၁၉ ရက်မှာ ဌာနခွဲအဆောက်အအုံသစ်ကို အပ်နှံခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျွန်ဘားရ်က အပ်နှံပွဲဟောပြောချက်ပေးတယ်။ တက်ရောက်သူ ၂၈၅ ယောက်ထဲမှာ ဌာနခွဲကိုယ်စားလှယ်တွေနဲ့ တခြားနိုင်ငံက သာသနာပြု ၁၁၈ ယောက်၊ အင်ဒိုနီးရှားဗေသလမိသားစု ၅၉ ယောက်ပါတယ်။ နှစ်ရက်ကြာပြီးနောက် ဂျကာတာမြို့မှာကျင်းပတဲ့ “ဘုရားရေးရာ ငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီးကို ၈,၇၉၃ ယောက် တက်ရောက်ခဲ့တယ်။
လူမျိုးတော်ကို ယေဟောဝါကယ်တင်
၁၉၈၈ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ သက်တမ်းကြာသမ္မတ ဆူဟာတို နုတ်ထွက်သွားပြီး အစိုးရသစ် တက်လာတယ်။ ညီအစ်ကိုတွေကလည်း လုပ်ငန်းကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရဖို့ ပိုကြိုးစားကြတယ်။
အင်ဒိုနီးရှား အစိုးရအဖွဲ့ဝင်၀န်ကြီး မစ္စတာယိုဟန် အဖန်ဒီက ၂၀၀၁ ခုနှစ်အတွင်း နယူးယောက်ခရီးစဉ်မှာ ဘရွတ်ကလင်ဗေသလကို လည်ပတ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကိုသုံးယောက်နဲ့ တွေ့ဆုံခဲ့တယ်။ သူမြင်ခဲ့ရတာတွေကြောင့် အထင်ကြီးလေးစားသွားပြီး ယေဟောဝါသက်သေတွေဟာ ကမ္ဘာမှာ နာမည်ကောင်းရှိမှန်း အသိအမှတ်ပြုခဲ့တယ်။ မစ္စတာအဖန်ဒီက ပိတ်ပင်မှုကို ရုပ်သိမ်းပေးချင်ပေမဲ့ နိုင်ငံတော်ရှေ့နေချုပ် မစ္စတာမာဇူကီ ဒါရုစ္စမန်ကပဲ ဆုံးဖြတ်ပေးနိုင်တယ်လို့ ပြောတယ်။
နိုင်ငံတော်ရှေ့နေချုပ်ကလည်း ပိတ်ပင်မှုကို ရုပ်သိမ်းပေးချင်ပေမဲ့ သူ့ဌာနမှာ သက်သေခံတွေကို မကြိုက်တဲ့အရာရှိတချို့က မကြာခင် သူပြောင်းတော့မယ်ဆိုတာ သိထားတော့ အချိန်ဆွဲနေကြတယ်။ ၂၀၀၁၊ ဇွန် ၁ ရက်မှာတော့ ညီအစ်ကိုတာဂေါ ဟူတစွတ်ဟာ ရှေ့နေချုပ်ရုံးဆီ ဆင့်ခေါ်ခံရတယ်။ သူအခုလိုပြောပြတယ်– “လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ဒီရုံးခန်းမှာ ယေဟောဝါသက်သေတွေကို ပိတ်ပင်တဲ့စာ ရခဲ့တယ်။ အခုတော့ ဒီရုံးခန်းမှာပဲ ပိတ်ပင်မှုကို ရုပ်သိမ်းတဲ့စာ ရတယ်။ အဲဒီနေ့က နိုင်ငံတော်ရှေ့နေချုပ် မပြောင်းခင် နောက်ဆုံးနေ့လည်း ဖြစ်တယ်။”
၂၀၀၂၊ မတ် ၂၂ ရက်မှာ အင်ဒိုနီးရှားမှာရှိတဲ့ ယေဟောဝါသက်သေအဖွဲ့အစည်းကို သာသနာရေးဌာနမှာ တရားဝင်မှတ်ပုံတင်ခဲ့တယ်။ အဲဒီဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က ဌာနခွဲကိုယ်စားလှယ်တွေကို အခုလိုပြောတယ်– “ခင်ဗျားတို့ကို လွတ်လပ်စွာကိုးကွယ်ခွင့်ပေးတာ ဒီမှတ်ပုံတင်စာရွက်စာတမ်းတွေ မဟုတ်ဘူး။ ဘုရားကပေးတာ။ ဒီစာရွက်စာတမ်းမှာ ဖော်ပြထားတာက ခင်ဗျားတို့ဘာသာကို အစိုးရက တရားဝင်အသိအမှတ်ပြုတယ် ဆိုတာပဲ။ တခြားဘာသာတွေရတဲ့ အခွင့်အရေးတွေကို ခင်ဗျားတို့လည်းရမယ်။ အစိုးရကလည်း ခင်ဗျားတို့ကို ကူညီပေးဖို့ အဆင်သင့်ပဲ။”