အင်ဒိုနီးရှားနိုင်ငံ
ဘေးအန္တရာယ်ကြုံရချိန်မှာ ခရစ်ယာန်မေတ္တာတင်ပြ
အင်ဒိုနီးရှားမှာ ငလျင်၊ ဆူနာမီနဲ့ မီးတောင်ပေါက်ကွဲတာတွေ ဖြစ်လေ့ရှိတယ်။ အဲဒီလိုဘေးအန္တရာယ်တွေဖြစ်ပြီဆိုရင် ယေဟောဝါရဲ့လူမျိုးက ဒုက္ခသည်တွေ၊ အထူးသဖြင့် ယုံကြည်သူချင်းတွေကို ချက်ချင်းကူညီပေးကြတယ်။ ဥပမာ၊ ၂၀၀၅ ခုနှစ်တုန်းက ဆူမားတြားမြောက်ပိုင်း နီးအတ်စ်ကျွန်းရဲ့ အကြီးဆုံးမြို့ ဂွန်နွန်စီတိုလီမှာ ငလျင်ကြီးလှုပ်ခတ်သွားခဲ့တယ်။ ငလျင်ဒဏ်ခံရတဲ့ဒေသကို အနီးအနား ဆူမားတြားကျွန်းပေါ်က အသင်းတော်တွေနဲ့ ဌာနခွဲရုံးက ကယ်ဆယ်ရေးပစ္စည်းတွေ ချက်ချင်းပို့ပေးတယ်။ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဌာနခွဲကိုယ်စားလှယ်တစ်ယောက်က အဲဒီဒေသကိုသွားပြီး ညီအစ်ကိုတွေကို အားပေးနှစ်သိမ့်ခဲ့တယ်။ နီးအတ်စ်ကျွန်းက အကြီးအကဲ ယူနီမန် ဟာရီဖာက “လူအတော်များများ ကြောက်လန့်နေကြတာ။ ကျွန်တော်တို့ကတော့ ဘုရားအဖွဲ့အစည်းရဲ့ အကူအညီကို ချက်ချင်းရလို့ ကူကယ်ရာမဲ့ဖြစ်နေတယ်လို့ မခံစားရဘူး” ဆိုပြီးပြောပြတယ်။